Skip to main content

ဆရာကြီးမောင်ပေါ်ထွန်း - လင်းလက်တောက်ပဆဲ စာပေကြယ်ကြီးတစ်ပွင့်

ယမန်နေ့မှအဆက်

ဆရာကြီး၏ လက်ရာများအနက် “စာအုပ်ဟူသည်” စာအုပ်မှာ ကျွန်မတို့ စာတည်းများအတွက် လက်စွဲစာအုပ်သဖွယ် ကိုးကားအသုံးပြုရပါသည်။ “စာအုပ်ဟူသည်” စာအုပ်မှာ ဆရာ မောင်ပေါ်ထွန်းနှင့် ဆရာမောင်ဆုရှင်တို့ ပူးတွဲပြုစုသည့် စာအုပ်ဖြစ်ပြီး နိုင်ငံတကာစာအုပ်နှစ် (၁၉၇၂) အထိမ်းအမှတ် ထုတ်ဝေသည့်စာအုပ် ဖြစ်ပါသည်။ ဆရာဦးထင်ကြီး (တက္ကသိုလ်ထင်ကြီး) ထံမှရရှိသည့် နိုင်ငံတကာစာအုပ်နှစ် သတင်းလွှာနှင့် စာစောင်များကို ဖတ်ရှု၍ အကြံရရှိကာ ရေးသားသော စာအုပ် ဖြစ်သည်ဟု စာအုပ်အမှာစာတွင် ဖော်ပြ ထားပြီး စာအုပ်စာပေအပေါ် မြန်မာနှင့် နိုင်ငံတကာအနုပညာရှင်တို့၏ အဆို အမိန့်များနှင့်စာအုပ်၊ စာပေနှင့် စာရေး ဆရာတို့အကြောင်းကို စုံလင်စွာ စုဆောင်းတင်ပြထားသည့် စာအုပ် ဖြစ်သဖြင့် တန်ဖိုးကြီးမားလှပါသည်။

ယင်းစာအုပ် ထုတ်ဝေဖြစ်ပုံနှင့် စပ်လျဉ်း၍ “ဤစာအုပ်နှင့်ကျွန်တော်” ဟူ၍ အမှာရေးထားပုံ ကလေးမှာ နှစ်သက်စရာ ကောင်းလှပါသည်။ ဆရာသည် သူ၏အရာရှိဖြစ်သူ ဆရာ ဦးထင်ကြီး (တက္ကသိုလ်ထင်ကြီး)ထံ ရောက်စဉ် ဆရာဦးထင်ကြီး၏ စားပွဲပေါ်ရှိ နိုင်ငံတကာ စာအုပ်နှစ်ဆိုင်ရာ စာအုပ်စာတမ်းများကို တွေ့ရှိသည်။ ဆရာ ဦးထင်ကြီးမှာ နိုင်ငံတကာ စာအုပ်နှစ်ကျင်းပရေး ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ စာအုပ်နှစ် ဟောပြောပွဲကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သည်။ စာအုပ်များအတွင်းမှ နိုင်ငံတကာ စာအုပ်နှစ်အတွက် ယူနက်စကိုမှ ထုတ်ဝေသည့် သတင်းလွှာများ၏ ပထမစာမျက်နှာတိုင်းတွင် စာလုံးမည်းများဖြင့် ဘောင်ခတ်ဖော်ပြထားသည့် နိုင်ငံတကာမှ စာရေးဆရာကြီး များ၏အဆိုအမိန့် စာပိုဒ်များကို အာရုံစိုက်မိခဲ့သည်။ ဥပမာ အာရပ်စာပေလောကမှာ နာမည်ကြီး စာရေးဆရာ အီဂျစ်ပါမောက္ခ “တာဟားဟူစိန်” (Taha Hussein) ၏ ...

“ငါသည် သင့်အတွက် အဖိုးမဖြတ်နိုင်သော လက်ဆောင်မွန်တစ်ခုကို ဆောင်ယူခဲ့ပါသည်။ ထိုအရာသည် သင့်အား ပျော်ရွှင်ချမ်းမြေ့မှုနှင့် ကြီးစွာသောရောင့်ရဲနှစ်သိမ့်မှုကို ပေးပါလိမ့်မည်။ အဘယ်အရာဖြစ်ပါမည်နည်း။

“စာအုပ်ဖြစ်ပေ၏”

ဟူသော အဆို အမိန့်မျိုး။

ထို့ပြင် ဂျာမန်စာရေးဆရာကြီး ဖရန့်ကာဖကာ၏...

“စာအုပ်သည် ကျွန်ုပ်တို့၏ အဇ္ဈတ္တ သန္တာန်၌ကိန်းအောင်းနေသော အဝိဇ္ဇာ အစိုင်အခဲကို ဖြိုခွဲနိုင် သည့် ၀ရဇိန်လက်နက်ဖြစ်ပါစေသတည်း” စသည့် အဆိုအမိန့်မျိုးဖြစ်သည်။ စာအုပ် အပေါ်တွင် ပုဂ္ဂိုလ်တစ်မျိုး အမြင်တစ်မျိုးဖြင့် အနှစ်ချုပ်၍ သုံးသပ်တင်ပြထားကြသော စာရေးဆရာမျိုးစုံ၏ အဆိုအမိန့်များကို ဖတ်လိုက်ရသောအခါ စာအုပ်စာပေနှင့် ပတ်သက်လာလျှင် အငမ်းမရ ဖြစ်တတ်သော ကျွန်တော့်အဖို့ အကြီးအကျယ် နှစ်သိမ့်မိပါတော့သည်။

ထမင်းစားနေသူအား ကြက်သား  ဟင်းနှင့် ချဉ်ပေါင်ကြော်ကောင်းကြောင်း  အပြောခံရသလို ဝမ်းထဲအူထဲကပင်  တလှိုက်လှိုက် ဖြစ်မိပါသည်။ စာအုပ်ကို “သွေးကြိုက်” ၍ စာအုပ်နှင့်ထာဝစဉ် “ပျော်ပိုက်” နေသူအား စာအုပ် 'ကောင်း’ ကြောင်း ပြောလာလျှင် “ကိုယ့်မိန်းမ  ဟင်းချက်ကောင်း” ကြောင်း အပြောခံရသလိုပင် ‘အကြည်ဆိုက်’ မိမည် မဟုတ်ပါလား” ဟု အမှာစာတွင် ရေးသားဖော်ပြထားသည်။

ယင်းစာအုပ်တွင် မြန်မာစာရေးဆရာ များစွာက စာအုပ်စာပေဆိုင်ရာ မိမိကိုယ်ပိုင် အဆို အမိန့်များစွာကို ပါဝင် ရေးသားကြပါသည်။ ဆရာကြီးမောင်ပေါ်ထွန်းကလည်း “ကြက် တစ်ကောင် စာတစ်အုပ်” ဟူသည့် ခေါင်းစဉ်ဖြင့် ဖခင်ဖြစ်သူက သူ၏ စာဖတ်ခြင်းဝါသနာကို မြေတောင် မြှောက်အားပေးခဲ့ပုံကိုအောက်ပါအတိုင်း ရေးသားခဲ့ပါသည် -

“၁၂ နှစ်သားအရွယ် စာဖတ်ဝါသနာ ပျိုးစက ဖြစ်ပါသည်။

ကျွန်တော်တို့အရပ်တွင် ဖတ်စရာ  စာအုပ် ရှားလှ၏။

တစ်နေ့တွင် မိတ်ဆွေတစ်ယောက်က သူ့အဖေဖတ်သော နှစ်ပဲတန် “ ပဒ ကုသလ ဝတ္ထုဆန်း” စာအုပ်ရှိကြောင်း၊ ကြက်တစ်ကောင်ပေးလျှင်လဲမည်ဖြစ်ကြောင်း ပြောလာပါသည်။

ကျွန်တော်သည် အဖေမွေးထားသော ကြက်ဖကြီးကို အလစ်သုတ်သွားပြီး စာအုပ်နှင့် လဲလိုက်ပါသည်။

အဖေသိသွားသောအခါ ကျွန်တော့်ကို ပြုံးပြုံးကြီးစိုက်ကြည့်ရင်း “စာအုပ် မို့လို့ပေါ့ကွာ၊ တခြားပစ္စည်းနဲ့သာ လဲရင်တော့ မင်းတော့ သက်သာမှာ မဟုတ်ဘူး။ ငါ... လုပ်မိမှာပဲ” ဟု ပြောလိုက်ပါသည်။

ဤအကြောင်းကို ယခုရေးနေရင်း အဖေ့ကို ကျေးဇူးတင် ချစ်ခင်နေမိပါသည်။

စာအုပ်၏ တန်ဖိုးကိုလည်း တိုး၍ ရိုကျိုးယုံကြည်မိပါသည်။”

ဆရာကြီး မောင်ပေါ်ထွန်းရေးသားခဲ့သော “ကြက်တစ်ကောင် စာတစ်အုပ်"  အဆိုအမိန့်ကို ဖတ်ရှုပြီးနောက် ဆရာကြီးသည် ငယ်နုစဉ်ဘဝကတည်းကပင်  စာပေကို ဝါသနာပါလျက် တန်ဖိုးထားခဲ့ကြောင်း အထင်အရှား တွေ့မြင်ရပါသည်။

ဆရာသည် စာပေဗိမာန်တွင်  လက်နှိပ်စက်စာရေးအဖြစ် ၁၉၅၅ ခုနှစ်တွင် စတင်အလုပ်ဝင်ပြီး ၁၉၇၈ ခုနှစ်တွင် စာအုပ်အသင်း ကြီးကြပ်ရေးမှူးအဖြစ်မှ မိမိဆန္ဒအလျောက် အငြိမ်းစား ယူခဲ့သူဖြစ်သည်။ စာပေဗိမာန်တွင် သုတေသနဌာန၊ အရောင်းဌာန၊ စာတည်းဌာနနှင့် အုပ်ချုပ်မှုဌာနများတွင် ၂၃ နှစ်ကြာ အမှုထမ်းဆောင်ခဲ့ပြီး စာပေလောကတွင် “မောင်ပေါ်ထွန်း” ဟူသော ကလောင်တစ်ချောင်းကို ပိုင်ဆိုင်ရရှိခဲ့ သည့်အတွက် မိခင်စာပေဗိမာန်ကို ကျေးဇူးတင် ရှိသည်ဟု စာပေဗိမာန် နှစ် ၇၀ ပြည့် အထိမ်းအမှတ်စာစောင်၌ ရေးသားခဲ့သည့် “စာပေဗိမာန်သို့ သမင် လည်ပြန်” ဆောင်းပါးတွင် ဖော်ပြထားပါသည်။ စာပေဗိမာန်မှ အငြိမ်းစားယူပြီး သည့်နောက်ပိုင်း ယနေ့အချိန်အထိ ဆရာကြီးသည် ဘာသာပြန်စာအုပ်များ ဆက်တိုက် ဘာသာ ပြန်ဆိုရေးသား ထုတ်ဝေခဲ့ပါသည်။ ထို့ပြင် မျိုးဆက်သစ်  လူငယ်များအတွက် စာပေဆိုင်ရာ၊  ဘာသာပြန်ဆိုင်ရာ ဗဟုသုတများ ဖြန့်ဝေခြင်း၊ မြန်မာစာပေဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ကူညီခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။  ဆရာကြီးသည်အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေးကော်မတီတွင်ကော်မတီဝင် အဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ' အဖြစ် လည်းကောင်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

ဆရာကြီးနှင့် စာပေဆိုင်ရာ ကိစ္စများဖြင့် ရင်းနှီးတွေ့ဆုံခဲ့ရာတွင် ဆရာကြီးသည် တည်ငြိမ် အေးချမ်းမှုရှိသည့် ရုပ်ပုံလွှာဖြင့် စကားကို နူးညံ့သိမ်မွေ့စွာ ပြောဆိုတတ်သည်။ အချက်အလက် တိကျပိုင်နိုင်စွာ ဆွေးနွေးနိုင်သည်။ ပညာအရာ၊ ဉာဏ်ပညာ အရာတွင် ပလွှားမှုမရှိ၊ မာန်မာနမရှိ၊ နှိမ့်ချစွာ ဆက်ဆံတတ်သည်။ စကားကို မလိုအပ်ဘဲ အပိုမပြောတတ်။ မိမိကျရာ စာပေ တာဝန်ကို ပြည့်ဝစွာ ဆောင်ရွက်တတ်သည်။ ပညာပြည့်၀ နှလုံးလှသူတို့  အသွင်သဏ္ဌာန်မှာ လင်းလက်နေပါသည်။

စာပေဗိမာန် စာတည်းအဖွဲ့ဝင် တစ်ဦးအနေဖြင့် စာပေဗိမာန်မှ ဤမျှ ထင်ရှားအောင်မြင်သော စာရေး ဆရာကြီးတစ်ယောက် ပေါ်ထွန်းခဲ့သည်ဟူသော အတွေးဖြင့် အမြဲဂုဏ်ယူ  ဝမ်းမြောက်မိခဲ့ပါသည်။

ဆရာကြီးသည် ဇနီးဖြစ်သူဒေါ်ငြိမ်းရှင်နှင့် ၁၉၅၇ ခုနှစ်တွင် ထိမ်းမြားခဲ့ပြီး  သားသမီးငါးဦး ထွန်းကားခဲ့ပါသည်။ ယခုအခါ မိသားစုနှင့်အတူ အမှတ် ၃၄၉၊ ဇေယျာ ၈ လမ်း၊ ၁၀ ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်လျက် စာပေများ ရေးသားပြုစု လျက်ရှိပါသည်။

ယခုအခါ ဆရာကြီးသည် အသက် ၈၆ နှစ်အရွယ်ရှိပြီ ဖြစ်သော်လည်း ကျန်းမာရေး ကောင်းမွန် လျက်ရှိသည်။  လင်းလက်ဆဲ စာပေကြယ်တစ်ပွင့်ဖြစ်သော ဆရာကြီး မောင်ပေါ်ထွန်းကို နှစ်ပေါင်း ၁၀၀ ကျော်တိုင် ကျန်းမာပျော်ရွှင်စွာ စာပေဖြင့် မွေ့လျော်လျက် ရာပြည့်သဘင်ပွဲ ဆင်နွှဲခွင့်ရပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ဂါရဝတရားဖြင့် ဂုဏ်ပြုရေးသား လိုက်ရပါသည်။ ။

ကိုးကားသည့်စာအုပ်စာရင်း

၁။ ၂-၁၁-၂၀၁၅ ရက်ထုတ် ကြေးမုံ သတင်းစာ

၂။ ၂၀၁၄ ခုနှစ်အတွက် အမျိုးသားစာပေဆု လက်ကမ်းစာအုပ်၊ ၂၀၁၄၊ စာပေဗိမာန်

၃။ စာပေဗိမာန် နှစ် ၇ဝ ပြည့် အထိမ်းအမှတ်စာစောင်၊ ၂၀၁၇၊ စာပေ ဗိမာန်

၄။ စာအုပ်ဟူသည်။ မောင်ဆုရှင်၊ မောင်ပေါ်ထွန်း၊ ၁၉၇၂၊ စာပေလောကပုံနှိပ်တိုက်

၅။ ဆရာကြီးရေးသားခဲ့သည့် စာအုပ်များ

ယဉ်မင်းထွေး (စာပေဗိမာန်)