Skip to main content

ကလေးငယ်များ ဘေးကင်းစွာ ပညာသင်ယူနိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားကြပါစို့

နိုဝင်ဘာလဆန်းမှစ၍ နေပြည်တော်၌ ဆောင်းအငွေ့ အသက်ခံစားနေရပြီ ဖြစ်သည်။ နံနက်စောစော မြူနှင်းဖွေးဖွေးအောက်တွင် လမ်းလျှောက်ရင်း သန့်ရှင်းလတ်ဆတ်သောလေကို ရှူရသည်မှာ စိတ်ချမ်းမြေ့လှသည်။ နိုဝင်ဘာလ ရက်နေ့ နံနက်ခင်းပိုင်းသည် အခြားနေ့များထက် ပိုမိုသာယာလျက် ရှိသည်။ နံနက် နာရီကျော်လောက် ကတည်းက ကျောင်းဖယ်ရီကားများ ပေါ်တွင် အဖြူ၊ အစိမ်း ဝတ်ထားသော ကလေးငယ်များကို မြင်ရသည်မှာ မင်္ဂလာရှိလှပေသည်။ အနာဂတ်၏ သားကောင်း ရတနာလေးများသည် ကျောင်းပြန်တက်ရမည် ဖြစ်သဖြင့် တက်ကြွလန်းဆန်း ပျော်ရွှင်လျက်ရှိကြသည်။

ကျေနပ်ပီတိဖြစ်မိ

ထို့အပြင် ရုံးသို့သွားရာလမ်း တစ်လျှောက်တွင်လည်း အဖြူ၊ အစိမ်း ကျောင်းဝတ်စုံ ဝတ်ဆင်ထားပြီး ကျောပိုးအိတ်ကိုယ်စီ လွယ်ထားသော ကလေးများကို အုပ်စုလိုက်မြင်တွေ့ရသည်။ တချို့ကလေးများသည် ဘေးတွင် မိခင်များနှင့် အုပ်ထိန်းသူများ ပါလာကြသည်။ တချို့ကမူ အုပ်စုလိုက် အားမာန်အပြည့်ဖြင့် ချီတက်သွားနေကြသည်။ တချို့ကလေးများသည် စက်ဘီး စီးသွားကြသည်။ တချို့ကမူ ကျောင်း ကြို၊ ပို့ ကားများဖြင့် သွားနေကြသည်။ ကျောင်းဝတ်စုံနှင့် သားငယ်၊ သမီးငယ် များကို မြင်တွေ့ရခြင်းသည် တိုင်းပြည် အတွင်း၌ တည်ငြိမ်အေးချမ်းမှုရှိလာပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကျဆင်း လာပြီဆိုသော ပြယုဂ်ပင်ဖြစ်သည်။ ကျောင်းသား မိဘတစ်ဦးအတွက် မင်္ဂလာရှိသောမြင်ကွင်းပင် ဖြစ်သည်။

စာသင်ကျောင်းများ ရှေ့တွင်လည်း စည်းကမ်းထိန်းသိမ်းရေးတာဝန်ကျ ဆရာ ဆရာမများနှင့် ယာဉ်ထိန်းရဲများကို မြင်တွေ့ရသည်။ ယခုဆိုလျှင် နိုင်ငံတော်အစိုးရသည် ၁၂ နှစ်အထက် ကလေးငယ်များကို ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီး ဖြစ်သည်။ နိုဝင်ဘာလတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံသွားမည် ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထား ရသည့်အခြေခံကျောင်းများ ပြန်ဖွင့်နေပြီ ဖြစ်သည်။ အဖျက်အမှောင့်များနှင့် ကိုဗစ်-၁၉ ရောဂါ ကြားကပင်လျှင် အခြေခံကျောင်းများ ပြန်ဖွင့်နိုင်အောင် စီမံခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အေးချမ်းပျော်ရွှင်စွာဖြင့် စာသင်ကျောင်းအသီးသီးသို့ သွားနေသည့် ကလေးများကို မြင်တွေ့ရသည့်အတွက် စိတ်ထဲတွင်ကြည်နူးပီတိ ဖြစ်ရသည်။

ပိုမိုတောက်ပြောင်လာ

စင်စစ်အားဖြင့် ဖြူစင်သန့်ရှင်းသည့် ကျောင်းဝတ်စုံများနှင့် တက်ကြွစွာ သွားလာနေသော ကျောင်းသား ကျောင်းသူများ၏ ကြည်လင်ရွှင်ပျနေသည့် မျက်နှာလေးများကိုမြင်ရသည်မှာ စိတ်ချမ်းမြေ့ဖွယ်ရာပင်ဖြစ်သည်။ ထိုကျောင်းသား ကျောင်းသူလေးများသည် ပြည်ထောင်စုကြီး၏ အနာဂတ်ပင် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ် တိုးတက်ရေးသည် မျိုးဆက်သစ်များ၏ ပညာရည်တတ်မြောက်မှု အဆင့်အတန်း ပေါ်တွင် များစွာတည်မှီနေသည်ဆိုသော အချက်ကို ကမ္ဘာ့နိုင်ငံတိုင်းက တူညီစွာ လက်ခံထားရှိကြသည်။

ထိုနည်းတူစွာပင် ကျွန်ုပ်တို့မြန်မာ နိုင်ငံသည်လည်း မျိုးဆက်သစ်များ ပညာရည်မြင့်မားရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းများချမှတ်လျက် အမျိုး သားရေးအသွင်ဖြင့် အကောင်အထည် ဖော်လျက်ရှိသည်။ အထူးသဖြင့်နိုင်ငံတော် အစိုးရသည် ကျောင်းနေအရွယ်ကလေး အားလုံး ကျောင်းနေနိုင်ရေးအတွက် အခမဲ့ပညာရေးအစီအစဉ်ကို အထက်တန်းအဆင့်အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့အကောင် အထည်ဖော် ဆောင်ရွက် နိုင်မှုကြောင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံမှုနှုန်း သိသိသသာမြင့်တက်လာခဲ့ သည်။ကျောင်းနေမှုနှုန်းမြင့်မားလာသည် နှင့်အမျှရေမြင့်ကြာတင့်ဆိုသလို စာတတ်မြောက်မှုနှုန်းလည်း သိသာ ထင်ရှားစွာ မြင့်တက်လာမည်မှာ မြေကြီး လက်ခတ်မလွဲပင် ဖြစ်သည်။

အမှန်တော့ အသိပညာရှင်၊ အတတ်ပညာရှင် ပေါများသောနိုင်ငံတိုင်းသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့် နယ်ပယ်အားလုံးတွင် ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့ဦးဆောင်နိုင်ငံများအဖြစ် ရပ်တည် နိုင်လေ့ရှိကြသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် တိုင်းပြည်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု ငါးရာခိုင်နှုန်းအောက် ကျဆင်းလာသည့်အချိန်တွင် တက္ကသိုလ်များအပါအဝင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် အပူတပြင်းစီမံ ဆောင်ရွက်နေခြင်းဖြစ်သည်။ ပြည်သူများ အနေဖြင့် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုလျှင် ကလေးများ ၏အနာဂတ်သည် ပိုမိုတောက်ပြောင် လာမည်ဖြစ်ပေသည်။

အချိန်မီအသိပေးသင့်

သို့သော် တချို့သောဒေသများတွင် မတရားအသင်း ကြေညာထားသည့် CRPH NUG နှင့် PDFကိုထောက်ခံသူများ၊ ပြည်ပလက်ဝေခံများ၊ ဝါဒမှိုင်းမိနေသူများ နှင့် အစွန်းရောက် Gen-Z များနှင့် အကြမ်းဖက်သမားများသည် အခြေခံကျောင်းများအား မီးရှို့တိုက်ခိုက်ခြင်း၊ ဗုံးထောင်ခြင်း၊ ကျောင်းအပ်လက်ခံသည့် ဆရာ ဆရာမများကို ခြိမ်းခြောက်အကျပ် ကိုင်ခြင်းနှင့် မိဘ၊ အုပ်ထိန်းသူများကိုလည်း ကျောင်းအပ်နှံမှုမပြုရေး စည်းရုံး လှုံ့ဆော်ခြင်းများ လုပ်ဆောင်လျက်ရှိ သည်။ ထို့အပြင် စာသင်ကျောင်းများနှင့် ကျောင်းခြံဝင်း အုတ်တံတိုင်းများတွင် လည်း ခြိမ်းခြောက်လှုံ့ဆော်သည့်စာများ ရေးသားလျက်ရှိသည်။ အဆိုးရွားဆုံးမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် ကလေးများကို အမျိုးမျိုးနှောင့်ယှက်  ဟန့်တားခြင်းနှင့် ခြိမ်းခြောက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မိဘအုပ်ထိန်း သူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ ဆရာမများ၊ တာဝန်သိပြည်သူများ အနေဖြင့် အဖျက်အမှောင့်လုပ်ဆောင်ရန် ကြံစည်နေသူများ၏ သတင်းနှင့်လှုပ်ရှားမှုများကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များသို့ အချိန်မီအသိပေးခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်စေလိုပါသည်။

ကလေးငယ်များ ဘေးကင်းစွာပညာသင်ယူနိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားကြပါစို့

စင်စစ်အားဖြင့် ကျောင်းသား ကျောင်းသူအားလုံး ဘေးကင်းလုံခြုံပြီး  ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူ နိုင်ရေးသည် များစွာအရေးပါလျက်ရှိသည်။ ထို့ကြောင့် ကလေးများအတွက် သန့်ရှင်းသော မုန့်ဈေးတန်းများ၊ အိမ်သာများ၊ လေဝင်လေထွက်ကောင်းသော  စာသင်ခန်းများနှင့် အားကစားကွင်းများ ရှိနေစေရန်အတွက် ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ကြီးများ၊ အလှူရှင်များနှင့် မိဘများ၏ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်မှုများလည်း လိုအပ်ပေသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကပ် ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လက်ဆေးကန်များ၊ ဆပ်ပြာများလည်း အလုံအလောက်ထားရှိရန်လိုအပ်သည်။ ထို့အပြင် ကလေးများကို  Social Distancing၊ ကျန်းမာရေးစံနှုန်းများနှင့်အညီ ပညာသင်ယူနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်ထားရန် လိုအပ်ပါသည်။ အထူးသဖြင့် ကျောင်းသားမိဘများသည် ကလေးငယ်များ ဖျားနာနေလျှင် ကျောင်းသို့စေလွှတ်ခြင်းမရှိဘဲ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီ သွားရောက်ပြီး ကုသမှုခံယူသင့်ပါသည်။

ဆိုရလျှင် နိုင်ငံတစ်နိုင်ငံ၏ အန၁ဂတ်သည် မျိုးဆက်သစ်လူငယ် များ၏ ပညာတတ်မြောက်မှုအဆင့် အတန်းပေါ်တွင် များစွာတည်မှီလျက်ရှိ သည်။ထို့ကြောင့်နိုင်ငံတော်အစိုးရသည် ဘက်စုံထူးချွန်သော မျိုးဆက်သစ် လူငယ်များ ပေါ်ထွန်းရေးနှင့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင်ရေးတို့အတွက် အခမဲ့ ပညာရေးအစီအစဉ်ကို အခြေခံပညာ အထက်တန်းအဆင့်အထိ အကောင် အထည်ဖော်လျက်ရှိသည်။ ကလေးငယ် များသည် နိုဝင်ဘာလ ၁ ရက်နေ့ ကျောင်းပြန်ဖွင့်သည့်နေ့မှစ၍ အခြေခံပညာကျောင်းများသို့ စိတ်ဓာတ်တက်ကြွစွာဖြင့် သွားရောက်ကာ ပညာ သင်ယူလျက်ရှိသည်။ အဖြူ၊ အစိမ်း ဝတ်ဆင်ထားသော ကလေးငယ်များ၏ ကျောင်းသွားနေကြသည့် မြင်ကွင်းမှာ တွေ့ရ၊ မြင်ရသူတိုင်းကို အပျော်ကူးစက် စေပါသည်။ မည်သို့ပင်ဆိုစေကာမူ ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးနှင့် ပညာသင်နှစ် နောက်ကျမှု မဖြစ်စေရေးအတွက် နိုင်ငံသူ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်း အကြံပြုလိုပါသည်။

မောင်သောင်းဝင်း (တမန်ဟောင်း)