Skip to main content

သောဝစဿတာ

ဆိုဆုံးမလွယ်သူဖြစ်ခြင်းသည် မင်္ဂလာတရားတော်နှင့် ညီ၏ဟု ဗုဒ္ဓဘုရားရှင်က ဟောပါသည်။ မိဘ၊ ဆရာများက ဆိုဆုံးမသည့်အခါ ကောင်းစွာနာယူလိုက်နာခြင်းသည် ကောင်းမြတ်သော အကျင့်ဖြစ်ပါသည်။ တချို့က ပြောဆိုဆုံးမသည့်အခါ မလိုက်နာသည့်အပြင် ပြက်ရယ်ပင် ပြုတတ်ကြပါသည်။ လုပ်ငန်းခွင်ထဲတွင်လည်း မိမိထက် ရာထူးကြီးသူ၊ မိမိထက် အတွေ့အကြုံ များသူ၊ မိမိထက် အသက်ကြီးသူများက ပြောဆိုဆုံးမသည့်အခါ လေးလေးစားစား လိုက်နာရန်လိုပါသည်။ ပြောဆိုဆုံးမခြင်းများကို မလိုက်နာလျှင် ဘဝတစ်လျှောက် ဖွံ့ဖြိုးတိုးတက်မှုရရန် ခက်သလို ရေရှည်တွင်လည်း အမှားများစွာနှင့် ရင်ဆိုင်ရပါမည်။ ထို့ကြောင့် ဆိုဆုံးမလွယ်သူဖြစ်ရန် မိမိကိုယ်မိမိ ပြုပြင်နေထိုင်ရပါမည်။ ဆရာ၊ မိဘများကို ကန်တော့သည့်အခါ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ “ဆိုဆုံးမလွယ်သူဖြစ်ပါစေ ဟု ဆရာ၊ မိဘများက ဆုပေးလေ့ရှိပါသည်။ ဤဆုသည် အလွန်အဖိုးတန်သောဆုဖြစ်ပြီး ဘုရားဟောနှင့်လည်း ကိုက်ညီပါသည်။ ဆရာက ဆိုဆုံးမသည်ကို အငြိုးထားသည့် တပည့် အကြောင်းကို ဗုဒ္ဓဘုရားရှင်က တိလမုဋ္ဌိဇာတ်တွင် အောက်ပါအတိုင်း ဟောပါသည်။

တိလမုဋ္ဌိဇာတ်

ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ် သားတော်ဗြဟ္မဒတ္တ မင်းသားသည် တက္ကသိုလ်မှ ဒိသာ ပါမောက္ခဆရာကြီးထံ လာရောက်၍ ပညာသင်လေသည်။ တစ်နေ့သောအခါ မင်းသားသည် ဆရာကြီးနှင့်အတူ ရေချိုးရန် လိုက်လာခဲ့ရာ အဖြူချွတ်၍ ဖြန့်လှန်းထားသော နှမ်းများကိုတွေ့ လျှင် နှမ်းတစ်ဆုပ်ကို ကောက်ယူစားသောက်သည်။

အနီးတွင် ထိုင်စောင့်နေသော အဖွား အိုက မည်သို့မျှ မဆိုဘဲ “စားချင်လွန်း၍ သာဖြစ်မည်ဟု နှလုံးသွင်းလိုက်သည်။ ဒုတိယနေ့၊ တတိယနေ့များတွင်လည်း ရှေ့ရက်များကဲ့သို့ပင် နှမ်းတစ်ဆုပ် ပါသွားပြန်လျှင် အဘွားအိုသည် သည်းမခံနိုင်တော့ဘဲ “ဆရာကြီးသည် တပည့်များ ကိုလုယက်ခိုင်းနေသည်ဟု အော်ဟစ်၍ ငိုကြွေးသဖြင့် ဆရာကြီး သိသွားကာ “တန်ဖိုးကို ပေးလျော်ပါမည်ဟု ဆရာကြီးကဆိုသည်။ အဘွားအိုကတန်ဖိုးကို ပေးလျော်ရန် မလိုကြောင်း၊ နောင်တွင် ဤသို့ပြုမူအောင်သာ ဆုံးမပေးစေလိုကြောင်း ပြန်ကြားရာ၊ ဆရာကြီးသည် အဘွားအိုရှေ့၌ပင် မင်းသားကို “နောင်ကို ဤသို့ မပြုလင့်ဟု ဆုံးမကာ ဝါးခြမ်းစိတ်ဖြင့် သုံးချက်ရိုက်သည်။ 

မင်းသားသည် ပညာစုံ၍ ရွှေဘုံသို့ ပြန်ခါနီးတွင် အကျွန်ုပ်မင်းအဖြစ်သို့ ရောက်သောအခါ ဆရာကြီး ကြွလာ တော်မူပါဟု ဆရာကြီးအား ပန်ကြားခဲ့ သည်။ မင်းသားသည် ဗာရာဏသီ ပြန်ရောက်၍ မကြာမီ မင်းအဖြစ်သို့ရောက်လျှင် ဆရာကြီးထံသို့ အကြောင်းကြားသည်။ ဗာရာဏသီမင်းသစ်သည် ငယ်ရွယ်သေးသဖြင့် အသိဉာဏ် မရင့်သေးကြောင်း တွေးတောမိ၍ ရုတ်ခြည်း မသွားသေးဘဲ ဒုတိယအရွယ်ရောက်မှ ကြွလာသည်။ ထိုအခါမင်းသည် အမတ် များကိုခေါ်၍ “အမတ်တို့အား ဆရာကြီးရိုက်ခဲ့သော ဒဏ်ရာသည် ယနေ့တိုင် နာကျင်နေသေး သည်။ ဆရာသည် ယနေ့ သေဖို့ကံကြမ္မာပါ၍ နန်းတော်သို့ လာခဲ့သည် ဟု ဆိုသည်။ ဆရာကြီးက “မြတ်သောမင်းကြီး၊ အကျွန်ုပ်သည် ငယ်စဉ်က သင်မင်းကြီးကို မဆုံးမခဲ့လျှင် နောင်တွင် လမ်းသွားလမ်းလာများနှင့် ကျေးရွာများကို တစ်ဆင့်ပြီးတစ်ဆင့် လုယက် တိုက်ခိုက်နိုင်လာပါသည်။ ထိုသို့ဖြစ်လာလျှင် ပြစ်ဒဏ်အမျိုးမျိုးသင့်၍ ယခုရရှိနေသော မင်းစည်းစိမ်ကိုလည်း ရမည်မဟုတ်ပါ။ မင်းကြီး၏ လက်ရှိ စည်းစိမ်သည် ကျွန်ုပ်ကြောင့်သာ ရရှိခြင်းဖြစ်ပါသည် ဟု လျှောက်တင်လေသည်။ ထိုအခါ မင်းကြီးလည်း ဆရာကြီးအပေါ် ထားသည့် ရန်ငြိုးများ ပြေပျောက်ပြီး အသိမှန်ရသွားကာ ဆရာကြီးအားပရောဟိတ်အရာ၌ ထား၍ သက်ဆုံးတိုင် အဆုံးအမကို ခံယူသွားပါသည်။

တိလမုဋ္ဌိဇာတ်သည် ဆရာတို့၏ ဆိုဆုံးမမှုကို နာခံတတ်ရန်လိုကြောင်း၊ ဆရာတို့၏ ဆိုဆုံးမမှုသည် အလိမ္မာတရားကို ဖြစ်စေကြောင်းကို ဖော်ညွှန်းပါသည်။ ယနေ့ခေတ်တွင် ရိုက်၍ ဆုံးမသည်ကို နှစ်သက်ခြင်းမရှိသည့် ကျောင်းသားများ၊ မိဘများကိုလည်း တွေ့နေရပါသည်။ တစ်ဖက်ကလည်း ကျောင်းသားကို လိုအပ်သည်ထက် ပိုရိုက်၍ အရေးယူခံရသော ဆရာများကိုလည်း တွေ့နေရ ပါသည်။ ဆိုဆုံးမမှုကို ခံယူတတ်သူ ဖြစ်မှသာ ဗုဒ္ဓဘုရားရှင်၏ တရားတော်နှင့် ညီမည်ဖြစ်၍ ဆိုဆုံးမလွယ်သူဖြစ်အောင် မိမိကိုယ်မိမိ သတိပြု နှလုံးသွင်းရပါမည်။

သူတော်ကောင်း ပညာရှိများသည် တွေ့ကြုံရသည့် အဖြစ်အပျက်များမှ မိမိကိုယ်မိမိ ဆုံးမလေ့ရှိသည်ကို အောက်ပါ အဖြစ်အပျက်မှ သိနိုင်ပါသည်။

တစ်ခါတွင် စွန်းလွန်းဆရာတော် ဘုရားကြီး သီတင်းသုံးသည့်ကျောင်းဝင်းထဲတွင် အမျိုးသမီး နှစ်ယောက် ရေခပ်ရင်းနှင့် ရန်ဖြစ်ကြပါသည်။ တစ်ဖက် နှင့်တစ်ဖက် ဒေါသတကြီး ပြောဆိုရာ ကနေ လုံးထွေးသတ်ပုတ်ကြပါသည်။ ဆရာတော်ကြီးက မြင်သည့်အခါ သံဃာတော်များကို ခေါ်ပြ၍ “ကြည့်ကြစမ်း ငါ့ရှင်တို့၊ ဒကာမနှစ်ယောက်ဟာ ဒေါသက မြှောက်ပေးလို့ ဘယ်လောက် ပင်ပန်းဆင်းရဲနေကြသလဲ၊ ဒါဟာ တို့ကို တရားပြနေတာပဲ။ တို့ကိုတရားပြပြီး ဆုံးမနေကြသူ နှစ်ယောက်ကို တရားပူဇော်ကြရမယ်။ ကျက်သရေခန်းထဲက ငှက်ပျောသီး နှစ်ဖီးကိုယူပြီးတစ်ယောက် တစ်ဖီးစီ လှူလိုက်ကြ၊ ငှက်ပျောသီး စားပြီး တောင့်တနား အပန်းဖြေပြီး ရန်ဆက်ဖြစ်ချင်လည်းဖြစ်ပါစေ ဟု အမိန့်ရှိရာ ဒကာမနှစ်ယောက်လည်း ကြောက်လန့်ပြီး ထွက်ပြေးကြပါသည်။

ဝေဖန်ပိုင်းခြားနိုင်သည့်စိတ်

ကိုယ်ချင်းစာနာစိတ်ရှိသူ၊ သဘာဝတရားကို နားလည်သဘောပေါက်သူ၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်သူ များသည် ဆိုဆုံးမမှုကို နာခံတတ်သူများ ဖြစ်ပါသည်။ ဤအချက်များနှင့် ပြည့်စုံရန် စာများများဖတ်ရန်လိုပါသည်။ စာများများဖတ်သူသည် ကိုယ်ချင်းစာစိတ်၊ အများအပေါ် ကူညီချင်သည့်စိတ်များ ကို ပိုင်ဆိုင်လာပါသည်။ စာကောင်း ပေကောင်းများကို ဖတ်သည့်အခါ ဦးစွာ နှလုံးသားကိုထိပါသည်။ နှလုံးသားမှတစ်ဆင့် ဦးနှောက်ကို ရောက်ပါသည်။ ဦးနှောက်ကို ရောက်သည့်အခါ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သည့်စိတ် ဖွံ့ဖြိုးတိုးတက်လာပါသည်။ အမှားအမှန်ကို အသိရှိပြီးမှန်ကန်သည့်လမ်းကို ဘဝအတွက် ရွေးချယ်သူက ဆိုဆုံးမလွယ်သူများ ဖြစ်လာပါသည်။

ကိုယ်ချင်းစာစိတ်နှင့် ပတ်သက်ပြီး အောက်ပါဝတ္ထုတိုလေးက အလွန်ပင်အတွေးကို ရစေပါသည်။

ဆေးရုံတစ်ခုရှိ အထူးကုသခန်းထဲ တွင် လူနာနှစ်ယောက် ရှိနေပါသည်။ တစ်ယောက်က ပြတင်းပေါက်နား ခုတင်ပေါ်တွင်ရှိပြီး တစ်ယောက်က ပြတင်းပေါက်နှင့် ဝေးရာ ခုတင်ပေါ်တွင် ရှိနေပါသည်။ လူနာနှစ်ဦးစလုံးပင် လက်တွင်အပ်များနှင့် ဆေးများသွင်းထားခြင်း၊ သွေးပေါင်ချိန် တိုင်းသော စက်များတပ်ထားခြင်း၊ နှာခေါင်းတွင် တပ်ထားသော အောက်ဆီဂျင် ပိုက်များ ကြောင့်နှစ်ဦးစလုံး လှုပ်၍မရပါ။ အထူးကုသခန်းဖြစ်၍ အပြင်လူလည်း ဝင်မရပါ။ ပြတင်းပေါက်နှင့် ဝေးနေသည့် လူနာက ပြတင်းပေါက်နားရှိ လူနာကို ပြတင်းပေါက်မှ မြင်ရသည့်ရှုခင်းကို ပြောပြခိုင်းပါသည်။ “ပန်းခြံကြီးကို မြင်နေရတယ်။ ပန်းတွေပွင့်နေပြီး သိပ်လှတာပဲ။ ရေပန်းတွေလည်းရှိတယ်။ ကလေးတွေ ဆော့နေတယ်။ ရေကန်ထဲမှာ ငန်းတွေ လည်းရှိတယ်။ သိပ်သာယာတာပဲ။ တို့တွေ နေကောင်းရင် ပန်းခြံထဲကို သွားကြမယ်ဟု ပြတင်းပေါက်အနားရှိ လူနာက ပြောပါသည်။ ပြတင်းပေါက်နှင့်ဝေးသည့် လူနာက ပြတင်းပေါက်နှင့် နီးသည့်ခုတင် ကိုရရင် သိပ်ကောင်းမှာပဲဟု တွေးမိပါသည်။ ညရောက်သော အခါ ပြတင်းပေါက်အနီးရှိ လူနာသည် ရောဂါသည်းပြီး ကွယ်လွန်သွားပါသည်။ မနက် ရောက်သောအခါ ပြတင်းပေါက်နှင့်ဝေးသည့် ခုတင်ပေါ်ရှိလူနာသည် ပြတင်းပေါက်နားကို ရွှေ့ခွင့်ရတော့မည်ဖြစ်၍ ပျော်နေပါသည်။ သူနာပြုများက ပြတင်းပေါက်အနီးသို့ ပြောင်းရွှေ့ပေး ပါသည်။ ပြတင်းပေါက်မှ ကြည့်လိုက်သောအခါ လူနာတွေ့လိုက်သည်က ရပ်ကွက်တစ်ခုရှိ အိမ်များသာ ဖြစ်ပါ သည်။ ထိုအခါမှ ကွယ်လွန်သွားသည့် လူနာသည် မသေခင် မိမိကို စိတ်ချမ်း သာမှုရအောင် ကူညီခဲ့သည်ကို တွေးမိပြီး မျက်ရည်ကျပါသည်။

အထက်ပါ ဝတ္ထုတိုလေးသည် လူတိုင်းအပေါ်မှာ မိမိစွမ်းအားရှိသရွေ့ ကူညီရမည်။ ကိုယ်ချင်းစာစိတ်၊ စာနာစိတ်ထားရမည် ဆိုသည့် အသိတရားမျာ ကို ရရှိစေပါသည်။

ကွယ်လွန်သွားပြီဖြစ်သည့် စာရေး ဆရာသုမောင်၏ ဝတ္ထုတိုလေးကလည်း အတွေးကို ရစေပါသည်။

ဝတ္ထုထဲတွင် -

စာရေးဆရာသုမောင်က သူ့ဖခင် စာရေးဆရာကြီးဦးသာဓုကို တွေ့ဖို့သွားပါသည်။ အဖေ့အိမ် ရောက်သည့်အခါ “နင့်အဖေ ဆံပင်သွားညှပ်တယ်"ဟု သုမောင်အမေက ပြောပါသည်။ အဖေဆံပင်သွားညှပ်သည့်အတွက် ခဏနေရင် ပြန်လာမှာ ဟူသောအတွေးဖြင့် အဖေ့ကို ထိုင်စောင့်ရင်းနှင့် စာရေးဆရာသုမောင် အိပ်ပျော်သွားပါသည်။ အိပ်ပျော်ရာမှ လန့်နိုးသည့် အချိန်တွင် “အဖေ့ကို စောင့်ရင်း ကျွန်တော် အိပ်ပျော်သွား တယ်၊ အဖေကလည်း ကြာလိုက်တာဟု အမေ့ကို ပြောပါသည်။ “မင်းအဖေ ခါတိုင်း ဆံပင်ညှပ်ရင်ကြာလေ့မရှိပါဘူးဟု သုမောင်အမေက ပြန်ပြောစဉ် ဦးသာဓု ပြန်ရောက်လာပါသည်။ ထိုအခါ သုမောင်က “အဖေဆံပင်သွားညှပ်တာကြာလိုက်တာ၊ ဘာဖြစ်လို့လဲဟု မေးရာ ဦးသာဓုက “အေးကွာ ငါ့ကိုညှပ်မယ့် ဆံပင်ညှပ်သမားက မြို့ထဲမှာ သူ့ဆံပင် သွားညှပ်နေလို့ ငါထိုင်စောင့်နေရတယ်  ဟု ပြောပါသည်။

ဤစာကို ဖတ်ရသည့်အခါ လောကကြီး၌ လူသားများသည် တစ်ယောက်နှင့် တစ်ယောက်၊ တစ်ဦးနှင့်တစ်ဦး အမှီသဟဲပြုနေရသည် ဆိုသည့်အတွေးကိုရပါသည်။ ကျွမ်းကျင်သည့် ဆံပင်ညှပ် သမားသည် မိမိခေါင်းကို မိမိညှပ်၍ မရပါ။ အခြားသူ၏အကူအညီ မရဘဲမိမိ ခေါင်းကို ဆံပင်ညှပ်၍ မရပါ။ လောကကြီး၏ သဘာဝတရားကို တွေးမိပါသည်။

ထို့ကြောင့် စာဖတ်သူ၏ အသိဉာဏ် သည်မြင့်မားပါသည်။ အသိဉာဏ်မြင့်မား သူများသည် ဆိုဆုံးမလွယ်သူများ ဖြစ်လာပါသည်။ ဆိုဆုံးမမှုကို ခံယူတတ် သူသည် ဘဝကို စည်းကမ်းဥပဒေ

ဘောင်အတွင်းမှ ယဉ်ကျေးသိမ်မွေ့စွာ တည်ဆောက်သူများ ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် ဆရာ၊ မိဘက သော်လည်းကောင်း၊ မိမိအကျိုးကို လိုလားသော မိတ်ဆွေကသော် လည်းကောင်း၊ သူတော်ကောင်း ပညာရှိများက သော်လည်းကောင်း မိမိကို ဆိုဆုံးမ သည့်အခါလောကီ၊ လောကုတ္တရာတွင် မိမိရှိမည့် အကျိုးတရားများအတွက် သာဖြစ်သည်ဟု ဝမ်းမြောက်ဝမ်းသာစွာ ဆိုဆုံးမဩဝါဒများကိုခံယူခြင်း၊ လိုက်နာကျင့်သုံး ခြင်းသည် မင်္ဂလာတရားတော် “သောဝစဿတာနှင့် ညီသည့်အတွက် ချမ်းသာအောင်မြင် ခြင်းကို ရယူ ပိုင်ဆိုင် နိုင်ပါမည်။

“မှတ်သားစရာ"

လောကသဘာဝအရမိမိ၏အမှားကို ချက်ချင်း မြင်နိုင်သိနိုင်ရန် မလွယ်ကူပါ။ အမှားအမှန်ကို ခွဲခြားသိမြင်နိုင်သူကဆို ဆုံးမလာပါက အားရဝမ်းသာစွာ လက်ခံပြီး ပြုပြင်နိုင်သည့်စိတ်ရှိရန် အရေးကြီးလှပါသည်။

ကျမ်းကိုး

၁။ ဇာတ်တော် ငါးရာ့ငါးဆယ်။ မာဏ၀ ပြုစုသည်။

၂။ မင်္ဂလာသုတ် အဖွင့်။ သုခ

ကျော်ကျော်လှိုင်