Skip to main content

အမျိုးသားစာပေဆုရှင်တို့၏ ရင်တွင်းစကားများ

8

ရန်ကုန် နိုဝင်ဘာ ၁၃

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီသည် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး ကြိုးပမ်းရေးသား ပြုစုခဲ့သူများအား လေးစားအသိအမှတ်ပြုသောအားဖြင့် ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသား စာပေဆုရရှိသော စာရေးဆရာ၊ စာရေးဆရာမကြီးများအား မြန်မာ့အလင်းက ဆက်လက်တွေ့ဆုံမေးမြန်းမှုကို ဖော်ပြအပ်ပါသည် -

Aye Phyu အင်္ဂလိပ်ဘာသာ (ရသ) ဆု

နေပြည်တော်ကို ပြောင်းလာတဲ့ ၂၀၀၆ ခုနှစ်ကစပြီး စာသင်တဲ့အလုပ်ကို လုံးဝစွန့်လွှတ်ပြီး စာတွေစရေးခဲ့တာပါ။ လူသေပေမယ့် နာမည်မသေစေနဲ့ဆိုပြီး စာကောင်းပေကောင်းတွေ ရေးစမ်းပါလို့ အမြဲအားပေးတိုက်တွန်းခဲ့တဲ့ ခင်ပွန်းသည်ရဲ့ စကားနဲ့ စာကိုစခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ်မှာ ဆောင်းပါးပေါင်းချုပ် မြန်မာဘာသာနဲ့တစ်အုပ်၊ အင်္ဂလိပ်ဘာသာနဲ့ တစ်အုပ် ထုတ်ဝေနိုင်ဖို့ ရည်ရွယ်ခဲ့တာမှာ ကိုဗစ်အန္တရာယ် အရေးကြီးနေတဲ့အချိန် စာအုပ်နှစ်မျိုးလုံး ထုတ်ဝေဖြစ်အောင် အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့သူများ ကို ကျေးဇူးတင်ပါတယ်။ ဒီစာအုပ်ရေး စဉ်က ဆုရဖို့ရည်ရွယ်ပြီးရေးခဲ့တာ မဟုတ်ပေမယ့် နိုင်ငံတော်နဲ့ အကဲဖြတ်ဆရာကြီးများက အသိအမှတ်ပြုပေးခဲ့လို့ အထူးပင် ဝမ်းသာကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ စာရေးတိုင်း လူငယ်တွေအတွက် သင်ခန်းစာယူနိုင်ဖို့၊ မှတ်သားစရာကျန်ခဲ့ဖို့ ရည်ရွယ်ပြီး ရေးဖြစ်တာ ဖြစ်ပါတယ်။ ဖတ်ဖူးသူတွေသိမှာပါ။ နည်းပညာခေတ်မှာ ကြီးပြင်းလာတဲ့ လူငယ်များအတွက် အလေးအနက် မှာကြားချင်တာကတော့ မိမိရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အချည်း အနှီး ဖြုန်းသုံး ကုန်ဆုံးမနေကြဖို့ပါပဲ။ ရှာဖွေလေတွေ့ရှိလေဆိုသလိုမျိုး အသုံးချစရာ အရင်းအမြစ်မျိုးစုံ ပေါများပြီး လက်တစ်ကမ်းမှာ ရှိနေတာကိုသုံးကြပါ။ အသိပညာတွေ ဉာဏ်ရည်ဗဟုသုတတွေ ပြည့်သည်ထက် ပြည့်အောင်ဖြည့်ဆည်းကြပါလို့ မှာကြားချင်ပါတယ်။ ယခု စာအုပ်အပါအဝင် အင်္ဂလိပ်-မြန်မာ  စာအုပ်ပေါင်း ၁၀ အုပ်ထုတ်ဝေပြီး မြန်မာဘာသာနဲ့ ဆရာဝန်တင်ရွှေ ဆုတစ်ဆုနဲ့  ထွန်းဖောင်ဒေးရှင်း စာပေဆု တစ်ဆုရခဲ့ပြီး အင်္ဂလိပ်ဘာသာနဲ့က ထွန်းဖောင်  ဒေးရှင်းစာပေဆုရခဲ့ပြီး ဖြစ်ပါတယ်။ ယခုလိုအသိအမှတ်ပြုပေးတဲ့ တာဝန်ရှိ ဆရာကြီးများ အားလုံး ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ သင်ဆရာ မြင်ဆရာကြား ဆရာများနဲ့တကွ ကျေးဇူးတင်ထိုက်သူ အားလုံးကို အလေးအနက် ဂါရဝပြုအပ်ပါတယ်။

ဆရာမကြီး ဒေါ်ခင်အေးကျင်(ခေါ်) ဒေါ်အေးအေး (Aye Phyu) သည် မွန်ပြည်နယ် ဘီးလင်းမြို့ တွင် ၁၉၄၇ ခုနှစ်၌ မွေးဖွားခဲ့သည်။ မွေးချင်း ၁၁ ယောက်တွင် တတိယမြောက်ဖြစ်ပြီး သထုံမြို့ ဘီစီကျောင်း ယခုအလက(၁)နှင့် အထက(၁) ကျောင်းများ၌ ပညာ သင်ကြားခဲ့ပြီး မော်လမြိုင် ကောလိပ်မှ ဥပစာတန်းအောင်မြင်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် စီးပွားရေးတက္ကသိုလ်မှ B.Com (Acounting)ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၇ ခုနှစ် R.A စာမေးပွဲတွင် ရွှေတံဆိပ်ရရှိ အောင်မြင်ခဲ့ သည်။ ၁၉၇၄ ခုနှစ်တွင် M.Com ဘွဲ့တို့ကို ရရှိခဲ့သည်။ ၁၉၆၆ ခုနှစ်မှ ၁၉၉၀ ပြည့် နှစ်ထိ ပညာရေးတက္ကသိုလ်နှင့် စီးပွားရေး တက္ကသိုလ်များတွင် နည်းပြ၊ လက်ထောက်ကထိက၊ ကထိကအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၂ ခုနှစ်အထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း (ISY) တွင် ဆရာမအဖြစ် ဆောင်ရွက်ခဲ့ သည်။ ၂၀၂၀ ပြည့်နှစ် အမျိုးသား စာပေဆုများအနက် အင်္ဂလိပ်ဘာသာ (ရသ)ဆုကို Aye Phyu ကလောင်အမည်ဖြင့် ရေးသားခဲ့သည့် A Motley Collection of My Works 0932869 ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ ဆရာမကြီးသည် ယခုအခါ မိသားစုနှင့်အတူ နေပြည်တော်တွင် နေထိုင် လျက်ရှိသည်။

ချစ်စုအောင် ကဗျာ(ဂန္ထဝင်)ဆု

ဒီဆုကြီးဟာ ကျွန်တော်ငယ်စဉ်ကတည်းက စိတ်ကူးယဉ် အိပ်မက်မက်ခဲ့ရတဲ့ ဆုကြီးပါ။ နိုင်ငံတော်က ချီးမြှင့်တဲ့ဆုဆိုတော့ အသိအမှတ်ပြုပေးတဲ့အတွက် အတိုင်းထက်အလွန် ဝမ်းသာပီတိဖြစ်ရပါတယ်။ ၁၉၆၈ ခုနှစ်လောက် ကျွန်တော် ကိုးတန်း စတက်တော့ “အထက်တန်း ကဗျာလက်ရွေးစင်” ဆိုပြီး ကျောင်းသုံးပြဋ္ဌာန်းတဲ့ကဗျာတွေ စသင်ရတယ်။ ကဗျာတွေကလည်း အကုန်ကောင်း၊ မြန်မာစာဆရာတွေကလည်း အသင်အပြကောင်းတော့ အဲဒီမှာတင် ကဗျာကို စပြီး စွဲလမ်းသွားတာ။ ကျွန်တော် ကဗျာလေးတွေ အတုမြင်အတတ်သင် စမ်းရေးနေတာ ကိုတွေ့တော့ ကျွန်တော့်အဖေ (ဦးထွန်းအောင်၊ ခရိုင်ပညာဝန်ငြိမ်း)က သံပေါက်ကဗျာ ရေးနည်းလေး စသင်ပေးတယ်။ နောက်ကျွန်တော်တို့ရဲ့ မြန်မာစာဆရာ ဦးသန်းဆွေ (ကဗျာ ဆရာကြီး ဆွေသန်း)က လေးလုံးစပ်နဲ့ အချိုးကဗျာရေးနည်းတွေ သင်ပေးတယ်။ ဒီလိုနဲ့ ကဗျာလေးတွေ စမ်းရေးရင်း ဝါသနာက ခိုင်မာသွားတာ။ လူငယ်ဆိုတော့ ငါကြီးရင် ကဗျာဆရာ လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချဖြစ်ခဲ့တာ။ တကယ်လည်း ဘဝကို ကဗျာတွေနဲ့ ဖြတ်သန်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေက ကဗျာကို ချစ်တဲ့လူမျိုးပါ။ "လူလေးရယ်ငို ဖမ်းလို့ပေး”နဲ့ ကလေးဘဝ ဖြတ်သန်းခဲ့တာ။ “အပြန်တစ်ရာကောင်းတဲ့ သံပုရာပေါင်းတွေ” “အသေ အလဲ ကောင်းတဲ့ ရေခဲချောင်းတွေ” တဲ့။ “ဈေးသည်လေးရဲ့ ပါးစပ်ဖျားမှာ ကဗျာ ရှိတယ်” “ဘာကြောင့်ရပ်ရပ် လမ်းဘေး ချရပ်” တဲ့။ လမ်းဘေးဆိုင်းဘုတ်မှာလဲ ကဗျာရှိတယ်။ ဇာတ်ပွဲသွားကြည့်မယ်ဆိုလည်း ကဗျာကို ခွန်းထောက်တွေ၊ ငိုချင်းတွေ၊ ဆိုင်းဆင့် ဇာတ်စကား တွေအဖြစ် တွေ့ရမှာပါ။ နောက်ဆုံးဘုရရာရှိခိုး ရင်တောင်မှ “ရိုသေမြတ်နိုးတော်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ "တဲ့ဒါလည်း ကဗျာပဲဗျ။ ကျွန်တော်တို့ လူမျိုးတချို့ လည်း ချစ်မှန်းသိသိ၊ တချို့ကလည်း ချစ် မှန်းမသိ ကဗျာကို ချစ်ကြတာ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ စာဖတ် ပရိသတ်ကို သတင်းစကားပါးချင်တာ က ကဗျာကိုက်ချစ်ပါလို့။ ကျွန်တော် ၁၅ နှစ်သား ကျောင်းသားဘဝမှာ ကြက် ခြေနီစာစောင်တို့၊ ယုဝတီဂျာနယ်တို့မှာ ကဗျာလေးတွေ စရေးခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာ ပညာတန်ဆောင်မဂ္ဂဇင်းမှာ စတင်ဖော်ပြခံရပါတယ်။ ၁၉၈၂ ခုနှစ်မှာ မြဝတီ၊ ငွေတာရီမဂ္ဂဇင်းကြီးတွေ ကဗျာတွေ ရွေးချယ်ဖော်ပြခံရပါတယ်။ ၁၉၈၇ ခုနှစ်ကျတော့ ရန်ကုန်ပန်တျာကျောင်းမှာ ကဗျာနည်းပြအဖြစ် တာဝန်ထမ်းဆောင်ရပါတယ်။ အဲဒီတုန်းက ကျွန်တော် ကဗျာ သင်ပေးခဲ့တဲ့ တပည့်လေးတွေဟာ အခုဆို ဗီဒီယို၊ ရုပ်ရှင်၊ သဘင်လောကမှာ အောင်မြင်နေကြပါပြီ။ ကျွန်တော်သင်ပေးခဲ့တဲ့ ကဗျာတွေဟာ သူတို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာထိ အထောက်အပံ့ဖြစ်ခဲ့တယ်ဆိုတာ သူတို့ကိုယ်တိုင်လည်း သဘောပေါက်ကြပါတယ်။ ၁၉၉၁ ခုနှစ်ကစပြီး အနုပညာဦးစီးဌာန၊ မန္တလေးဌဌာနခွဲမှာ ဦးစီးအရာရှိ အဆင့်ကနေ ညွှန်ကြားရေးမှူး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ရာထူးသာ အဆင့်ဆင့်ပြောင်းသွားတာ ဇာတ်သဘင်နဲ့ပတ်သက်တဲ့ ကဗျာလင်္ကာ တေးသီချင်းတွေကို နှစ်ပေါင်း ၂၀ လောက် စဉ်ဆက်မပြတ် ရေးဖွဲ့ပေးခဲ့ရပါတယ်။ ဗဟိုအဆင့် ဆို၊ က၊ ရေး၊ တီး၊ ပြိုင်ပွဲများမှလည်း အရေး၊ ပြဇာတ်နဲ့ ဇာတ်ညွှန်းအကဲဖြတ် တာဝန်ကျေပွန်စွာ ထမ်းဆောင် ခဲ့ပါတယ်။ စာနယ်ဇင်းများစွာ မှာလည်း ယနေ့အထိ ကဗျာ၊ ဝတ္ထု ဆောင်းပါး အပုဒ် ၃ဝ ခန့် ရေးသားခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာန ပါမောက္ခရာထူးမှ အငြိမ်းစားယူခဲ့ပေမယ့် ကဗျာနဲ့ အနုပညာကိုတော့ ယနေ့အထိ အငြိမ်းစားမယူဘဲ တာဝန်ထမ်းဆောင်နေကြောင်း ပြောလိုပါတယ်။

ကဗျာရေးတဲ့အပိုင်းမှာ အဓိက နှစ်ချက်ရှိပါတယ်၊ အတ္တအလင်္ကာရ အကြောင်းအရာနဲ့ သဒ္ဒအလင်္ကာရ အသံကာရန်ပေါ့။ အကြောင်းအရာက သနားစရာဆိုရင် စိတ်ထဲမှာ သနားပြီး ပျော်စရာဆိုရင်လည်း ရေးနေတုန်းမှာ စိတ်က ပျော်နေတာမျိုး။ ကိုယ်ခံစားတဲ့ ရသကို ကဗျာဖတ်သူတွေ ခံစားနိုင်ပါ စေဆိုပြီး မျှဝေပေးချင်တဲ့ စေတနာက လည်း တဖွားဖွားနဲ့ ကြည်နူးကျေနပ်နေ မိတာပေါ့။ အဲဒါကဗျာဆရာရဲ့ဘ၀အရသာလို့ ဆိုချင်ပါတယ်။

ဆရာဦးစုအောင် (ချစ်စုအောင်) ကို ချောက်မြို့နယ်၌ ၁၉၅၃ ခုနှစ်တွင် အဘ ဦးထွန်းအောင်၊ အမိဒေါ်စုစုတို့က မွေးဖွားသည်။ ၁၉၈၀ ပြည့်နှစ်တွင် ဝိဇ္ဇာဘွဲ့ (မြန်မာစာ)ရရှိခဲ့သည်။ ၁၉၇၅ ခုနှစ်မှ ၁၉၈၇ အထိ ရန်ကုန်ပန်ကျောင်း တွင် ကဗျာနည်းပြအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနတွင် ထမ်းဆောင်ခဲ့ သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)တွင် ရုပ်ရှင်နှင့် ပြဇာတ်၊ ၂၀၁၃ ခုနှစ်တွင် ဂုဏ်ထူးဆော် မဟာဝိဇ္ဇာဘွဲ့ (ရုပ်ရှင်၊ ပြဇာတ်) ချီးမြှင့်ခြင်း ခံရသည်။ ၂ဝ၂ဝ ပြည့်နှစ် အမျိုးသား စာပေဆုကို “မြင်းမိုရ်စိတ်ကူး ကဗျာများ" စာအုပ်ဖြင့် ကဗျာ(ဂန္ထဝင်)ဆု ရွေးချယ်ခံရခြင်း ဖြစ်သည်။ ယခုအခါရာသည် မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီး မြို့နယ်တွင် နေထိုင်လျက်ရှိသည်။

တင်စိုး၊ ဓာတ်ပုံ-အာကာစိုး