Skip to main content

လူငယ်များသည် နိုင်ငံရေးအသုံးချခံများ မဟုတ်

လူဆိုသည်မှာ မွေးလာစဉ်ကပင် ကြီးလာလျှင် ဘာဖြစ်မည်ဟုသတ်မှတ်ပြဋ္ဌာန်းထားသည်မဟုတ် ချေ။ မွေးဖွားလာပြီးနောက်မျိုးရိုးဗီဇ၊ ဝါသနာ၊ အထုံ၊ သင်ယူလေ့လာလိုက်စားမှုနှင့် ပတ်ဝန်းကျင်တို့အပေါ် မူတည်၍ ကျောင်းဆရာဖြစ်သူက ဖြစ်လာသည်။ ပညာရှင်ဖြစ်သူကဖြစ်လာသည်။ ဆရာဝန်ဖြစ်သူက ဖြစ်လာသည်။ နိုင်ငံရေးသမားဖြစ်သူက ဖြစ်လာ သည်... စသည်ဖြင့် အမျိုးမျိုးကွဲပြားသွားကြပြီး နောက် တစ်ဦးနှင့်တစ်ဦး အသက်မွေးဝမ်းကျောင်း များ၊ ကျင်လည်ရာဝန်းကျင်များ ကွဲပြားခြားနားသွားကြသည်။ လူတစ်ဦးချင်းအလိုက် အခြေအနေများ ကွဲပြားစေကာမူ လူတိုင်းတွင် မိမိဖြစ်လိုသည့်ဘဝ ရည်မှန်းချက်များကို ဖြစ်ခွင့်၊ ရည်မှန်းခွင့်၊ ကြိုးစားခွင့်များ ရှိနေသည်။ ဤသည်မှာ လူတစ်ဦးတစ်ယောက်၏ အခွင့်အရေး ဖြစ်သည်။

မြန်မာ့ဓလေ့

မြန်မာ့ဓလေ့များတွင် သားသမီးများကို မိဘများ စိတ်ကြိုက်ပြုပြင် ထိန်းကျောင်းလေ့ရှိကြ သည်။ သားသမီးများ၏ ဝါသနာပါရာ၊ စိတ်ဝင်စား ရာအလိုက် ပြုစုပျိုးထောင် မြေတောင်မြှောက်ပေး သည့်သူများရှိကြသော်လည်း အများအားဖြင့် သား သမီးများ၏ ဝါသနာထက် သားသမီး၏အနာဂတ် အသက်မွေးကျောင်း ကောင်းမွန်မှုအပေါ်သာ မူတည်၍ မိဘများက လမ်းကြောင်းပေးလေ့၊ ရွေးချယ်ပေးကြလေ့ရှိသည်။ သားသမီးများမှာလည်း ရှေးရိုးအစဉ်အလာ မြန်မာ့ဓလေ့အတိုင်းပင် မိဘ စကားအတိုင်း လိုက်နာလေ့ရှိကြသည်ကများသည်။

အနောက်နိုင်ငံများတွင် လူငယ်များသည် အသက် ၁၈ နှစ်ပြည့်သည်နှင့် မိဘအုပ်ထိန်းမှုမှ ကင်းလွတ်၍ မိမိဘဝကို မိမိဘာသာရွေးချယ်လေ့ ရှိသည်။ ထိုသို့ရွေးချယ်တတ်ရန်လည်း ငယ်စဉ် ကတည်းက ပြုစုပျိုးထောင်ကြသည်။ ကိုယ့်အားကိုယ်ကိုးတတ်ရန်၊ အမှားအမှန်ခွဲခြားတတ်စေရန်၊ ဥပဒေနှင့် ကျင့်ဝတ်များကို လေးစားလိုက်နာတတ် စေရန်ကဲ့သို့သော အလေ့အကျင့်များကို မိသားစု တွင်း၊ ကျောင်းများနှင့် လူမှုပတ်ဝန်းကျင်တို့မှ သင်ကြားလေ့ကျင့်ပေးကြသည်။

မိမိတို့နိုင်ငံတွင် ထိုသို့လေ့ကျင့်သင်ကြား ပေးမှုထက် ရှေးရိုးစွဲလေ့များကို ပိုမိုကိုင်စွဲထား ကြဆဲဖြစ်သည်။ သို့ဖြစ်ရာ လူငယ်များအတွက် အနာဂတ်လမ်းကြောင်း ရွေးချယ်ရာတွင်ဖြစ်စေ ယနေ့ကဲ့သို့ နိုင်ငံရေး ပါဝင်လှုပ်ရှားမှုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ဆိုင်ရာ၊ အပြုအမူဆိုင်ရာ၊ ကျင့်ဝတ် ဆိုင်ရာများနှင့် လူငယ်များ၏ အနာဂတ်နိုင်ငံရေး ပူးပေါင်းပါဝင်မှုတို့အတွက် စိန်ခေါ်မှုများ ရှိနေသည် ကို တွေ့မြင်လာရသည်။

နိုင်ငံရေးတွင် လူငယ်များပါဝင်မှု

မြန်မာ့နိုင်ငံရေးတွင် လူငယ်များပါဝင်မှုမှာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကပင် တွေ့ရသည်။ သမိုင်းတစ်လျှောက် နိုင်ငံရေးလှုပ်ရှားမှုများတွင် လည်း လူငယ်များပါဝင်သည်ကို တွေ့မြင်ရသဖြင့် မြန်မာလူငယ်များနှင့် နိုင်ငံရေးသည် မစိမ်းဟုဆိုရပါမည်။ သို့သော် လူငယ်များ နိုင်ငံရေးတွင်ပါဝင်မှုမှာ အနာဂတ်မြန်မာ့နိုင်ငံရေးအတွက် မူဝါဒချမှတ်၍ လူငယ်များကို စနစ်တကျပြုစုပျိုးထောင် လက်ဆင့် ကမ်းကြသည်ထက် အရေးကြုံလာမှသာ နိုင်ငံရေး လှုပ်ရှားမှုများတွင်လူငယ်များ ပါဝင်လာသည့်သဘောကို ပိုမိုတွေ့မြင်ရသည်။

စနစ်တကျပြုစုပျိုးထောင်ခြင်းထက် လိုအပ်မှ ပါဝင်လာသည့်အခြေအနေ ဖြစ်သည်။ လတ်တလော အခြေအနေလိုအပ်ချက်အရ နိုင်ငံရေးတွင် ပါဝင်နေခြင်းထက် လူငယ်များအတွက် နိုင်ငံရေးအင်စတီ ကျူးရှင်းများတွင် နိုင်ငံရေးဝန်းကျင်ကောင်း ဖန်တီးခြင်း၊ လူသားရင်းမြစ်မွေးထုတ်ခြင်း၊ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တရားဝင်ပူးပေါင်းပါဝင် ဆောက်ရွက်မှု (formal participation) ဖြစ်လာမည် ဖြစ်ပါသည်။ သို့သော်လည်း ယင်းသို့သော အလေ့ အကျင့်များသည်မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် အားနည်းနေဆဲဖြစ်သည်။

ယနေ့လူငယ်များဆိုသည်မှာနောင်တစ်ချိန်တွင် နိုင်ငံ၏တာဝန်များကို လက်ဆင့်ကမ်း လွှဲပြောင်း ထမ်းဆောင်ကြရမည့်သူများ ဖြစ်ကြသည်။ ထို အနာဂတ်မျိုးဆက်သစ်တို့သည် တစ်ချိန်တွင် နိုင်ငံ၏ ကဏ္ဍအသီးသီးသို့ဝင်ရောက်လာကြမည်ဖြစ်သည်။ သို့ဖြစ်ရာ လူငယ်များပါဝင်ဆောင်ရွက်မှုသည် နိုင်ငံတစ်နိုင်ငံအတွက် အခြေခံလိုအပ်ချက် တစ်ချက်လည်း ဖြစ်သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရလည်း နိုင်ငံ၏ နိုင်ငံရေးအင်စတီကျူးရှင်း လုပ်ငန်း စဉ်များနှင့် ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်များတွင် လူငယ်များ၏ ပူးပေါင်းပါဝင်မှုနှင့် ကိုယ်စားပြုမှုမှာ အတော်အတန်နိမ့်ကျနေဆဲဟု ဆိုသည်။

လူငယ်များအနေဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တွင် ပါဝင်ရန်နှင့် နိုင်ငံရေးလုပ်ငန်းစဉ်နှင့် ဆုံးဖြတ် ချက် ချမှတ်သည့်လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ရန် အခွင့်အလမ်းတို့သည် နိုင်ငံ၏နိုင်ငံရေး၊ လူမှုစီးပွားနှင့် ယဉ်ကျေးမှုဆိုင်ရာများအပေါ်တွင် များစွာတည်မှီနေသည်။ ထို့ပြင် ကမ္ဘာ့နိုင်ငံအများစုရှိ လူမှုရေး စံနှုန်းများသည် ပုံစံမျိုးစုံခွဲခြားဆက်ဆံမှုများကို ဖြစ်စေလျက်ရှိသည်။ ထိုသို့သော အခြေအနေများကြောင့် လူငယ်များ နိုင်ငံရေးတွင်ပူးပေါင်းပါဝင်မှု ပုံစံမှာလည်း ကွဲပြားခြားနားလာသည်။

ယေဘုယျအားဖြင့် လူငယ်များ နိုင်ငံရေး ပူးပေါင်းပါဝင်မှုတွင် တရားဝင်ပူးပေါင်းပါဝင်မှု (formal participation) နှင့် အလွတ်သဘောပူးပေါင်း ပါဝင်မှု (informal participation) အဖြစ်တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ လူငယ်များ နိုင်ငံရေးတွင် တရားဝင်နှင့် အလွတ်သဘောပါဝင်မှုကို နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုဟု ဆိုနိုင်သည်။ တရားဝင် အဖွဲ့အစည်းဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် လူငယ်များ ပါဝင်မှုအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ အသက် ကြီးသူများနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသေးသည်ကို အထောက်အထားခိုင်ခိုင်မာမာ တွေ့ရှိရကြောင်း ကုလသမဂ္ဂ၏ youth, political participation and decision making တွင် ဖော်ပြထားသည်။ ယင်းသည် နိုင်ငံရေးစနစ်တစ်ရပ်အတွက် ကိုယ်စားပြုခြင်းအပေါ် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး လူငယ်များ၏ အခွင့်အရေးကို ဆုံးရှုံးစေသည်။

လူငယ်များ နိုင်ငံရေးတွင် ပူးပေါင်းပါဝင်ခြင်းမှာ ဒီမိုကရေစီလုပ်ငန်းစဉ်အရ လိုအပ်သည်။ တရားဝင် ဖြစ်စေ၊ အလွတ်သဘောဖြစ်စေ နိုင်ငံရေးတွင် မည်သည့် ပုံစံ၊ အပြုအမူ၊ သဘောထားဖြင့် ပါဝင် သည်ဆိုသည်မှာလည်း လူငယ်များအတွက်အရေးကြီး လှသည်။ အထူးသဖြင့် မှန်ကန်သည့်နိုင်ငံရေး အလေ့အကျင့်ကောင်းများဖြင့် ပူးပေါင်းဆောင်ရွက် ခြင်း သို့မဟုတ် အနာဂတ်နိုင်ငံရေးအတွက် အစဉ် အလာကောင်း အပြုအမူများ၊ သဘောထားများနှင့် ကျင့်ဝတ်များဖြင့် ပူးပေါင်းပါဝင်နိုင်မှသာ နိုင်ငံ အတွက် နိုင်ငံရေးအခြေခံအုတ်မြစ်ခိုင်မာအောင် တည်ဆောက်နိုင်မည် ဖြစ်သည်။

နိုင်ငံရေးအလေ့အကျင့်ကောင်း

လူငယ်များ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုရှိ လာခြင်းသည် ဒီမိုကရေစီလုပ်ငန်းစဉ်အရ ကောင်းမွန်သော်လည်း နိုင်ငံရေးဝန်းကျင်၊ လုပ်ဆောင်မှု၊ သဘောထားနှင့် မျှော်မှန်းချက်တို့ ကောင်းမွန်ရန် လိုအပ်သည်။ မျိုးစေ့မည်မျှကောင်းမွန်စေကာမူ စိုက်ပျိုးမည့်ဝန်းကျင်ကောင်းမှသာ ယင်းမျိုးစေ့၏ ရှင်သန်ဖြစ်ထွန်းမှု၊ ကြီးထွားမှုနှင့် အရည်အသွေးမီ အသီးအပွင့်တို့ ရရှိနိုင်သကဲ့သို့ ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံရေး မျိုးဆက်သစ်လူငယ်များ နိုင်ငံရေးအလေ့ အကျင့်ကောင်းများ ရရှိရန်ဆိုရာတွင် ကာယကံရှင် လူငယ်တစ်ဦးနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ နိုင်ငံ၏ နိုင်ငံရေးအင်စတီကျူးရှင်းများ၊ ပါတီများ၊ လူငယ်ဆိုင်ရာမူဝါဒများ၊ အစဉ်အလာဓလေ့များ၊ နိုင်ငံရေးဝန်းကျင်တို့နှင့် သက်ဆိုင်နေသည်။ စနစ်တကျပြုစုပျိုးထောင်၍ ကြီးထွားလာသော အပင်တစ်ပင်မှ ထွက်ကုန်အရည်အသွေးနှင့် အလေ့ ကျပေါက်သော အပင်တစ်ပင်မှ ထွက်ကုန်အရည် အသွေး မတူညီသကဲ့သို့ပင် ဖြစ်သည်။

မြန်မာ့နိုင်ငံရေး ဓလေ့ဝန်းကျင်နှင့် အလေ့အကျင့်များမှာ formal participation ထက် informal participation ကို ပိုမိုတွေ့မြင်ရသည်။ သို့ဖြစ်ရာ နိုင်ငံရေးယဉ်ကျေးမှု၊ နိုင်ငံရေးဝန်းကျင်နှင့် အပြု အမူတို့မှာ ယနေ့လျှောက်လှမ်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ရည်မှန်းချက်နှင့် နှိုင်းစာပါက နိုင်ငံရေး အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန် ဆက်လက် ပြုစုပျိုးထောင်ရန် လိုအပ်ဦးမည်ဖြစ်သည်။

အဟန့်အတားများ

လူငယ်များ နိုင်ငံရေးတွင် ပါဝင်မှုနှင့် ပတ်သက်၍ ကန့်သတ်ချက်များရှိနေကြောင်း ကုလသမဂ္ဂက ဆိုသည်။ ယင်းကန့်သတ်ချက် အတားအဆီးများတွင် ဆင်းရဲမွဲတေမှု၊ ပညာ သင်ကြားခွင့် အခက်အခဲများ၊ ပုံစံမျိုးစုံနှင့် ခွဲခြားဆက်ဆံခံရခြင်းများ၊ မျှော်လင့်ချက်များနှင့် အခွင့် အလမ်းများသတ်မှတ်ရာတွင် ကန့်သတ်ချက်များ ပါဝင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံရေး နှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက် များချမှတ်ရာတွင်လည်း လူငယ်များအတွက် အခက်အခဲများရှိနေသည်ဟု ဆိုသည်။

ပထမအချက်မှာ ဖွဲ့စည်းပုံအဆင့်တွင်  လူငယ်များ ပူးပေါင်းပါဝင်မှုဆိုင်ရာ အဟန့်အတားများ ဖြစ်သည်။ ယင်းအဟန့်အတားများတွင် မဲပေးပိုင်ခွင့်၊ ရွေးကောက်ပွဲမဲဆွယ်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များ၊ ကုန်ကျစရိတ်များ၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းများနှင့် ခွဲခြား ဆက်ဆံရမှုများ ပါဝင်သည်။ ဒုတိယအချက်မှာ တစ်ဦးချင်းအနေဖြင့် အခက်အခဲများဖြစ်သည်။ ယင်းတွင် နိုင်ငံရေးအင်စတီကျူးရှင်းများအပေါ် မယုံကြည်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်း များအပေါ် ယုံကြည်မှုမရှိခြင်း၊ နိုင်ငံရေးလုပ်ငန်းစဉ် ဆိုင်ရာ အသိပညာရရှိနိုင်သည့် အခွင့်အလမ်း မရှိခြင်း၊ လူမှုရေးနှင့် စီးပွားရေးအရ ချန်လှပ်ခံရခြင်းတို့ ပါဝင်သည်။ တတိယအချက်ဖြစ်သည့် အဖွဲ့အစည်းဆိုင်ရာများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းများ၊ ပါတီများနှင့် ဥပဒေပြု အဖွဲ့အစည်းများ၏ လူငယ်ဆိုင်ရာမူဝါဒများ မဆီလျော်မှု သို့မဟုတ် မထိရောက်မှုသည် တရားဝင်နိုင်ငံရေးများ (informal politics) တွင် လူငယ်များ ပါဝင်ဆောင်ရွက်မှုကို အကန့်အသတ် ဖြစ်စေသည့် အချက်များဖြစ်ကြောင်း ဆိုသည်။

ယင်းစိန်ခေါ်မှုများသည် ကမ္ဘာတွင်သာမက မြန်မာနိုင်ငံတွင်လည်း ရှိနေသည်ဖြစ်ရာ လူငယ် များအတွက် တရားဝင်နိုင်ငံရေးတွင် ပါဝင်လာစေရေး လုပ်ဆောင်ရန်လိုအပ်မည်ဖြစ်သည်။ သို့မဟုတ် ပါကယနေ့ကဲ့သို့လတ်တလောနိုင်ငံရေးဖြစ်စဉ်များတွင် လူငယ်များကို အသုံးချလာခြင်းများကြောင့် နိုင်ငံအတွက် ဖြစ်စေ၊ လူငယ်များအတွက်ဖြစ်စေ နစ်နာဆုံးရှုံးနိုင်သည်။

လူငယ်များသည် နိုင်ငံရေးအသုံးချခံမဟုတ်

နိုင်ငံရေးအလေ့အကျင့်များသည် လူငယ်များအပေါ် လွှမ်းမိုးတတ်ကြသည်။ နိုင်ငံရေးဆိုင်ရာ လူမှုဆက်ဆံရေး (Political socialization) သည် သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများ ပေါ်တွင် မူတည်နေကြသည်။ ယင်းနိုင်ငံရေးအခြေ အနေများသည် လူငယ်များအပေါ် လွှမ်းမိုးနေသည်ဖြစ်ရာ မျိုးဆက်အလိုက် မှီခိုမှုဆိုင်ရာအကျိုးသက် ရောက်မှုမှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ဤမေးခွန်းအတွက် အမျိုးမျိုးသောလေ့လာမှုများအရ နိုင်ငံရေးဆိုင်ရာ လူမှုဆက်ဆံရေးတွင် တစ်ဦးတစ်ယောက်၏ နိုင်ငံရေးဆိုင်ရာလူမှုဆက်ဆံရေးပုံစံသည် မိမိပတ်ဝန်းကျင်နှင့် ကူးလူးဆက်ဆံစဉ်အတွင်း ကျယ်ပြန့်သော အကြောင်းအရာများမှ လွှမ်းမိုးထားကြောင်း တွေ့ရှိရသည်။

ထို့အပြင် Jennings (1984) က လူမှုဆက်ဆံရေးကို မိဘများမှ ၎င်းတို့၏သားသမီးများထံသို့ တိုက်ရိုက်ကူးစက်ခြင်းသာမက လူမှုအဆင့်အတန်း မှတစ်ဆင့်လည်း ကူးစက်နိုင်ကြောင်းဆိုသည်။ သို့ဖြစ်ရာ ဆိုးရွားသော နိုင်ငံရေးဆိုင်ရာအကျင့် စရိုက်များ၊ အပြုအမူများ၊ အမြင်နှင့် သဘောထား များသည် လူငယ်များ၏ အနာဂတ်နိုင်ငံရေး ပါဝင်ဆောင်ရွက်မှုများအပေါ် အပျက်သဘော အကျိုး သက်ရောက်လာနိုင်သည်။

ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံ ရေးဝန်းကျင်များသည် လူငယ်များ အနာဂတ်နိုင်ငံ ရေး ပူးပေါင်းပါဝင်မှုအပေါ် မည်သို့အကျိုးသက် ရောက်မည်ဆိုသည်မှာ သတိပြုစရာဖြစ်ပါသည်။ လူငယ်များသည် နိုင်ငံ၏အနာဂတ်ကို ဆက်လက် ပုံဖော်တည်ဆောက်ကြမည့်သူများဖြစ်ရာ ယင်း လူငယ်များကို ကိုယ်ကျိုးနိုင်ငံရေးတွင် အသုံးချခြင်းထက် တရားဝင်ပူးပေါင်းပါဝင်နိုင်ရန် ပြုစုပျိုးထောင်ရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက ယနေ့နိုင်ငံရေး အခြေအနေများသည် လူငယ်များအပေါ် လွှမ်းမိုး လာနိုင်ခြင်းနှင့်အတူ ၎င်းတို့အား အသုံးချနေခြင်းကြောင့် လူငယ်များ၏ ပစ္စုပ္ပန်အတွက်ဖြစ်စေ၊ အနာဂတ်အတွက်ဖြစ်စေ ဆိုးကျိုးများ သက်ရောက် စေမည်ဖြစ်သည်။ ခေတ်အဆက်ဆက် အရိုးစွဲလာသော နိုင်ငံရေးဓလေ့များ၊ သဘောထားများ၊ အယူအဆများနှင့် ကျင့်ဝတ်တို့သည် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှု ရှိ၊မရှိ ချင့်ချိန်ကြရမည်ဖြစ်ပြီး ယင်းဓလေ့စရိုက်များနှင့် လူငယ်များကို အသုံးချနေပါက နိုင်ငံ၏မျှော်မှန်းချက်နှင့် ဆန့်ကျင်ဘက် လားရာသို့သာ ဦးတည်နေဦးမည်ဖြစ်သည်။

ကိုးကား

၁။      https://aceproject.org/ace-en/ topics/yt/yt30/political parties 2019-codes-of-conduct

၂။       United Nation, YOUTH, POLITICAL PARTICIPATION AND DECISION MAKING

၃။      https://www.frontiersin.org/ articles/10.3389/fpos.2020.00001/ full

မျိုးငြိမ်းငယ်