Skip to main content

မြန်မာ့နိုင်ငံ၏ မျှော်မှန်းသက်တမ်း (Life Expectancy at Birth) နှင့် လွှမ်းမိုးနေသော အချက်များ

(ယမန်နေ့မှ အဆက်)

မျှော်မှန်းသက်တမ်းကို သက်ရောက်စေတဲ့ အခြား အချက်တစ်ခုကတော့ နိုင်ငံအတွင်း လျှပ်စစ်မီး ရရှိမှုပါ။ မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးရရှိမှုကို ကြည့်မယ်ဆိုရင် ၂၀၁၇ ခုနှစ်မှာ နိုင်ငံလူဦးရေရဲ့ ၆၉ ဒသမ ၈ ရာခိုင်နှုန်းအထိ လျှပ်စစ်မီးကို လက်လှမ်းမီခဲ့တာကို တွေ့ရှိရမှာဖြစ်တယ်။ နိုင်ငံအတွင်း လျှပ်စစ်မီးရရှိမှုဟာ နိုင်ငံရဲ့ မျှော်မှန်း သက်တမ်းအပေါ် တိုက်ရိုက်သက်ရောက်မှု မရှိပေမယ့် လျှပ်စစ်မီးရရှိတဲ့အတွက်ကြောင့် လူတွေရဲ့ ဘ၀အရည်အသွေး (Quality of Life) တိုးတက်လာပြီး လူတွေကို အသက်ရှည်ရှည် နေထိုင်စေနိုင်မှာ ဖြစ်တယ်။

မြန်မာနိုင်ငံအနေနဲ့ မျှော်မှန်းသက်တမ်းကို တိုးတက်စေဖို့အတွက် ကနဦးဆောင်ရွက်သင့်တဲ့ အချက်ကတော့ မိခင်နဲ့ကလေးကျန်းမာရေးကို တိုးတက်အောင် ပြုစုစောင့်ရှောက်စေဖို့ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်အားလုံးဟာ စနစ်ကျသော ကိုယ်ဝန်ဆောင်စောင့်ရှောက်ရေးစနစ် (Antenatal Care) ကို လက်လှမ်းမီပြီး စောင့်ရှောက်မှု ခံယူနိုင်ရန် လိုအပ်ပါတယ်။ မွေးဖွားတဲ့အချိန်မှာလည်း ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ စနစ်တကျ မီးဖွားနိုင်ရန် လိုအပ်မှာဖြစ်ပါတယ်။ ဒါမှသာ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်များ မွေးဖွားနိုင်မှာဖြစ်တယ်။ ဒါ့အပြင် မွေးကင်းစမှ စပြီး အသက်အရွယ်အလိုက် မဖြစ်မနေထိုးနှံရမယ့် ကာကွယ်ဆေးများကို ထိုးနှံသွားဖို့လည်း လိုအပ်ပါ တယ်။ ဒါမှသာ ငါးနှစ်အောက် ကလေးသေနှုန်း လျော့ကျမယ့်အပြင် အရွယ်မတိုင်မီရောဂါကြောင့် အသက်ဆုံးရှုံးရမှုများ လျော့နည်းမှာ ဖြစ်ပါတယ်။

အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ်

ကလေးငယ်များအနေနဲ့ မတော်တဆထိခိုက်မှုများနဲ့ လက်နက်ကိုင်ပဋိပက္ခများတွင် သေဆုံးမှုများ မဖြစ်ပွားစေရေးအတွက် အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေဖို့ ပညာရေးကို လက်လှမ်းမီပြီး မဖြစ်မနေ ကျောင်းပညာသင်ကြား ခွင့်ရရန်မှာလည်း အရေးကြီးပါတယ်။ ဒါဟာမျှော်မှန်းသက်တမ်း တိုးမြင့်စေဖို့ အထူးအရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ်လည်း ဖြစ်ပါတယ်။ ပညာရေးနဲ့ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းနဲ့ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ အသက်ငါးနှစ်နှင့် အထက် ၈ ဒသမ ၁ရာခိုင်နှုန်းခန့်ဟာ ကျောင်းမနေဖူးတာကို တွေ့ရပါတယ်။ ဒါ့အပြင် အသက် ၂၅ နှစ်နှင့်အထက် အရွယ်ရောက်ပြီး သူများထဲမှ အလယ်တန်းအဆင့်နှင့် ၎င်းအဆင့်အောက် ပညာသင်ကြားခဲ့ရသူပေါင်း ၁၈ ဒသမ ၂ သန်း ရှိပါတယ်။ နိုင်ငံ့လူဦးရေရဲ့ သုံးပုံ တစ်ပုံလောက် ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ ပညာရည်မြှင့်တင်ရေး၊ ပြည်သူလူထုရဲ့ ပညာရည် မြှင့်တင်ရေးကို ကျွန်တော်တို့ ကြိုးကြိုးစားစား လုပ်ကိုင်ရမှာဖြစ်ကြောင်း ပြနေပါတယ်။ ဒါကြောင့် ပညာရေးနဲ့ပတ်သက်ပြီး အမျိုးသားရေးတာဝန် တစ်ရပ်သဖွယ် ဆောင်ရွက်လျက် ရှိပါတယ်” ဟု ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ယခုကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ပညာရေး တိုးတက်မြင့်မားရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်သွားပါက တစ်မျိုးသားလုံး ပညာရည်တိုးတက်မြင့်မားလာပြီး မျှော်မှန်းသက်တမ်း တိုးမြင့်စေမှာဖြစ်ပါတယ်။

ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်လို့ နိုင်ငံတော်ဝန်ကြီးချုပ်က “အဓိက ကတော့ ကျန်းမာရေးပါ။ ကျန်းမာမှ အလုပ်လုပ်နိုင်မှာ၊ ကျန်းမာမှ ပညာသင်ကြားနိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူလူထုရဲ့ ကျန်းမာရေးထက် အရေးကြီးတာ မရှိပါဘူး” ဟု ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ မိန့်ခွန်းမှာ ကျန်းမာရေးကို အလေးထား ပြောကြားခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

မျှော်မှန်းသက်တမ်းတိုးမြင့်စေဖို့

မျှော်မှန်းသက်တမ်းတိုးမြင့်စေဖို့ဆိုရင် နိုင်ငံတော်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကောင်းမွန်ရမှာ ဖြစ်သလို လူတစ်ဦးချင်းစီတိုင်းကလည်း မိမိတို့ရဲ့ အသက်ဇီဝကို စောင့်ရှောက်နိုင်ရန် လိုအပ်ပါတယ်။ ထိုသို့စောင့်ရှောက်နိုင်ဖို့ဆိုပါက သိပ္ပံနည်းကျ ကျန်းမာရေးအသိရှိပြီး လိုက်နာကျင့်သုံးရန်လည်း လိုအပ်ပါတယ်။ ဒီနေရာမှာ နေထိုင်စားသောက်မှု ပုံစံနဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်မှုများဟာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုဆိုတဲ့ နေရာမှာလည်း အားကစားရုံ (Gym) သို့ သွားရောက်လေ့ကျင့်ခြင်းမျိုး တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ဘဲ တစ်နေ့လျှင် မိနစ် ၃၀ ခန့် မှန်မှန်လမ်းလျှောက်ရုံဖြင့်လည်း ရေရှည်မှာ ထူးခြားတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေမှာဖြစ်ပါတယ်။

ဒါ့အပြင် နေ့စဉ်စားသောက်နေထိုင်မှုပုံစံဟာ ကျန်းမာရေးနဲ့ လျော်ညီတဲ့ နေထိုင်စားသောက်မှု ပုံစံဖြစ်ရန် လိုအပ်ပါတယ်။ ဒီနေရာမှာလည်း နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှာ “ဆန်ကို အဓိကထားပြီး စားတဲ့အတွက်ကြောင့် ဆန်ကနေရတဲ့ အာဟာရကတော့ ပိုပြီးရှိပါတယ်။ သို့သော်လည်း ပဲကျွန်တော်တို့က ဗိုက်ဝဖို့ကို အဓိကဆိုပြီးစားတဲ့ အတွက်ကြောင့် အချို့နေရာတွေမှာ ခန္ဓာကိုယ်က လိုအပ်တဲ့အာဟာရကို ပြည့်ပြည့်၀၀ မရတာရှိပါ တယ်။ ဒါကြောင့် ဆန်စားသုံးမှုကို အနည်းငယ် လျှော့ချပြီးတော့မှ အခြားလိုအပ်တဲ့ အသားတို့ ငါးတို့ ဟင်းသီးဟင်းရွက်တို့ ဒါတွေကို ထိုက်သင့်သလို ရရှိအောင် ဖြည့်ဆည်းဆောင်ရွက် စားသွားမယ်ဆိုလို့ ရှိရင် ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူရမယ်လို့ ကျွန်တော် တွေ့မိပါတယ်” ဟု မြန်မာလူမျိုးများရဲ့ နေထိုင်စားသောက်မှု ပုံစံနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲနိုင်ရေး လိုအပ်ချက်ကို မီးမောင်းထိုးပြခဲ့ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံလို့ဆိုရာမှာ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်များ လုံလောက်စွာရရှိစေရန် အပြင် အချိုလွန်ကဲ၊ အငန်လွန်ကဲ၊ ဆီလွန်ကဲမှုတို့ကို ရှောင်ကြဉ်ပြီး ညီညွတ်မျှတစွာ စားသောက်ရန် လိုအပ်ပါတယ်။ ဒီနေရာမှာ တန်ဖိုးကြီးတဲ့ ပြည်ပက တင်သွင်းလာတဲ့ အစားအသောက်တွေကိုသာ စားသောက်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မိမိဒေသမှာပဲ စိုက်ပျိုး၊ မွေးမြူထုတ်လုပ်ထားတဲ့ လတ်ဆတ်တဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ညီညွတ်မျှတစွာ စားသုံးခြင်းဟာလည်း အလားတူ အာဟာရဓာတ်ကြွယ်ဝပြီး နိုင်ငံခြားငွေ သက်သာစေရုံသာမက ဒေသတွင်းမှာ နေထိုင်ကြတဲ့သူတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်မှုကိုလည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြု တယ်ဆိုတာကို သတိမူရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ယခုအခါ ဒေသအချို့မှာ စိုက်ပျိုးနေကြတဲ့ တစ်ရှူးငှက်ပျောသီးဟာ အာဟာရ ဓာတ်ကြွယ်ဝတဲ့ အသီးအနှံဖြစ်တဲ့အပြင် စိုက်ပျိုးသူတောင်သူများကိုလည်း ဝင်ငွေတိုးတက် ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လူထုအတွင်းမှာ ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုဟာလည်း မျှော်မှန်း သက်တမ်းတိုစေတဲ့ အကြောင်းရင်းပဲဖြစ်တယ်။ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း ဆေးလိပ်ကြောင့် သေဆုံးမှု နှုန်းဟာ လူတစ်သိန်းမှာ ၁၇၅ ဦး၊ အရက်ကြောင့် သေဆုံးမှုဟာ လူတစ်သိန်းမှာ ၂၇ ဦးနဲ့ မူးယစ်ဆေးကြောင့် သေဆုံးမှုနှုန်းဟာ လူတစ်သိန်း မှာ ၀ ဒသမ ၇ ဦး အသီးသီးရှိခဲ့တာကို တွေ့ရမှာ ဖြစ်တယ်။ မူးယစ်ဆေးဝါးသုံးစွဲမှုဟာ အခုနှစ်ပိုင်း တွေမှာ လူငယ်ထုအတွင်း အလျင်အမြန် တိုးပွား လာတာကို တွေ့လာရတဲ့အတွက် တိုင်းပြည်ရဲ့ မျှော်မှန်းသက်တမ်းအပေါ်ကို သာမက ရာဇဝတ်မှုများပါ တိုးပွားလာစေမှာဖြစ်တယ်။ ဒါကြောင့် နိုင်ငံသားတစ်ဦးချင်းစီအနေနဲ့ ကျန်းမာရေးသာမက လူမှုစီးပွားဘဝများကိုပါ ထိခိုက်စေနိုင်သော ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးသုံးစွဲခြင်းများကို ရှောင်ကြဉ်ရန် အသိ၊ သတိနဲ့ယှဉ်ပြီး နေထိုင်သွားကြဖို့လည်း လိုအပ်ပါတယ်။ ဒါတွေဟာ နိုင်ငံသားတစ်ဦး ချင်းစီအတွက် မျှော်မှန်းသက်တမ်းအတိုင်း သို့မဟုတ် မျှော်မှန်းသက်တမ်းထက် ကျော်ပြီး အသက်ရှင်နေထိုင်နိုင်ရေးအတွက် အရေးကြီးတဲ့ အချက်တွေလည်း ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေရဲ့ မျှော်မှန်းသက်တမ်းဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီတာကို တွေ့ရမှာဖြစ်ပါတယ်။

အကြမ်းဖျင်း သုံးသပ်ရမယ်ဆိုရင် စီးပွားရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေဟာ မျှော်မှန်း သက်တမ်း ကောင်းလေ့ရှိကြတာကို တွေ့ရှိရမှာဖြစ်တယ်။ နိုင်ငံတစ်ခုအနေဖြင့် ပြည်တွင်း ပဋိပက္ခတွေ လျော့နည်းမှသာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး လူမှုဘဝ တိုးတက်မြင့်မားလာကာ မျှော်မှန်း သက်တမ်းလည်း တိုးမြင့်လာမှာဖြစ်တယ်။ နိုင်ငံတော် အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍအသီးသီးမှာ တိုးတက်မှုတွေရရှိအောင် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူတစ်ရပ်လုံး အနေနဲ့လည်း ကျန်းမာရေးကောင်းမွန်စေရန် နေထိုင်ခြင်း၊ အာဟာရမျှတမှု ရှိစေရန် စားသုံးခြင်း စတဲ့အချက်များကို တစ်ဦးချင်းစီ လိုက်နာ လုပ်ဆောင်ကြမယ်ဆိုပါက မြန်မာနိုင်ငံရှိ လူတစ်ဦးချင်းစီရဲ့ မျှော်မှန်းသက်တမ်းဟာ လျင်မြန်စွာ တိုးတက်လာမှာဖြစ်ပါကြောင်း သုံးသပ်ရေးသား လိုက်ရပါတယ်။ ။

ဆေးဝန်ထမ်းတစ်ဦး