Skip to main content

သုတ၊ ရသစာပေနှင့် သမိုင်းသုတေသနပညာရှင် အမျိုးသားစာပေတစ်သက်တာဆုရ ဆရာကြီးသိန်းသန်းထွန်း

အမျိုးသားစာပေတစ်သက်တာဆုဟူသည်မှာ မိမိ၏ဘဝတစ်သက်တာလုံး သုတစာပေ သို့မဟုတ် ရသစာပေများကို တစိုက်မတ်မတ်ရေးသားလျက် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာပေများနှင့် သုတေသနဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့သူ ပညာရှင်ကြီးများကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခြင်း ဖြစ်ပါသည်။ ယခုအခါတွင် အမျိုးသား စာပေတစ်သက်တာဆုရရှိသူဆရာ၊ ဆရာမကြီး ၃၄ ဦး ရှိပြီဖြစ်ပါသည်။ တစ်သက်တာစာပေဆုရရှိခဲ့သော ဆရာ၊ ဆရာမကြီးများ ထဲတွင် သုတစာပေရေးသားသူ၊ ရသစာပေရေးသားသူ၊ ရှေးဟောင်းစာပေပြုစုရေးသားသူ၊ သုတေသနပြုလုပ်သူ၊ ဝိဇ္ဇာသိပ္ပံ ဆိုင်ရာ ဘာသာရပ်များ ကျွမ်းကျင်သူ စသည်ဖြင့် ပညာရှင်မျိုးစုံတို့ ပါဝင်ပါသည်။ ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက် တာဆုကို ကဗျာ၊ ဝတ္ထု၊ ပုံပြင်နှင့် သမိုင်းသုတေသန ဆိုင်ရာစာပေများကို ရေးသားသည့် ဆရာကြီးသိန်းသန်းထွန်းက ရရှိခဲ့ပါသည်။

ဆရာကြီး၏ ငယ်ဘဝနှင့် ပညာရေးခရီး

ဆရာကြီးကို ၁၉၃၂ ခုနှစ်နိုဝင်ဘာလ ၁၁ ရက် (သောကြာနေ့) တွင် ဧရာဝတီ တိုင်းဒေသကြီး ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့အနီး ချောင်းရွာ၌ အဖ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးငွေထွန်းနှင့် အမိဒေါ်စောတို့မှ မွေးဖွားခဲ့ပါသည်။ ဒုတိယမြောက် သားဖြစ်ပါသည်။ ငယ်နာမည်မှာ မောင်သံဒိုင်နှင့် မောင်သံချောင်းဖြစ်ပြီး အမည်ရင်းမှာ သန်းထွန်းဖြစ်ပါသည်။

ချောင်းဝရွာ မူလတန်းကျောင်း (၁၉၄၂)၊ ပန်းတောင်း အ.ထ.က (၁၉၄၇)၊ တိုက်ကြီး အ.ထ.က (၁၉၄၈-၄၉)၊ ရန်ကုန် စပယ်ရှယ်ကောလိပ် အလွတ် ပညာသင်ကျောင်း (၁၉၅၀-၅၁) တို့တွင် ပညာသင်ယူခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ရန်ကုန်၊ ဒေါ်မမကြီး အလွတ်ပညာ သင်ကျောင်းမှ ၁၀တန်းအောင်မြင်ခဲ့ပါ သည်။ ၁၉၅၃ ခုနှစ်တွင် တက္ကသိုလ်သို့ ရောက်ရှိပြီး ၁၉၆၂ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ ကို သမိုင်းဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါသည်။ ၁၉၆၆ ခုနှစ်တွင် မဟာဝိဇ္ဇာအရည် အချင်းစစ်စာမေးပွဲ အောင်မြင်ခဲ့သည်။

ဆရာကြီး၏ စာပေခရီး

ဆရာကြီးသည် တိုက်ကြီးမြို့ အစိုးရအထက်တန်းကျောင်း၌ ပညာသင်စဉ်ကာလကပင် လက်ရေးစာစောင်တွင် ဂနိုင်မောင် အမည်ဖြင့် ရေးခဲ့သည်။၁၉၅၁ ခုနှစ်တွင် သံတော်ဆင့် သတင်းစာမဂ္ဂဇင်းကဏ္ဍ၌ မောင်ယဉ်ညို (စပယ်ရှယ်ကောလိပ်) ကလောင်အမည်ဖြင့်  သံသရာခရီးသည် စာညွန့်ကို စတင်ပုံနှိပ်ဖော်ပြခြင်း ခံရသည်။ သိန်းသန်းထွန်း အမည်ကိုမူ ၁၉၅၁ ခုနှစ်တွင် ထွက်ရှိသည့် ဟံသာဝတီသတင်းစာမဂ္ဂဇင်းကဏ္ဍတွင်ပါသည့် ဂြိုဟ်သားဆု  ဝတ္ထုတွင် စတင်အသုံးပြုခဲ့သည်။ ရန်ကုန်တက္ကသိုလ် တွင်နေ့ကျောင်းသားအဖြစ် ပညာသင်နေစဉ် ဟံသာဝတီသတင်းစာတိုက်၌ လက်ထောက်အယ်ဒီတာအဖြစ် ညတာဝန်ထမ်းဆောင် ခဲ့သည်။ ပေဖူးလွှာမဂ္ဂဇင်းတွင်လည်း အယ်ဒီတာအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၆၀-၆၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၌ တာဝန်ခံစာတည်းအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ဝန်းကျင်မှစ၍ မေတ္တာဘွဲ့လုံးချင်းများ ရေးခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကလောင်အသင်းဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့သည်။ ကျောင်းသားသမဂ္ဂလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါ သည်။ ၁၉၆၉ ခုနှစ်တွင် မန္တလေးတက္ကသိုလ် သမိုင်းဌာနနည်းပြအဖြစ် တာဝန်ထမ်းဆောင်၍ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း ၏ သမိုင်းသုတေသန လုပ်ငန်းများ ကို ကူညီဆောင်ရွက်ခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ် အင်းလေးဒေသသို့ ပြောင်းရွှေ့ ၍ စာပေ၊ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ရဿဝတီ ရပ်စောက်မြို့နယ် မဂ္ဂဇင်းကို တာဝန်ခံ စာတည်းအဖြစ် တာဝန်ယူခဲ့သည်။ ယနေ့တိုင် စံတော်ချိန်သတင်းစာတွင် ကဗျာများ ရေးသားဆဲဖြစ်ပါသည်။

ဆရာကြီးသည် မြန်မာနိုင်ငံစာရေး ဆရာအသင်း၊ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း၊ မန္တလေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ် သမိုင်းဌာနနှင့်တောင်ကြီးမြို့ စာရေးဆရာ အသင်းတို့၏ ကန်တော့ခံပုဂ္ဂိုလ်ဖြစ်ပါသည်။

ဆရာကြီး၏ နိုင်ငံ့တာဝန် ထမ်းဆောင်မှုများ

ဆရာကြီးသည်မြေနီကုန်း တန်းမြင့် သိပ္ပံ (၁၉၅၄-၅၅)နှင့် ဆေးလာရက်ဟတ် (၁၉၅၅-၅၆) တို့တွင် ကျောင်းဆရာအဖြစ် လည်းကောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင် အ.ထ.က (၁၉၆၇)နှင့် အင်းလေး ဟဲယာရွာမ အ.ထ.က (၁၉၆၈) တို့တွင် အထက်တန်းပြဆရာအဖြစ် လည်းကောင်း၊ မန္တလေးတက္ကသိုလ်၊သမိုင်းဌာန (၁၉၆၉-၇၃)နှင့် လုပ်သားကောလိပ် (၁၉၇၄-၇၅) တို့တွင်လည်းကောင်း၊ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုမှတစ်ဖန် ဆရာကြီး ဒေါက်တာ သန်းထွန်း ရှိရာ မန္တလေးတက္ကသိုလ် သမိုင်းဌာနသို့ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ဆရာကြီးနှင့်အတူ နိုင်ငံအနှံ့လှည့်လည်ကာ သုတေသနလုပ်ငန်းများ လုပ်ဆောင် ခဲ့ပါသည်။ ထို့နောက် အင်းလေးဒေသသို့ ပြန်လာ၍ စာပေများရေးသားခြင်း၊ သမိုင်းသုတေသန ပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ညောင်ရွှေမြို့နယ် ရှေးဟောင်းစာပေ လေ့လာရေးဥက္ကဋ္ဌ (၁၉၈၂-၈၃)၊၁၉၈၈ ခုနှစ် စာပေညီလာခံ တွင် ရှမ်းပြည်နယ်ကိုယ်စားပြု သဘာပတိအဖွဲ့ဝင်၊ ပင်လုံမြို့ ရွှေတိဂုံပုံတူစေတီတော်မြတ်ကြီး သမိုင်းမှတ်တမ်းပြုစုရေး ဥက္ကဋ္ဌ (၂၀၁၆) တို့ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။

ဆရာကြီး၏ ထင်ရှားသော စာပေလက်ရာများ

ဆရာကြီးသည် အထက်တန်းပြ ဆရာ၊ သမိုင်းနည်းပြဆရာ၊ သတင်းစာ အယ်ဒီတာနှင့် မဂ္ဂဇင်းအယ်ဒီတာများအဖြစ် တာဝန်ထမ်းဆောင်လျက်နှင့်ပင် ဝတ္ထု၊ ကဗျာ၊ ပုံပြင်၊ သုတေသန စာတမ်းနှင့် ဘုရားသမိုင်းများကို ရေးသား ထုတ်ဝေခဲ့သည်။ ဆရာကြီး၏ ထင်ရှားသော ဝတ္ထုများမှာ မိုးတစ္ဆေ (၁၉၅၇)၊ မပန်ပါနဲ့ ကြွေချင်တယ် (၁၉၆၀)၊ အချစ် ရူးလေးရဲ့ အချစ်ဦး (၁၉၆၃)၊ ငွေစပယ်ရဲ့ လမင်းငယ်ဘဝ (၁၉၆၄)၊ ဘယ်ပန်းချီရေးလို့မှ မမီ (၁၉၆၅)၊ လမင်းငယ် ငယ် အပြုံးရှင် (၁၉၇၅)၊ ဒေါက်တာအနန္တမြင်္သေ့ (၂၀၀၉)၊ ပန်းပွင့်ပေါ်သာ နားချင်တယ် (၂၀၁၄)၊ တို့ပြည်ထောင်စု ကလေးကဗျာများ (၁၉၆၆)၊ ပန်းပွင့်ငှက်၏ တေးသံများ (၁၉၈၇)၊ အသက်နှင့် ရေးသော ကဗျာတစ်ပုဒ်၊ အိပ်မက်လေးတွေ ရယ်လိမ့်မယ်။မလွမ်းစရာ လွမ်းစရာ၊ လူကိန္နရီ၊ ဒေါင်းလင်းတ၊ တစ်ပွင့်နွမ်း တစ်ပွင့်ကြွေ၊မြင်းမိုရ်တောင်ထိပ်က ပန်းပွင့်လေးတွေ တို့ဖြစ်ကြပါသည်။ သုတေသနစာတမ်း များအတွက်မူ ပုဂံခေတ်ကလေးများအကြောင်း၊ ပုဂံခေတ်အဆို အတီး အက ပုဂံခေတ်လအမည်နှင့် မှတ်စရာများ၊ ရှမ်းပြည်နယ်၏ ရှေးနှစ်ပေါင်း ၁၀၀ ကျော်က လူမျိုးစုများအကြောင်းကို ပြုစုရေးသားခဲ့သည်။ ထို့ပြင် အင်းသားလူမျိုးတို့၏ တိုက်တေး အနုပညာ စာအုပ်ကိုလည်း ပြုစုခဲ့သည်။ ရှမ်းပြည်နယ်၊ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ စာတမ်းပေါင်း ၆၁ စောင်ကို ရေးသားခဲ့သည်။ ပင်းတယရွှေဥမင်နှင့် ဂူသမိုင်း (၁၉၈၂) ကို ဒေါက်တာသန်းထွန်းနှင့် ပူးတွဲကာ ပြုစုရေးသားခဲ့သည်။ ထို့ပြင် ရှေးမြန်မာမင်းတို့၏ အိပ်မက် များ (၁၉၉၂) နှင့် သိန်းသန်းထွန်း ပုံပြင်များ (၁၉၉၄) စာအုပ်တို့ကိုလည်း ရေးသားခဲ့ပါသည်။ အင်းသား၊ ဓနု၊ တောင်ရိုးနှင့် ရှမ်းတို့၏ လူမျိုးသမိုင်းနှင့် စာပေကဗျာ စာတမ်းများနှင့် ပြဒါးလင်းဂူ၏ ပန်းချီနှင့်ကျောက်လက်နက်များ လေ့လာမှုမှတ် တမ်းကိုလည်း ပြုစုရေးသားခဲ့ပါ သည်။ ဆရာကြီးသည် စာပေဗိမာန်၌ ဖတ်ကြားခဲ့သော စာတမ်းဖတ်ပွဲများတွင် လည်းပါဝင် ဖတ်ကြားခဲ့ပါသည်။ ဆရာကြီး၏ မိုးတစ္ခုဝတ္ထုနှင့် ဘယ်ပန်းချီရေးလို့မမီ ဝတ္ထုတို့ကို ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားများအဖြစ် ရိုက်ကူးခဲ့ပါသည်။

ဆရာကြီး၏ စာပေဖန်တီးပုံဖော်ပုံနှင့် အယူအဆ

၁၉၅၈ ခုနှစ် နိုဝင်ဘာလထုတ် ချယ်ရီမဂ္ဂဇင်းပါ ဆရာကြီးရေးသားခဲ့သော ဝတ္ထုခုနစ်ပုဒ်၏ ပုံဖော်ဖန်တီးခဲ့ပုံနှင့် ပတ်သက်၍ ဝတ္ထုရေးနည်း၊ ဝတ္ထုအမှာကို မိုးတစ္ဆေနှင့် မဂ္ဂဇင်းဝတ္ထု ပေါင်းချုပ် စာအုပ်တွင် ပြန်လည်ဖော်ပြခဲ့ရာ ဆရာကြီးက “ဝတ္ထု တိုကလေးများကို ရေးရန် ကျွန်တော် ယခု ဝါသနာမပါပါ။

ဝတ္ထုကြီးများကိုသာ ယခု ဝါသနာပါပါသည်။ ဝတ္ထုတိုကလေးဟု ဆိုရသည်ကို ရှင်းပါရစေ။ မဂ္ဂဇင်းများတွင် ပါနေကျ ဝတ္ထုတိုများ သည်ဝတ္ထုတိုကလေးများ ဖြစ်ပါသည်။ မဂ္ဂဇင်းများတွင် ထည့်နေသောလချင်းပြီး ဝတ္ထုရှည်အမည်ခံများမှာ ဝတ္ထုတို့ကြီးများ ဖြစ်ပါသည်။ ဝတ္ထုလတ် ဟူသော အမည်နှင့်လည်း မတန်ပေ။ ဝတ္ထုတိုအုပ်စုတွင်သာ ရှိပေသည်။

ဤအယူအဆသည် ကျွန်တော်၏ ကိုယ်ပိုင်အယူအဆသာ ဖြစ်သည်။ အခြားသူများ ကြိုက်သလို ခေါ်ပုံကို လည်း ကျွန်တော် မဝေဖန်လိုပေ။ ကိုယ့်အယူအဆနှင့်ကိုယ်ဟုသာ သဘောထားပါသည်။ စာရေးတတ်ရန် ကြိုးစားသူတိုင်း မည်သည့်ဝတ္ထုကို မဆိုရေးရန် ခက်မည်မထင်ပါ။ ဝတ္ထုကောင်း ဖြစ်ရန်သာ ခက်ပါမည်။ ကျွန်တော့်အဖို့ကား မလွယ်ချေ။ ဝတ္ထုတစ်ပုဒ် ရေးနိုင်ရန် အလွန်ကြိုးစားရပါသည်။

မိတ်ဆွေရင်း မိတ်ဆွေချစ်များက စာရေးပျင်းသူဟု ကျွန်တော့်ကို ပြောကြရေးကြပါသည်။ ကျွန်တော် စာရေးမပျင်ပါ။ စာမြန်မြန်ရေး မြန်မြန်ပုံနှိပ်ရမည်ကိုသာ ဝန်လေးခြင်းဖြစ်သည်။ ကျွန်တော်သည် အနှစ်၂၀ ကျော်ပတ်လုံး စာမဖတ်သောနေ့၊ စာမဖတ်သောညဟူ၍  မရှိသလောက်ပင်ဖြစ်ပါသည်။ နေမကောင်းလျှင်၊ ခရီးပင်ပန်းနေလျှင်သာ မဖတ်ဖြစ်ခြင်းရှိပါသည်။ ဖတ်သော စာများမှာ သမိုင်းစာ၊ ကျောက်စာ၊ ပေစာ၊ ပုရပိုက်စာများက ပိုများပါသည်။

ထိုစာမျိုးကို ဖတ်ရင်းကပင် ကဗျာ - နှင့် ဝတ္ထုများ ရေးလိုစိတ် မကုန်ခန်းဘဲ ရှိပေမည်။ ချရေးထားသော်လည်း ပုံမနှိပ်ဖြစ်သည်က များပါသည်။ စိတ်ကြိုက် မကြိုးစားရသေးသောကြောင့် သိမ်းထားလေ့ရှိသည်။ စာအဆင့်မမီသေးဟု ကျွန်တော် ယူဆထားသော ကြောင့်ပုံနှိပ်ရန် မရဲခြင်းဟုဆိုက ပို၍မှန်ပါမည်။

ငယ်စဉ်ကစ၍ ယခုအထိ ကဗျာကိုသာ ပြင်းန်စွာ ဝါသနာပါပါသည်။ သို့သော်လည်း ဝတ္ထုများကို ပိုရေးမိပြီးရေးလိုသော ကဗျာများသည် ၀တ္ထုသစ်ပင်ထဲတွင် အရွက်အခက်များအဖြစ်  ပါသွားလေ့ရှိတတ်ပါသည်။ ကျွန်တော်၏ ဝတ္ထုသစ်ပင် အနည်းငယ်သာ ရှိပါသည်။ ကျွန်တော့် ဝတ္ထုသစ်ပင်များတွင် ကဗျာရွက်၊ ကဗျာခက်များကို ရှာလျှင် တွေ့နိုင်ပါသည်။ အချို့ကိုလည်း သီချင်းယူ၍ စပ်ကြပါသည်။ ကျွန်တော်သည် ဝတ္ထုရေးဆရာ မဖြစ်သေးပါ။ ဝတ္ထု ကျောင်းသား မျှသာဖြစ်ပါသည်။ ဟန်မလုပ်ပါ။ ဟန်လုပ်နိုင်ရန် အဆင့်မရှိသေး၍ ဖြစ်ပါသည်။ ကြိုးစားဆဲ  ဖြစ်ပါသည်။ ဝတ္ထုရေးဆရာ မဟုတ်သော်လည်း ဝတ္ထုရေးသူတော့ မှန်ပါသည်။  ဝတ္ထုနည်း နည်းလေးသာ ရေးနိုင်သေးသူဟုဆိုက ပိုမှန်ပါသည်။ ဖန်တီးမှုအတွေ့အကြုံ နည်းသေးသူဟု ထင်ပါသည်။

မိုးတစ္ဆေကို မရေးမီက ကျွန်တော့်ရင်ထဲတွင် ဒေါသမီးတောင်ကြီးများ သန်း ၁၀၀ ခန့် ပေါက်ကွဲနေပါသည်။ ကျွန်တော့်ကို နစ်နာအောင် လိမ်လည်ချောက်တွန်းထားသူတစ်ဦးကို ဒေါသချော်ရည်၊ မီးတောင် သန်း ၁၀၀ အားဖြင့် လောင်းချချင်နေပါသည်။ လက်စားချေ ချင်နေသည်။အသက်ကလည်း ငယ်သေးသည်။ ဘယ်သူဆုံးမ၍မျှမရ။ နောက်ဆုံးတွင် မိမိကိုယ်မိမိ ဆုံးမပါမှ ဒေါသချော်ရည်များ စမ်းရေဖြစ်သွားသည်။ လက်စားချေသော အလုပ်၏ စက်ဆုပ် ဖွယ်ကို မိုးတစ္ဆေ ခြောက်ပြလိုက်မိပါသည်။

မပန်ပါနဲ့ ကြွေချင်တယ်ရေးချိန်တွင် အချစ်ရေး၌ ရေမျောကမ်းတင်အဆင့်ပင် မရှိပေ။ ကမ်းမတင်ဘဲ ရေအမြဲ မျောနေသည်။ အလွမ်းကို ထမင်း၊ အလေကို အဖေလုပ်လျက် အခန်းတစ်ခုထဲ အမြဲအောင်းကာ စကြဝဠာတိုက်တစ်သောင်းသို့ စိတ်ကျောင်းထွက်နေသော အချိန်ဖြစ်ပါသည်။ နွေဆန်းလျှင် လေကလေးတွေနဲ့ တွေ့သေးရင် ကိုယ်မမေ့တာမို့ ကြေမြည့်မြည့် ဆွေးမိတယ်ဟူသော ကဗျာလေရူးများ လက်ထဲဝှေ့နေချိန် ဖြစ်သည်။ ရေးဖို့ရည်ရွယ်ရင်းက ပညာ တတ်လူငယ်လောကတွင် နိုင်ငံခြား ဓလေ့မက်မောမှုကို ရှုတ်ချရန် ဖြစ်သည်။ ရေးလိုက်သောအခါ ရည်ရွယ်ရင်း လုံးဝမပါဘဲ အလွမ်းမြင်းဒုန်းစိုင်းရာသို့ လိုက်ပါသွားပါတော့သည်။ ဝတ္ထုရေး အတွေ့အကြုံမရှိ၍ ဖြစ်ပါသည်။ လက်ပစ်ဗုံးလုပ်လိုက်ရာ ပန်းပွင့်ဖြစ် သွားပါသည်။ မပန်ပါနဲ့ ကြွေချင်တယ်ကို အားမရ၍ အချစ်ရူးလေးရဲ့ အချစ်ဦးကို ထပ်ရေးပါသည်။ ရေးရသည်ကို ကျွန်တော် ကျေနပ်သည်။

ဘယ်ပန်းချီရေးလို့မှ မမီ တွင် ကျွန်တော့်အဖေ ဗိုလ်ငွေထွန်းကို ကျွန်တော် မည်မျှချစ်ကြောင်း ရေးပြခြင်း ဖြစ်သည်။ အဖေက သူ့ကို ကျွန်တော် မချစ်ဘူးထင်နေသည်။ ရှမ်းပြည်နယ်မှရသော အဖြစ်တစ်ခုကို ဇာတ်ဆင်လျက် အဖေ့အတွက် ချစ်ကန်တော့ဝတ္ထုဖြစ်ပါ သည်။ သို့သော်အရက်ကြောင့် အမှားတွေ့သောသူငယ်ချင်းတစ်ဦး၏ အိမ်တွင် တည်းခိုနေစဉ်ဖြစ်၍ သူငယ်ချင်းအတွက်ပါ ထည့်ရေးလိုက်ခြင်းဖြစ်သည်။ ကျွန်တော်ရည်ရွယ်ရင်းသို့ ရောက်ပါသည်။

လမင်းငယ်ငယ်အပြုံးရှင် ဝတ္ထုသည် ကျွန်တော့်ဝတ္ထုတစ်ပုဒ်၏ အပိုင်း(၁) ဖြစ်သည်။ အပိုင်း(၂) နှင့် အပိုင်း(၃)မှာ ပလတ်စတစ်အိတ်ထဲတွင် ချွေးအောင်းလျက် ရှိနေသေးသည်။ အများအတွက် အကျိုးဆောင်ချင်သော စိတ်ကူးယဉ်သူ ကလေးတစ်ဦး၊ မိခင်၏ အလွန့်အလွန် ချစ်ခြင်းတည်းဟူသော မေတ္တာရဲတိုက် ကြီးထဲမှထွက်လျက် စိတ်ကူးယဉ်ကို လုပ်ငန်းအသွင် ကူးပြောင်းခြင်း အကြောင်းရေးပါသည်။ သို့သော် စာရေးသူ၏ ချစ်နှင်းများကဝတ္ထုပေါ်တွင် ဝေလျက်ရှိသည်။ သို့သော် ချစ်နှင်းဝေဝေကြားတွင် ဇာတ်ကောင်၏ ပါးမို့မို့အပြုံးလေးသာပေါ်သည်။ သို့သော် မျက်ရည်မျှင်ဖြင့် စောင်းကြိုးတပ်လျက်တီးခတ် သံသာလွှမ်းနေသည်။ ရည်ရွယ်ရင်းသို့ မရောက်ပေ။

အသက်နှင့် ရေးသော ကဗျာတစ်ပုဒ် တွင် လူတိုင်းကို ဒုက္ခပေးသော သူကို ဒုက္ခခံရသူများက ဘယ်တော့မှ မကျေကြောင်းကို ရေးပါသည်။ ဤဝတ္ထုကို ကျွန်တော့်ဘာသာ ကျွန်တော်ကြိုက်သည်။ ဝတ္ထုဇာတ်သိမ်းတွင် စာရေးသူက စာဖတ်သူကို အားမလိုအားမရစိတ်ဖြင့် ထားခဲ့ချင် သည်။ ဤသို့ ထားရသည်ကို ရေးသူက အရသာခံသည်။ ဖတ်သူက ပြောချင်သလိုပြော။ မကြားချင်ဟန် ဆောင်နေချင်သည်။ အရသာတစ်မျိုးပင် ဖြစ်သည်။ သို့သော် မိတ်ဆွေများက ဇာတ်လမ်းဆက်ရေးရန် တိုက်တွန်းလွန်း၍ အိပ်မက်ကလေးတွေ ရယ်လိမ့်မယ်ဟု ဆက်ရေးမိသည်။ ဆက်မိမှားပါသည်။ အိပ်မက်ကလေးတွေ ရယ်လိမ့်မယ် ဝတ္ထုကို ကျွန်တော့် ဦးနှောက် သားသမီးအဖြစ်မှ အမွေပြတ် ကြေညာပစ်ချင်ပါသည်။ ဝတ္ထုရေးသူ၏ ဖန်တီးမှု စိတ်မခိုင်ခြင်း ဖြစ်သည်။

မြင်းမိုရ်တောင်ထိပ်က ပန်းပွင့် ကလေးတွေ ဝတ္ထုမှာ ဝတ္ထုအဖြစ် စာဖတ်သူများထံ အကုန်မရောက်သေးပါ။ ရှမဝတွင် တစ်နှစ်ခွဲခန့် အခန်းဆက် ပါပြီးသော်လည်း သုံးပုံတစ်ပုံ သာသာခန့်သာ ရှိပါသေးသည်။ ကျွန်တော်သည် ဤဝတ္ထုကျမှ မိမိ၏သက်ရင့်အရွယ် အထိတွေးသမျှ၊ ဖတ်သမျှ၊ လေ့လာသမျှ၊ ကြုံသမျှ၊ကြားသမျှ ဗဟုသုတအားလုံးကို ဝတ္ထုတစ်ပုဒ်တွင် သာဖို့လျက် ဝတ္ထုတောင် တစ်ခုတည်ရန် ကြိုးပမ်းချင်စိတ် ပေါက်ပါသည်။ ဝတ္ထုတိုပေါင်းများစွာ၊ ရည်ရွယ်ချက်ပေါင်းများစွာ ခြံရံလျက် အက္ကဘီလူးသည် မိမိ၏ ပတ်ဝန်းကျင်ကို ပင်မက မိမိကိုယ်ကိုပင် ပါးစပ်သာ ကျန်တော့အောင် ဝါးစားတတ်ကြောင်း ပြမည်ဟုရေးခြင်းဖြစ်ပါ သည်။ အောင်မြင်မည်၊ မအောင်မြင်မည် မသိပါ။ ကြိုးစားချင်၍ ရေးသောဝတ္ထု ဖြစ်ပါသည်။ စာရေးသူသည် တစ်ခါတစ်ရံ စာလောဘ ကြီးလာခြင်း ဖြစ်ပါသည်။

ကျွန်တော်ရေးသမျှ အနည်းငယ်သာ ရှိသော ဝတ္ထုများနှင့် ပတ်သက်၍ တစ်ခုစီ အကျဉ်းဆုံး ပြုပြီးပါပြီ။ ကျွန်တော့်ကို အခြေခံသော ဝတ္ထုရေးသူ အကြောင်း၊ ဝတ္ထုအကြောင်းကို ဆန်းစစ်

လျှင် ဝတ္ထုရေးသူသည်- (၁) မိမိဒေါသကို နှိမ်နင်းလျက် ဝတ္ထုဖန်ဆင်းသည်လည်း ရှိပါသည်။ (၂) ချစ်စိတ်ကဲလွန်းသော အသက်အရွယ်တွင် ရည်ရွယ်ချက်ကို ချစ်ကွက်များက ဖုံးသွားတတ်သည်

လည်းရှိသည်။ (၃) ဦးတည်ချက်ကို တကယ်ထိမိအောင် ရေးနိုင်သည်လည်း ရှိသည်။ (၄) စာဖတ်သူကြိုက်မကြိုက်ကို ဂရုမစိုက်ဘဲ စာရေးသူအကြိုက် ရေးသည်လည်းရှိသည်။ စာဖတ်သူ အကြိုက်ကို မလိုက်ချင်လျှင် ဘာမျှမငဲ့ဘဲ ခိုင်ခိုင်ဆုံးဖြတ်ရေးလျှင် ကောင်းမည်။ (၅) အရွယ်ရင့်လာလျှင် စာရေးသူသည် စာလောဘကြီးလာသည်လည်း ရှိသည်။ ပြောင်ပြောင် မြောက်မြောက် ပို၍ဖန်တီးချင်မည်။ အခြားသူများလည်း သူတို့နှင့်ဆိုင်ရာ သီးခြားအခြေ အနေများ ရှိပါလိမ့်မည်။

စာဖတ်သူအား မှန်ကန်သော ဆွဲဆောင်မှုပေးလျက် မိမိရေးလိုသော ဦးတည်ချက်ကို ထင်ရှားပေါ်လွင်အောင်၊ သိမြင်ခံစားနိုင် အောင်ကြိုးပမ်းလိုစိတ်သာရှိပါသည်။ မရေးမီ မိမိ၏ စာကြည့်တိုက်တွင် တစ်ယောက်တည်း ထိုင်လျက် စာရေးသူအဖြစ်မှ ဇာတ်ကောင်အဖြစ်သို့ ရောက်ရှိခံစားပြီးမှသာ ရေးလေ့ရှိပါသည်။ စိတ်မပါလျှင် ဖျစ်ညှစ်မရေးပါ။ ပြင်းထန်သော ကြိုးစားမှုအတွေ့အကြုံကသာ သင်သွားလိမ့်မည်ဟု ယုံကြည်ပါသည်။

(က) ကျွန်တော်၏ ပင်ကိုယုံကြည် ချက်တွင် ဝတ္ထုရေးသူသည် ဝတ္ထုဖန်တီးသော အလုပ်နှင့်သာ သက်ဆိုင်သည်။ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဝတ္ထုကြီးစသော အခေါ်များမှာ ရှိသော်လည်း ဝတ္ထုရေး သူက ရေးကြီးခွင်ကျယ်ဝင်၍ ဆုံးဖြတ်နေ ရန် မလိုချေ။ ဖတ်သူ၊ လေ့လာသူ၊ ထုတ်ဝေသူများ ပြောချင် ပြောကြပါစေ။ ဝတ္ထုရေးသူသည် သူ၏ ဖန်တီးနိုင်မှု အတိုင်းအတာအစွမ်းအရ ဝတ္ထုကောင်း တစ်ပုဒ်ဖြစ်အောင် ဖန်တီးဖို့သာ အရေး ကြီးပါသည်။ တိုချင်လည်း တိုသွားမည်။ ရှည်ချင်လည်း ရှည်သွားမည်။

(ခ) ဝတ္ထုသည် ပုံပြင်၏ ရင်သွေး များသာ ဖြစ်ပါသည်။ လူ့စရိုက်နှင့် တူအောင် လုပ်ထားသော ပုံပြင်တစ်မျိုးသာ ဖြစ်သည်။ ကျော်ကြားသော ၀တ္ထု တချို့မှာ ပုံပြင်ကပြား ဖြစ်လာကြပါပြီ။ ဝတ္ထုတိုရေးရသည်မှာ ဝတ္ထုရှည်ထက် ခက်ပါသည်။ “ဝတ္ထုတို ရေးခြင်းသည် ကလပ်ကလေးပေါ်တက်ကပြရသည်နှင့် တူသည်။ ဝတ္ထုကြီးရေးခြင်းသည် ဇာတ်ခုံပေါ်တက် ကပြရသည်နှင့် တူသည် ဟူ၍ သုံးသပ်ရေးသားထား ပါသည်။ ဆရာကြီး၏ ဝတ္ထုများအပေါ် ပုံဖော်ဖန်တီးရေးသားပုံတို့ကို ဖတ်ရ သည်နှင့်ပင် ရသမြောက်စွာ ခံစားရပါသည်။

အမျိုးသားစာပေတစ်သက်တာစာပေဆု ရရှိခဲ့ခြင်းအပေါ်ဆရာကြီး၏ မုဒိတာစကားများ

ဆရာကြီးက “စာရေးတယ်ဆိုတာ အနုပညာဖန်တီးမှုလို့ပဲ ခံယူထားတာဆိုတော့ ပီတိကိုစား အားဖြစ်စေခဲ့တဲ့ ဆရာကြီးတို့လို စာရေးဆရာတွေရဲ့ ဘဝမှာ အခုလိုရွေးချယ်ချီးမြှင့်တဲ့ အမျိုး သားစာပေ တစ်သက်တာဆု ရခဲ့တာကို အတိုင်းမသိ ဝမ်းသာပါတယ်။ ပျော်လည်း ပျော်ပါတယ်။ စာရေးဆရာဆိုတာ ဝါသနာကိုပဲ အရင်းခံပြီး ဘာကိုမှမျှော်ကိုးပြီး ရေးခဲ့တာ မဟုတ်ပါဘူး။ ဒါဟာ ဘယ်လိုဝမ်းသာမှုမျိုးနဲ့မှ လဲလို့မရနိုင်တဲ့ ဘဝမှတ်တိုင်သစ်ပါ။ ဆရာကြီးက ကဗျာတွေ၊ ဝတ္ထုတို၊ ဝတ္ထုရှည်တွေ၊ လုံးချင်းဝတ္ထုတွေ၊ ဆောင်းပါးတွေနဲ့ သမိုင်းသုတေသန စာတမ်းတွေကို ရေးသားခဲ့ပါတယ်။ ယနေ့ခေတ်လူငယ်တွေကို ပြောချင်တာ ကတော့ စာကောင်းပေမွန်တွေကို ရွေးချယ်ဖတ်မှတ်စေချင်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမှာ စာပေလေ့လာမှုက အရေးကြီး တဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့က လူတိုင်း စာဖတ်ဖို့ လိုပါတယ် ဟု မုဒိတာစကား ပြောကြားခဲ့ပါသည်။

တို့ပြည်ထောင်စုကဗျာစာအုပ်တွင် လည်း ဆရာကြီး၏ လူငယ်များအပေါ် စေတနာထားကာ သွန်သင်ဆုံးမထားသည်ကို တွေ့နိုင်ပါသည်။ ၎င်းကဗျာကိုလည်း မှတ်သားဖွယ် ဖော်ပြလိုက်ပါ သည်။

ကိုယ်၊ နှုတ်ယဉ်ကျေးမယ်

ချိုချိုလေး သုံးပါလို့

ပြုံးပြုံးလေး နေကြမယ်။

ကြမ်းတမ်းစွာ ဆိုစကားကို

တို့များ ရှောင်ဖယ်။

ကိုယ်၊ နှုတ်နဲ့ မူယာဝယ်

လွန်စွာကွယ် ယဉ်ကျေး။

သည်းခံကာ ဒေါသဝေးအောင်

နေကြမယ်လေး။  ။

ဆရာကြီးသည် ယခုအခါ အသက် ၉၀ ရှိပြီး ဇနီး အင်းလေးသန္တာခင်ခေါ် စာပေဗိမာန်စာမူဆုရ ဆရာမကြီး ဒေါ်ခင်ညွန့်(အင်းလေး) နှင့်အတူ သား၊ သမီး၊ မြေးများဖြင့် အမှတ်(၇/၁၅၀)၊ သန္တာလမ်း၊ ရွှေသူဌေးကုန်း၊ တောင်ကြီးမြို့၌ ကျန်းမာပျော်ရွှင်စွာ နေထိုင်လျက်ရှိပြီး စာပေလုပ်ငန်းများကို ဆောင်ရွက်နေဆဲပင်ဖြစ်ပါသည်။ ကျွန်မသည် ဆရာကြီးနှင့် လူချင်းတွေ့ကာ စကားမပြော ဖူးခဲ့သော်လည်း ဖုန်းဖြင့်ဆက်သွယ်ပြောဆိုခဲ့ရပါသည်။ ဆရာကြီးသည် အသက် ၉၀ ရှိပြီဖြစ်သော်လည်း အသံကြည်လင်စွာဖြင့် ပြောဆိုဆွေးနွေးနိုင်ဘဲဖြစ်ပါသည်။ ကျွန်မအနေဖြင့်လည်း ဆရာကြီးအား အသက်ရာကျော်တိုင်အောင် ကျန်းမာအသက်ရှည်စွာ နေထိုင်၍ ရာပြည့်ပွဲကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဂါရ၀ပြု ရေးသားလိုက်ပါသည်။ ။

ကိုးကား

(၁)၂၀၁၆ ခုနှစ် အမျိုးသားစာပေ စိစစ်ရွေးချယ်ရေး ကော်မတီနှင့်အဖွဲ့ငယ်များ အစီရင်ခံစာ

(၂) ဆရာကြီး၏ အသက် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ် ဂါရဝ စာစောင်

(၃) ဆရာကြီးရေးသားခဲ့သော စာအုပ်များ

ကြည်ကြည်မြင့် (စာပေဗိမာန်)