မှန်သလား .. မှားသလား .. စဉ်းစား အဖြေထုတ်ချိန်တန်ပြီ
တောင်ပေါ်မြို့လေးဖြစ်တဲ့ကလောမြို့ကို ရောက်နေတုန်းမှာ ဒီဇင်ဘာလမနက်ခင်းရဲ့ အေးမြမြဆောင်းငွေ့ကို အန်တုဖို့ အိပ်ရာစောစောထပြီး လမ်းလျှောက်ရ တာ အကျင့်တစ်ခုလို ဖြစ်လို့နေပါပြီ။ မြို့တစ်ပတ်ပတ်ကာ လေရှူလမ်းလျှောက်ပြီးနောက် တည်းခိုရာ ရိပ်သာဆီ ပြန်အရောက်မှာ အကြောလျှော့ လေ့ကျင့်ခန်းလုပ်ပြီး ထင်းရှူးပင် တန်းအောက်မှာ နေတုန်း ဇနီးဖြစ်သူက “ဒီနေ့ အလုပ်သွားလို့ အဆင်ပြေပါ့မလား၊ စိတ်ပူတယ်ရှင့်” ဆိုကာ ရေနွေးခွက် လက်ထဲထည့်ပြီး မနက်စာပြင်ဖို့ ရိပ်သာထဲ ဝင်သွားလေသည်။
အိမ်သူသက်ထား ဇနီးဖြစ်ပေမယ့်လည်း ပြည်သူထဲက ပြည်သူဖြစ်လို့ အွန်လိုင်းပေါ်က လှုံ့ဆော်မှုတွေ၊ ခြိမ်းခြောက်မှုတွေကို ဖတ်ရှုပြီး စိုးရိမ်စိတ်ရှိနေသလို ပြည်သူအများစုကလည်း စိုးရိမ်ထိတ်လန့်စိတ်ဖြစ်နေကြမှာ အမှန်ပါပဲ။ ဒီဇင်ဘာလ ၉ ရက်နေ့ကစပြီး လူမှုကွန်ရက် စာမျက်နှာတချို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အသံတိတ်ငြိမ်သက်သပိတ် ပြုလုပ်မယ်။ အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ ပြည်သူတွေကို စည်းရုံးလှုံ့ဆော်တာတွေ လူမှုမီဒီယာတွေမှာ တွေ့ခဲ့ရသလို တချို့ မြို့နယ်တွေမှာ ဆိုရင် ဖြန့်ဝေစာတွေ ကြတဲ့အထိ ပြုလုပ်ခဲ့ကြတာကို တွေ့ခဲ့ရတယ်။ လက်ရှိ ဖြစ်ရပ်ရဲ့ တွေးလက်စကို ခဏရပ်ပြီး ရုံးသွားဖို့ ပြင်ဆင်လိုက်တယ်။
ရုံးသွားချိန် နာရီဝက်အလို မနက်စာ စားနေချိန် မှာ တောရွာလေးမှ အမေဖြစ်သူက “ဒီနေ့ အပြင် မထွက်ရဘူး၊ အသံတိတ်နေရမယ် ဟုတ်သလား” ဆိုပြီး အရပ်စကားကိုကြားကာ ဖုန်းဆက် မေးလာတယ်။ “မဟုတ်ပါဘူး အမေရယ်။ တရားမဝင် အကြမ်းဖက်အဖွဲ့တွေက လိုရာဆွဲပြီး ပြည်သူတွေကို လမ်းလွဲရောက်အောင် စည်းရုံးလှုံ့ဆော်နေတာပါ၊ ဘာမှစိတ်မပူနဲ့” လို့ အမေ့ကို ပြန်ဖြေပြီး ဇနီးချောကို နှုတ်ဆက်ကာ ရုံးသို့ထွက်လာခဲ့တယ်။
အကြောင်းအမျိုးမျိုးပြကာ
ဆိုင်ပိတ်တယ်လို့ကြေညာ နေ့လယ်ထမင်းစားပြီးချိန် လူမှုကွန်ရက် ခဏဝင်ကြည့်လိုက်ချိန်မှာ အကြောင်းအမျိုးမျိုးပြကာ ဆိုင်ပိတ်တယ်လို့ ကြေညာနေ တာတွေ၊ လမ်းမှာ လူသွားလူလာမရှိ၊ ကားအသွားအလာ မရှိတဲ့ပုံတွေကို ဖြန့်ဝေနေကြတာတွေ အတော်များများ သတိပြုမိ လိုက်တယ်။ တပည့်ဖြစ်သူက “ဆရာကော်ဖီ” ဆိုပြီး ဘေးနားမှာ ချထားကာ “ဒီနေ့က ဘာလို့ ဆိုင်တွေပိတ်၊ အပြင်မထွက်ရလို့ လုပ်ကြတာလဲ” ဆရာတဲ့။
တပည့်ဖြစ်သူကို ခဏထိုင်ဦးဆိုပြီး “ဆိုင်တွေပိတ်တော့ ဈေးသည်တွေ ဈေးမရောင်းရဘူး၊ အလုပ်တွေပိတ်တော့ နေ့စားလုပ်သားတွေ လခမရဘူးပေါ့ကွာ။ တချို့ဆိုင်တွေ၊ အလုပ်တွေ အနေနဲ့ အကြမ်းဖက်အဖွဲ့ရဲ့ စကားကိုနားထောင်ပြီး သူတို့အလိုကျ ဆိုင်ပိတ်ကြတာ မဟုတ်ဘူး ဆိုတာကိုတော့ အထူးသတိပြုဖို့လိုတယ်။ လမ်းမှာလူမရှိတာ၊ ဆိုင်တွေ အလုပ်တွေ ပိတ်ထား တာကို လမ်းထွက်ဓာတ်ပုံရိုက် ပြီးတော့အွန်လိုင်းတင် ဒါကို အသံတိတ်သပိတ် အောင်မြင်တယ် လို့ ယူဆရင်တော့ လွဲလွဲကြီး လွဲပြီပေါ့ကွာ” ။
“ဖေဖော်ဝါရီလ ၂ ရက်နေ့ နောက်ပိုင်းကစပြီး လမ်းထွက်ဆန္ဒပြကြတယ်။ တချို့ဆို ဖက်ရှင် ဆန်ဆန်တွေတောင်ဝတ်ပြီး ရှိုးလုပ်ခဲ့ကြတာမဟုတ်လား။ အဲဒါတွေ ဓာတ်ပုံရိုက်ပြီး ကိုယ်တိုင် ကိုယ်ကျ အွန်လိုင်းတင်ကြသလို တချို့ပုံတွေကတော့ ပြည်ဖျက်မီဒီယာတွေက လူမှုကွန်ရက်မှာ ဖြန့်ဝေခဲ့ကြတာပဲ။ သိရသလောက်ဆိုရင် တချို့ဆန္ဒပြတဲ့အထဲပါတဲ့ အသိတချို့တောင် သက်ဆိုင်ရာအလုပ်တွေ ပြန်ဝင်လုပ်နေသူတွေရှိသလို တချို့ဆိုရင် ပုဂ္ဂလိကအလုပ်ပြုတ်ပြီး အစိုးရဝန်ထမ်းအလုပ်တွေမှာဝင်ကာ အလုပ်လုပ်နေကြသူတွေရှိတယ်။ တချို့မြို့ရွာတွေမှာ ညဘက်သံပုံးတီးပြီး ကျက်သရေမဲ့အောင် လုပ်ခဲ့ကြသလို သံပုံးတီးသူအချို့ဆိုရင်လည်း တောထဲရောက်ပြီး အကြမ်းဖက်သင်တန်းတွေတက်၊ အဖျက်သမား သူပုန်လုံးလုံး ဖြစ်နေကြပြီ။
“အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ CRPH ၊ NUG နဲ့ PDF တွေကို ထောက်ခံအားပေးတဲ့ NLD ပါတီဝန်းရံသူတွေရဲ့ ဆော်ဩလှုံ့ဆော်မှုတွေကြောင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တစ်ရက်တာမှာ ပိတ်လိုက်ရတဲ့ ဈေးဆိုင်ခန်းတွေ၊ အလုပ်တွေကလွဲရင် ပုံမှန်သွားလာလှုပ်ရှားနေတဲ့ ပြည်သူတွေ လည်း အများကြီးပါ။ လူတွေအပြင်မထွက်ကြောင်း လူမှုကွန်ရက်မှာ ပုံတင်ချင်တဲ့ သူကတော့ လူမရှိတဲ့နေရာ၊ လမ်းတွေမှာ လူမရှိချိန် တွေကိုရွေးပြီး ဓာတ်ပုံရိုက်တင်နေကြမှာပဲ။ ဒီပုံ တွေကိုကြည့်ပြီး ငါတို့နိုင်ပြီ၊ အောင်ပြီဆိုပြီး လက်ထိပ်ကလေးနဲ့ ဖန်သားပြင်မှာ ထောက်ပြီး အောင်ပွဲခံနေသူတွေကြောင့် တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုကို လိုလားတဲ့ ပြည်သူတွေက အလုပ်ပျက်၊ စိတ်ရှုပ် ကြရတယ် မဟုတ်လားကွာ”
“ဒီရက်ပိုင်းတွေရဲ့ သတင်းတွေမှာ သံဃာတော်တွေ၊ အပြစ်မဲ့ပြည်သူတွေ၊ တာဝန်ထမ်းဆောင် နေသူတွေ၊ ပညာရေးဝန်ထမ်းတွေကို PDF အကြမ်းဖက် သမားတွေက ဒလန်ဆိုပြီး လူမဆန်စွာ စွပ်စွဲကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတာတွေကို ဖတ်ခဲ့ရတယ် မဟုတ်လား။ ဘယ်အစိုးရ တက်တက် တက်လာတဲ့ အစိုးရကို ထောက်ခံသူရှိမယ်။ မထောက်ခံသူရှိမယ်၊ ကြိုက်သူရှိမယ်၊ မကြိုက်တဲ့ သူလည်းရှိမယ်။ အစိုးရကို မထောက်ခံလို့၊ မကြိုက်လို့ဆိုပြီး ဒလန်လို့ စွပ်စွဲ သတ်ဖြတ်ခဲ့တဲ့ အစိုးရကိုမြင်ဖူးလား၊ ကြားဖူးလား ငါ့တပည့်။ အေး အခု CRPH ၊ NUG ၊ PDF တွေကတော့ သူတို့ကို မထောက်ခံရင်၊ မကြိုက်ရင် ဒလန်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာကိုတော့ ဘယ်သူမှ ငြင်းလို့မရနိုင်ဘူး”
“တစ်ချိန်က ရုံးမတက်နဲ့ ရုန်းထွက်ဆိုပြီး လော်ခဲ့ကြတဲ့ သံယောင်တွေနောက် လိုက်ခဲ့မိလို့ အလုပ်မရှိ၊ ဝင်ငွေမရှိ၊ အခြေအနေမဲ့သွားသူတွေတို့ရုံးမှာ အများကြီး တွေ့တယ်မဟုတ်လား။ မင်းတို့ ငါတို့ကတော့ အပြုံးမပျက်၊ ရုံးတက်ခဲ့ကြလို့ အလုပ်ရှိနေတယ်၊ ဝင်ငွေရှိနေတယ်၊ အခြေအနေ မပျက်ခဲ့ကြဘူး။ ဒါက ဘာကိုပြလဲဆိုရင် မှန်ကန်တဲ့လမ်းကို လိုက်ခဲ့ကြလို့ပဲ။ အွန်လိုင်းမှာ သွေးထိုးစည်းရုံး လှုံ့ဆော်တဲ့လမ်းမှားကို လိုက်လုပ်နေသရွေ့၊ တည်ငြိမ် အေးချမ်းတဲ့ ဘဝကိုရရှိဖို့ဝေးနေဦးမယ်ဆိုတာ သိထားဖို့လိုတယ် ငါ့တပည့်” လို့ ဆိုကာ အတိုချုံးရှင်းပြလိုက်တော့မှ တပည့်ဖြစ်သူလည်း စိတ်ကျေနပ်သွားပြီး အလုပ်စားပွဲကို ထွက်သွားတော့တယ်။
မှန်သလား၊ မှားသလားဆိုတာ
တကယ်တော့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ကမ္ဘာ့လူ့အခွင့်အရေးနေ့ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ လူ့အခွင့်အရေးနေ့ကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေဆိုင်ရာ အစည်းအဝေးပွဲကြီးကနေ အပိုဒ်(၃၀) ပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းကိုကြေညာပြီး သတ်မှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ဒီနေ့မှာပဲ အကြမ်းဖက်သမားတွေက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းအပိုဒ်(၂၉)မှာ ပါရှိတဲ့ 'မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည် အခြားသူများ ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားရန်” ဆိုတဲ့ အချက်ကို မျက်ကွယ်ပြုပြီး နေအိမ်အပြင်မထွက်ရ၊ ဆိုင်မဖွင့်ရဆိုကာ ပြည်သူကို ခြိမ်းခြောက် နေခဲ့တာတွေဟာ CRPH ၊ NUG နဲ့ PDF အကြမ်းဖက်အဖွဲ့ တို့ရဲ့ “ကိုယ်နဲ့ မတူ ကိုယ့်ရန်သူ” ကဲ့သို့ သဘောထားပြီး တိုက်ခိုက်၊ ဖျက်ဆီး၊ သတ်ဖြတ်မှု လုပ်နေတဲ့လုပ်ရပ်တွေဟာ ဆိုရင်ဖြင့် မှန်သလား၊ မှားသလားဆိုတာ မိမိတို့ဘာသာ စဉ်းစားအဖြေထုတ်ချိန်တန်ပြီဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။ ။
လင်းနိုင်