Skip to main content

အသံညစ်ညမ်းမှု ဘယ်လိုထိန်းချုပ်ကြမလဲ

ညစ်ညမ်းခြင်းအမျိုးမျိုး၏ လိုအပ်ချက်များသည် ပြင်ပပစ္စည်းများ သို့မဟုတ်စွမ်းအင်များ သို့မဟုတ် သဘာဝအလျောက် ဖြစ်ပွားသောအရာများ ဖြစ်နိုင်သည်။ သဘာဝအဆင့်များကို ကျော်လွန်ပါက ညစ်ညမ်းစေသောအရာများအဖြစ် သဘော ထား ခြင်းခံရသည်။ လေထု ညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်း၊ မြေထုညစ်ညမ်းခြင်း အမျိုးမျိုး ရှိသည့်အနက် အသံ ညစ်ညမ်းခြင်းသည်လည်း ညစ်ညမ်းမှုအမျိုးအစားတစ်ခုဖြစ်သည်။

 

အသံချဲ့စက်ကို စတင်တီထွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်တွင် မွေးဖွားခဲ့သော ဖိလစ် အကယ်ဒမီကျောင်းဆင်း Edward W.Kellogg နှင့်မက်ဆာချူးဆက်ပြည်နယ်၌ မွေးဖွားခဲ့သော အယ်လ်ဘာနီအကယ်ဒမီနှင့် ဟားဗတ် ကောလိပ်ကျောင်းဆင်း လျှပ်စစ်အင်ဂျင်နီယာ Chester Williams Riceတို့နှစ်ဦးက ၁၉၂၅ ခုနှစ်တွင် အသံချဲ့စက်ကို စတင်တီထွင်ခဲ့ကြသည်။

 

မြန်မာနိုင်ငံတွင်လည်း ကိုလိုနီလက်အောက် ကတည်းက အသံချဲ့စက်များကိုအသုံးပြုခဲ့ကြသည် ဖြစ်ရာ အင်္ဂလိပ်တို့က အသံချဲ့စက်ဥပဒေပြဋ္ဌာန်း ခဲ့ကြောင်း တွေ့ရပေသည်။

၁၉၄၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သော “ရဲအက်ဥပဒေ ပုဒ်မ ၃၉တွင် “တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် ပြဋ္ဌာန်းထားသည့် အတိုင်းမှတစ်ပါး မည်သူမဆိုဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပေးသည့် ခွင့်ပြုမိန့်မရှိဘဲ သို့မဟုတ် အခါအားလျော်စွာ သတ်မှတ်သည့် စည်းကမ်းချက် များနှင့်အညီ မဟုတ်လျှင် အသံချဲ့စက်မသုံးရ သို့မဟုတ် မဖွင့်ရ သို့မဟုတ် အသုံးပြုရန် ဖွင့်ရန်မပြုရဟု ပြဋ္ဌာန်းထားပြီး ယင်းဥပဒေပုဒ်မ ၄၁(က)၌လည်း အလား တူ ပြဋ္ဌာန်းထား သည်ကို တွေ့ရသည်။

 

လန်ဒန်မှ သုတေသီဆရာဝန်အဖွဲ့ တစ်ဖွဲ့၏ လေ့လာချက်အရ ကားသံများ ဆူညံနေသော ဝန်းကျင်တစ်ခုတွင် နေထိုင်ရခြင်းကြောင့် မျှော်လင့်ထားသည့် လူ့သက်တမ်းပိုတိုနိုင်ပြီး လေဖြတ်နိုင်သောအန္တရာယ်ပိုများကြောင်း လန်ဒန် မြို့တစ်ဝန်း ဆေးရုံတင်ကုသရမှုများနှင့် ဆူညီမှု အဆင့်၊ သေဆုံးခြင်းမှတ်တမ်းများအပေါ် နှိုင်းယှဉ် ချက်စစ်တမ်းတွင် ဖော်ပြခဲ့ကြသည်။

 

ဆူညီမှု ပမာဏ ၅၅ ဒက်စီဘယ် သို့မဟုတ် ယင်းထက်လျော့နည်းသည့် ပိုမိုတိတ်ဆိတ်ငြိမ် သက်သော ဒေသများတွင် နေထိုင်သူများထက်ဆူညံမှုပမာဏ ၆၀ ဒက်စီဘယ်ထက်ပိုသော ဆူညံသံများရှိရာ နေရာများတွင် နေထိုင်သူများက သေဆုံးမှု လေးရာခိုင်နှုန်းပိုများကြောင်း သိရသည်။

 

အသံကို ဒက်စီဘယ် (Decibels - dB) ဖြင့် တိုင်းတာကြရာ ပုံမှန်စကားပြောသံသည် ဒက်စီ ဘယ် ၅၅ ဝန်းကျင်ရှိပြီး အသံချဲ့စက်မှအသံသည် ဒက်စီဘယ် ၁ဝဝ နှင့်အထက်တွင်ရှိသည်။ ၇၅ ဒက်စီဘယ်ထက်များသောအသံကို အမြဲကြားနေရပါက အကြားအာရုံချို့ယွင်းနိုင်သဖြင့် အိမ် ခန်းတွင်း မှအသံသည် ၃ဝဒက်စီဘယ်ထက်နည်းသင့်ကြောင်း၊ အသံဆူညံမှုပမာဏ ၅၅ ဒက်စီ ဘယ်ထက်ပိုသော နေရာများတွင် နေထိုင်ခြင်းမှာ ကျန်းမာရေးအတွက် ပြဿနာများ ဖြစ်စေ နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုထားရာ ဒက်စီဘယ်  ကိန်းဂဏန်းများ လာလေလူတို့၏နားကို ဒုက္ခပေးနိုင် လေဖြစ်သည်ဟု ပြောကြားသည်။

 

ပြဋ္ဌာန်းပါရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့ပြီး ပထမအကြိမ် ပြင်ဆင်သည့်ဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ်မြောက် ပြင်ဆင်သည့်ဥပဒေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ်မြောက် ပြင်ဆင်သည့် ဥပဒေကို ၂၀၁၆ ခုနှစ်တွင် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် အောက်ပါလုပ်ငန်းတာဝန်များကို ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဟု ပါရှိပြီး ၊ ပုဒ်မခွဲ(ဈ)တွင် “အသံချဲ့စက်ဖွင့်ခွင့်တောင်းခံခြင်းကို စည်းကမ်းချက်သတ်မှတ်၍ ခွင့်ပြု ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်ဖွင့်သူ သို့မဟုတ် စည်းကမ်းဖောက်ဖျက်သူအား အရေး ယူခြင်း၊ အရေးယူရန် အကြောင်းကြားခြင်းဟု ပြဋ္ဌာန်းပါရှိသည်။ ။

အသံချဲ့စက်ဖွင့်ခြင်းနှင့်စပ်လျဉ်း၍ (၁) အသံ ချဲ့စက်ဖွင့်မည့် သက်ဆိုင်ရာကာယကံရှင် ကဖြစ် စေ၊ အဖွဲ့အစည်းကဖြစ်စေ၊ အသံချဲ့စက်ငှားရမ်းသူပိုင်ရှင် ကဖြစ်စေ၊ အကျိုးအကြောင်းနှင့် အသံချဲ့စက်ဖွင့်လိုသည့် ရက်နှင့်အချိန်ကို ဖော်ပြ၍ အနည်းဆုံးသုံးရက် ကြိုတင်လျှောက် ထား ချက်ကို လက်ခံခြင်း၊ (၂) နည်းဥပဒေခွဲငယ် (၁) အရ လျှောက်ထားချက်ကို ရရှိပါက လိုအပ် သလို စိစစ်၍ (ကက) သာမန်အားဖြင့် နံနက် ၆ နာရီမှ ည၉နာရီအထိသာ ခွင့်ပြုခြင်း၊ (ခခ) အများပြည်သူအား အနှောင့်အယှက်မဖြစ်စေရေး အတွက် ခွင့်ပြုသည့်ဥပစာအတွင်း အများ ပြည်သူ ကြားသိနိုင်ရုံမျှသာ ဖွင့်ခွင့်ပြုခြင်း၊ (ဂဂ) ခွင့်ပြုသည့် ကိစ္စမှတစ်ပါး အခြားကိစ္စများ အတွက် အသုံးမပြုရန် ကြီးကြပ်ခြင်း၊ (ဃဃ) တာဝန်ရှိသူက လိုအပ်၍ ခွင့်ပြုချက်ရပ်စဲခြင်းကို လိုက်နာဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊ (၃) လိုအပ်ပါက သက်ဆိုင်ရာရဲတပ်ဖွဲ့ ၏သဘော ထားမှတ်ချက်ကိုရယူခြင်း၊ (၄) သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက အသံချဲ့စက်ဖွင့်ရန် သတ်မှတ် ထားသော စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်စေခြင်းဟူ၍ ပြဋ္ဌာန်းထားသည်။

 

ခွင့်ပြုမိန့်ရယူ

 

ဥပဒေပုဒ်မ ၁၈ တွင် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အသံချဲ့စက် ဖွင့်လိုပါကသက်ဆိုင်ရာရပ်ကွက် သို့မဟုတ်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုမိန့်ရယူရ မည့်အပြင် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာ ရမည် ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ ၂၇ တွင် - ပုဒ်မ ( ၁၇၊ ၁၈ နှင့် ၁၉ ပါ တာဝန်ကို ဆောင်ရွက်ရန် ပျက်ကွက်လျှင် ထိုသူကို ကျပ်ငါးထောင်ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက (၇) ရက်ထက်မပိုသော ထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးက ချမှတ်ရမည် ဟု ပြဋ္ဌာန်း ဖော်ပြထားပါသည်။

ဆူညံသံပမာဏ မြင့်မားခြင်းသည် ကျန်းမာရေး အန္တရာယ်ကို ဆိုးဆိုးရွားရွား မဖြစ်ပေါ် စေနိုင်သော်လည်း သက်ကြီးရွယ်အိုများ၊ ငယ်ရွယ်နုနယ်သည့် ကလေးများ၊ ကိုယ်ဝန်ဆောင် မိခင် များနှင့်ကျောင်းသားကျောင်းသူများအတွက်မူ သိသာသည့်ဘေးထွက် ဆိုးကျိုးများဖြစ်ပေါ် စေသဖြင့် နိုင်ငံအချို့တွင် ဆူညံသံကို ဥပဒေဖြင့် ထိန်းချုပ်လေ့ရှိသည်ဟု သိရသည်။

 

အများပြည်သူတို့အကြား တွင်တွင်ကျယ်ကျယ် ပြောဆိုနေကြသည့် ကိစ္စတစ်ရပ်မှာ ရပ်ကွက်၊ ကျေးရွာများအတွင်း ကျယ်လောင်စွာ ဖွင့်နေကြ သည့် အသံချဲ့စက်များနှင့် ဆောင်းဘောက်များ၏ ဆူညံသံကိစ္စဖြစ်သည်။ထီကြော်ငြာ၊ဆေးကြော်ငြာ၊ သစ်သီး၊ အချဉ်တွန်းလှည်းအစရှိသော လှည့်လည် ရောင်းချမှုများတွင် လော်စပီကာအသံများဖြင့် မရပ်မနား ကြော်ငြာရောင်းချနေမှုများကြောင့် | အများပြည်သူတို့အနေဖြင့် ဆူညံသံများကို နေ့စဉ်

နှင့်အမျှ ခံစားနေရသည်။ ပွင့်လင်းရာသီတွင် အလျှိုလျှိုပေါ်လာ သည့် မဏ္ဍပ်အသီးသီးမှလည်း အသံချဲ့စက်နှင့်ဆောင်းဘောက်များကိုကျယ်လောင် စွာဖွင့်နေကြသဖြင့် အနီးပတ်ဝန်းကျင်ရှိ လူအများ တို့မှာ နှစ်ထပ်ကွမ်း နားမခံသာဖြစ်ကြရသည်။ ဥပဒေကို မည်သူမျှ လိုက်နာခြင်း မရှိကြသည့်အပြင် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအများစုကလည်း ယင်းအချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်မှုများရှိနေဆဲဖြစ်သည်။ လက်ကိုင်လော်စပီကာကြောင့် ဆူညံသံကိစ္စလတ်တလောကာလတွင် ရပ်ကွက်၊ ကျေးရွာ များအတွင်း ကျယ်လောင်စွာ ဖွင့်နေကြသော ဈေးသည်အချို့၏ လက်ကိုင်လော်စပီကာကြောင့် ဖြစ်ပေါ်လာသည့် ဆူညံသံ ကိစ္စဖြစ်သည်။ စားဝတ်နေရေးကျပ်တည်းမှု၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် အခြေခံ လူတန်းစားအချို့ သည် ရပ်ကွက် အတွင်း ကားများ၊ တွန်းလှည်းများ၊ စက်ဘီးများဖြင့် ကုန်စိမ်း၊ ကုန်ခြောက်၊ ရေသန့် စသည်တို့ကို လမ်းလျှောက်ရောင်း ချသူများ လည်း ရှိသည်။

 

ထိုသို့ လှည့်လည်ရောင်းချရာ၌ အချို့မှာ လက်ကိုင်လော်စပီကာကို အသံကုန်ဖွင့်၍ မရပ် မနား ဆက်တိုက် ကြော်ငြာရောင်းချနေသဖြင့် ရပ်ကွက်နေ ပြည်သူလူထုတို့ နားမခံသာဖြစ်ကြ ရသည်။ ရပ်ကွက်အတွင်းရှိ သက်ကြီး ရွယ်အိုနှင့် နာတာရှည်မကျန်းမာသူတို့မှာ အဆိုပါဆူညံသံများ ကြောင့် စိတ်အနှောင့်အယှက်ကြီးစွာဖြစ်ကြရ သည်။ အချို့ရပ်ကွက်များတွင် ရပ်ကွက်အတွင်း ဈေးရောင်းချသူများအနေဖြင့် လော်စပီကာကို အသံလျှော့ပေး ကြပါရန်ဟူသည့် တိုက်တွန်း နှိုးဆော်ချက်ဆိုင်းဘုတ်များ ချိတ်ဆွဲထားရသည် အထိ ဖြစ်လာသည်။

အခမ်းအနား၊ ပျော်ပွဲရွှင်ပွဲများ၌ အသံချဲ့စက် ကို အသုံးပြုပါက သတ်မှတ်ထားသော ဥပဒေ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရုံမျှမက သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများနှင့် မွေးကင်းစကလေးငယ်များ ကျန်းမာရေးကို ထည့်သွင်း စဉ်းစား ရန် လိုအပ်မည်ဖြစ်သည်။ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေသော ဆူညံသံများဖြစ်ပေါ်စေပါက အသံချဲ့စက်ဖွင့်ခြင်း သည် ဥပဒေအရ အရေးယူနိုင်ပါကြောင်း ရေးသား လိုက်ရပါသည်။

မေယု-မျိုးအောင်(MANA)