Skip to main content

ပြည်သူ − ပုဂ္ဂလိက ပူးပေါင်းပါဝင် ကျေးလက်မီးလင်းရေးစနစ် ပိုမိုခရီးတွင်

13

မိုးရာသီဆိုတော့ကာ မြို့ပြမှာဆိုပေမယ့် မိုးနဲ့လေနဲ့မို့ မီးက ခဏတဖြုတ်တော့ ပျက်တတ်သည့် ကာလ.....။ ကိုယ့်မှာ သံယောဇဉ်သမားပီပီ တစ်ချိန်က ကိုယ်လှည့်လည် ကွင်းဆင်းခဲ့ဖူးသည့် အသေးစားဓာတ်အားစနစ်စီမံကိန်း ကျေးရွာလေးတွေ အဆင်မှပြေကြရဲ့လား စိတ်ပူမိရသည်။

စီမံကိန်းရွာပေါင်းရာကျော်ရှိတဲ့အထဲ -ကိုယ်သွားခဲ့ဖူးသည့်အထဲကမှကွင်းဆင်း ရက်ကြာကြာဖြင့် သံယောဇဉ်ဖြစ်ရသည် က ရေစကြိုကျွန်း ရှစ်ရွာဆိုရမည်။ စိတ်ကပူသည်ဆိုသည်နှင့် လက်က -ဖုန်းဆီရောက်မိပြီးသား။ ကွင်းဆင်းတုန်း ခဏ ရင်းနှီးခင်မင် ခဲ့ရသည့် ရွာရဲ့ ရပ်မိ -ရပ်ဖ ဦးလေးတစ်ယောက်ဆီ လှမ်းမေးတော့...

“အဆင်ပြေတယ် မယ်အိမ့်ရေ၊ မီးပျက်တာ ဘာညာလည်း မရှိဘူးဗျ” ဆိုမှ ကိုယ့်မှာ သက်ပြင်းချနိုင်သည်။ တစ်ပြိုင်တည်းမှာ ဒီမီး ဒီခရီးကို အစဦး ကမကထပြု မတည်ကြိုးစား ပေးခဲ့သည့် ကျွန်းရွာများရဲ့ ကိုးကွယ်အားထားရာ ဆရာတော်ဘုရားကိုပါ စိတ်မှရည်မှန်း ဦးတင် မိရပြန်သည်။

“ကျေးလက်ဦးစီးက ကျေးရွာဖွံ့ဖြိုး ရေးအတွက် ဘာတွေ လုပ်ပေးနေတယ်။ အသေးစား ဓာတ်အားစနစ် (Mini-Grid) ဆိုတာက ဘာကိုခေါ်တယ်၊ အဲ့စီမံကိန်း လုပ်ချင်ရင် ရွာဘက်က ဘယ်လိုပူးပေါင်း ပါဝင်ဖို့လိုတယ်ဆိုတာတွေကစ ကျုပ်က တရားပွဲတိုင်းမှာ ထည့်ဟောရင်း စည်းရုံး ခဲ့ရတာဗျ”

ဆရာတော် စကားသံတွေ နီးနီးကပ်ကပ် ပြန်ကြားယောင်မိရသည်။ ဧရာဝတီမြစ်နှင့် ချင်းတွင်း မြစ်ကြားမှာ အထီးတည်းတည်ရှိနေ သည့် ကျွန်းပေါ်က ကျေးရွာများအတွက် လမ်းဆုံလမ်း၊ မီးဆိုမီး ကျေးလက်ဦးစီးနှင့် ပူးပေါင်းပြီး ဖွံ့ဖြိုးရေးခရီးပြင်းကို နှင်ခဲ့ကြသူတွေ။

ဒီကျွန်းပေါ်မှာပဲ အိမ်သုံးဆိုလာစနစ်နဲ့ မီးရနေသည့် ကျေးရွာတွေရှိသလို ဆိုလာအသေးစား ဓာတ်အားစနစ်နဲ့ မီးရနေသည့်ကျေးရွာ တွေရှိသည်။ စနစ်နှစ်ခုလုံးတွင် ကျေးရွာပြည်သူ့ ထည့်ဝင်ငွေ အချိုးကျပါဝင်မှုဖြင့် ဆောင်ရွက်ထား ခြင်းဖြစ်သည်။ ငွေဆိုပေမဲ့ ငွေမတတ်နိုင် လျှင် ငွေတန်ဖိုးနှင့် အချိုးညီမျှသော လုပ်အား (သို့) စီမံကိန်းတည်ဆောက်ရန် မြေနေရာ လှူဒါန်းပေးခြင်းဖြင့်လည်း ပါဝင်၍ရသည်။ လှူဒါန်းသည့်မြေတန်ဖိုးကို တန်ဖိုးသင့်တွက်ချက်၍ ကျေးရွာပြည်သူ့ ထည့်ဝင်မှုအဖြစ် သတ်မှတ်ပေးခြင်း ဖြစ်သည်။

မည်သို့ဆိုစေ ကျေးရွာပြည်သူ၏ ပူးပေါင်းပါဝင်မှုအားဖြင့်သာ ဒီခရီး ဒီမျှ တွင်ခဲ့သည် ဆိုရမည်။ ၂၀၁၆- ၂၀၁၇ ခုနှစ်များဆီ ပြန်ကြည့်တော့ အသေးစား ဓာတ်အားစနစ် ဆောင်ရွက်သည့် ရွာဆို လို့ ပြေးကြည့်မှ လုပ်ငန်းက ရှစ်ခု၊ ရွာက ၁၀ ရွာသာ ရှိခဲ့သည်။ ရှေ့ဦးအစဆောင်ရွက်စ အချိန်ဆိုတော့ကာ ကျေးလက် ဦးစီးအတွက်ရော ကျေးရွာပြည်သူနှင့် ရင်းနှီးမြှုပ်နှံသူ (Mini-Grid Developer) အတွက်ပါ အရာရာ မြေစမ်းခရမ်းစပျိုး ရချိန်ကိုး။ ခုတော့ စီမံကိန်း လုပ်ငန်းပေါင်း ၁၂၁ ခုကို ကျေးရွာပေါင်း ၁၅၄ ရွာအတွက် ဆောင်ရွက်ပေးနိုင်လျက်ရှိတာ မျက်ဝါးထင်ထင် တွေ့မြင်နေရပါပြီ။ ပြည်သူပုဂ္ဂလိက-ဦးစီးဌာနတို့ စုပေါင်းစွမ်းအားဖြင့် မဟာ ဓာတ်အားလိုင်း ပြင်ပစနစ်နဲ့ လျှပ်စစ်မီးရရှိသည့် ကျေးရွာတွေ တစ်စတစ်စ တိုးပွားလာခဲ့ပြီ။ ထိုအခါ လျှောက်ခဲ့ရသည့် ခရီးရှည်ကို ပီတိဖြင့် လည်ပြန်ကြည့်မိပြန်ချေသည်။

မဟာ ဓာတ်အားလိုင်းပြင်ပစနစ်  ဘယ်ကစလဲ

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသတွင်  နေထိုင်သည့်အတွက် ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး၊ တစ်နည်းဆိုရသော် ကျေးလက်မီးလင်းရေးသည် နိုင်ငံ၏  အဓိကဦးစားပေးလုပ်ငန်းအစီအစဉ်များတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ နိုင်ငံ၏ မြေမျက်နှာ သွင်ပြင် အနေအထားအရ နိုင်ငံတစ်ဝန်း လျှပ်စစ်မီးရရှိရေးအတွက် မဟာဓာတ်အားလိုင်းမှ ချိတ်ဆက်ပေးနိုင်ရန်မှာ တစ်မုဟုတ်ချင်း ဆောင်ရွက်ပြီးစီးနိုင်မည်ကားမဟုတ်။ နှစ်ကာလ အတော်အတန် ကြာမြင့်ချေဦးမည်။ သည် နေရာတွင် မေးစရာနှစ်ခု ရှိလာသည်။

“မဟာဓာတ်အားလိုင်း ရရှိချိန်အထိ ကြာမြင့်စွာစောင့်ဆိုင်းမလား”သို့မဟုတ် “ကြားကာလ ဖြေရှင်းမှုအနေဖြင့် မဟာ ဓာတ်အားလိုင်းမရောက်ရှိမီ အကြို မီးလင်းရေးစနစ်တစ်ခုခုကို အသုံးပြု မလား?”

အရာရာတိုင်းတွင် အကျိုးနှင့် အပြစ်ရှိသည်မှာ ဓမ္မတာ။ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ရရှိမည်ဆိုပါက ဓာတ်အားခ သက်သာစွာအသုံးပြုနိုင်ပြီး ရေရှည်အတွက် ကောင်းမွန်သည်။ သို့ရာတွင် လျှပ်စစ်မီးရရှိမှုသည် ကဏ္ဍစုံဖွံ့ဖြိုးရေးတွင် အခြေခံအကျအဆုံး လိုအပ်ချက်  တစ်ခု ဖြစ်ရာ မဟာဓာတ်အားလိုင်းနှင့်  ချိတ်ဆက်နိုင်ချိန်ထိ စောင့်ဆိုင်းနေမည်ဆိုပါက ဝေးလံ ခေါင်ဖျားကျေးရွာများ ဖွံ့ဖြိုးမှု နောက်ကျကျန်ရစ်တော့မည်။

ထိုအခါ ဒုတိယမေးခွန်းသည် ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းလာစေရေး၊ တန်းတူညီမျှ အကျိုးခံစားခွင့် ရရှိစေရေးတို့အတွက် အဖြေတစ်ခု ဖြစ်လာခဲ့သည်။ ကြားကာလဖြေရှင်းမှုအနေဖြင့် မဟာဓာတ်အားလိုင်း ပြင်ပမီးလင်းရေးစနစ်ကို အကြို မီးလင်းရေးစနစ်အဖြစ် ထည့်သွင်းစဉ်းစားလာရတော့သည်။

ထို့ကြောင့်ပင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသည် မဟာဓာတ် အားလိုင်းနှင့် ၁၀ မိုင်အထက် ဝေးကွာသော ဒေသများ၊ နောင် ၁၀ နှစ် ၁၅ နှစ်အတွင်း မဟာဓာတ်အားလိုင်း  မရောက်ရှိနိုင်သောသများကို မဟာ ဓာတ်အားလိုင်းပြင်ပရိယာ (Of-Grid) အဖြစ်သတ်မှတ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်မှစတင်ပြီး အိမ်သုံးဆိုလာစနစ်၊ ပြန်ပြည့်မြဲစွမ်းအင်အသုံးပြု အသေးစား ဓာတ်အားစနစ်များဖြင့် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပစနစ်) (NEP (Off-Grid)) ကို ကမ္ဘာ့ဘဏ်ချေးငွေ၊ နိုင်ငံတော် ဘတ်ဂျက်နှင့် ပြည်သူ့အချိုး ကျထည့်ဝင်ငွေများ ပူးပေါင်းထည့်ဝင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တော့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်မီးလင်းရေးအတွက်မျှသာမဟုတ် ပြည်သူပုဂ္ဂလိက ပူးပေါင်းပါဝင်မှု ဖွံ့ဖြိုးစေရေးကိုပါ ဦးတည်ရှေးရှု၍ ကျေးရွာမီးလင်းရေးအတွက် ဦးစီးဌာနနှင့်အတူ လက်တွဲဦးဆောင်ဦးရွက်ပြုပါဝင်ရန် ကျေးရွာနေ ပြည်သူကိုယ်စားပြု စေတနာ့ဝန်ထမ်းအဖွဲ့အစည်းအဖြစ် ကျေးရွာလျှပ်စစ်  မီးလင်းရေးကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။ ကျေးရွာပြည်သူ့အားကိုယူ၍ ခရီးပြင်းကို စ၍နှင်ခဲ့သည် ဆိုရမည်။ ခုတော့ အတော်အတန် ခရီးပေါက်နေချေပြီ။ မည်မျှ ခရီးပေါက် ခဲ့ပါသလဲဆိုလျှင် ကျေးရွာလျှပ်စစ် မီးလင်းရေး ကော်မတီများပင်လျှင် တရားဝင်အဖွဲ့အစည်း ဖြစ်လာစေသည်အထိ ဥပဒေပါပြဋ္ဌာန်းပေးနိုင်ခဲ့ သည်လေ။

ကျေးရွာ မီးလင်းရေးအတွက် ဦးဆောင်ဦးရွက်ပြုမည့် ကျေးရွာလျှပ်စစ် မီးလင်းရေးကော်မတီ

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပါ ပုဒ်မ(၂၁)(ခ)အရ မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးဆောင်ရွက်မည့် ကျေးရွာ တိုင်းတွင် ကျေးရွာလျှပ်စစ်မီးလင်းရေး ကော်မတီ ဖွဲ့စည်းဆောင်ရွက်ရမည်ဟုဆိုသည်။ ထို့အတူ ကျေးရွာလျှပ်စစ်မီး လင်းရေးကော်မတီ ဖွဲ့စည်းရာတွင် လိုက်နာရမည့်အချက်များ၊ လုပ်ငန်း တာဝန်များအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနည်းဥပဒေ(မူကြမ်း)တွင် အကြမ်းအားဖြင့် ဤသို့ တွေ့ရှိရသည် -

(က) ကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီကို ဥက္ကဋ္ဌတစ်ဦးနှင့် အတွင်းရေးမှူးတစ်ဦး အပါအဝင် အဖွဲ့ဝင် ကိုးဦးထက်မနည်း မဂဏန်းဖြင့် နည်းဥပဒေ (၁၀၀)နှင့် အညီဖွဲ့စည်းရမည်။ (ခ) မီးလင်းရေး ကော်မတီ၏အောက်တွင် ဘဏ္ဍာရေး ဆပ်ကော်မတီအား အဖွဲ့ဝင် သုံးဦးဖြင့် ဖွဲ့စည်းထားရှိရမည်။

(ဂ) ကျေးရွာလျှပ်စစ်မီးလင်းရေး ကော်မတီနှင့် ဘဏ္ဍာရေး ဆပ်ကော်မတီအား လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

ကျေးရွာလျှပ်စစ်မီးလင်းရေး ကော်မတီ၏ လုပ်ငန်းတာဝန်များ အနေဖြင့်မူဦးစီးဌာနမှ အခါအားလျော်စွာ ထုတ်ပြန်ထားသော စီမံကိန်းနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို ကျေးရွာသူ၊ ကျေးရွာသားများအား ပြန်လည်ရှင်းလင်း ပြောပြပေးခြင်း၊ လျှပ်စစ်မီးရယူသုံးစွဲမည့် အိမ်ထောင်စု စာရင်းများ ပြုစုပေးခြင်း၊ လျှပ်စစ်မီးရရှိ ရေးလုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းရှင် များနှင့် ရပ်ရွာကိုယ်စား ညှိနှိုင်းဆောင် ရွက်ပေးခြင်း၊ ပြည်သူထည့်ဝင်ငွေကောက်ခံ၍ မြန်မာ့စီးပွားရေးဘဏ် (သို့မဟုတ်) ဗဟိုဘဏ်မှ အသိအမှတ် ပြုထားသည့် ဘဏ်တစ်ခုခုတွင် စာရင်းရှင် ဖွင့်လှစ်အပ်နှံခြင်း၊ စီမံကိန်းမှ ဆောင်ရွက်ပေးထားသော အိမ်သုံး ဆိုလာစနစ်၊ အသေးစားဓာတ်အားစနစ်များ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်မှုကို ဦးစီးဌာနသို့ တင်ပြညှိနှိုင်း ဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်း ဆိုင်ရာဆက်စပ်ပစ္စည်းများ ချို့ယွင်း ပျက်စီးမှု ဖြစ်ပေါ်ပါက ဦးစီးဌာနသို့လည်းကောင်း၊ လုပ်ငန်းဆောင်ရွက်သူသို့လည်းကောင်း ဆက်သွယ်ဆောင်ရွက်ပေးခြင်းနှင့် ပြည်တွင်း၊ ပြည်ပ အကူအညီဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများတွင် ပြင်ဆင်ထိန်းသိမ်းစရိတ် ကာမိစေရန် ဓာတ်အားခနှုန်းထားကိုကျေးလက် နေပြည်သူများသို့ ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်း သဘောတူညီချက်ရယူကာ ဦးစီးဌာန၏ သတ်မှတ်ချက်နှင့်အညီ ဓာတ်အားခကောက်ခံနိုင်ခြင်း စသည်ဖြင့် တွေ့ရှိရသည်။

ကျေးရွာနေပြည်သူ၏ ပူးပေါင်းပါဝင်မှုအခန်းကဏ္ဍ

ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းများ ရေရှည်လည်ပတ် နိုင်စေရန်နှင့် ပြည်သူမှ မိမိပိုင်ပစ္စည်းကဲ့သို့ တန်ဖိုးထား ထိန်းသိမ်းကြစေရန်ရည်ရွယ်၍ အထက်တွင်ဆိုခဲ့ သည့်အတိုင်း ပြည်သူ့ထည့်ဝင်ငွေ သတ်မှတ်အချိုးကျ ထည့်ဝင်ဆောင်ရွက် စေသည့် နည်းလမ်းဖြင့် ဆောင်ရွက် လျက်ရှိပြီး လက်ရှိတွင် ပြုပြင်ထိန်းသိမ်း ရေးအတွက်ကိုပါ စနစ်တကျ သင်တန်း များပေးကာ တာဝန်ယူ ဆောင်ရွက်စေခြင်းဖြစ်သည်။ 

အိမ်သုံးဆိုလာစနစ် (SHS)

အိမ်သုံးဆိုလာစနစ် (SHS)စနစ်ရယူ သူများအနေဖြင့် ၆၀ ဝပ်ဆိုလာစနစ် တစ်စုံလျှင် ၅၀,၀၀၀ ကျပ်နှင့် ၁၀၀ ဝပ်ဆိုလာစနစ်တစ်စုံလျှင် ၁၅၀,၀၀၀  ကျပ်ကို အရစ်ကျစနစ်ဖြင့် နှစ်ကြိမ်ခွဲ၍ ပေးသွင်းရပြီး ကျန်ကုန်ကျငွေများကို စီမံကိန်းရန်ပုံငွေမှ ကျခံသုံးစွဲခြင်း ဖြစ်သည်။ ထို့ပြင် စာသင်ကျောင်း၊ ဆေးပေးခန်း၊ဘာသာရေးအဆောက်အဦ နှင့် လမ်းမီးစသည့် အများသုံးဆိုလာ စနစ်များကိုမူ စီမံကိန်းရန်ပုံငွေမှ ၁၀၀  ရာခိုင်နှုန်းထောက်ပံ့ပေးခြင်းဖြစ်သည်။

အိမ်သုံးဆိုလာစနစ်များ ရေရှည်အသုံးပြုနိုင်စေရန်အတွက် စနစ်တကျ  ကိုင်တွယ်အသုံးပြု နည်းနှင့် ပြင်ဆင်ထိန်းသိမ်းနည်းကို လုပ်ငန်းဆောင်ရွက် သူက သင်ကြားပို့ချပေးရမည်ဖြစ်ပြီး ပြုပြင်ထိန်းသိမ်းခြင်းကို အသုံးပြုသူမှလည်းကောင်း၊ လမ်းမီးတိုင်များကို ကျေးရွာလျှပ်စစ် မီးလင်းရေးကော်မတီမှလည်းကောင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးအဆောက် အဦတို့တွင် တပ်ဆင်ထားရှိသည့် အများသုံးဆိုလာစနစ်များအတွက်မူ သက်ဆိုင် ရာဌာန၊ အဖွဲ့အစည်းများမှလည်းကောင်း တာဝန်ယူဆောင်ရွက်ကြရသည်။

အသေးစားဓာတ်အားစနစ် (Mini-Grid)

အသေးစားဓာတ်အားစနစ် (MiniGrid) ကို စီမံကိန်းရန်ပုံငွေမှ ၆၀ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင် Developer မှ၂၀ ရာခိုင်နှုန်းနှင့် ကျေးရွာနေပြည်သူမှ ၂၀ ရာခိုင်နှုန်းထည့်ဝင် ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းရှင်၏ လုပ်ငန်းလုပ်ကိုင်ခွင့် ကာလအတွင်း၌မူ လုပ်ငန်း လည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းကို လုပ်ငန်းရှင်ဘက်မှ တာဝန် ယူဆောင်ရွက်ရသည်။

လျှပ်စစ် ဓာတ်အားခကို လုပ်ငန်းရှင် ၏ရင်းနှီးမြှုပ်နှံငွေနှင့် လုပ်ငန်းဆောင် ရွက်ခွင့်ကာလ၊ အရင်းပြန်ရကာလတို့  အပေါ်မူတည်တွက်ချက်ရပြီး ကျေးရွာလျှပ်စစ်မီးလင်းရေး ကော်မတီ၏ သဘောတူညီချက်၊ ဦးစီးဌာန၏ ခွင့်ပြု ချက်တို့ရရှိပြီးမှသာ နှုန်းထားအတည်ပြု သတ်မှတ်ကြ ရခြင်းဖြစ်သည်။ သတ်မှတ် လုပ်ငန်းလုပ်ကိုင်ခွင့်ကာလ ပြည့်မြောက်ပါက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါပုဒ်မ(၂၃)နှင့်အညီ ကျေးရွာ မီးလင်းရေး ကော်မတီသို့ လုပ်ငန်း  လွှဲပြောင်းအပ်နှံရမည်ဖြစ်ပြီး လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်းမပြုမီ သုံးစွဲနည်းနှင့် ပြုပြင် ထိန်းသိမ်းနည်း သင်တန်းများ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးသင်တန်း များပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည် ဟု ဥပဒေအရပါ ပြဋ္ဌာန်းပေးထားသည်။

“ကျွန်တော်တို့အနေနဲ့ လုပ်ငန်းအဆိုပြုလွှာ မတင်ခင်ကတည်းက ကျေးရွာနဲ့စပြီး ညှိနှိုင်းရတာ ပေါ့နော်၊ သူတို့ဘက်က လိုအင်ဘယ်လိုရှိမလဲ၊ ကျွန်တော်တို့ ဘက်က ဘာတွေလုပ်ပေးနိုင်မလဲ။ ဓာတ်အားခဘယ်လိုကောက်မလဲ စသဖြင့်ပေါ့။ ရွာတွေဆိုတော့ မြို့မှာလို  အိမ်တိုင်း လျှပ်စစ် ပစ္စည်းသုံးကြတာ မဟုတ်ဘူးလေ... ဒီတော့ အိမ်ထောင်စု တစ်စုချင်းအလိုက် ဘာတွေသုံးမယ်၊ ဓာတ်အားလိုအပ်ချက် ဘယ်လောက်ရှိ မယ်၊ လျှပ်စစ်သုံးပြီး ဘာလုပ်ငန်းလေးတွေ လုပ်ဖို့ရှိမယ်၊ သူတို့ ဘယ်လောက် တတ်နိုင်မယ်၊ ဘယ်လိုလေး အရစ်ကျ ထည့်ဝင်ချင်တယ် ဆိုတာကအစ ဆွေးနွေးညှိနှိုင်း၊ Household Survey ဆင်း၊ ဓာတ်အားသုံးစွဲမယ့်ပမာဏအလိုက်  သင့်တော်တဲ့ Package လေးတွေခွဲ၊ သူတို့ဘက်ကလည်း သဘောတူ၊ အဆိုပြု လွှာလည်း အောင်ဆိုရင်တော့ DRD ရယ်၊ ရွာမီးလင်းရေး ကော်မတီရယ်နဲ့ ကျွန်တော်တို့သုံးဦးဆိုင် လုပ်ငန်း စာချုပ်ချုပ် လုပ်ငန်း စလုပ်၊ ဒီနည်းနဲ့သွားနေတာပေါ့” ဟု လက်ရှိတွင် အသေးစား ဓာတ်အားစနစ် ဆောင်ရွက်နေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့်မူ ထိုသို့ ရင်းနှီးမြှုပ်နှံငွေ အချိုးကျ ထည့်ဝင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်နိုင်သည့်အပြင် ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ၍လည်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဥပဒေပါ ပုဒ်မ(၂၂) အရဆိုလျှင် မဟာဓာတ်အားလိုင်း ပြင်ပဧရိယာအတွင်း ကျေးလက်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်လိုသူသည် သတ်မှတ်ချက် များနှင့် အညီ ဦးစီးဌာနတွင် လျှောက်ထား နိုင်ကြောင်း တွေ့ရသည်။

ပြည်သူ-ပုဂ္ဂလိက ပူးပေါင်းပါဝင်မှုဟု ဆိုရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွား တစ်ခုတည်း အတွက် ရည်ရွယ်ဆောင် ရွက်ခြင်းမဟုတ်ဘဲကျေးရွာနေ ပြည်သူ များ၏ ဆန္ဒသဘောထားကို ဦးစားပေး အလေးဂရုပြု ဆောင်ရွက်လျက်ရှိပြီး ကျွဲကူးရေပါ ဆိုသလိုလျှပ်စစ်မီးရရှိမှုနှင့်အတူ ပြည်သူ-ပုဂ္ဂလိက ပူးပေါင်းပါဝင်မှု ဖွံ့ဖြိုးစေရေးကိုပါ ဦးတည်ဆောင်ရွက်လျက်ရှိသည့်အတွက် မဟာဓာတ်အား လိုင်းပြင်ပ ကျေးလက်မီးလင်းရေး စနစ်သည် ရှေ့လျှောက်ပိုမို၍ ခရီးတွင်ဦးမည့် မီးလင်းရေးစနစ်တစ်ခုအဖြစ် ရှုမြင်သုံးသပ် မိရသည်။

တစ်ရွာမှသည် တစ်ရာ...တစ်ရာမှသည် ထောင်သောင်းချီ အလင်းတရား ဆင့်ပွားလင်းနိုင်ကြ စေချင်

ပြည်သူမပါဘဲသွားရတဲ့ ခရီးဟာ နွေအခါထဲ ရေဘူးမပါဘဲ ခရီးနှင်ရသည်နှင့်တူသည်။ ခရီးမတွင် သလို တာရှည်ရပ်တည်နိုင်ဖို့ ရာလည်း ခဲယဉ်းလှသည်။ ယခုမူ ပြည်သူ့အားနှင့် စခဲ့သည့် ကျေးလက်မီးလင်းရေး ခရီးသည်အတော်အတန် ခရီးပေါက်ခဲ့သည်မှာ မျက်မြင်ကိုယ်တွေ့ ဟုဆိုရပေမည်။ သည်ခရီး သည်လမ်း သည်အတိုင်းသာ ပြည်သူ့အားဖြင့် ရှေ့ဆက်ခရီးနှင် မည်ဆိုလျှင်မူ “၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး” ဟူသည့် နိုင်ငံ၏ပန်းတိုင်ဆီ မတိမ်းမဆောင်း လျှောက်လှမ်း နိုင်လိမ့်မည်ဟု ယုံကြည်စွာမျှော်လင့်မိ ပါတော့သည်။ ။

မယ်အိမ့် (ကျေးလက်)