ရေသောက်မြစ်
ကွမ်းယာစွဲနေလျှင်ဖြတ်ပါ။
ဆေးလိပ်၊ စီးကရက်စွဲသောက်နေလျှင် ဖြတ်ပါ။
အရက်စွဲနေလျှင် ဖြတ်ပါ။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစွဲနေလျှင် ဖြတ်ပါ။
မည်သည့်အကြောင်းကြောင့် ဖြတ်သင့်ပါသလဲ။
ကျန်းမာရေးထိခိုက်ကာ အသက်တိုမည်စိုး၍ ဖြတ်သင့်ပါသည်။
လူ့အဖွဲ့အစည်းနှင့် တသီးတခြားစီဖြစ်မည်စိုး၍ ဖြတ်သင့်ပါသည်။
လူဆိုးလူမိုက်များ၏ အသုံးချခံဖြစ်သွားမည်စိုး၍ ဖြတ်သင့်ပါသည်။
မိမိကိုယ်တိုင်လည်း အမှန်အမှား မခွဲခြားနိုင်ဘဲ လူညွန့်တုံးမည်စိုး၍ ဖြတ်သင့်ပါသည်။
ကျွန်တော်တို့ကျန်းမာရေးအသိပညာ ဖြန့်ဖြူးကြရသူများအတွက် တိကျသည့်အဖြေကို ဖော်ထုတ်ရန်အတွက် မည်သည့်အရာကို ဖြတ်မှာလဲ (What) နှင့် တစ်တွဲတည်း စဉ်းစားပေး ရမည့်အချက်မှာ မည်သည့်အကြောင်းကြောင့် (Why) ဟူသော အချက်ပင် ဖြစ်ပါသည်။
ကွမ်းစွဲပုံနှင့် အရက်စွဲပုံမတူ။
ဆေးလိပ်စွဲပုံနှင့် စိတ်ကြွဆေး စွဲပုံမတူ။
သို့ဖြစ်၍ ကွမ်း၊ ဆေးလိပ်၊ အရက်၊ စိတ်ကြွဆေး စသည်တို့ကို ဖြတ်ရန် တူညီသောဆေးနည်း မရှိပါ။ ဆေးစွဲ၊ အရက်စွဲ၊ ကွမ်းစွဲသူ အတော်များများကမူ တစ်ခုနှင့်တစ်ခု အစားထိုး၍ဖြတ်ဖို့ ကြိုးစားကြရပါသည်။
အရက်သောက်တတ်သူကလည်း အရက်နံ့ မထွက်စေရန် ကွမ်းတွေမြုံ့၍ နေတတ်၏။ ကွမ်းစွဲ နေသူကလည်း သကြားလုံးငုံ၍ ကွမ်းအစားထိုး ဖြတ်ကြည့်ကြ၏။ အချိုမှုန့်စွဲသူလည်း ဟင်းထဲ တွင် သကြားခပ်၍ ဖြတ်ကြ၏။ ဆေးလိပ်စွဲသူကလည်း ဆေးလိပ်မှ အဓိကရသည့် နီကိုတင်း ဆေးဆီကို ပလတ်စတာလိုလုပ်၍ ဖြတ်ကြ၏။
“ဖြတ်သော်လည်း မပြတ်ပါ” ဟု ဆိုလာသူများအတွက်မူ နဂိုကတည်းက “ဘာ့ကြောင့် ဖြတ်ရ သည်” (Why?) ဟူသော အမေးအတွက် အဖြေမရှင်း၊ အဖြေမပြတ်သားသည့်အတွက် ပြတ်သား စွာဖြတ်ရန် ခက်နေတော့၏။
စျေးကွက်ကြီးတစ်ခုရှိလာ
ဆေးရွက်ကြီးထွက်ပစ္စည်းများ စွဲလမ်းစွာ သုံးဆောင်နေမှု၊ အရက်နှင့် မူးယစ်ဆေးဝါးများ သုံးစွဲနေမှုအားလုံးမှာ တစ်ကမ္ဘာလုံးတွင် ကြုံတွေ့နေရသော ပြဿနာ ဖြစ်ပါသည်။ ဘိန်းဖြူ၊ ဆေးခြောက် စသည်တို့မှာမူ အာရှတိုက်၏ ထွက်ကုန်ကဲ့သို့ဖြစ်နေ၍ အရှေ့တိုင်းသားတို့၏ အရည်အသွေးကို နိမ့်ကျအောင်ပြုလုပ်၍ ဘိန်းစစ်ပွဲ ဆင်နွှဲခဲ့သည့် သာဓကများ ရှိခဲ့၏။ နောင်အခါတွင်မူ လက်နက်ဝယ်ဖို့ ငွေရရန်အတွက် ထုတ်လုပ်ရောင်းဝယ်ခဲ့သော မူးယစ်ဆေးဝါး များမှာ ရွှေတြိဂံဒေသသို့ပင် ရောက်ရှိလာခဲ့လေ သည်။ ထို့ထက် ပို၍လွယ်ကူသော ထုတ်ကုန်အဖြစ် ကုန်ကြမ်းအလွယ်တကူရကာ ဆေးပြားရိုက်စက်ကောင်းတွေ ရှိရုံနှင့် စိတ်ကြွဆေးများ ထုတ်လုပ်ကာ အရေအတွက် သန်းပေါင်းများစွာ ထုတ်ကုန်အဖြစ် ထွက်ရှိနေသော ဈေးကွက် ကြီးတစ်ခုရှိလာသဖြင့် လူငယ်တို့အတွက် ဈေးပေါပေါနှင့် အလွယ်တကူရနိုင်သော မူးယစ်ဆေးဝါးများ ဖြစ်လာလေသည်။
အသုံးချင်းကွာ
“ယာဘ”ခေါ် မြင်းဆေးများ၏ အသုံး၊ ခေါင်းခါ ဆေးခေါ် ဆေးများ၏ အသုံးကအစ ဓာတုဆေးဝါးများ၏ အာနိသင်များအလိုက် အသုံးချနေကြသူများ ရှိသလို “ခိုင်နီး”ခေါ် “ငုံဆေး” မှစကာ ဆေးစပ် ကွမ်းယာများအဆုံး အသုံးချင်းကွာပေသည်။ အဝတ်လျှော်သောသူများမှာ အလုပ်မပျက် ခိုင်နီး ငုံဆေးငုံပြီး အလုပ်လုပ်ရင်းနှင့် လျှာတွေ၊ ပါးတွေ ပေါက်ကုန်သည်အထိကို ဖြစ်ပါ၏။ ကွမ်းကလေး တမြုံ့မြုံ့စားရုံနှင့် ပါးပေါက်ထွက်ကာ လျှာ၊ ခံတွင်း နှင့် မေးရိုးကင်ဆာများ ဖြစ်လာကြသည်ကိုလည်း ချောက်ချားစွာ တွေ့ကြရ၏။
အနောက်တိုင်းတွင်မူ စီးကရက်ကြောင့် ကင်ဆာရောဂါအမျိုးမျိုးဖြစ်နိုင်ကြောင်း သိပ္ပံ နည်းကျ အခိုင်အလုံတွေ့လာသဖြင့် ဆေးလိပ် တိုက်ဖျက်ရေးအတွက် ကမ္ဘာအနှံ့ ကြိုးစားလာ ကြခြင်းဖြစ်ပါသည်။ စီးကရက်ဆေးစပ်ရာတွင်ပင် တမင်စွဲလမ်းအောင် လုပ်ထားပါသည်ဟု သက်သေပြနိုင်ကြသော်လည်း မဟုတ်ကြောင်း ငြင်းဆိုနေသော ဆေးလိပ်ကုမ္ပဏီများလည်း ရှိနေဆဲဖြစ်ပါ သည်။
လူငယ်တို့ အားကျအတုခိုး မော်ဒယ်များ၏ အပြုအမူသည် လူငယ်ထုကို လွှမ်းမိုးခဲ့ပါသည်။ မာလ်ဘိုရို(Marlboro) စီးကရက် ကြော်ငြာရာတွင် အမေရိကန် နွားကျောင်းသား (Cowboy) စတိုင်နှင့် စီးကရက်သောက်ပြသူမှာ (Marlboro Man) အဖြစ် ကမ္ဘာကျော် ဖြစ်သွားခဲ့၏။ ကံအားလျော်စွာ သူနှင့် ကျွန်တော် တွေ့ဆုံအင်တာဗျူးခွင့်ရ၏။ ထိုအချိန် တွင် သူ့ခမျာ အဆုတ်ကင်ဆာရောဂါကြောင့် အဆုတ်တစ်ခြမ်း ထုတ်ပစ်ခံခဲ့ရပြီး ဖြစ်ပါသည်။
“ကျွန်တော် မသေခင် လူငယ်တွေကို ကိုယ်တိုင် မြင်စေချင်လို့ လာခဲ့တာပါ။ စီးကရက်သောက် လို့ ကျွန်တော်ကင်ဆာဖြစ်ပြီး သေရတော့မယ်။ ကျွန်တော့်လို ကင်ဆာဖြစ်ပြီး သေဖို့ တစ်ကမ္ဘာ လုံးက လူငယ်လူကြီးအများအပြားကို ဆွဲဆောင်ခဲ့တဲ့အပြစ်က ကြီးမားလှပါတယ်”
ဤသို့ “မာလ်ဘိုရိုမင်းသား”က ကျွန်တော့်အား ဖွင့်ဟဝန်ခံခဲ့ပါသည်။ သူမည်မျှ ပညာပေးပေး ဆေး လိပ် စီးကရက်သောက်သူများက ရပ်မသွားပါ။ ဥပဒေတွေ ဘယ်လောက်ထုတ်ထုတ် ဆေးလိပ်သောက်သူတွေက တိုး၍တိုး၍ လာပါသည်။ ပိုးဆိုးသည်က အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဆေးလိပ်သောက်နှုန်း ပို၍ပို၍ တိုးလာခြင်းပင်ဖြစ် ပါသည်။ မြန်မာပြည်တွင်လည်း ထူးခြားစွာ အရက်၊ စီးကရက်၊ ကွမ်းယာ သုံးစွဲလာသော အမျိုးသမီးများ အရှိန်အဟုန်ဖြင့် တိုးပွားလာ နေခြင်းကို တွေ့နိုင်ပါသည်။
နဂိုကတည်းကမှ အာဟာရချို့တဲ့ခြင်း၊ အသိ ပညာမရှိသဖြင့် မျှတသော အာဟာရကို မရွေးချယ် တတ်ခြင်း၊ အိမ်တွင်းမှု အတတ်ပညာတွေ ခေါင်းပါးလာသဖြင့် အစားအစာများကို ကျန်းမာရေး နှင့်ညီစွာ ချက်ပြုတ်စားသောက်မှု မပြုတတ်တော့ခြင်း၊ ဈေးကွက်ထဲမှာ အစာတု၊ အစာယောင်၊ အစာလိမ်များ ပေါများလာခြင်း စသော အကြောင်းရင်းများကြောင့် ငွေကုန်သလောက် အာဟာရ မသုံးဆောင်ရ တော့ခြင်းများ ရှိနေလျက်က ကွမ်းယာ၊ စီးကရက် အစရှိသည့် စွဲလမ်းစရာများကို သုံးဆောင်ရင်း မွေးလာမည့် မျိုးဆက်သစ်များ၏ ကိုယ်ရောစိတ်ပါ ကျန်းမာမှုကို မျှော်လင့်ရန် ခက်ခဲလျက်ရှိပါတော့သည်။
စီးကရက်၊ အရက်များကို တွင်ကျယ်စွာကြော်ငြာ
မာလ်ဘိုရိုစီးကရက် မင်းသားတို့ခေတ်က ပိုစတာ၊ ရုပ်ရှင်ကြော်ငြာများသာ ရှိပါ၏။ နောက်ပိုင်းတွင် ရုပ်မြင်သံကြား ကြော်ငြာအမျိုးမျိုးဖြင့် စီးကရက်၊ အရက်များကို တွင်ကျယ်စွာ ကြော်ငြာခဲ့ကြပါသည်။ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်တွင် မမြင်ချင်အဆုံး ကြော်ငြာအမျိုးမျိုး ထွက်သည်။ မြန်မာပြည်တွင် မည်သည့်နေရာမှ ရှာမတွေ့ရသော စီးကရက် တစ်မျိုးကိုပင် ရုပ်/သံထဲတွင် ကြော်ငြာနေသည်ကို တွေ့ရဖူး၏။
ကျွန်တော်တို့မှာ ဌာနလုပ်ငန်းအနေဖြင့် လူတို့စွဲလမ်းနေသည့် ဆေးလိပ်၊ စီးကရက်များ အကြောင်းကို ဈေးကွက်ထဲတွင် လေ့လာ၍ မှတ်တမ်းတင်ထားရပါသည်။ “ကွမ်းဓလေ့” ဟု ခေါ်ဝေါ်ခဲ့ဖူးသော ဓလေ့ထုံးစံများ၊ ပြောင်းဖူး ဖက်လိပ်မှသည် မြန်မာဆေးပေါ့လိပ် လုပ်ပုံများကို လေ့လာရ၏။ ဆေးပြင်းလိပ်များ၏ ပြည်တွင်း ပြည်ပဈေးကွက်များကိုလည်း လေ့လာရ၏။ နာမည်ကြီးအရက် များမှသည် ချက်အရက်ချက်ပုံချက်နည်းအထိ လေ့လာရ၏။ မလေ့လာရဲ သည်မှာ ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေးတို့၏ ကွင်းဆက် (Supply Chain) ပင်ဖြစ်ပါသည်။ သွယ်ဝိုက်သောနည်းဖြင့် ဆေးစွဲနေသော သူများမှတစ်ဆင့် မှတ်သားနာယူ ရသည်။ ဤသို့ဖြင့် မည်သည့်အရာများကို စွဲလမ်း နေပါသနည်း (What?) သုံး၍ အဖြေကိုရ၏။
(Why?) ဘာကြောင့် စွဲလမ်းရသည်ဆိုသော အချက်ကို စူးစိုက်ရှာဖွေနိုင်သည်နှင့်အမျှ ဖြေရှင်းနည်း (How?) ကို ကြံဆနိုင်ဖို့ နီးစပ်၏။ သို့သော် ပညာတတ်အများစုနှင့် ပညာသင် အများစုမှာ “ဘာတွေ ဖြစ်နေသလဲ”၊ “ဘာ့ကြောင့်လဲ” ဆိုသည့် အမေးကို ဖြေနိုင်ရုံလေ့လာပြီး ကျေနပ်သွားကြလေ သည်။ ကျွန်တော်၏ တပည့်များကိုလည်း ဘွဲ့ယူရန် စာတမ်းပြုစုသောအခါ အဖြေရလွယ်သော သုတေ သနစာတမ်းများ ပြုစုရန် အားသန်ကြလေသည်။ ဗဟုသုတ (Knowledge) မည်မျှရှိသလဲ။ သဘော ထားခံယူချက် (Attitude) တွေကို ဘယ်လို ဖော်ထုတ်မလဲ၊ လက်တွေ့ဆောင်ရွက်မှု (Practice)တွေ လေ့လာမှတ်တမ်းပြုစုခြင်း (K.A.P) နေရာတွင် ရပ်တန့်၍သွားတော့သည်။
ရေသောက်မြစ်ကိုဖြတ်မှ
လူ့ဘဝတွင် အရေးကြီးဆုံးအချက်က ကြုံတွေ့လာရသော ပြဿနာပေါင်း သောင်းခြောက် ထောင်ကို မည်သို့ပြေလည်အောင် ဖြေရှင်းမည်နည်းဆိုသည့် “ပညာ” ဖြစ်နေသည်။ Problem Solving Approach) ခေါ် ပြဿနာဖြေရှင်းရန် ချဉ်းကပ် ဆောင်ရွက်မှု ပင် ဖြစ်ပါသည်။ ဥပမာအနေဖြင့် ပြဿနာသစ်ပင် (Problem Tree) အဖြစ် အသွင်ဆောင်လျှင် အပွင့်အရွက်၊ ကိုင်းဖျားကိုင်းနားရှိ ပြဿနာများကို ဖြတ်တောက်ခြင်း၊ ပင်စည်ကို ခုတ်လှဲခြင်းများဖြင့် မဖြေရှင်းနိုင်။ ပြဿနာ အရင်းအမြစ် (Root Cause) ကို ရှာဖွေဖြတ်တောက်မှ သာ ရှင်းနိုင်ပါမည်။ မူးယစ်ဆေးဝါးကစ၍ ကွမ်းယာ အဆုံး အမြစ်ကို မနုတ်နိုင်လျှင် သံသရာ လည်နေမည် ဖြစ်ပါသည်။ မြစ်သိမ် မြစ်မြွှာမဟုတ် ရေသောက် မြစ်ကိုဖြတ်မှ။
ဗုဒ္ဓမြတ်စွာဘုရားကမူ ပြဿနာ၏ ရင်းမြစ် တရားခံသည် “တဏှာ” ဟု ထင်ရှားစွာ ရှာဖွေ ထုတ်ဖော်ဖြတ်တောက်ကာ သံသရာမှ လွတ်မြောက် သွားခဲ့ပါ၏။ ပါဠိဘာသာဖြင့် တဏှာကို အင်္ဂလိပ်လို (Desire) (Lust) (Excessive Craving) စသည်ဖြင့် အဓိပ္ပာယ် ပြန်ပါသည်။ “အငမ်းမရ ဖြစ်လောက်အောင် မက်မောတောင့်တသည်” ဆိုသော အရာများမှာ ဆေးလိပ်၊ ကွမ်းယာ၊ အရက်၊ စိတ်ကြွ ဆေးမှစ၍ ဘဝကို တွယ်တာသော “ဘဝတဏှာ” အထိ မဖြတ်နိုင်သူချင်းအတူတူ ပြောရခက်၊ ပညာ ပေးရခက်ပါသည်။
“စွဲလမ်းမှုမှန်သမျှ ဖြတ်တောက်ပါ” ဟူသော စကားသည် သစ္စာစကား၊ အမှန်တရားပင်ဖြစ်ပါ သည်။ ကျွန်တော်တို့ စဉ်းစား နေချိန်တွင် မမှန်စကားများကို တွင်ကျယ်စွာ ဖြန့်ဖြူးသူများက ချမ်းသာသွား၏။ ကိုဗစ်-၁၉ ကပ်ရောဂါ စဖြစ် သည်ဆိုကတည်းက မမှန်စကား ကူးစက်ရောဂါ (Infodemic) က ပို၍ ကူးစက်ပျံ့နှံ့၏။ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထုတ်လာသောအခါ ဆေးမထိုးကြဖို့၊ ဆေးတွေကို မယုံကြဖို့ (Anti-Vaxx Industry) ခေါ် ကောလာဟလ သတင်းမှား ဖြန့်ချိကြသူတို့က ပို၍ခရီးရောက်ရုံမက ကျွန်တော်တို့ လုံးဝမထင်ထားသော စီးပွားကြီးများ ဖြစ်ထွန်းနေလေသည်။
သူတို့၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၄ ဒသမ ၅ ထရီလီယံ ဒေါ်လာရှိပါ၏။ နှစ်စဉ် အကျိုးအမြတ် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံခန့် ရရှိနေကြလေပြီ။ ခက်၏။
ဆရာမဲဇာ