ကျောင်းမအပ်၊ ကျောင်းမတက်ရေး၊ လှုံ့ဆော်နေသူများသို့
နိုဝင်ဘာလ၁ရက်နေ့က အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ပါပြီ။ ကိုဗစ်-၁၉ ကြောင့် ကျောင်းတွေ ပိတ်ထားရတာလည်း လေးလကျော်ကြာခဲ့ပါတယ်။ ယခင်ကလည်း ၂၀၂၀ ပြည့်နှစ်ထဲမှာ ကိုဗစ်ဖြစ်လို့ တစ်နှစ်ကျော် ပိတ်ထားခဲ့ရပါတယ်။ ဒီကာလအတွင်းမှာ ကျောင်းသား ကျောင်းသူတွေရဲ့ နေ့စဉ်ဘဝတွေ ဘယ်လိုဖြတ်သန်းနေကြသလဲ၊ အနာဂတ်တွေဆိုတာ ဘယ်လိုဖြစ်လာမယ်ဆိုတာ မှန်းဆကြည့်လို့ ခက်ခဲခဲ့ပါတယ်။
ဒီဂယက်ကို တွေ့ကြုံခံစားခဲ့ကြ
တတ်နိုင်တဲ့သူတွေ၊ ငွေကြေးကြွယ်ဝပြည့်စုံတဲ့ သူတွေရဲ့ သားသမီးတွေကတော့ နိုင်ငံခြားပို့ပြီးကျောင်းတက်ကြ၊ အွန်လိုင်းကနေသင်ကြနဲ့ သားသမီးတွေရဲ့ အနာဂတ်ကို ဖန်တီးနိုင်ကြပါတယ်။ ဒါပေမယ့် အများစုသောသာ မန်မိသားစုတွေ အတွက်ကတော့ သားသမီးတွေရဲ့ ပညာရေးအနာဂတ်ဆိုတာ မရေရာမှုတွေနဲ့ ဖြတ်ကျော် နေကြရတာပါ။ ကိုဗစ် - ၁၉ကြောင့် ကျောင်းတွေ ပိတ်ထားရတာမို့ ကျန်းမာရေးနဲ့ ပညာရေးအကြား ကျန်းမာရေးကို ဦးစားပေးခဲ့ကြရပါ တယ်။ ကိုဗစ်ကြောင့် ကျောင်းတွေ ပိတ်ထားရတယ်ဆိုတာကလည်း မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာ မဟုတ်ပါဘူး။ ကမ္ဘာမှာ ကိုဗစ်-၁၉ ခံစားရတဲ့ နိုင်ငံတိုင်း ဖြစ်နေတာပါ။ ဒီတော့ ဒီဂယက်ကို လူအများစု တွေ့ကြုံခံစားခဲ့ကြရပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံဆိုတာ သူများနိုင်ငံတွေနဲ့ မတူညီတာတွေ အများကြီးပါ။ ဒီတော့ ပညာရေးဆိုတာ နိုင်ငံရဲ့အနာဂတ်ဖြစ်သလို ကျောင်းသားကျောင်းသူ လူငယ်လူရွယ်တွေရဲ့ အနာဂတ် လည်းဖြစ်ပါတယ်။ ပညာမတတ်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေ ဘယ်လိုဖြစ်လာ နိုင်သလဲဆိုတာ ထွေထွေထူးထူး ပြောစရာကိုမလိုပါဘူး။ ပညာတတ်တဲ့ လူငယ်လူရွယ်နဲ့ ပညာတတ်တဲ့ နိုင်ငံတွေရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် သိသာနိုင်တဲ့ အချက်ဖြစ်ပါတယ်။
သတင်းမီဒီယာကြီးတစ်ခုက ဖော်ပြထား
အခုလိုအချိန် နိုင်ငံအတွက် အခြေခံလိုအပ်ချက် ပညာရေးအတွက် ကျောင်းတွေဖွင့်လို့ ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းအပ်တာ၊ ကျောင်းတက်တာကို ကျောင်းမအပ်နှံဖို့၊ မတက်ရောက်ကြဖို့ အခြေခံပညာ ကျောင်းသားများရေးရာ အဖွဲ့ချုပ် (အ.က.ရ) က ပူးတွဲတိုက်တွန်း နှိုးဆော်ချက်ထုတ်ပြန်ကြောင်း သတင်းမီဒီယာကြီးတစ်ခုက ဖော်ပြထားတာ တွေ့ရပါတယ်။ အံ့သြလို့မဆုံးပါဘူး။ အဲဒါကို တချို့ သတင်းမီဒီယာတွေက ဖော်ပြပေးနေတာ တွေ့ရပါတယ်။ ဘယ်လိုရည်ရွယ်ချက်တွေ၊ မျှော်မှန်းချက်တွေ၊ စဉ်းစားဉာဏ်တွေနဲ့ ပြောကြ သလဲလို့ သိချင်မိပါတယ်။
ဒီနေရာမှာ နိုင်ငံရေးနဲ့ ပညာရေး ခွဲခြားမြင်ကြဖို့ လိုပါတယ်။ နေရာတကာ ကျားကျား မီးယပ်ဆိုတဲ့ အတွေးအခေါ်နဲ့ ကတော့ ဒီမိုကရေစီဆိုတာ အဝေးကြီးမှာပဲ ရှိနေပါလိမ့်ဦးမယ်။ ကျောင်းသားတွေကျောင်းတက်တာဟာ ဘယ်သူ့ကိုမှ အားပေးတာ မဟုတ်သလို ဘယ်သူ့ကိုမှ ဆန့်ကျင်တာ မဟုတ်ပါဘူး။ ကျောင်းသားက ကျောင်းသားအလုပ်လုပ် နေခြင်းပဲဖြစ်ပါတယ်။ နောက်ပြီး အခုကျောင်းတက်နေကြတဲ့ ကျောင်းသားလူငယ်တွေက အခြေခံပညာ ကျောင်းသား ကျောင်းသူလေးတွေပါ။ လူငယ်လေးတွေကို နိုင်ငံရေးအရောင်တွေ ဆိုးသင့်သလား၊ မဆိုးသင့်ဘူးလားဆိုတာ ကိုယ်ချင်းစာတရားနဲ့ ချင့်ချိန်စဉ်းစားကြစေချင်ပါတယ်။
ပညာသင်ကြားရေးဟာ အခြေခံလိုအပ်ချက်ဖြစ်
မနိုင် နိုင်ရာလုပ်ချင်လို့မြင်းကို သူတစ်နေကုန်စီးတာ သူ့လှေကို ငါတစ်နေကုန် ပြန်လှော်လိုက် မယ်ဆိုတာဟာ ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလား၊ လုပ်သင့်လား မလုပ်သင့်ဘူးလားနဲ့ ဖြစ်လာမယ့် အကျိုးဆက်ကို မစဉ်းစားတတ်တဲ့ နိမ့်ကျတဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်ပဲဖြစ်ပါ တယ်။ တကယ်ကို နိုင်ငံပြောင်းလဲစေချင်တယ်၊ တိုးတက်စေချင်တယ် ဆိုရင် ပညာတတ်တွေ၊ အတွေးအခေါ်မြင့်မားတဲ့ သူတွေ၊ တီထွင်ဖန်တီးသူတွေ၊ ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေး၊ ပြုစုပျိုးထောင်ပေးကြရမှာပါ။ ဒီလိုလူသားရင်းမြစ်တွေ မွေးထုတ်ဖို့ ပညာသင်ကြားရေးဟာ အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။
ကျောင်းသားတွေရဲ့ ပညာသင်ကြားရေးကို ဟန့်တားလို့၊ နှောင့်ယှက်လို့ ပညာရေး မျိုးဆက်တွေ ပြတ်သွားခဲ့ရင် နောင်ဖြစ်လာမယ့် ဆယ်စုနှစ် တွေမှာ ဘယ်လိုလူမျိုးတွေနဲ့ နိုင်ငံကိုခရီးဆက်ကြ မလဲဆိုတာ စဉ်းစားကြစေချင်ပါတယ်။ ကျောင်းသား လူငယ်တွေရဲ့ အသက်တွေဆိုတာ ရပ်ထားလို့ မရပါဘူး။ အခု ကျောင်းမတက်နဲ့ ကျောင်းမအပ်ဆိုရင် ဘယ်ပညာရေးကို သင်ရမလဲ။ ဘယ်သူတွေက တာဝန်ယူ ဦးဆောင်မှာလဲ။ ဒီပညာရေးကို မသင်ကြ ရနဲ့ဆိုရင် ဘယ်ပညာရေးကို သင်ရမလဲဆိုတာ အဖြေကို တစ်ခါတည်းပြောဖို့၊ လက်တွေ့လုပ်ပြဖို့ လိုပါလိမ့်မယ်။ ဒီအလုပ်က လေနဲ့လုပ်ရတဲ့အလုပ် မဟုတ်ပါဘူး။ သူများလုပ်တာမကြိုက်ရင် ကိုယ်တိုင် လုပ်ပြနိုင်တဲ့ အရည်အချင်းရှိဖို့ လိုအပ်ပါတယ်။
လမ်းမှားတွေဆီ ပို့ကြမှာလား
ကိုယ့်တစ်ဦးတစ်ယောက်တည်းက ပညာရေးကို မယုံကြည်ရင်ကိုယ်တစ်ယောက်တည်းပဲ ကျောင်းမတက်ဘဲ၊ ပညာမသင်ဘဲနေနိုင်ပါတယ်။ ဒါပေမယ့် အခြား ပညာလိုလားတဲ့သူတွေ၊ ပညာရှာလိုတဲ့ သူတွေကိုတော့ မဟန့်တား၊ မနှောင့်ယှက်ရပါဘူး။ ကိုယ်ကြောင့် သူတစ်ပါးဘဝတွေ ပျက်စီးအောင် မလုပ်သင့်၊ မလုပ်အပ်ပါဘူး။ ကျောင်းသားလူငယ် လေးတွေဆိုတာ နုနယ်လှပါတယ်။ မျှော်လင့်ချက်တွေ၊ အနာဂတ်တွေရှိပါတယ်။ တစ်ချိန်မှာ နိုင်ငံ တော်ကို သူတို့လက်ထဲ လွှဲခဲ့ကြရမှာပါ။ အဲဒီ အချိန်မှာ ပညာတတ်တွေလက်ထဲ နိုင်ငံကို ထည့်ထားခဲ့ဖို့ လိုပါတယ်။ ဒါကြောင့် အခုချိန်မှာ သူတို့တစ်တွေကို ရှေ့မျိုးဆက်တွေက လမ်းကြောင်း မှန်ပေါ်ရောက်အောင် ခေါ်ကြမှာလား၊ လမ်းမှားတွေဆီ ပို့ကြမှာလား ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြပါလို့ တိုက်တွန်းပါရစေ။
ဖျက်ဆီးတဲ့ လုပ်ရပ်သက်သက်ပဲဖြစ်
နောက်ပြီး ကျောင်းမတက်ကြနဲ့ ကျောင်းမအပ် ကြနဲ့လို့ အခုပြောနေတဲ့သူတွေရော၊ အဲဒီသတင်း ဖြန့်နေတဲ့ မီဒီယာတွေ ကရော ကျောင်းသားလူငယ်တွေ အနာဂတ်ပညာရေးအတွက် ဘာတွေလုပ်ပေးထားကြလို့လဲ ပညာရေးအတွက်ဘာတွေ လက်တွေ့ကျကျ လုပ်ပေးနေပြီလဲဆိုတာ မေးချင်ပါတယ်။ လေထဲမှာ အိမ်ဆောက်သလို လူကြားကောင်း တရားနာနေရုံနဲ့ တော့ ဘာမှလက်တွေ့ ဖြစ်မလာနိုင်ပါဘူး။ နိုင်ငံရေးဝါဒဖြန့်ဖို့သက်သက်နဲ့ အပြောနဲ့ သက်သေမပြ ကြပါနဲ့၊ အလုပ်နဲ့ လုပ်တွေ့ပြတာ မြင်ချင်ပါတယ်။ အပြောသက်သက်တွေကတော့ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ပညာရေးနဲ့ ကျောင်းသားလူငယ်တွေကို ဖျက်ဆီးတဲ့ လုပ်ရပ်သက်သက်ပဲ ဖြစ်ပါတယ်။
နောက်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ တယ်ဆိုရင်လည်း ဒီမိုကရေစီသဘောကို နားလည်စေချင်ပါတယ်။ ကိုယ့်ဘာသာ ကျောင်းမတက် ခြင်းဟာ တစ်ဦးတည်းရဲ့ လွတ်လပ်တဲ့ဆန္ဒနဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် အငြင်းပွားစရာ မရှိပေမယ့်သူတစ်ပါးတွေကိုကျောင်းမတက်နဲ့၊ ကျောင်း မအပ်နဲ့ဆိုတာကတော့ သူတစ်ပါးအပေါ် ထိခိုက်စေတာမို့ ဒီမိုကရေစီကို ဆန့်ကျင်ခြင်းပဲဖြစ်ပါတယ်။ မတူကွဲပြားမှုကို နားလည်လက်ခံနိုင်တာ၊ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိ တာဟာ ဒီမိုကရေစီအနှစ် သာရတစ်ခု ဖြစ်ပါတယ်။ ကျောင်းမတက်ဖို့ ပြောနေတဲ့သူတွေနဲ့ လွတ်လပ်စွာ သဘောထား ကွဲလွဲချင်ပါတယ်။ ပညာရေးဟာ နိုင်ငံအတွက် ဘုံအကျိုးစီးပွား အတွက်ဖြစ်လို့ အခုလို သဘောထားကွဲလွဲနေခြင်း ဖြစ်ပါတယ်။
ဒီမိုကရေစီနဲ့ လူထုကိုဖြားယောင်း
ကျောင်းမတက်နဲ့လို့ ပြောနေတဲ့သူတွေ ကျောင်းမတက်ကြပါနဲ့၊ ပညာ မသင်ကြပါနဲ့၊ မလေ့လာကြပါနဲ့။ မတားပါဘူး။ လွတ်လပ်စွာလုပ်နိုင်ပါတယ်။ ဒါပေမယ့် အခြားကျောင်းသား လူငယ်တွေကိုတော့ ကိုယ်တိုင်လည်း မဖျက်ဆီးကြနဲ့၊ ဖျက်ဆီးနေတဲ့သူတွေကိုလည်း အားမပေးကြ ပါနဲ့။ ဒါဟာ လူတစ်ယောက်ရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့် ဖြစ်လို့ပါပဲ။ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရအရ ဖြစ်ပါတယ်။ အဲဒီလို ဒီမိုကရေစီအလေ့အကျင့်နဲ့ အနှစ်သာရကိုတောင် ဖင်နဲ့ခေါင်း မခွဲတတ်တဲ့သူတွေက ဒီမိုကရေစီ လိုလားတယ်လို့ ပြောနေခြင်းဟာ ဒီမိုကရေစီနဲ့ လူထုကို ဖြားယောင်းခြင်း၊ မျှော်လင့်ချက် အမှားပေးခြင်းနဲ့ အသုံးချခြင်းသက်သက်တွေပါပဲ။ ဒီနေ့တိုးတက်တဲ့ အင်အားကြီးနိုင်ငံတွေ နိုင်ငံကို ဘာနဲ့ တည်ဆောက်ကြသလဲ။ ပညာခေတ်ဆိုတဲ့ ကာလကြီးမှာ ပညာမသင်ကြနဲ့၊ ကျောင်းမသွားကြနဲ့၊ ကျောင်းမတက်ကြနဲ့ဆိုတဲ့ အတွေးတွေ၊ အပြောတွေ၊ လုပ်ရပ်တွေအတွက် ပြောစရာစကား ရှာမရပါဘူး။
ဖွံ့ဖြိုးပြီးနိုင်ငံတွေ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေတောင် ပညာနဲ့ နိုင်ငံတော်ကို တည်ဆောက်နေ ချိန်မှာ အခုကျောင်းမ တက်ကြနဲ့၊ ကျောင်းမအပ်ကြနဲ့လို့ ပြောနေသူတွေ၊ ဖြန့်ဝေနေတဲ့ မီဒီယာ တွေက ဘာနဲ့မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်ချင်ကြသလဲ မစဉ်းစားတတ်ပါဘူး။ လူသားရင်းမြစ်တွေ၊ ကျွမ်းကျင်အသိ ပညာရှင်တွေ၊ အတတ်ပညာရှင်တွေ မြန်မာနိုင်ငံမှာ ပြည့်စုံလုံလောက်နေပြီလား စဉ်းစားစရာပါပဲ။
နောက်တစ်ခုက ကျောင်းသားလူငယ်လူရွယ် တွေရဲ့ အနာဂတ်ခရီးကိုထည့်သွင်းစဉ်းစားကြဖို့ပါ။ အခုကျောင်းတက်နေတဲ့ ကျောင်းသားလူငယ်လူရွယ်တွေ ကျောင်းမတက်ကြရရင်၊ ကျောင်းမအပ်ရင် ဘာလုပ်ကြရမှာလဲဆိုတဲ့ မေးခွန်းကို ဖြေပေးစေချင်ပါတယ်။ ကျောင်းသားမိဘ တစ်ယောက်အနေနဲ့ ဖြစ်စေ၊ ကျောင်းသားလူငယ်တစ်ယောက်အနေနဲ့ ဖြစ်စေ ကိုယ်ချင်းစာတရားနဲ့ ဝင်ရောက်စဉ်းစားပေးဖို့ လိုပါလိမ့်မယ်။ ကျောင်းသားလူငယ် တွေဆိုတာ နိုင်ငံရေးရဲ့ ရုပ်သေးရုပ်တွေ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့ ကြီးပြင်း ကျင်လည်ခဲ့တဲ့ ခေတ်တောင်မှ ကျောင်းမတက်ဘဲ နေခဲ့ကြသလား။ ပညာဆိုတာ အသုံးချတတ်ရင် ဘယ်နေရာမဆို အသုံးဝင်ပါတယ်။ ကိုယ်တိုင်က ပညာတတ်ဖို့ပဲ လိုပါတယ်။ ပညာမတတ်ရင်သာ အကောင်းအဆိုး၊ စဉ်းစားတွေးခေါ်မှုနဲ့ အကျိုးဆက်ကို နားမလည်နိုင်ဘဲ သူတစ်ပါးကြိုးဆွဲရာကနေ ကြရတာပါ။
ဒီတော့ ကျောင်းသားလူငယ်တွေ ပညာရှာကြ၊ ပညာသင်ကြ၊ ကျောင်းတွေ တက်ကြတာဟာ နိုင်ငံရေးအတွက် မဟုတ်ပါဘူး။ လူငယ်တွေ အနာဂတ်ဘဝ၊ နိုင်ငံရဲ့ အနာဂတ်ဘဝတွေအတွက်ပဲ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ အကျိုးစီးပွားအတွက် မဟုတ်ပါဘူး။ မျက်တောင်မွေး တစ်ဆုံး မြင်တတ်ဖို့ထက် မျက်စိတစ်ဆုံးမြင် တတ်ကြဖို့ အကြံပြုပါရစေ။ ဒါကို ကိုယ်ကျိုးသမား တွေ၊ နိုင်ငံရေး အသုံးချလိုသူတွေနဲ့ သူတစ်ပါး ၊ ကြိုးဆွဲရာကနေသူတွေရဲ့ အတ္တဆန္ဒနောက် ဝေလေလေမဖြစ်ကြဖို့ တိုက်တွန်းလိုပါတယ်။ သူ့အကျိုး၊ ကိုယ့်အကျိုး၊ အများအကျိုးအကြား မှန်ကန်တဲ့ ရွေးချယ်မှု၊ ဆုံးဖြတ်မှု၊ လုပ်ဆောင်မှုဖြစ်ဖို့ လိုအပ်ပါကြောင်း တိုက်တွန်းပါရစေ။
မျိုးငြိမ်းငယ်