ခန္တီစ
အရာရာသည်းခံခြင်းသည် မင်္ဂလာမည်၏ဟု ဗုဒ္ဓဘုရားရှင်က ဟောပါသည်။ လူအများစုသည် သည်းခံလျှင် အရှုံးပေးရာ ရောက်သည်၊ ကြောက်တယ်ဟု ထင်မည်။ ကိုယ်ကသည်းခံလျှင် တစ်ဖက်က ပိုစော်ကားမည်ဆိုသည့် အတွေးများရှိကြပါသည်။ မှားယွင်းသော အတွေးအခေါ် အယူအဆများ ဖြစ်ပါသည်။ သည်းခံခြင်းသည်ကြောက်ခြင်း၊ အရှုံးပေးခြင်း မဟုတ်ပါ။ အလွန်သတ္တိရှိသူများသာ သည်းခံခွင့်လွှတ်နိုင်ပါသည်။ သတ္တိဟုပြောလျှင် သတ္တိနှစ်မျိုးရှိပါသည်။ အနာခံနိုင်သည့်သတ္တိက လူသိများသည့် သတ္တိဖြစ်ပါသည်။ သည်းခံနိုင်သည့်သတ္တိသည် နှလုံးသားသတ္တိဖြစ်ပါသည်။ အနာခံနိုင်သည့် သတ္တိထက် သည်းခံနိုင်သည့်သတ္တိ ပိုင်ဆိုင်ရန် ပိုခက်ပါသည်။ လောဘ၊ ဒေါသ၊ မာနနှင့် မစ္ဆရိယစိတ်များကို ထိန်းချုပ်နိုင်မှ သည်းခံနိုင်သည့်သတ္တိကို မွေးမြူနိုင်ပါမည်။
လောဘတက်နေသူသည်သည်းခံဖို့ ခက်ပါသည်။ မိမိရစရာရှိတာ မရသည့်အခါ၊ စီးပွားဆုံးရှုံးသည့်အခါ လောဘကြောင့် ဒေါသဖြစ်လာပြီး တစ်ဖက်သား ကို ရန်ရှာတတ်ပါသည်။ တစ်ဖက်သား ကလည်း သည်းခံစိတ်မမွေးဘဲ ပြန်လည် ရန်ရှာသည့်အခါ လက်စားချေမှုများကြောင့် ရေရှည်တွင် နှစ်ဖက်စလုံး ဆုံးရှုံး နစ်နာရပါသည်။ “ချစ်စကို ရှည်စေ၊ မုန်းစ ကိုတိုစေ” ဆိုသည့်အဆိုအတိုင်း သည်းခံစိတ် မွေးမြူနိုင်မှသာ ချစ်စရှည်ပါမည်။
သည်းခံစိတ် မမွေးနိုင်၍ မိသားစု နှစ်ခုကြား ရန်စရှည်ကာ အသက်များ ဆုံးရှုံးရသည့် အကြောင်းကို အင်္ဂလိပ်စာရေးဆရာကြီး ဝီလျံရှိတ်စပီးယားက ရိုမီယိုနှင့် ဂျူးလီယက်ဝတ္ထုအဖြစ် ၁၅၉၇ ခုနှစ်တွင် ရေးခဲ့ပါသည်။ ရိုမီယိုနှင့် ဂျူးလီယက်ဝတ္ထုကိုအီတလီနိုင်ငံ ဗီရိုနာမြို့တွင် အခြေခံထားပါသည်။
ရိုမီယိုနှင့် ဂျူးလိယက်ဝတ္ထုအကျဉ်းဝတ္ထုအကျဉ်းမှာ
" ဗီရိုနာမြို့တွင် နေထိုင်သူ မွန်တေဂူ မိသားစုနှင့် ကပူလက် မိသားစုသည် တစ်ဦးအပေါ်တစ်ဦး ကြည့်မရအောင် မုန်းတီးကြပြီး ရန်ငြိုးကြီးသည့် မိသားစု များ ဖြစ်ပါသည်။ မွန်တေဂူနှင့် ကပူ လက် မိသားစု၏ ကျွန်များကအစ တွေ့သည့်နေရာတွင် တစ်ဖက်နှင့် တစ်ဖက် ရန်ငြိုးထားကာ တိုက်ခိုက် သဖြင့် ဗီရိုနာမင်းသား အက်စ်ကူလပ်စ်က ရန်ဖြစ်တာတွေ့လျှင် သေဒဏ်ပေး မည်ဟုပင် အမိန့်ထုတ်ထားရပါသည်။
သူဌေးကောင့်ပဲရစ်စ်က ကပူလက်ထံမှ ကပူလက်၏ သမီးဖြစ်သူ ဂျူးလီယက်နှင့် လက်ဆက်ပေးရန် တောင်းပါသည်။ ကပူလက်က သမီး၏အသက် သည် ၁၄ နှစ်သာ ရှိသေး၍ နှစ်နှစ်ခန့်စောင့်ရန် တောင်းပန်ပြောဆိုပြီး ကပူလက်မိသားစု ကျင်းပမည့်ကပွဲတွင် ဂျူးလီယက်နှင့် တွဲကရန် ခွင့်ပြုပေးပါသည်။ ထိုအချိန်တွင် မွန်တေဂူမိသားစုမှ ရိုမီယိုသည် ကပူလက်၏ တူမဖြစ်သူ ရိုစလင်းကို တစ်ဖက်သတ် ချစ်နေပါ သည်။ ရိုစလင်းက အရေးမပေး၍ ရိုမီယို စိတ်ဓာတ်ကျ အသည်းကွဲနေပါသည်။ သူငယ်ချင်းဖြစ်သူ ဘင်ဗိုလီယိုနှင့် မာကူ တီယိုတို့က ကပူလက်မိသားစုကပွဲကို ခိုးဝင်သင့်ကြောင်း ရိုမီယိုကို တိုက်တွန်းပါသည်။ ရိုစလင်းသာမကရိုစလင်းထက် ချောသူများကိုလည်း တွေ့နိုင်ကြောင်း ပြောသဖြင့် ကပွဲကို ခိုးသွားရန် ရိုမီယိုက ဆုံးဖြတ်လိုက်ပါသည်။ မာကူလီ ယိုသည် ဗီရိုနာမင်းသား အက်စ်ကူ လပ်စ်နှင့် သူဌေးကောင့်ပဲရစ်စ်တို့နှင့် သွေးသားတော်စပ်ပါသည်။ ကပွဲတွင် ရိုမီယိုက ဂျူးလီယက်ကို တွေ့မြင်ရာမှ ချစ်ကြိုက်သွားပါသည်။ ကပွဲသို့ ရိုမီယို ခိုးဝင်သည်ကို ဂျူးလီယက်၏ အစ်ကိုဝမ်းကွဲဖြစ်သူ တစ်ဘော့သိသွားပြီး ရိုမီယိုကို သတ်မည်လုပ်ပါသည်။ အိမ်ထဲတွင် သွေးစွန်းတာကို မမြင်လို၍ ကပူလက်က တားလိုက်သဖြင့် ရိုမီယို အသက်ချမ်းသာရာ ရသွားပါသည်။ ရိုမီယိုနှင့် ဂျူးလီယက်တို့သည်တစ်ဦးနှင့် တစ်ဦး အလွန်အမင်း ချစ်သွားကြရာမှ မိသားစု ရန်စကြောင့် ကွဲမှာကို စိုးရိမ်၍ ဘုန်းကြီး လောရင့်စ်ကို လက်ထပ်ပေးရန် တောင်းဆိုပါသည်။ ဘုန်းကြီးက ကလေးနှစ်ယောက်မှ တစ်ဆင့် မိသားစုနှစ်စု ပြန်လည်သင့်မြတ်နိုင်သည်ကို တွေးမိပြီး လက်ထပ်ပေးလိုက်ပါသည်။
ဈေးထဲတွင် ရိုမီယိုနှင့် တစ်ဘော့ တို့တွေ့ရာ ကပွဲသို့ ရိုမီယို ခိုးဝင်သည့် ကိစ္စနှင့် ပတ်သက်ပြီး “တစ်ဘော့” က ရိုမီယိုကို ဓားချင်းယှဉ်ခုတ်ရန် စိန်ခေါ်ပါ သည်။ တစ်ဘာ့သည် ယောက်ဖတော် နေပြီဖြစ်၍ ရိုမီယိုက ဓားချင်းယှဉ်ခုတ်ရန် ငြင်းဆန်ပါသည်။ ရိုမီယိုက ငြင်းဆန် သည့်အခါ တစ်ဘော့က မခံနိုင်အောင် ပြောဆို ရန်စပါသည်။ ရိုမီယိုနှင့် အတူပါ လာသည့် ရိုမီယို၏ သူငယ်ချင်း မာကူလီ ယိုက မခံနိုင်၍ ရိုမီယိုအစား ဓားချင်း ယှဉ်ခုတ်ပါသည်။ ရိုမီယိုက ဝင်တားရာမှ ရိုမီယိုလက်ထဲတွင် တစ်ဘော့ ဓားချက်ကြောင့် မာကူတီယိုသေသွားပါသည်။ ရိုမီယိုက ဒေါသဖြင့် တစ်ကျော့နှင့် ဓားချင်းခုတ်ရာ ရိုမီယို ဓားချက်ဖြင့် တစ်ဘော့သေရပါသည်။ မိသားစုနှစ်စု ကြားရှိ အမုန်းတရားများကြောင့် မိမိ၏ဆွေမျိုးတော်စပ်သူ မာကူတီယို သေရသည်ကို ဗီရိုနာမင်းသား အက်စ်ကူလပ်စ် သိရှိပြီး ရိုမီယိုကို မြို့မှ နှင်ထုတ်လိုက်ပါသည်။ ပြန်လာလျှင် သေဒဏ်ပေးမည်ဟုလည်း အမိန့်ထုတ်ပါသည်။
ရိုမီယိုထွက်သွားပြီးနောက် ဂျူလီ ယက်၏ မိဘများက ဂျူးလီယက်ကို သူဌေး ကောင့်ပဲရစ်စ်နှင့် လက်ထပ်ပေးရန် စီစဉ်ပါသည်။ ဂျူးလီယက်ကဘုန်းကြီး လောရင့်စ်ကို အကူအညီတောင်းရာ ဘုန်းကြီးက ၄၂ နာရီ သေသွားနိုင်သည့်ဆေးကို ပေးလိုက်ပါသည်။ ရိုမီယိုကို အကြောင်းကြား ပေးမည်ဖြစ်ကြောင်းလည်း ပြောလိုက်ပါသည်။ လက်ထပ်ပွဲမတိုင်မီညတွင် ဂျူးလီယက်က ဆေးသောက်လိုက်ပါသည်။ ဂျူးလီယက် ရုတ်တရက်သေသွားပြီထင်၍ ဂျူးလီယက်ကို ကပူလက်မိသားစု မြှုပ်နှံသည့်ဂူသို့ ပို့လိုက်ပါသည်။ ဘုန်းကြီးလောရင့်စ် အကြောင်းကြားသည့် သတင်းက ရိုမီယိုထံမရောက်ဘဲ ရိုမီယို၏ တပည့်ထံမှ ဂျူးလီယက် အဆိပ်သောက်၍ သေသွားသည့်သတင်း မှားကိုသာ ရိုမီယိုရရှိခဲ့ပါသည်။ ရိုမီယိုက ဂျူးလီယက် ရှိသည့် ဂူသို့သွားရာ ဂူတွင် သူဌေး ကောင့်ပဲရစ်စ်နှင့် တွေ့ရာမှ အချင်းများကြပြီး ဓားချင်းယှဉ်ခုတ်ရာမှ ရိုမီယို ဓားချက်ဖြင့် သူဌေးကောင့်ပဲရစ်စ် သေသွားပါသည်။ ဂျူးလီယက် သေသွားသည်ကို မျက်ဝါးထင်ထင်မြင် တွေ့ရသည့် ရိုမီယိုက အဆိပ်သောက် သေလိုက်ပါသည်။ ဂျူးလီယက် နိုးလာသည့်အခါ အဆိပ်သောက်၍ သေဆုံးနေသည့် ရိုမီယိုကိုတွေ့ပြီး မိမိကိုယ်မိမိ ဓားဖြင့်ထိုး၍ အဆုံးစီရင်လိုက်ပါသည်။
မိသားစုနှစ်ခုကြားရှိ အမုန်းတရား များ၊ ရန်ငြိုးများကြောင့် ရိုမီယိုနှင့် ဂျူလီယက် ချစ်သူနှစ်ဦးအပြင် မာကူတီယို၊ တစ်ကျော့နှင့် သူဌေးကြောင့်ပဲရစ်စ်တို့ပါ အသက်ဆုံးရှုံးခဲ့ရသည် ကို စာရေးဆရာ ကြီး ရှိတ်စပီးယားက လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀ ကျော်ကတည်းက ရေးဖွဲ့ ခဲ့ပါသည်။ ဝမ်းနည်းစရာကောင်းသည်က သည်းခံခွင့်လွှတ်နိုင်မှုမရှိဘဲ အမုန်း တရားများကြောင့် လူ့အသက်များစွာ စတေးနေရသည့် အဖြစ်အပျက်များကို ယနေ့တိုင် နေ့စဉ်မြင်တွေ့နေရခြင်း ဖြစ်ပါသည်။
ခွင့်လွှတ်ခြင်း
ရာထူးအားဖြင့် လည်းကောင်း၊ အာဏာအားဖြင့်လည်းကောင်း၊ ငွေ ကြေးအားဖြင့် လည်းကောင်း၊ အသက်အားဖြင့် လည်းကောင်း၊ အားကြီးသူက အားနည်းသူအပေါ် သည်းခံခွင့်လွှတ်ခြင်းကို ဗလဝခန္တီဟု ခေါ်ပါသည်။ အားနည်းသူ၊ အားမဲ့သူက အားကြီးသူအပေါ် သည်းခံခွင့်လွှတ်သည်ကို ဒုဗ္ဗလခန္တီဟုခေါ်ပါသည်။ အားနည်းသူက အားကြီးသူ အပေါ်ကြိုက် သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သည်းခံခွင့်လွှတ်ရစမြဲဖြစ်ပါသည်။ တိရစ္ဆာန်လောကတွင် ဒုဗ္ဗလခန္တီသာရှိပါသည်။ အားကြီးသူက အားနည်းသူအပေါ် သည်းခံခွင့်လွှတ်ခြင်း ကိုလူသားများ တွင်သာ တွေ့နိုင်ပါသည်။ သည်းခံခွင့်လွှတ်နိုင်သည့်တရား ပြည့်စုံသူကို ပညာရှိသူတော်ကောင်း များကလည်း တန်ဖိုးရှိသည့်လူအဖြစ် ချီးမွမ်းကြပါသည်။ အားကြီးသူက အားနည်းသူအပေါ် ခွင့်လွှတ်သည်းခံနိုင်မှုနှင့် ပတ်သက်၍ အောက်ပါအဖြစ်အပျက် သည် အလွန်အတုယူစရာ ကောင်းပါသည်။
တစ်ခါက အသုရာနတ်ပြည်နှင့် တာဝတိံသာနတ်ပြည် စစ်ခင်းကြသောအခါ တာဝတိံသာ နတ်ပြည်ကနိုင်၍ အသုရာနတ်ခေါင်းဆောင် ဝေပစိတ္တိ အသုရာကြီးကိုဖမ်းပြီး တာဝတိံသာ သုဓမ္မာခန်းမရှေ့တွင် ကြိုးနှင့်တုပ်၍ တိုင်တွင် ချည်ထားပါသည်။ သိကြားမင်း သုဓမ္မာသဘင်ကို ဝင်တိုင်း ထွက်တိုင်း ဝေပစိတ္တိအသူရာကြီးကအဏ္ဌာသဝတ္ထု ဆယ်မျိုးနှင့် စုံနေအောင် ဆဲရေး၏။ သိကြားမင်းက မမြင်ချင်ယောင်ဆောင်၊ မကြားချင်ယောင်ဆောင်ကာ ဘာမျှ ပြန်မပြောဘဲ သည်းညည်းခံနေ၏။ ကိုယ်ရံတော် မာတလိက ကြာလာသည့် အခါသည်းမခံနိုင် ဖြစ်ကာသိကြားမင်းကို “ကြောက်လို့ သည်းခံတာလား၊ မနိုင်လို့ သည်းခံတာလား အရှင်သိကြားမင်း”ဟု မေး၏။ ထိုအခါ သိကြားမင်းက “ကြောက်လို့ သည်းခံသည်မဟုတ်၊ မနိုင်လို့ သည်းခံသည်လည်း မဟုတ်၊ လူမိုက်နှင့် မတုပြိုင်လို၍ ဖြစ်သည်” ဟု ဆိုသည်။ ထိုအခါ မာတလိက “အရှင် သိကြားမင်း လူမိုက်ဆိုသည်မှာ ခပ်နာနာ နှိပ်ကွပ်မှ တော်ရုံကျပါတယ်” ဟု ပြောပြန်၏။ သိကြားမင်းက “မာတလိ အမျက်ထွက်သူ၊ ဆဲရေး တိုင်းထွာသူကို ပြန်လည် အမျက်မထွက် ခြင်းသည် မိမိအတွက် အကောင်းဆုံးပါ။ ဟု ပြော၏။ မာတလိကလည်း အလျှော့ မပေး“အရှင်သိကြားမင်း၊ ပြေးတဲ့နွားရဲ့နောက်ကို နောက်နွားတွေ က ဖိလိုက်စမြဲပါ။ ဒီလိုပါပဲ စော်ကားတာကိုသည်းခံရင် ပိုကဲတတ်ပါတယ်။ ပိုပြီး စော်ကားပါ တယ်”ဟု ပြော၏။ ထိုအခါ သိကြားမင်းက “မာတလိ ငါ့ကိုကြောက်လို့ပဲ ထင်ထင်၊ ထင်ချင်သလို ထင်နိုင်တယ်။ ကိုယ်ကျိုးမှန်သမျှထဲမှာ သည်းခံခြင်းထက် သာလွန်သော ကိုယ်ကျိုးဆိုတာ မရှိ။ အားကြီးသူက အားနည်းသူကို သည်းခံရတာ အလွန်မြတ်တယ်ဟု ပညာရှိတို့ ဆိုသည်။ အားနည်းသူက အမြဲသည်းခံနေရတာပဲ မဟုတ်ပေလား" ဟု ဆိုမှ မာတလိလည်း ငြိမ်သွားသည်။
အထက်ပါ အဖြစ်အပျက်ကို ဆန်းစစ် သည့်အခါ အားကြီးသူက အားနည်းသူ အပေါ် သည်းခံခွင့်လွှတ်နိုင်လျှင် ကမ္ဘာ ပေါ်တွင် ဝိရောဓိများ၊ ပဋိပက္ခများ လျော့ နည်းသွားမည်ကို တွေးမိပါသည်။ ငြိမ်းချမ်းရေးများလည်း ရရှိလာပါမည်။ လက်ရှိခေတ်တွင် သည်းခံခွင့်လွှတ် နိုင်သည့်တရား နည်းပါးနေသည်ကို ဖေ့စ်ဘွတ်ပေါ်တွင် နေ့စဉ်တွေ့နေရပါသည်။ ဖေ့စ်ဘွတ်တွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သဘောထားတွေ၊ အမြင်မတူတာတွေကြောင့် ငါမှန်တယ် သူမှန်တယ်ဟု မာနပြိုင်ကြပါသည်။ သည်းခံခွင့်လွှတ် အားနည်းသည့်အတွက် မာနပြိုင်ရာမှ ဒေါသပါလာသည့်အခါ မလိုလားအပ်သည့် အကျိုးဆက်များ ဖြစ်လာပါသည်။ မိမိကို စော်ကားပြောဆိုသည်ဟု ဆိုကာ ပြန်လည်တုံ့ပြန်သည့်အပြင် တချို့က တရားစွဲသည်အထိ အငြိုးကြီးကြပါသည်။ သိက္ခာကျအောင် စော်ကားပြောဆိုသည်၊ မဟုတ်မမှန်စွပ်စွဲ သည် ... စသဖြင့် တစ်ဖက်သား ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်လုပ်ကိုင်ကြပါသည်။
အက္ကာသသုတ်
တစ်ဖက်က မည်မျှပင် စော်ကား၊ ဆဲရေး ပြောဆိုပါစေ၊ မိမိကယူမှသာ မိမိကိုထိခိုက်မည်ဖြစ် ကြောင်း၊ မိမိသိက္ခာကျမည်ဖြစ်ကြောင်း အောက်ပါ အဝိသသုတ်ကို လေ့လာလျှင် အသိ တရားရနိုင်ပါသည်။
အက္ကောသဘာရဒွါဇ မည်သော ပုဏ္ဏားသည် (မိမိအစ်ကို) ဘာရဒွါဇ ပုဏ္ဏား ရဟန်းပြုသွား ကြောင်းကို ကြားသိသော် ဗုဒ္ဓထံချဉ်းကပ်၍ ကြမ်းကြုတ်သော စကားလုံးတို့ဖြင့် ဆဲရေးခြိမ်း ခြောက်၏။ ထိုအခါ ဗုဒ္ဓက ထိုပုဏ္ဏားအား အကျိုးသင့်အကြောင်း သင့်စကားများကို မိန့်ကြားတော်မူ၏။
“ပုဏ္ဏား၊ သင်၏အိမ်သို့ ဆွေမျိုး မိတ်ဆွေများလာသည့်အခါ သင်သည် ထိုသူတို့အား စားဖွယ်သောက်ဖွယ်များ ပေးကမ်းခြင်းပြုပါသလော” “အရှင် ဂေါတမ၊ ကျွန်ုပ်သည် တစ်ခါတစ်ရံ ထိုသူတို့အား စားဖွယ်သောက်ဖွယ်များ ပေးကမ်းခြင်း ပြုပါသည်။” “ပုဏ္ဏား အကယ်၍ သင်ပေးသောစားဖွယ်သောက်ဖွယ်ကို ထိုသူတို့က လက်မခံခဲ့သော် ထိုစားဖွယ်သောက်ဖွယ်သည် အဘယ်သို့ ရောက်သွားသနည်း။” “အရှင်ဂေါတမ ၎င်းတို့လ က်မခံသည့်အခါ ထိုစားဖွယ် သောက်ဖွယ်သည် ကျွန်ုပ်ထံသို့ပင် ပြန် ရောက်ပါသည်။” “ပုဏ္ဏား၊ ထိုနည်းတူပင် သင်၏ ဆဲရေးခြိမ်းခြောက်ခြင်းများကို ငါသည် လက်မခံပေ။ ထို့ကြောင့် ယင်း တို့သည် သင့်ထံသို့ပင် ပြန်ရောက်၏။ ပုဏ္ဏား၊ မိမိကိုဆဲရေးသူအား ပြန်၍ ဆဲရေးသူသည် ထိုသူနှင့်အတူခံစားခြင်း၊ ဖက်ပြိုင်ခြင်းပြုသည် မည်၏။ ငါသည်ကား သင်နှင့်အတူ ခံစားခြင်း၊ ဖက်ပြိုင်ခြင်း ပြုမည်မဟုတ်ပေ။ ထို့ကြောင့် သင်၏ဆဲရေးခြင်းသည် သင့်ထံသို့သာ ပြန်ရောက်၏။” “အရှင်ဂေါတမ၊ မင်းနှင့် တကွသော ပရိသတ်သည် အရှင် ဂေါတမကို အပူဇော်ခံထိုက်သော ပုဂ္ဂိုလ်ဟု သိနေကြပါသည်။ သို့ဖြစ်ပါလျက် အရှင်ဂေါတမသည် အမျက်ထွက်တုံဘိ ၏။” “ပုဏ္ဏား၊ ယဉ်ကျေးသောတရားနှင့် အသက်မွေးသော၊ သစ္စာလေးပါး တရားကို ကောင်းစွာသိ၍ ကိလေသာမှလွတ်ကာ ငြိမ်သက်အေးချမ်းသော စိတ်ရှိသော ပုဂ္ဂိုလ်အား အမျက်ထွက်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း။ မိမိကို အမျက်ထွက်သူအား ပြန်၍ အမျက်ထွက်သူသည် လူယုတ်မာဖြစ်၏။ မိမိကို အမျက်ထွက်သူအား ပြန်၍ အမျက်မထွက် သူသည် အောင်နိုင်ခဲသော ရန်ကိုအောင်မြင်၏။ တစ်ပါးသူက မိမိအား အမျက်ထွက်နေသည်ကို သိလျှင် သတိဖြင့် ထိုအချက်ကို ငြိမ်းစေသူသည် မိမိ၊ သူတစ်ပါး နှစ်ဦးသား၏ အကျိုးစီးပွားကို ကျင့်သည်မည်၏။ တရား၌ မလိမ္မာသူတို့သည်ကား မိမိ၊ သူတစ်ပါး နှစ်ဦးသား အမျက်ကို ငြိမ်းအောင် ကုစားခြင်းပြုသူကို လူမိုက်ဟူ၍ ထင်မှတ်ကြ ကုန်၏။” အဏ္ဏာသပုဏ္ဏားသည် ဗုဒ္ဓ၏ မိန့်ကြားချက်ကို ကြားနာရလျှင် လွန်စွာ နှစ်သက်လှသဖြင့် ဗုဒ္ဓထံ၌ ရဟန်းပြု၍ တရားအားထုတ်ရာ မကြာမီ ရဟန္တာဖြစ်လေသည်။
ဗုဒ္ဓဘုရားရှင်သည် မေတ္တာတရား ကြီးမားစွာ သည်းခံခွင့်လွှတ်မှု ခန္တီပါရမီ ဖြင့် မာရ်နတ်၊ အာဠာဝကဘီလူး၊ နာဠာ ဂီရိဆင်၊ အင်္ဂုလိမာလ၊ စိဉ္စမာဏဝိကာ ပရဗိုဇ်မ၊ သစ္စကပရဗိုဇ်၊ နန္ဒောပနန္ဒနဂါး မင်း၊ ဗကဗြဟ္မာ သတ္တဝါ ရှစ်ဦးတို့ကိုလည်း အောင်နိုင်ခဲ့ပါသည်။ ဗုဒ္ဓဘုရားရှင် ဟောသကဲ့ မိမိကို အမျက်ထွက်သူအား ပြန်၍ အမျက်ထွက်သူသည် လူယုတ်မာ သာဖြစ်၏။ အမျက်ထွက်ခြင်းဖြင့် မည်သည့် ကောင်းကျိုးကိုမှ မရနိုင်ပါ။ မေတ္တာတရားသည်သာ အောင်မြင်ခြင်း တရားဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားခဲ့သော ခေါင်းဆောင် ကြီးများဖြစ်သည့်မဟတ္တမဂန္ဒီ၊ နယ်လ်ဆင်မင်ဒဲလား၊ မာတင်လူသာကင်းတို့ သည်လည်း မေတ္တာတရားကြီးမားမှု၊ သည်းခံခွင့်လွှတ်မှုတို့ကြောင့် ကမ္ဘာကျော်ခဲ့ရခြင်းဖြစ်ပါသည်။
ကမ္ဘာကျော်အဆိုအမိန့်များ
မဟတ္တမဂန္ဒီက “လက်တုံ့ပြန်ခြင်း ဖြင့် အင်အားကြီးသူမဖြစ်ပါ။ ခွင့်လွှတ် သည်းခံခြင်းဖြင့်သာ အင်အားကြီးသူ ဖြစ်ပါမည်” ဟု ဆိုပါသည်။ နယ်လ်ဆင် မင်ဒဲလားက “ငြိမ်းချမ်းရေးအတွက် ခွင့်လွှတ်နိုင်သူကမှ သတ္တိရှိသူပါ”ဟု ဆိုခဲ့ပါသည်။ မာတင်လူသာကင်းက “အမှောင်ကို အမှောင်နှင့် တိုက်ထုတ်၍ မရပါ။ အလင်းနှင့် တိုက်ထုတ်ရပါသည်။ အမုန်းကို အမုန်းဖြင့် တိုက်၍မရပါ။ အချစ်နှင့်သာ အနိုင်ယူရပါမည်” ဟု ဆိုခဲ့ပါသည်။
နိဂုံးချုပ်အနေဖြင့် ဗုဒ္ဓဘုရားရှင်က ခန္တီစသည်းခံခြင်းသည် မင်္ဂလာတရားတော်နှင့်ညီ၏ဟု ဟောခဲ့ပါသည်။ ဗုဒ္ဓဘုရားရှင်က သည်းခံခြင်းကြောင့်ရသည့် အကျိုးငါးပါးကိုလည်း ဟောခဲ့ပါသည်။
သည်းခံခြင်းကြောင့်ရသည့် အကျိုးငါးပါး
၁။ သည်းခံခွင့်လွှတ်တတ်သူသည် လူအများ၏ ချစ်ခြင်းကိုရပါသည်။
၂။ သည်းခံခွင့်လွှတ်တတ်သူသည် ဘေးရန်နည်း၏။
၃။ သည်းခံခွင့်လွှတ်တတ်သူသည်အမှားနည်း၍ အပြစ်နည်း၏။
၄။ သည်းခံခွင့်လွှတ်တတ်သူသည် မတွေမဝေ သေရ၏။
၅။ သည်းခခွင့်လွှတ်တတ်သူသည်နတ်ရွာသုဂတိသို့လား၏။ သည်းခံခွင့်လွှတ်သူကို ပညာရှိ သူတော်ကောင်းများက ချီးမွမ်းပါသည်။ သည်းခံခွင့်လွှတ်နိုင်သူသည် ဩဇာအာဏာ ကြီးမားပါသည်။ သည်းခံခွင့်လွှတ်သူသည် မင်္ဂလာတရားတော်နှင့်အညီ ချမ်းသာအောင်မြင်ခြင်း ကိုရပမည်။
“မှတ်သားစရာ”
အားကြီးသူက အားနည်းသူကို ခွင့်လွှတ်ခြင်းကို လူသားများတွင် တွေ့ရပြီး အားနည်းသူက အားကြီးသူကို ခွင့်လွှတ်ခြင်းကို တိရစ္ဆာန်လောကတွင် အများဆုံးတွေ့ရပါသည်။
ကျမ်းကိုး
၁။ Romeo and Juliet by William Shakespear
၂။ ပိဋကအနှစ်ချုပ် သံယုတ္တ နိကာယ်။ ဓမ္မာစရိယဦးမောင်မောင်လေး။
၃။ မင်္ဂလာရှုခင်း။ ဓမ္မပိယဆရာတော် အရှင်သံဝရာလင်္ကာရ။
ကျော်ကျော်လှိုင်