အသုံးချသူ၊ အသုံးချခံနှင့် သွေးခွဲရေးနည်းလမ်း
ယခု ရက်ပိုင်းအတွင်း အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ပုံစံ ပြောင်းလာတာကို တွေ့ရပါတယ်။ အဲဒါကတော့ ငြိမ်းချမ်းစွာနဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတဲ့ပုံစံပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းကတော့ အစိုးရဆန့်ကျင်ကန့်ကွက်မှုတွေကို ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြ တာပါ။
နောက်ပိုင်းမှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပုံစံကနေ လက်နက်ကိုင် တိုက်ခိုက်တဲ့ပုံစံတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ လက်နက်ကိုင် တိုက်ခိုက်တဲ့ပုံစံ ကူးသွားပြီးတဲ့ နောက်ပိုင်းမှာ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြတာတွေ မတွေ့ရတော့ပါဘူး။ ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က NUG ဖွဲ့စည်းပြီးနောက်ပိုင်း ဆန္ဒပြတာတွေအစား တိုက်ခိုက်ရေး PDF တွေဖွဲ့၊ သင်တန်းတွေပေး၊ မြို့တွေနယ်တွေမှာ နည်းလမ်းမျိုးစုံနဲ့ နေရာစုံကတိုက်ခိုက်ခဲ့ပါတယ်။ အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံး ပျက်စီးဖို့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တိုက်ခိုက်ကြဖို့ NUG က စက်တင်ဘာလ ၇ ရက်နေ့မှာ တစ်နိုင်ငံလုံးကို ဗီဒီယိုမိန့်ခွန်း ကနေ တိုက်တွန်းခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အစိုးရရပ်တည် လို့မရအောင် လုပ်ဆောင်ခြင်းလို့ဆိုပါတယ်။ အဲဒီ နောက်ပိုင်း PDF တွေ့ ရဲ့ တိုက်ခိုက်မှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။
အခုအခါမှာတော့ PDF တွေရဲ့ လက်နက်ကိုင်တိုက်ခိုက်တာ တွေအပြင် လမ်းပေါ်ထွက် ဆန္ဒပြတဲ့ပုံစံတွေပါ ပြန်လည်ပြုလုပ် လာပါတယ်။ အနုနည်းနဲ့ဆန့်ကျင်ရာကနေ အကြမ်းဖက် လက်နက်ကိုင်တိုက်ခိုက်တဲ့နည်းလမ်းကို ရွေးချယ်ခဲ့ပြီး အခုတစ်ဖန် လမ်းပေါ်မှာ ဆန္ဒပြတဲ့ နည်းလမ်းကို ဘာကြောင့် ထပ်မံအသုံးပြုလာသလဲဆိုတဲ့နောက်မှာ ရည်ရွယ်ချက်ရှိမှာပါ။
သွေးခွဲတဲ့ နည်းလမ်းအသုံးပြု
အဲဒါကတော့ အစိုးရရဲ့ ပုံရိပ်ကို ကျဆင်းစေဖို့၊ နိုင်ငံတကာဖိအား ပိုမိုရရှိဖို့၊ NUG ကို အသိအမှတ် ပြုခံရဖို့ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ပါလိမ့်မယ်။ တစ်ဖက်က အကြမ်းဖက်နည်းလမ်းတွေနဲ့ အစိုးရ ကို ပြည်တွင်းမှာ ဖိအားပေးနေချိန်မှာ တစ်ဖက်က နိုင်ငံတကာဖိအားတွေ ရရှိဖို့ “ခွင်” သွင်းပြီး မီဒီယာအားနဲ့ ပုံရိပ်ချတဲ့ နည်းလမ်းတွေနဲ့ ကြိုးစားနေတယ်လို့ ယူဆရပါတယ်။ ဒီနည်းလမ်းမှာ စိုးရိမ်စရာက သွေးခွဲတဲ့ နည်းလမ်းကို အသုံးပြု နေခြင်းပါပဲ။
နိုင်ငံရေးအယူအဆမတူကြလို့ ဒါမှမဟုတ် သဘောထားကွဲလွဲ ကြလို့ ဖြေရှင်းကြတဲ့အခါ ဖြစ်လာတဲ့ပြဿနှာကို ရှုမြင်မှုနဲ့ ဖြေရှင်းမှု နည်းလမ်းဟာ အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ နိုင်ငံရေး ပဋိပက္ခတွေကို ဖြေရှင်းလို့ရလာမယ့် အကျိုးတရားနဲ့ ပေးဆပ်လိုက် ရတဲ့ ဆုံးရှုံးနစ်နာမှုတွေဟာ ထိုက်တန်ရဲ့လား၊ ဆုံးရှုံးနစ်နာသွားသူတွေက ဘယ်သူတွေလဲ၊ အမြတ်ထုတ်သွားသူတွေကဘယ်သူတွေလဲ ဆိုတာကို လည်း စဉ်းစားကြရမှာပါ။
နောက်ရေရှည်ဖြစ်လာမယ့် အကျိုးဆက်တွေဟာ နိုင်ငံရဲ့ရှိရင်းစွဲ ပြဿနာတွေကို ပြေလည်စေ မလား၊ ပိုဆိုးသွားစေမလားက အရေးကြီးလှပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အမြတ်က ဘယ်မှန်း မသိသေးဘူး ဆုံးရှုံးမှုနဲ့နစ်နာမှုတွေကတော့ တွေ့နေရပါပြီ။ စတေးလိုက်ကြရတဲ့ လူငယ်တွေဆိုတာ အနာဂတ်တွေ၊ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေ၊ မိသားစုတွေနဲ့ပါ။ စွန့်စားတယ်ဆိုတဲ့နေရာမှာ တွက်ချက်ပြီး အမြတ်ရနိုင်ခြေများလို့ စွန့်စားတာလား၊ ဒါမှမဟုတ် ဖြစ်လာနိုင်တဲ့ အကျိုးအမြတ်ကို မခန့်မှန်းဘဲ မျက်ကန်းစွန့်စား တာလားဆိုတာ အရေးကြီး ပါတယ်။ နိုင်ငံရေးမှာလည်း ဒီသဘောပါပဲ။ ဖြစ်တန်ကို တွက်ချက်နိုင်စွမ်းအားနည်းနေမယ်၊ ဒါမှမဟုတ် လက်တွေ့နဲ့ မနီးစပ်တဲ့ စိတ်ကူးယဉ်မျှော်လင့်ချက်တွေ ဖြစ်နေရင် ဆုံးရှုံးမှုတွေများ ပါလိမ့်မယ်။ ဆုံးရှုံးနစ်နာမှုတွေ၊ ပေးဆပ်မှုတွေ များတိုင်း မျှော်မှန်းချက်တွေ၊ အောင်မြင်မှုတွေ ရမယ်လို့ မဆိုနိုင်ပါဘူး။ နိုင်ငံအသွင်ကူးပြောင်းရေးမှာ ပေးဆပ်မှုများတိုင်း အောင်မြင်သလား၊ နည်းလမ်းမှန်မှ အောင်မြင်သလားဆိုတာ ကမ္ဘာမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းပြီး အောင်မြင် နေတဲ့ နိုင်ငံတွေကို နမူနာ ယူသင့်ပါတယ်။ ဆိုလိုချင်တာက နည်းလမ်းမှန်ဖို့လိုအပ်တာကိုပါ။
ဒါ့အပြင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်ဖြစ်၊ တော်လှန်ရေး ပဲဖြစ်ဖြစ် ရည်ရွယ်ချက်က အာဏာရရှိရေးလား၊ ပြည်သူ့အတွက်လားဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်ဖို့လိုပါတယ်။ ဒီမိုကရေစီသဘောအရ ပြည်သူတွေဟာ အချုပ်အခြာအာဏာပိုင်တယ်ဆိုပေမယ့် ဒီမိုကရေစီ လိုလားတယ် ဆိုသူတွေကပဲပြည်သူတွေကို ခုတုံးလုပ်ပြီး အာဏာကိုလိုသလို အသုံးချကြ သွားတတ်ကြတာကြောင့် ရှိရင်းစွဲပြဿနာတွေက အခုထိရှင်သန်နေဆဲပါ။
ဒါကြောင့် ဒီမိုကရေစီနောက်ကြောင်း ပြန်စေတဲ့ အရင်းခံအချက်တွေထဲမှာအာဏာကို အလွဲ သုံးစားပြုလုပ်ပြီး အင်စတီကျူးရှင်းတွေကို အားနည်းစေတဲ့ အချက်တစ်ချက် ပါဝင်ပါတယ်။
ဆန္ဒပြတဲ့နည်းလမ်းပြန်အသုံးချလာ
ဒီကနေ့ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေဟာ ဘာကြောင့်ဖြစ်လာသလဲ၊ ဘယ်အပေါ်အခြေခံ သလဲ၊ နိုင်ငံရေးအပြောင်းအလဲကို ဖြစ်စေတဲ့ အရင်းခံအကြောင်းတရားတွေက ဘာတွေလဲဆိုတဲ့ ပြဿနာ တစ်ရပ်ရဲ့ ရေဆုံးမြေဆုံးလိုက်ဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ်လိုချင်တဲ့ အပိုင်းလေး တွေကိုပဲဖြစ်ဖြစ် ကိုယ်ကောင်းတဲ့အကွက် လေးကိုပဲဖြစ်ဖြစ် အပိုင်းပိုင်းဖြတ်ကြည့်မယ်ဆိုရင် ပြည့်စုံလုံလောက်တဲ့ အမြင်နဲ့ ဖြေရှင်းမှုနည်းလမ်းမရနိုင်ပါဘူး။ ဖြေရှင်းမယ့်နည်းလမ်း လွဲချော် တာနဲ့အတူ နစ်နာသွားသူတွေက နှစ်နာ၊ ပေးဆပ်သူက ပေးဆပ်နဲ့ ခုတ်ရာတခြား ရှရာတခြား လမ်းကြောင်းလွဲချော်ပြီးရင်း လွဲချော်နေမှာပါ။ အခုလည်း PDF ဆိုတဲ့ လက်နက်ကိုင် တိုက်ခိုက် တဲ့ နည်းလမ်းကို လူတိုင်းမလုပ်ပါဘူး၊ ဒီတော့ လူထုများများပါလာအောင် ဆန္ဒပြတဲ့ နည်းလမ်းကို ပြန်ပြီးအသုံးချလာခြင်းပါပဲ။ အခုလိုခေတ်မီ သတင်း နည်းပညာခေတ်ကြီးမှာ ပြည်သူတွေရဲ့အင်အားရဖို့ မီဒီယာနဲ့ လူမှုကွန်ရက်တွေကို အသုံးပြုပြီး အမုန်းစကားတွေ၊ သွေးခွဲတာတွေ၊ လုပ်ကြံ သတင်းဖြန့်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ပြီး သွေးခွဲတဲ့ နည်းကို အသုံးပြုနေတာ တွေ့ရပါတယ်။
မီဒီယာအားသုံးပြီး ပြည်တွင်းပြည်ပဖြန့်
အကြမ်းဖက်တိုက်ခိုက်တဲ့ ပုံစံတွေနဲ့အတူ ပြည်သူတွေကို လမ်းပေါ်ထွက် ဆန္ဒပြခိုင်းလာတဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ လမ်းပေါ်ထွက်မယ်၊ ငြိမ်းချမ်းစွာ ဆန္ဒပြမယ်၊ အဲဒါကို ဖြိုခွင်းမယ်၊ ဆန္ဒပြတာကိုဖြိုခွင်းတဲ့ ပုံရိပ်တွေကို မီဒီယာအား အသုံးပြုပြီး ပြည်တွင်း၊ ပြည်ပ ရောက်အောင်ဖြန့်ပြီး ကြားနေပြည်သူတွေရဲ့ မျက်ရည်ချူမယ်၊ အစိုးရရဲ့ ပုံရိပ်တွေ ကျဆင်းပြီး နိုင်ငံတကာရဲ့ ဖိအားတွေ တိုးလာဖို့၊ ထောက်ခံမှုတွေ ကျဆင်းလာဖို့၊ အာဆီယံတို့၊ ကုလသမဂ္ဂ တို့မှာ ကိုယ်စားပြုခွင့် မရစေဖို့၊ NUG ကို နိုင်ငံတကာက အသိအမှတ်ပြု လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေသာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီးခါမှ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ နည်းလမ်းကို ပြန်လည်သုံးလာတာဟာ ပြည်ပရဲ့ အာရုံစူးစိုက်မှုရဖို့အတွက် လက်ရှိအစိုးရဟာ အခုလိုငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို တိုက်ခိုက်နှိမ်နှင်းနေတယ်ဆိုတဲ့ ပုံရိပ်ကို မီဒီယာ တွေကတစ်ဆင့် နိုင်ငံတကာကို ပြချင်တာပဲ ဖြစ်ပါတယ်။ ဒါမှ ပြည်တွင်း/ ပြည်ပဖိအားပေးတွေ ရရှိမှာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အစိုးရကို အပုပ်ချဖို့ မိမိထောက်ခံမှု တိုးဖို့ဆိုပေမယ့် ကြားကနေ အသုံးချ ခံရတာက လူထုပါပဲ။
လတ်တလောအားဖြင့်လည်း အာဆီယံနဲ့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက် ခွင့်နဲ့ ပတ်သက်လို့ အကျပ်အတည်း ဖြစ်နေချိန်မှာ ယခုလိုလမ်းပေါ်ထွက် ဆန္ဒပြတဲ့ နည်းလမ်း ကို အချိန်ကိုက်အသုံးချလာတာ တွေ့ရပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်၊ ကြည့်မြင်တိုင်မှာ ဆန္ဒပြတဲ့သူတွေကို လုံခြုံရေးတွေက ဖြိုခွင်းတဲ့ကိစ္စကိုကြည့်ရင် ဆန္ဒပြတာ တွေရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကို တွေ့နိုင်ပါတယ်။ ပြည်တွင်း / ပြည်ပ သတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနိုင်အောင်လည်း ဖြန့်ဝေပြီး အစိုးရရဲ့ ပုံရိပ်ကျဆင်းအောင် လုပ်ဆောင်နေတာ တွေ့ရပါတယ်။
အခုဆို အခြားမြို့တွေမှာ၊ နယ်တွေမှာ လမ်းပေါ်ထွက် ဆန္ဒပြတာတွေ တွေ့ရပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို ဖြိုခွင်းတဲ့ပုံရိပ်တွေ၊ သေဆုံးမှု ပုံရိပ်တွေကို NUG က နိုင်ငံတကာကို ချပြဖို့ လိုအပ်နေ ပါတယ်။ နောက်ထပ်လည်း လုပ်ဆောင်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
အပြစ်မဲ့ပြည်သူတွေကို အသုံးချနေ
အခုဆိုရင် ကုလသမဂ္ဂ အရည်အချင်းစိစစ်ကော်မတီ (Credentials Committee) ကနေ မြန်မာ နိုင်ငံရဲ့ ကိုယ်စားပြုမှုကို ဆိုင်းငံ့ လိုက်တဲ့အပေါ် ကုလသမဂ္ဂ အထွေထွေညီလာခံကနေ အတည်ပြုလိုက်ပါတယ်။ ဒီလိုဖြစ်လာဖို့ NUG အနေနဲ့ နောက်ထပ်လည်း အပြစ်မဲ့ပြည်သူတွေကို ဓားစားခံတွေလို အသုံးချနေပါလိမ့်ဦးမယ်။ ပြည်သူတွေကို ဓားစားခံတွေလိုအသုံးချ ထိုးကျွေး နေတာဟာ မှန်ကန်တဲ့ နိုင်ငံရေးဖြေရှင်းမှု နည်းလမ်းတစ်ရပ်မဟုတ်ပါဘူး။ တစ်လောက ပြည်သူ့စစ်သားမိသားစု စကားဝိုင်းဆိုတဲ့ဆွေးနွေးတဲ့အစီအစဉ်ထဲမှာ နားထောင်သူတွေထဲက တစ်ယောက်က ပြောပါတယ်။ သူ့အနေနဲ့ အနီလည်းမဟုတ်ဘူး၊ အစိမ်းလည်းမဟုတ်ဘူး၊ တပ်က အုပ်ချုပ် တာကို မလိုချင်တာပါလို့ ဆိုပါတယ်။
ဆိုလိုတာက သူ့အနေနဲ့ တပ်အုပ်ချုပ်တာကို မလိုချင်တာပါ။ နိုင်ငံရေးအနေနဲ့ သူဟာကြားနေ ပါ။ ဒီတော့ သူ့သဘောဟာ NUG အာဏာရရှိရေးလို့ သတ်မှတ်လို့ မရပါဘူး။ ဒါပေမယ့် ဒီလိုအယူအဆ ရှိသူတွေကို NUG က ကောင်းကောင်းအသုံးချနေပါတယ်။ တကယ်တော့ ဒီသဘောထားတွေဟာ NUG ကိုထောက်ခံတာ မဟုတ်ပေမယ့် လတ်တလော အခြေအနေအရ အစိုးရနဲ့ ပြည်သူကို သွေးခွဲဖို့အတွက်ကတော့ အကောင်းဆုံးလက်နက်တစ်ခုအဖြစ် အသုံးပြုနေ တာ တွေ့ရပါတယ်။
ဒီလို သွေးခွဲနည်းအသုံးချပြီး လူထုကို လမ်းပေါ်ထွက်ခိုင်း လိုက်ခြင်းကြောင့် နာစရာရှိ၊ သေစရာ ရှိရင် ပြည်သူတွေပ်ခံရမှာဖြစ်ပြီး အမြတ်ရနေတာကတော့ NUG ပါ။ အဲဒီတော့ တကယ့် တရားခံစစ်က ဘယ်သူလဲ၊ ဓားစာခံက ဘယ်သူလဲ၊ ခံစရာရှိရင် ဘယ်သူခံရပြီး စံစရာရှိရင် ဘယ်သူ စံရမလဲဆိုတာ သိကြရမှာပါ။ NUG အနေနဲ့ ကိုယ်တိုင်အနာခံစရာမလိုဘဲ စံစရာရှိမှ ကောက်ပြီး အမြတ်ယူလိုက်ရုံပဲ ဖြစ်ပါတယ်။ အခုလို ပြည်သူတွေကိုထိုးကျွေးပြီး နိုင်ငံတကာရဲ့ ထောက်ခံမှုရလာပြီဆိုရင် ထောက်ပံ့ငွေတွေက NUG ဆီကိုပဲ စီးဝင်လာပါလိမ့်မယ်။ ခုနက အနစ်နာခံခဲ့ကြရတဲ့ ပြည်သူ တွေဆီကို ရောက်မလာပါဘူး။ ဒီတော့ စဉ်းစားစရာရှိလာပါတယ်။ NUGရဲ့ နာစရာရှိတော့ ပြည်သူနာ၊ ယူစရာရှိတော့ NUG ကယူဆိုတဲ့ နည်းလမ်းကို လိုက်မလား၊ လူထုမနာစေတဲ့နည်းလမ်းနဲ့ ဖြေရှင်းသွားကြမလားဆိုတာပါပဲ။ ဒီကနေ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအားလုံးက ဘာလို့ NUG နဲ့ မပူးပေါင်းတာကို ကြည့်ရင်သိနိုင် ပါတယ်။ တိုင်းရင်းသားတွေနဲ့လည်း သွေးခွဲလိုက်၊ စည်းရုံးလိုက် လုပ်နေတာဟာ တိုင်းရင်းသားတွေကို အသုံးချဖို့ ကြိုးစားနေခြင်းပဲ ဖြစ်ပါတယ်။
တိုင်းရင်းသားတွေအနေနဲ့လည်း NLD အစိုးရရဲ့ ၅ နှစ် သက်တမ်းအတွင်းမှာ ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရပြီးပါပြီ။ အသုံးချခံခဲ့ရပြီးပါပြီ။ ဥပမာအနေနဲ့ကြည့်ရင် ရခိုင်ပြည်နယ်မှာ PDF တွေကို လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ NLD လက်ထက်မှာ ရခိုင်တိုင်းရင်း သားတွေ၊ ပါတီတွေ၊ ပါတီခေါင်းဆောင်တွေကို နေရာမပေးတဲ့အပြင် ဖိနှိပ်ထားခဲ့တာပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာလဲ ရခိုင်တိုင်းရင်းသား ပါတီတွေအနိုင်ရတဲ့ မဲဆန္ဒနယ်တွေအားလုံးကို ပယ်ဖျက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံက ကိုယ်စားလှယ်ကိုယ်တိုင် ညှိနှိုင်းပေးတာတောင် လက်မခံပါ ဘူး။ ဒါတွေဟာ လောလောလတ်လတ်ဖြစ်ခဲ့တဲ့ ဖြစ်စဉ် တွေပဲဖြစ်ပါတယ်။ အခု NUG မှာ ပါနေတဲ့သူတွေ ကိုယ်တိုင် လွှတ်တော်ထဲမှာ ရခိုင်အရေးကို ပြင်းပြင်းထန်ထန်ကန့်ကွက် ခဲ့ကြတာ အားလုံးအသိပါ။
ရိုးသားတဲ့နိုင်ငံရေး စိတ်ဓာတ်အပေါ် အခြေခံကြ
နိုင်ငံတည်ဆောက်ဖို့၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုတည်ဆောက်ဖို့၊ ငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းဖို့ဆိုရင် ရိုးသားတဲ့နိုင်ငံရေးစိတ်ဓာတ်အပေါ် အခြေခံကြမှသာ ရည်ရွယ်ချက် အထမြောက်အောင်မြင်နိုင်မှာပါ။ ဒီလိုမဟုတ်ဘဲ အပြောတခြား၊ အလုပ်တခြားဖြစ်နေမယ်ဆိုရင် နိုင်ငံရေးပြဿနာတွေက ဘယ်တော့မှပြေလည်မှာ မဟုတ်ပါ ဘူး။ အထူးသဖြင့် မြန်မာ နိုင်ငံမှာတိုင်းရင်းသားတွေများတဲ့အတွက် လိုလားချက်တွေများပြားပြီး ရှိရင်းစွဲ နိုင်ငံရေးပြဿနာတွေတောင် ပြေလည်အောင်ဖြေရှင်းဖို့ လိုနေဆဲအခြေအနေပါ။ အရင် ပြဿနာတွေ မဖြေရှင်းနိုင်ခင်မှာကိုပဲ ပြဿနာအသစ်တွေ မဖန်တီးကြဖို့လိုပါတယ်။ နိုင်ငံရေး လိုလားချက်တွေ၊ မကျေနပ်ချက်တွေ၊ လက်စားချေလိုစိတ်တွေအခြေခံပြီး အသုံးချသူတွေ၊ အသုံးချခံတွေနဲ့ အချင်းချင်းသွေးကွဲအောင် သွေးခွဲနေကြတာဟာ လတ်တလောအတွက်လည်း ကောင်းကျိုးမပေးသလို ရေရှည်မှာ ပိုမိုဖြေရှင်းရခက်တဲ့ ပြဿနာတွေဖြစ်လာမှာ စိုးရိမ်စရာပဲ ဖြစ်ပါတယ်။
မျိုးငြိမ်းငယ်