မြန်မာစာပေ၊ မြန်မာဂီတနှင့် မြန်မာမှုဆိုင်ရာပညာရှင် ဆရာကြီး ဦးမြင့်ကြည်(တက္ကသိုလ်မြတ်နိုး)
စာပေဆိုသည်မှာ အသိဉာဏ်ပညာတို့ စုဝေးကိန်းအောင်းရာနေရာဖြစ်သည့်အတွက် နိုင်ငံနှင့် လူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် မဏ္ဍိုင်တစ်ရပ် ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ စာပေ အဆင့်အတန်းမြင့်မားခြင်းသည် အဆိုပါနိုင်ငံနှင့်လူမျိုးတို့ အသိဉာဏ်ပညာမြင့်မားခြင်း ပင်ဖြစ်သည်။ အသိဉာဏ်ပညာမြင့်မားသော နိုင်ငံသားတို့ရှိမှသာလျှင် နိုင်ငံသည်လည်း တိုးတက်ဖွံ့ဖြိုး မည်ဖြစ်သည်။ သို့ဖြစ်သောကြောင့် စာပေဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ စာပေဆုများချီးမြှင့် ခဲ့သောအစဉ်အလာများ ရှိခဲ့ပါသည်။ မြန်မာနိုင်ငံ တွင်လည်း စာပေဆုများကို ခေတ်အဆက်ဆက်၊ ပုံစံအမျိုးမျိုးဖြင့် ချီးမြှင့်ခဲ့ရာ တစ်မျိုးသားလုံး ကိုယ်စားပြု၍ အမျိုးသား စာပေဆုအဖြစ် ၁၉၆၅ ခုနှစ်မှစတင်၍ ချီးမြှင့်ခဲ့ပါသည်။ ထိုသို့ချီးမြှင့် လာခဲ့ရာမှ စာပေဆုများအပြင် တစ်သက်တာပတ် လုံး စာပေကို ကြိုးပမ်းအားထုတ်ပြုစုရေးဖွဲ့ခဲ့သော စာရေးဆရာကြီးများကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၁ ခုနှစ်မှစ၍ အမျိုးသားစာပေတစ်သက်တာ ဆုကို ချီးမြှင့်ခဲ့ပါသည်။
ထိုသို့ချီးမြှင့်လာခဲ့ရာတွင် ၂၀၁၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရွေးချယ်ချီးမြှင့်ခံ ရသူဆရာကြီးမှာ မြန်မာစာပေ၊ မြန်မာဂီတပညာရှင် ဆရာကြီးဦးမြင့်ကြည် (တက္ကသိုလ်မြတ်စိုး) ပင် ဖြစ်ပါသည်။ ယင်းနှစ်အတွက် ဆရာကြီးနှင့်အတူ အမျိုးသားစာပေတစ်သက်တာဆု ချီးမြှင့်ခံရသူများ မှာ ဆရာကြီး ဒေါက်တာဦးခင်အေး (မောင်ခင်မင် ဓနုဖြူ)နှင့် ဆရာကြီးဦးတင်လှိုင် (လယ်တွင်းသား စောချစ်) တို့ဖြစ်သည်။ ဆရာကြီးသည် စာပေတွင် သာမက ဂီတနယ်ပယ်တွင်ပါ နှံ့စပ်သည့် ဂီတစာပေ ပညာရှင်တစ်ဦးဖြစ်ပါသည်။ တက္ကသိုလ်မြန်မာစာ ဆရာအဖြစ် နှစ်ပေါင်းများစွာ စာပေပို့ချခဲ့သည့် အတွေ့အကြုံများအပေါ် အခြေခံ၍ မြန်မာစာပေ၊ မြန်မာဂီတ၊ မြန်မာမှုဆိုင်ရာ ဆောင်းပါးများ၊ စာတမ်းများကို ဘဝတစ်လျှောက်လုံး ပြုစုရေးသား ခဲ့သူဖြစ်ပါသည်။ “စာသင်စင်မြင့်ထက်တွင် မောင့်ကျက်သရေခေါင်းပေါင်း၊ တိုက်ပုံအင်္ကျီ၊ ပိုးလုံချည်ဖြင့် ခန့်ညားစွာ မတ်တတ်ရပ်ရင်း စာပေ၏ အရသာကို တပည့်များ၏ရင်ထဲသို့ရောက်အောင် အေးချမ်းချိုသာသော အသံဖြင့် ပို့ဆောင်သင်ကြား ပေးနေသောတက္ကသိုလ်ဆရာပုံရိပ်” ဟူ၍တက္ကသိုလ် ဆရာ့ဘဝပုံရိပ်ကို ဆရာကြီး၏တပည့်ရင်းဖြစ်သူ ဆရာမောင်ခင်မင် (ဓနုဖြူ) ဖော်ကျူးထားသည်ကို ဖတ်မှတ်ခဲ့ရ ဖူးပါသည်။ စာပေ၊ ဂီတနှစ်ရပ်စလုံး ထူးချွန်သောပညာရှင် ဆရာကြီးဦးမြင့်ကြည်၏ ဘဝဖြတ်သန်းမှု၊ စာပေ၊ ဂီတဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို လမ်းလှမ်းမီသရွေ့ လေ့လာ တင်ပြလိုက်ရပါသည်။
ဆရာကြီး၏ ကိုယ်ရေးအကျဉ်း
ဆရာကြီး ဦးမြင့်ကြည်ကို ၁၉၃၁ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် အငြိမ်းစားတိုင်းပညာဝန် ဦးဖိုးချစ်နှင့် ဒေါ်သန်းတို့က ပြည်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင် ပြီး ရန်ကုန်တက္ကသိုလ်မှ ဥပစာတန်းကို ၁၉၅၀ ပြည့်နှစ်တွင် အောင်မြင်သည်။ ၁၉၅၃ ခုနှစ်တွင် မြန်မာစာဝိဇ္ဇာဂုဏ်ထူးတန်းအောင်မြင်၍ ၁၉၆၀ ပြည့်နှစ်တွင် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။
၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မြန်မာ စာဌာန၌ နည်းပြအဖြစ် စတင်အမှုထမ်းသည်။ ၁၉၅၄ ခုနှစ်တွင် မော်လမြိုင် ဥပစာကောလိပ်၊ ၁၉၅၅ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ ဗထူးမြို့စစ်တက္ကသိုလ်၊ ၁၉၅၇ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်တို့၌ လက်ထောက်ကထိက၊ ၁၉၆၅ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ကထိကအဖြစ် ထမ်းဆောင်ခဲ့သည်။ ထိုနှစ် ရန်ကုန်တက္ကသိုလ်မြန်မာစာ အသင်း၌ ပထမဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၄ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ ပုသိမ်ကောလိပ်၊ ရန်ကုန်တက္ကသိုလ်၊ မော်လမြိုင်ကောလိပ်တို့၌ တာဝန်ထမ်းဆောင်သည်။ ၁၉၇၄ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် တွင် ကထိက(ဌာနမှူး)အဖြစ်တာဝန်ယူခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် မြန်မာစာအဖွဲ့၌ စာတည်းမှူးချုပ်၊ ၁၉၈၇ ခုနှစ်တွင် ညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် သက်ပြည့်အငြိမ်းစားယူခဲ့သည်။
ယင်းနောက် ကျွမ်းကျင်ပညာရှင်၊ အကြံပေးပုဂ္ဂိုလ် အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှစ၍ မြန်မာစာ အဖွဲ့ အဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်သည်။
တက္ကသိုလ်မရောက်မီကပင် စစ်ပြီးခေတ်ဂျာနယ်၊ စာစောင်များ၌ “မောင်သာယာ” ကလောင်အမည် ဖြင့် ဆောင်းပါးများ၊ ကဗျာများ ရေးသားခဲ့သည်။ တက္ကသိုလ်ရောက်ပြီးနောက် “တက္ကသိုလ်မြတ်စိုး” ကလောင်အမည်ဖြင့်လည်းကောင်း၊ အမည်ရင်း “ဦးမြင့်ကြည်” ဖြင့်လည်းကောင်း ဂီတ၊ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာဆောင်းပါးများနှင့် ဝတ္ထု၊ ရသ စာတမ်းငယ်၊ ကဗျာ စသည်တို့ကို ရေးသားခဲ့သည်။ “အောင်စွာ” ကလောင်အမည်ဖြင့် ကဗျာများလည်း ရေးသားခဲ့သည်။
စာပေအပြင် ဂီတကိုလည်း ဝါသနာပါ၍ လေ့လာ ခဲ့သည်။ ၁၉၅၂ ခုနှစ်မှစ၍ စန္ဒရားနီနီ အပျော်တမ်း တူရိယာအဖွဲ့၌ “တက္ကသိုလ်မြတ်စိုး” အမည်ဖြင့် သီချင်းများ ပင်တိုင်ရေးသား၍ မြန်မာ့အသံမှ ထုတ် လွှင့်ခဲ့သည်။ “သံလွင်ဦး၊ သပြေညို၊ မိုးနဲ့စစ်သား၊ မေတ္တာကန်မွန်၊ ကြင်စဦး၊ အသည်းလမ်းကလေးမှ လျှောက်လာပါ၊ အပေါင်းအနုတ် အမြှောက်အစား” စသည့် သီချင်းများသည် သောတရှင်တို့၏ နှုတ်ဖျားတွင် ရေပန်းစားခဲ့သောသီချင်းများဖြစ်သည်။
ဆရာကြီးသည် “ကုန်းဘောင်ခေတ် မဟာဂီတ (၁၉၆၈)၊ မြန်မာ့ဂီတ ၁၉၂၀-၁၉၇၀ (၁၉၇၀)၊ မြန်မာ့ ဂီတကို နိုင်ငံခြားဂီတ ထိုးဖောက်ဝင်ရောက်လာပုံ (၁၉၇၃)၊ Three Yodaya Songs Representing Thai Element in Myanmar Classical Music (1996)” စာတမ်းများကို ဖတ်ကြားခဲ့သည်။ “မြန်မာ စာညွန့်ပေါင်းကျမ်း (ပ၊ဒု) (၁၉၉၂)၊ မြန်မာ့နိုင်ငံရေး စနစ်ပြောင်းကာလ ၁၉၆၂-၁၉၇၄၊ (ပ၊ဒု၊တ) (၁၉၉၃)၊ ဦးဂုဏ်ဘဏ်၏ မြန်မာ့ဂီတအခြေခံ (အတွဲ ၁၊ ၂) (၁၉၉၉-၂၀၀၁)၊ တေးရေးပညာရှင် ကြီးများ၏ ခေတ်ဟောင်းတေးသီချင်းများ (အတွဲ ၁-၈) (၁၉၉၉၂၀၀၆)” တို့ကို တည်းဖြတ်ခဲ့သည်။ နိုင်ငံတော်မူ မဟာဂီတ (၂၀၀၅၊ ပုံနှိပ်မူ)ကို အကောင်အထည် ပေါ်အောင်ဆောင်ရွက်ခဲ့သည်။
မဟာဝိဇ္ဇာဘွဲ့အတွက် ပြုစုတင်သွင်းခဲ့သော “မြန်မာ့တေးဂီတ အနုစာပေသမိုင်း” ကျမ်းကို ၂၀၀၁ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ရာ ၂၀၀၂ ခုနှစ်တွင် အမျိုးသားစာပေဆုရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဝိဇ္ဇာပညာထူးချွန်ဆု ဒုတိယအဆင့် ချီးမြှင့်ခြင်းခံခဲ့ရ သည်။ ၂၀၁၂ ခုနှစ်တွင် “စာပေနှင့်ဂီတ၊ ဂီတနှင့် စာပေ” စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆု ရရှိခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆုကို ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရသည်။
ဆရာကြီးသည် အသက်အရွယ်ကြီးရင့်လာ သော်လည်း နိုင်ငံ့တာဝန်၊ စာပေအနုပညာ တာဝန်များကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများတွင် နာယကအဖွဲ့ဝင်၊ ယဉ်ကျေးမှု တက္ကသိုလ် ပညာရေးအဖွဲ့ဝင်၊ အမျိုး သားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်၊ ရုပ်ရှင် အကဲဖြတ်အဖွဲ့ ဝင် စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။
စာပေဆိုင်ရာဆောင်ရွက်ချက်များ
ဆရာကြီးဦးမြင့်ကြည်သည် ၁၉၆၀ ပြည့်လွန် ကာလ မြဝတီမဂ္ဂဇင်း၊ ယဉ်ကျေးမှုစာစောင်တို့မှ သည် ၂၀၀၀ ပြည့်လွန်ကာလများရှိ မြန်မာစာ သုတေသနဂျာနယ်၊ နိုင်ငံသမိုင်းဂျာနယ်များ၌ပါ မြန်မာစာပေ၊ မြန်မာ့ဂီတ၊ မြန်မာမှုဆိုင်ရာ ဆောင်းပါးများ၊ သုတေသနစာတမ်းများစွာကို လေ့လာသုတေသနပြု ရေးသားခဲ့သူဖြစ်ပါသည်။ ဆရာကြီးသည် ရှေးဟောင်းမြန်မာစာပေနှံ့စပ် သကဲ့သို့ ခေတ်မီသောအမြင်လည်းရှိပါသည်။ ပုသိမ်ကောလိပ်၌မြန်မာစာဌာနမှူးအဖြစ် ဆောင် ရွက်စဉ် ဖတ်ကြားခဲ့သော “တက္ကသိုလ်ကျောင်း သားများ စာပေဝေဖန်အကဲဖြတ်ခြင်း” စာတမ်း သည် ခေတ်မီစာပေအမြင်ကိုဖြန့်ဝေသည့်စာတမ်း ဖြစ်သည်။ တက္ကသိုလ်စာပေးစာယူသင်တန်း ပေါ်ပေါက်လာသောအခါ “နိုင်ငံတော်မျက်နှာ” ပို့ချ ချက်ရေး၍ စကားပြေလေ့လာမှုကို စနစ်တကျ လမ်းခင်းပေးခဲ့ပါသည်။ ကဗျာပို့ချချက်များရေးသား ၍ ကဗျာလေ့လာမှုကို စနစ်တကျလမ်းခင်းပေး သည်။ အကြောင်းအရာပိုင်းထက် အရေးအဖွဲ့ ပုံသဏ္ဌာန်ပိုင်းကို အားပြုသော ကောက်နုတ်ချက် များ ထည့်သွင်းသည်။ “ကားဘီးပေါက်သော် ” ဆိုသော ကောက်နုတ်ချက်တွင်ကားဘီးပေါက်လျှင် လုပ်ရမည့် အဆင့်ဆင့်ရေးသားပုံကို နမူနာပေး သည်။ ဆရာကြီး၏ရည်ရွယ်ချက်ကို သဘော မပေါက်သူများက “ကားဘီးပေါက်တဲ့အကြောင်း ကိုစာလုပ်သင်ရတယ်”ဟု သရော်တော်တော် ပြောခဲ့ကြသေးသည်။ ဝတ္ထုရှည်သဘောတရား၊ ဝတ္ထုရှည်လေ့လာနည်းစာတမ်းတွင်လည်း ဝတ္ထု လေ့လာပုံနည်းနာများကို ခေတ်မီမီလမ်းခင်းပေး ထားပါသည်။
တက္ကသိုလ်ကျောင်းသားများ စာပေဝေဖန်အကဲဖြတ်ခြင်း
“စာပေဆိုတာဟာ လေ့လာဝေဖန်ဖို့ မဟုတ်ဘူး။ ခံစားဖို့အတွက်သက်သက်ပဲ”ဟူသည့်အနောက် တိုင်းပညာရှင်တချို့၏ ယူဆပြောဆိုချက်အပေါ် ဆရာကြီးက၎င်း၏အမြင်ကို တင်ပြထားခဲ့သည်။ ဆရာကြီးက စာတစ်ပုဒ်ကို ပြည့်ပြည့်၀၀ခံစားနိုင် ရန်မှာ လေ့လာမှုနှင့် စဉ်းစားဝေဖန်မှုပြုလုပ်ရန် လိုအပ်သည်။ သို့မှသာ စာပေ၏အရသာကို အပြည့် အဝခံစားနိုင်မည်ဖြစ်သည်။ စာပေ၏အရသာကို ခံစားနိုင်ရန်အတွက် စာဖတ်သူထံတွင် အရည် အချင်းသုံးရပ်ရှိရန် လိုအပ်သည်။ ၎င်းတို့မှာ ခံစား တတ်သော နှလုံးသားရှိခြင်း၊ လေ့လာမှုနှင့် တတ်ကျွမ်းခြင်း၊ စဉ်းစားဆင်ခြင်နှိုင်းချိန်မှုတတ် ခြင်းတို့ပင်ဖြစ်သည်ဟု သူ၏အမြင်ကို ထုတ်ဖော် တင်ပြခဲ့ပါသည်။
စာပေကို ဝေဖန်အကဲဖြတ်မှုနှင့်ပတ်သက်၍ ဆရာကြီးကကျောင်းဆရာတစ်ဦး၊ စာစစ်သူတစ်ဦး ၏အတွေ့အကြုံအရလွဲချော်မှုအချို့ကို ထောက်ပြ ထားခဲ့သည်။ တက္ကသိုလ်ကျောင်းသားများသည် စာတစ်ပုဒ်ကို ဝေဖန်ပါဆိုလျှင် ပုံသဏ္ဌာန်ပိုင်း ဆိုင်ရာ ရှုထောင့်မှ စာရေးသူ၊ စာဆို၏ဝေါဟာရ ကြွယ်ဝမှု၊ အဖွဲ့အနွဲ့ ကောင်းမှု၊ ဘာဂုဏ်၊ ညာဂုဏ်၊ ဘာရသများ ပါဝင်သည်ကို စာရင်းကြီးချပြပြီး သို့ဖြစ်၍ အလွန်ကောင်းသည်ဟု ဝေဖန်ခဲ့ကြပါ သည်။ စာ၏အနှစ်သာရဖြစ်သည့် အကြောင်း အရာပိုင်းကို ရှာဖွေခံစားနိုင်ဖို့၊ စာဆို၏ စိတ်အစဉ်အတိုင်းလိုက်ပြီး သူတင်ပြသည့်သဘော တရားများ၊ ရှုမြင်သုံးသပ်ချက်များကို ဖော်ထုတ်ဝေဖန် အကဲခတ်ဖို့ ကြိုးပမ်းရန် လိုအပ်နေသေး သည်ဟု ထောက်ပြခဲ့ပါသည်။ အကြောင်းအရာတစ်ခု၏ အကောင်းအညံ့ကို ဝေဖန်ရာတွင်လည်း ရိုးသားမှု ရှိ/မရှိ၊ မှန်ကန်မှု ရှိ/မရှိ၊ စာဖတ်သူကို စိတ်ဓာတ် ရေးအရ အကျိုးပြု/မပြုဆိုသော အချက်သုံးချက် ဖြင့် ညှိနှိုင်းအကဲဖြတ်သင့်သည်ဟူသော အယူအဆ ကို တင်ပြထားပါသည်။ စာတစ်ပုဒ်ကို ဝေဖန်ရာ တွင် တစ်ဖက်သတ်အထင်ကြီးမှု၊ အထင်သေးမှု၊ အာဃာတစွဲ၊ အဂတိစွဲ များ ဖယ်ရှားရမည်။ လူအများက ကောင်းသည်ဆို၍ ကောင်းရသည်၊ လူအများက မကောင်းဆို၍ မကောင်းရသည် မဟုတ်ဘဲ ကိုယ့်နှလုံးသားမှာ ထိတွေ့မိသည့် အတိုင်း ကိုယ်ပိုင်ဉာဏ်ဖြင့် ရဲရဲရင့်ရင့် မျှမျှတတ ဝေဖန်ရန်ဖြစ်သည်ဟု လမ်းညွှန်ပေးထားပါသည်။
ဝတ္ထုရှည်သဘောတရား၊ ဝတ္ထုရှည်လေ့လာနည်း
ဝတ္ထုရှည်သဘောတရားများနှင့်ပတ်သက်၍ လည်း ခေတ်မီသောအမြင်ဖြင့် စနစ်တကျရှင်းလင်း လွယ်ကူစွာ တင်ပြထားပါသည်။ ဝတ္ထုအမျိုးအစား အနေဖြင့် အပျော်ဖတ်ဝတ္ထု၊ ဘဝအသိပေးဝတ္ထု၊ ခေတ်အခြေအနေအရ ထွက်ပေါ်လာသည့် ပညာ ပေးစည်းရုံးရေးဝတ္ထု စသည်ဖြင့် အမျိုးအစားများ ရှိသည်။ ခေတ်အဆက်ဆက်ကို ကျော်လွှားပြီး ရပ်တည်နိုင်သည့်ဝတ္ထုအမျိုးအစားကား စာကောင်း ဟူ၍ သတ်မှတ်နိုင်မည်ဖြစ်သည်။ လူသားတို့၏ လောဘစရိုက်၊ ဒေါသစရိုက်၊ မောဟစရိုက်၊ မေတ္တာစရိုက်၊ မာနစရိုက်ဆိုသော စရိုက်များသည် ကမ္ဘာဦးကာလမှသည်ယနေ့တိုင်တည်တံ့နေသည့် စရိုက်များဖြစ်သည်။ လူ့သဘော၊ လူ့စရိုက်ကို နက်နက်ရှိုင်းရှိုင်းပြောပြ၊ ဖော်ထုတ်ပြနိုင်သည့် ဝတ္ထုမျိုးသည် အဆင့်အတန်းအမြင့်ဆုံးနှင့် ဂန္ထဝင်စာရင်းတွင် ပါဝင်နေမည်ဖြစ်သည်။
စာရေးသူသည် ဝတ္ထုကိုဘယ်လိုစေတနာမျိုး ဖြင့် ရေးဖွဲ့ခဲ့သလဲ၊ အားထုတ်မှုဘယ်လောက်ရှိလဲ။ ၎င်း၏စာပေဒဿန၊ နိုင်ငံရေးဒဿန၊ ဘဝဒဿန စသည်ဖြင့် အကဲဖြတ်လေ့လာရမည်ဖြစ်သည်။ အခြားအရေးကြီးသော အကြောင်းအရာတစ်ခုမှာ ဆန်းသစ်မှု တီထွင်မှုဖြစ်သည်။ အချိန်ကာလ ဆိုသည်မှာ ပြောင်းလဲနေသည်ဖြစ်၍ ထိုပြောင်းလဲ နေသောကာလနှင့်အညီ ဆန်းသစ်တီထွင်မှု ပြုလုပ် နေရမည်ဖြစ်သည်။ အနုပညာတစ်ရပ် သေသွားသည်၊ ရပ်သွားသည်၊ ကျဆုံးသွားသည် ဆိုသည်မှာ ခေတ်ကလက်ခံနိုင်သည့် ဆန်းသစ်မှုမပေးနိုင်၍ ဖြစ်သည်ဟု ရှင်းလင်းတင်ပြ ထားပါသည်။
ဂီတနယ်ပယ်၌ စွမ်းဆောင်ချက်များ
ဆရာကြီးသည် စာပေ၌သာမက ဂီတကိုပါ ဝါသနာပါခဲ့သဖြင့် လေ့လာဆည်းပူးခဲ့သည်။ ဂီတကို စာတွေ့ သာမက လက်တွေ့ပါနှံ့စပ်သူဖြစ် သည်။တက္ကသိုလ်မြတ်စိုးအမည်ဖြင့် လူကြိုက်များသော တေးသီချင်းများကို ဖန်တီးခဲ့သူဂီတစာဆို တစ်ဦးလည်းဖြစ်သည်။ သုတေသနစာတမ်းဖတ် ပွဲများတွင် ဂီတစာပေဆိုင်ရာ သုတေသနစာတမ်းများ တင်သွင်းဖတ်ကြားခဲ့၏။ မဟာဂီတနှင့် သဗ္ဗ ဂီတက္ကမပကာသနီကျမ်းတို့ကိုတည်းဖြတ်ခဲ့သည်။ မြန်မာ့အသံက အတွဲလိုက်ထုတ်ဝေခဲ့သော တေးရေးဆရာကြီးများ၏တေးသီချင်းများကိုလည်း တည်းဖြတ်ပေးခဲ့သည်။ အလွန်ထင်ရှားသည့် သီချင်းတစ်ပုဒ်ဖြစ်သော တိမ်တမန်သီချင်းတွင် မူလက “မှိုင်းပြာမှုန်ဝေ၊ တိမ်မည်းညိုရိပ်တွေ၊ ကုန်သည်လေ” ဟု ရေးဖွဲ့ထားရာ “ကုန်သည်လေ” ဆိုသောအသုံးမှာ ဤနေရာတွင် မဆီလျော်ကြောင်း ဆရာကြီးက ထောက်ပြသည့်အတွက် “တောင်ပြန်လေ” ဟု ပြန်ပြင်သည်ဆိုသောအကြောင်းကို ဖတ်ရှု မှတ်သားခဲ့ရဖူးပါသည်။
အင်းဝခေတ်စာပေများတွင်ဖော်ညွှန်းထားသော “အဲ” သည် သီချင်းပင်ဖြစ်ကြောင်း ဆရာကြီး၏ မဟာဝိဇ္ဇာကျမ်းတွင် သုတေသနပြုဖော်ထုတ်ထားသည်ကို တွေ့ရှိရပါသည်။ ဘောလယ် သီချင်းများနှင့် ပတ်သက်၍ လှိုင်ထိပ်ခေါင်တင် ဖန်တီးတီထွင်သော သီချင်းဖြစ်ကြောင်း၊ မောင်တော် အိမ်ရှေ့စံ ကနောင် မင်းသား၏ စိတ်သဘော မိမိဘက်သို့ ပြန်လည် တိမ်းညွတ်လာအောင် စွမ်းဆောင်နိုင်ခဲ့သဖြင့်ဘောလယ်ခေါ်ကြောင်းများကို ကျမ်းများက ဆိုထားပါသည်။ စင်စစ်ဤ အယူအဆသည် မှားယွင်းပါသည်။ ဘောလယ်သွားတေးသွားများသည် လှိုင်ထိပ်ခေါင် တင်ခေတ်မတိုင်မီ ရှေးအထက်ကတည်းကပင် ပေါ်ပေါက်လျက်ရှိကြောင်း ခိုင်လုံသောအထောက် အထားများရှိပါသည်။ သီချင်းများသည် အများအားဖြင့် တောနယ်ကျေးရွာများတွင် စတင်မြစ်ဖျား ခံလေ့ ရှိပါသည်။ ဘောလယ်အရပ်တွင် စတင်ပေါ်ပေါက် သီဆိုကြသောသီချင်းဖြစ်၍ ထိုသီချင်းကို ဘောလယ် သံခေါ်သည်ဟု ကျွန်တော်ယူဆပါသည်ဟု ဆရာကြီးက သုတေသနပြုဖော်ထုတ် ထားပါသည်။
ကုန်းဘောင်ခေတ်မဟာဂီတ
ကုန်းဘောင်ခေတ်၏ မဟာဂီတအခြေအနေကို ကုန်းဘောင်ခေတ် မဟာဂီတ စာတမ်းတွင် ဆန်းစစ် တင်ပြထားပါသည်။ ထိုသို့တင်ပြရာတွင် ကုန်းဘောင်ခေတ်၌ တွေ့မြင်ရသော ကွက်လပ်တစ်ခု အကြောင်းကို ထောက်ပြဆွေးနွေးထားသည်မှာ မှတ်သား ဖွယ်ရာပင်ဖြစ်သည်။ ကုန်းဘောင် ခေတ်သည် မြန်မာနိုင်ငံသမိုင်းတွင် မကြုံဖူးအောင် နယ်ချဲ့ ၏ ခြိမ်းခြောက်မှုကို ခံခဲ့ရပါသည်။ အချုပ်အခြာ အာဏာနှင့် လွတ်လပ်ခွင့်ဆုံးပါးသည်အထိ အကြိမ် ကြိမ်ကျူးကျော် ခံခဲ့ရပါသည်။ ထိုသို့ ကိုယ့်မြေ၊ ကိုယ့်အမိနိုင်ငံ၊ ကိုယ့်လွတ်လပ်မှု အခွင့်အရေး အကြိမ်ကြိမ်ထိပါး ခံရပါလျက် နယ်ချဲ့ဆန့်ကျင်ရေး တေးဂီတများ တစ်ပုဒ်တလေမှ ထွက်ပေါ်လာခဲ့ခြင်း မရှိသည်မှာ အံ့ဩဖွယ် ဖြစ်နေပါသည်။ ကျွန်တော်တို့၏ ဂီတစာဆိုများ ဤမျှမျိုးချစ် စိတ်ဓာတ်၊ နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်ခေါင်းပါးပါမည်လော စဉ်းစား စရာရှိပါသည်။
ထိုခေတ်တွင် စာဆိုမြဝတီမင်းကြီးဦးစသည် အင်္ဂလိပ်တို့ကို လက်နက်စွဲကိုင်ပြီး ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သူဖြစ်ပါသည်။ သို့ရာတွင် အုပ်စိုးသူဘုရင် များသည် နယ်ချဲ့ ၏အန္တရာယ်ကြီးမားပုံကို လူသိ ရှင်ကြား ထုတ်ဖော်စေလိုသောသဘောရှိဟန်မတူပေ။ နယ်ချဲ့၏အန္တရာယ်ကြီးမားပုံကို ဖွင့်ထုတ်သိစေခြင်း ဖြင့် မိမိတို့၏ဘုန်းတန်ခိုးကို လူများအထင်လျော့ မည်စိုးခဲ့ကြဟန်တူပေသည်။ နန်းတော်တွင်း အသိုင်း အဝိုင်း၌ ဤသို့သဘောထားများ လွှမ်းမိုးကြီးစိုးနေ သောကြောင့် သို့မဟုတ် ပြည်တွင်းနိုင်ငံရေးက အခြေအနေမပေးသောကြောင့် နယ်ချဲ့ဆန့်ကျင်ရေး သီချင်းဂီတများ မထွက်ပေါ်ခဲ့ဟု ထင်မြင်ယူဆပါ သည်ဟု ဆရာကြီးက ထောက်ပြဆွေးနွေးထားပါသည်။
ကုန်းဘောင်ခေတ်တွင် နယ်ချဲ့ဆန့်ကျင်ရေး သီချင်းများ ရေးသားခွင့်မရခဲ့ခြင်းကဲ့သို့ ပျော့ကွက် ကလေးများရှိခဲ့သော်လည်း စာဆိုအသီးသီး၏ ကြီးမားသောလုံ့လဖြင့် ဂီတဗိမာန်တည်ဆောက်ခဲ့ပုံ၊ အကြောင်းအရာဆန်း၊ တေးသံဆန်းများကို ကျေးလက်သီချင်းများမှ ရှာဖွေဆန်းသစ်တီထွင်ပုံ၊ နိုင်ငံခြားတေးသံများ၊ တိုင်းရင်းသားလူမျိုးများ၏ တေးသံများကို သုတေသနပြု၍အမျိုးသား ဟန်မပျက် ယဉ်ကျေးမှုဖွံ့ဖြိုးအောင် အားသစ်လောင်းခဲ့ကြပုံများ ကိုကားအထူးအားကျ နမူနာယူစရာတွေ့ရပါသည်ဟု ဆရာကြီးက ဖော်ထုတ်တင်ပြထားပါသည်။
အဆိုတော်နှင့် အတ္တာလင်္ကာရ
မူလပြုစုသူတို့ ဖန်တီးလိုက်သည့် တေးတစ်ပုဒ် ကို အဆိုတော်သည် မိမိ၏ပညာ၊ မိမိ၏ပင်ကို စွမ်းရည်တို့ဖြင့် ဖြည့်စွက်၍ ရသပေါ်လွင်လာအောင် အမွှမ်းတင်ပေးရန် တာဝန်ရှိပေသည်။ စာဆို၏မူလ အာဘော်ကို နားဆင်သူသောတရှင်တို့ တိတိကျကျ ရှင်းရှင်းလင်းလင်း နားလည် သွားအောင် ပို့ဆောင် ပေးရမည့်သူဖြစ်၍ အဆိုတော်၌ တာဝန်ကြီးမားစွာ ရှိသည်။ သီချင်းစာသား၏အနက်အဓိပ္ပာယ်ကို ပေါ်လွင်ထင်ရှားအောင် သီဆိုနိုင်ရန် ဂရုပြုသင့်သော အချက်ခုနစ်ချက်ကို ဆရာကြီးက အဆိုတော်နှင့် အတ္တာလင်္ကာရစာတမ်းတွင် တင်ပြထားသည်မှာ တေးဂီတကို လေ့လာလိုက်စားသူများအဖို့ မှတ်သား နည်းယူဖွယ်ဖြစ်ပါသည်။
အဆိုတော်တို့သည် သီဆိုမည့်သီချင်းကို ကျေလည်အောင် ကျက်ထားသင့်ပြီး သီဆိုရာတွင် စာသားများ ကျမကျန်ပါစေနှင့်။ တစ်ခါတစ်ရံ စာသား ၌ ရှိသည်ထက်ပို၍ ဆိုမိခြင်းသည်လည်း စာဆိုအား မလေးစားရာဖြစ်၍ စာသားများမပိုပါစေနှင့်။ အချို့ သီဆိုသူများသည် သီချင်းစာသားကို ကျေအောင် မကျက်ဘဲ အသံကိုသာမှတ်၍ ကိုယ့်ပါးစပ်ထဲ တွေ့ရာစာလုံးများနှင့် သီဆိုတတ်ရာ တေးကဗျာ၏ ရသကို ပျက်စီးစေသဖြင့် ကိုယ့်စကားများ ထည့်မဆို ပါနှင့်။ သီဆိုရာတွင် မူလစာလုံးသည် သံရှည်ဖြစ်လျှင် သံရှည်၊ သံလတ်ဖြစ်လျှင် သံလတ်၊ သံပြတ်ဖြစ်လျှင် သံပြတ်၊ သံလေးဖြစ်လျှင် သံလေး ပီပီသသ ရွတ်ဖတ် သီဆိုနိုင်ခြင်းကို ထောင့်ကျိုးသည်ဖြစ်၍ အက္ခရာများ ကို ထောင့်ကျိုးပါစေ။ စကားပီသခြင်းသည် အဆိုတော်အတွက် အလိုအပ်ဆုံးအရည်အချင်း တစ်ခု ဖြစ်၍ စကားပီပါစေ။ အက္ခရာအသံထွက် ပီသအောင် ဂရုစိုက်ရန် ပြောသည့်အတိုင်း စာလုံးများကို စာအတိုင်းဖတ်ကြဆိုကြသောအခါ ဌာန်ကရိုဏ်းမကျနတော့ဘဲ နားဝင်မဖြောင့်ဖြစ်တတ်၍ ရေးတော့ အမှန်၊ ဖတ်တော့အသံဟူသောစကားကို နှလုံးမူပါ။ မဖြတ်သင့်သော ပုဒ်တို့ကို ဖြတ်ပစ်ခြင်းသည် ယထိဒေါသ ဟုခေါ်သည့် အပြစ်တစ်ပါးပင်ဖြစ်သည်။ သီချင်း တစ်ပိုဒ်စီ တစ်ပိုဒ်စီ ဖြတ်တောက်၍ အသံဆွဲငင် ရာတွင် သီချင်း၏အနက်အဓိပ္ပာယ်ကို အပေါ်လွင် ဆုံးဖြစ်အောင် အကျိုးပြုမည့် အဖြတ်အတောက်ကို ရွေးချယ်စိစစ်၍ ဖြတ်တောက်သင့်သဖြင့် ယထိဒေါသမသင့် အောင် ဆွဲငင်ဖြတ်တောက်ပါ။ တေးကဗျာ၏ အတ္တာလင်္ကာရ ဖော်ထုတ်ရာ၌ အထူးအရေးကြီးသောအချက်များဖြစ်၍ အဆိုတော် တိုင်း၊ အဆိုတော်လောင်းတိုင်း အထူးဂရုပြုမှတ်သား စောင့်ထိန်းအပ်ပေသည်ဟုဆရာကြီးကထောက်ပြ လမ်းညွှန်ထားခဲ့ပါသည်။
မြန်မာ့ဂီတနယ်ပယ်သို့ နိုင်ငံခြားဂီတထိုးဖောက် ဝင်ရောက်လာပုံ
ဗြိတိသျှလက်အောက်သို့ ကျရောက်ခဲ့ပြီး နောက်ပိုင်း ၂၀ ရာစုခေတ်ဦးမှစ၍ မြန်မာ့ဂီတနယ် ပယ်သို့ နိုင်ငံခြားတေးဂီတများ တစ်စတစ်စ ထိုးဖောက်ဝင်ရောက်ခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ဆရာကြီးက မြန်မာနိုင်ငံဂီတကောင်စီ ၁၀ နှစ်မြောက် အထိမ်းအမှတ် စာတမ်းဖတ်ပွဲတွင် ၂၀ ရာစုခေတ် မြန်မာ့ဂီတကို နိုင်ငံခြားဂီတ ထိုးဖောက်ဝင်ရောက်လာပုံစာတမ်းကို ဖတ်ကြားခဲ့ပါသည်။ ယင်းစာတမ်းတွင် နိုင်ငံခြားဂီတ ဝင်ရောက်လာသည့် အခြေအနေအကြောင်းရင်း များ၊ နိုင်ငံခြားဂီတ ဝင်ရောက်လာခြင်းအတွက် အမျိုးသားဂီတတွင် အပြောင်းအလဲဖြစ်ပေါ်မှုများကို အသေးစိတ် ဆန်းစစ်တင်ပြထားပါသည်။
နိုင်ငံခြားဂီတသည် အလိုအလျောက် မထွင်း ဖောက်နိုင်ဘဲ အမျိုးသားဂီတပညာရှင်များက မြန်မာတွေ လက်ခံနိုင်အောင် ပြုပြင်စီမံဖြန့်ဖြူး ပေးမှသာ ထိုးဖောက်ဝင်ရောက်နိုင်သည်။ ၁၉၀၀ ပြည့်နှစ်မှစ၍ ထိုးဖောက်မှုသည် မလျော့ဘဲ တိုးသည်ထက်သာတိုးလာသည်။ ဒေသအလိုက် ဆိုလျှင် ကျေးလက်ဒေသထက် မြို့ကြီးပြကြီးများ တွင် ပိုမိုကျယ်ပြန့်နေသည်။ နိုင်ငံရေးအရ၊ စီးပွား ရေးအရ အဆက်အဆံအများဆုံးနေရာများမှ လာသည်ကို သတိပြုမိသည်။ ဘယ်အပိုင်းကို အထိုး ဖောက်ဆုံးလဲဆိုလျှင် အားပျော့သည့်အပိုင်းကို ဝင်ရောက်မှုအများဆုံးဆိုသည်ကို တွေ့ရသည်ဟု ဆန်းစစ်တင်ပြထားပါသည်။
နိုင်ငံခြားဂီတ ထိုးဖောက်ဝင်ရောက်မှုကို ကာကွယ်တားဆီးနိုင်ရန်အတွက် ကျန်းမာရေး ဥပမာနှင့် နှိုင်းယှဉ်တင်ပြထားပါသည်။ ကျန်းမာရေး ဥပမာနှင့်ပြောရလျှင် ပြင်ပက ရောဂါတစ်ခု မဝင် ရောက်အောင် ခံနိုင်ရည်ရှိပြီး ကိုယ်ခံအားကောင်း အောင်နေရမည်။ အန္တရာယ်ပေးမည့်ရောဂါပိုးကို ယဉ်အောင်မွေးပြီး ပိုးအယဉ်နှင့် ဆေးထိုးပြီး ကာကွယ်နိုင်သကဲ့သို့ ဂီတတွင်လည်း ထိုနည်းတူ ဖြစ်နိုင်ပါသည်။ ကိုယ့်အမျိုးသားဂီတကို အခြေခိုင်အောင် ပြုစုအားဖြည့်ပေးရပါမည်။ ယနေ့ခေတ် ကွန်ပျူတာခေတ်နှင့် ရင်ပေါင်တန်းရပ်တည်နိုင် သောဂီတမျိုးကို ဆိုလိုပါသည်။ နိုင်ငံခြားဂီတများ ထဲမှ အန္တရာယ်မပေးနိုင်သည့် အစိတ်အပိုင်းများကို ထုတ်ယူသိမ်းသွင်းခြင်းဖြင့်လည်း ကာကွယ်နိုင်ပါ လိမ့်မည်ဟု တင်ပြထားပါသည်။
ဆရာကြီး ဦးမြင့်ကြည်၏ စာပေလက်ရာများ သည် စာပေကဏ္ဍမှာရော တေးဂီတကဏ္ဍမှာပါ အစဉ်အလာ အမွေအနှစ်များကို ကျေညက်စွာ လေ့လာဆည်းပူးထိန်းသိမ်းမှုနှင့်အတူ ခေတ်နှင့် အညီ အသိသစ်၊ အမြင်သစ်၊ အတွေးသစ်များနှင့် တီထွင်ဖန်တီးမှုဟူသောလက္ခဏာနှစ်ရပ်တို့ဖွဲ့ယှက် နေသော စာပေလက်ရာများ ဖြစ်ပါသည်။ စာပေ၊ ဂီတလေ့လာလိုက်စားသူ သုတေသီများအတွက် သာမက အမျိုးသားယဉ်ကျေးမှုအတွက်ပါ အထောက်အကူပြုနိုင်စွမ်းရှိသည့်တန်ဖိုးမဖြတ်နိုင်သော လက်ရာများဖြစ်ပါသည်။ ဆရာကြီး ကျန်းမာ ရွှင်လန်းစွာဖြင့် နိုင်ငံအကျိုး၊ လူမျိုးအကျိုးပြု စာကောင်းပေမွန်များ ဆက်လက်ရေးသားပြုစု နိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။
ကိုးကား
စာပေနှင့်ဂီတ ဂီတနှင့်စာပေ၊ ဦးမြင့်ကြည်။ ရာပြည့်စာပေ၊ နိုဝင်ဘာ ၂၀၁၁။
အင်ကြင်းခိုင် (စာပေဗိမာန်)