Skip to main content

ကျိုးကြောင်းဆင်ခြင်မှင်နှင့် စိတ်ခံစားချက်

မိမိပတ်ဝန်းကျင်တွင် နေ့စဉ်လိုလို မြင်တွေ့ခံစားရသည့် အကြောင်းအရာများအနက် လူတစ်ဦးချင်း စီအနေဖြင့် ကိုယ်တိုင် တွေ့ကြုံလာသည့် ကိစ္စရပ်များကို မည်သို့ရှုမြင်ကြသည်၊ မည်သို့နားလည် လက်ခံကြသည်နှင့် မည်သည့်ပုံစံဖြင့် တုံ့ပြန်ကြ သည်ဆိုသည်မှာ လွန်စွာစိတ် ဝင်စားဖွယ်ဖြစ်သည်။

လူ့သဘော

လူတစ်ယောက်သည် စိတ်ပျော်ရွှင်သည့်အချိန်တွင် ရယ်ရယ်မောမောဖြင့် ပြုမူဆက်ဆံပြောဆိုတတ်၍ စိတ်ဆိုးစိတ် ညစ်နေသည့်အချိန်တွင် အော်တတ်၊ ငေါက်တတ်၊ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုလုပ်ဆောင်တတ်ကြသည်ကို ကြုံဖူးကြ ပေလိမ့်မည်။ လူတိုင်းဖြစ်တတ်လေ့ရှိသည်ဟုတော့ မဆိုလိုပါ။ အချို့သည် မိမိစိတ်ခံစားချက်အား သိမြင်နိုင်၊ ထိန်းသိမ်းနိုင်၊ နားလည်လက်ခံနိုင်၊ ဆင်ခြင်စဉ်းစား နိုင်ကြသူများစွာလည်း ရှိကြသည်။ စိတ်ခံစားချက် နောက်လိုက်သူများနှင့် စိတ်ခံစားချက်ကို ဆင်ခြင် ထိန်းသိမ်းနိုင်စွမ်းရှိသူများဟု ပိုင်းခြားဆိုရမည်ဖြစ်သည်။

စိတ်ခံစားချက်များဆိုသည်က လူတိုင်းတွင် ရှိတတ်ကြသည့် လူ့သဘောဖြစ်ရာ စိတ်ရှိနေသမျှ စိတ်ခံစားချက်ဆို သည်ကလည်း ရှိနေပါမည်။ စိတ်ခံစားချက်ရှိခြင်းသည် သဘာဝဖြစ်ပြီး စိတ်ခံစားချက်ကို နည်းလည်နိုင်စွမ်းနှင့် တုံ့ပြန်မှု နည်းလမ်းသည် ကာယကံရှင်၏ အရည်အသွေး ဖြစ်ပါသည်။

စိတ်ခံစားမှုများ

စိတ်ခံစားမှုများသည် အတွေးများ၊ ခံစားချက်များ၊ အပြုအမူဆိုင်ရာ တုံ့ပြန်မှုများနှင့် ကျေနပ်မှု သို့မဟုတ် မကျေနပ်မှုတို့နှင့် များစွာဆက်စပ်နေသည့် ဇီဝဗေဒအခြေပြု စိတ်အခြေအနေများဟု ဆိုပါသည်။ ယင်းခံစားချက်များသည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ တွေ့ကြုံခံစားရမှုများကြောင့် ဖြစ်ပေါ်လာတတ်ပြီး မိမိ၏အတွင်းနှင့်အပြင်အဖြစ် အပျက်များအပေါ် တုံ့ပြန်တတ်လေ့ရှိပါသည်။

အရစ်တိုတယ် (ဘီစီ ၃၈၄-၃၂၂) ကမူ စိတ်ခံစားမှုများသည် လူတို့၏ဆုံးဖြတ်ချက်များ အပေါ် အကျိုးသက်ရောက်နေသဖြင့် လူတို့အားပြောင်းလဲစေသည့်ခံစားမှုများဖြစ်သည်။ ယင်းစိတ် ခံစားချက်များတွင် နာကျင်မှုသို့မဟုတ် ကျေနပ်မှုများ၊ ဒေါသ၊ သနားကြင်နာမှု၊ နှစ်သက်မှုတို့နှင့် ယင်းတို့၏ ဆန့်ကျင်ဘက်များ ပါဝင်ကြောင်းဆိုပါသည်။

ထို့အပြင် စိတ်ခံစားချက်များသည် အများအားဖြင့် ရှင်းလင်းစွာသိမြင်မှုနှင့် ဆုံးဖြတ်နိုင်စွမ်းတို့နှင့် ကွဲပြားခြားနား တတ်ကြသည်။ ကိုယ်ချင်းစာစိတ်၊ သနားကြင်နာစိတ်ကဲ့သို့သော အချို့သောအပြုသဘော စိတ်ခံစားချက်များသည် ဝေဖန်စဉ်းစားတွေးခေါ်နိုင်သည့် စွမ်းရည်တိုးတက်စေနိုင်သော်လည်း ကြောက်ရွံ့မှု၊ စိုးရိမ်မှု၊ ဒေါသစိတ်ကဲ့သို့သော စိတ်ခံစားချက်များသည် ဝေဖန်စဉ်းစားတွေးခေါ်ရာတွင် အဟန့်အတား ဖြစ်စေတတ်ပါသည်။ အပြုသဘောစိတ်ခံစား ချက်နှင့် အပျက်သဘော စိတ်ခံစားချက်များအလိုက် ယင်းခံစားချက်များအပေါ် ထိန်းသိမ်းနိုင်မှုနှင့် တုံ့ပြန်မှုနည်း လမ်းများအပေါ် မူတည်၍ ကောင်းကျိုး၊ ဆိုးကျိုး အကျိုး ဆက်များကွာခြားသွားမည်ဖြစ်သည်။

ကျိုးကြောင်းဆင်ခြင်မှု

ကျိုးကြောင်းဆင်ခြင်မှုသည် အထောက်အထား၊ အချက်အလက်များအပေါ် အခြေခံသည့် ဆုံးဖြတ်ချက် သို့မဟုတ် ကောက်ချက်ချမှုကို အထောက်အပံ့ဖြစ်စေသည့် လုပ်ငန်းစဉ်ဖြစ်သည်။ ယင်းလုပ်ငန်းစဉ်တွင် ပြဿနာတစ်ရပ် ဖြေရှင်းသည့် နည်းလမ်းများအသုံးပြုခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့ ပါဝင်ပါသည်။ အထောက်အထားအခြေပြု၊ ယုတ္တိဗေဒအခြေပြု စဉ်းစားသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် ကောင်းမွန်သည့် ဘဝရွေးချယ်မှုဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လည်းကောင်း၊ အခက်အခဲ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင်လည်းကောင်း၊ ပြဿနာများဖြေ ရှင်းရာတွင် လည်းကောင်း မရှိမဖြစ် လိုအပ်ချက်တစ်ရပ် ဖြစ်ပေသည်။ ကျိုးကြောင်းဆင်ခြင်မှုသည် စိတ်ခံစားချက်များအပေါ် အခြေခံလေ့မရှိဘဲ ဖြစ်ပွားနေသည့် ဖြစ်စဉ်ဖြစ်ရပ်၊ အရင်းခံအကြောင်းတရားများ၊ ကြောင်းကျိုးဆက်စပ်မှုနှင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များအပေါ်တွင်သာ အခြေပြုဆင်ခြင်စဉ်းစား ဆုံးဖြတ်ခြင်းဖြစ်သည်။

လွန်ဆွဲတတ်သည့်အရာ

ခံစားချက်တစ်ခုခုရှိသူတစ်ယောက်အနေဖြင့် မိမိခံစားချက်အတိုင်း အတွေး၊ အကြံ၊ အပြော၊ အပြု အမူတို့နှင့်လွန် ဆွဲတတ်သည်မှာ ကျိုးကြောင်းဆင်ခြင်မှု ဖြစ်ပါသည်။ ကျိုးကြောင်းဆင်ခြင် မှုနှင့် စိတ်ခံစားမှုသည် ဝေဖန်ပိုင်းခြားတွေး ခေါ်မှုတွင်အရေးပါသော အစိတ်အပိုင်းများဖြစ်ကြပြီး ယင်းတို့ အခန်းကဏ္ဍအား ခွဲခြား၍ဖြစ်စေ၊ ပူးတွဲလျက်ဖြစ်စေ နားလည်ခြင်းသည် ဝေဖန်ပိုင်းခြား စဉ်းစားရာတွင် အရေးပါသည့် ရှုမြင်မှုတစ်ခုဖြစ်သည်။ ယင်းအရာနှစ်ခုသည် တစ်ခါ တစ်ရံ ရောယှက်သွားတတ်သော်လည်း မိမိ၏ကျိုးကြောင်းဆင်ခြင်မှုသို့မဟုတ် စိတ်ခံစားမှုများဖြင့် ရွေးချယ်ဆုံးဖြတ် ခြင်းသည် ကိုယ်တိုင်၏ လတ်တလောစိတ်ကျေနပ်မှုအတွက်ဖြစ်စေ၊ ရေရှည် စိတ်ကျေနပ်မှုအတွက်ဖြစ်စေ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။

လူ့သဘာဝအရ စိတ်ခံစားချက်များသည် မိမိတို့၏ စဉ်းစားတွေးခေါ်မှုများအပေါ် လွှမ်းမိုးနိုင်သည့် စွမ်းအားများရှိကြသည်။ သဘောမှာ မိမိတို့သည် အများအားဖြင့်မိမိတို့၏ စိတ်ခံစားချက်များနှင့် သဘောထားများအပေါ်အခြေပြုစဉ်းစား တတ်လေ့ရှိ ကြခြင်းပင်ဖြစ် သည်။

Phychology Today အဆိုအရလူအများစုသည် ကျိုးကြောင်းဆင်ခြင်မှုဖြင့် ဆုံးဖြတ်ချက်ချမှတ် ကြသည်ဆိုသည့်တိုင် ဆုံးဖြတ်ချက်အများစုသည် စိတ်ခံစားချက်များ၏ စေ့ဆော်တိုက်တွန်း ချက်များမှလာသည်ဟု ဆိုပါသည်။ စိတ်ခံစား ချက်များသည် အင်အားပြင်းထန်ကြပါသည်။ ထို့အပြင် တိကျခိုင်မာ၍ ပိုင်းခြားဝေဖန်သည့် လုပ်ငန်းစဉ်အသုံးပြု၍ ဆုံးဖြတ်ချက်ချနိုင်သည့် ကျိုးကြောင်းဆင်ခြင်မှုသည် မိမိတို့ဘဝတွင် တစ်ခါတစ်ရံပျောက်ဆုံးသွားတတ်ကြပြီး ဆုံးဖြတ် ချက်များကို ကြောင်းကျိုးဆင်ခြင်၍ ဆုံးဖြတ်တတ်လေ့ရှိသည့်တိုင် တစ်ခါတစ်ရံ စိတ်၏အလိုနောက် ပါသွားတတ်ကြ တတ်ပါသည်။

မည်သို့ပင်ဖြစ်စေ ကျိုးကြောင်းဆင်ခြင်ခြင်းနှင့် စိတ်ခံစားမှုတို့သည် ဆုံးဖြတ်ချက်များချမှတ်သည့် လုပ်ငန်းစဉ်တွင် ယင်းတို့နှစ်ခုလုံးမှာ အစွမ်းထက်ကြပါသည်။ ကျိုးကြောင်းဆင်ခြင်မှုသည် ပုံမှန်အားဖြင့် အကောင်းဆုံးသော ဆုံးဖြတ်ချက် များရရှိရန် ခိုင်မာသော ယုတ္တိဗေဒနည်းကို အသုံးပြု၍ ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်ဖြစ်သည်။ အခြားတစ်ဖက်တွင် စိတ်ခံစားမှုသည် မိမိ၏စိတ်အလိုဆန္ဒ  အစစ်အမှန်ဖြစ်သည်။ အကယ်၍ ကျိုးကြောင်းဆင်ခြင်မှုသည် ဦးနှောက် ဖြစ်သည်ဆိုပါက စိတ်ခံစား မှုများသည် နှလုံးသားဖြစ်၍ ပျော်ရွှင်မှုများ ဖော်ဆောင်ရာနေရာဟု ဆိုနိုင်ပါသည်။ သို့သော် ဆုံးဖြတ်ချက်ချမှတ်ရသည့်အခါတွင် ယင်းတို့နှစ်ခုစလုံးတွင် အားနည်းချက်၊ အားသာချက်များရှိနေတတ်သည်ကို သတိပြု ကြရမည်ဖြစ်သည်။

စိတ်ခံစားမှုလိုအပ်ခြင်း

စိတ်ကျေနပ်ဖွယ်ဘဝတစ်ခု ဖြစ်ရန်အတွက် စိတ်၏ခံစားမှုများမပါဘဲ ကျိုးကြောင်းဆင်ခြင်မှုဖြင့် အမြဲတစေ မပြည့်စုံနိုင် ကြချေ။ အထူးသဖြင့် ဘဝတစ်ခုလုံး စိတ်ကျေနပ်မှုအတွက်ဖြစ်စေ၊ လတ်တလော စိတ်ကျေနပ်မှုအတွက် ဖြစ်စေစိတ်ခံစားမှုများ လိုအပ်ပါသည်။ လူမှုပေါင်းသင်း ဆက်ဆံရေး၊ အလုပ်အကိုင်နှင့် အခြားသောအဓိကဆုံးဖြတ် ချက်များသည် အစဉ်သဖြင့် စာရွက်နှင့်ဘောပင် ဆုံးဖြတ်ချက်များ မဖြစ်နိုင်ချေ။ ဥပမာအားဖြင့် လက်တွဲဖော်တစ်ဦးသည် ယုတ္တိဗေဒသဘောအရ စာရွက်ပေါ်တွင် အဆင်ပြေနိုင်သော်လည်း လက်တွေ့တွင် မေတ္တာတရား နှင့်စိတ်လှုပ်ရှားမှု မပေးနိုင်သည်များလည်း ရှိတတ်ကြသဖြင့် ယင်းတို့သည် မှန်ကန်သော လက်တွဲဖော်အဖြစ် မဆိုနိုင်ချေ။

ထို့အတူ အချို့သောကိစ္စရပ်များသည် ကျိုးကြောင်းဆင်ခြင် မှုအရဖြစ်စေ၊ အချက်အလက် အထောက်အထားအရဖြစ်စေ၊ ယုတ္တိဗေဒသဘော အရဖြစ်စေ မှန်ကောင်း မှန်နိုင်သော်လည်း လူသား ဆန်မှုရှုထောင့်မှကြည့်လျှင် ပြီးပြည့်စုံသည်ဟုမဆို လိုနိုင်ချေ။ ကျိုးကြောင်းဆင်ခြင်မှုနှင့် စိတ်ခံစားချက်ကို မျှတစွာ ချင့်ချိန်အသုံးချရန် လိုအပ်သည့်သဘောပင်ဖြစ်သည်။

ဘယ်ဟာအကောင်းဆုံးလဲ

များစွာသောနည်းလမ်းများအနက် ကျိုးကြောင်းဆင်ခြင်မှုသည် စိတ်ခံစားမှုထက် ပိုမိုကောင်းမွန် ပါသည်။ မိမိအနေဖြင့် ဆုံးဖြတ်ချက်တစ်ခုမချမှတ်မီ ပိုမိုဝေဖန်သုံးသပ်စဉ်းစား၍ ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားနိုင်ပါက ဆုံးဖြတ်ချက်များသည် မိမိအတွက် အကောင်းဆုံးဖြစ်နိုင်ခြေများလေ ဖြစ်ပါသည်။ မိမိတို့၏ စိတ်ခံစားချက်များနှင့်အစွဲများအရ လုပ်ဆောင်မှုနည်းလေ စိတ်လိုက် မာန်ပါပြုလုပ်မှုနှင့် ကြောင်းကျိုးမဆီလျော်သည့် ဆုံးဖြတ်ချက်ချမှတ်မှု နည်းလေဖြစ်ပါသည်။ စိတ်ခံစားချက်သည် လူ့သားတစ်ဦးအနေဖြင့် လိုအပ်သည်ဖြစ်သော်လည်း အရာရာတိုင်းအား စိတ်ခံစားချက်ဖြင့် ချဉ်းကပ်ဆုံးဖြတ်လုပ်ကိုင်ရန် ခက်ခဲပါသည်။ အထူးသဖြင့် အများနှင့် စုစည်းလုပ် ကိုင်ကြရသည့် အခြေအနေများတွင် တစ်ဦးတစ်ယောက်၏ အလိုဆန္ဒ၊ စိတ်ခံစား ချက်ဖြင့် လုပ်ကိုင်မည်ဆိုပါက အများ၏ဆန္ဒသဘောထား၊ ဘုံရည်မှန်းချက်တို့နှင့် ဆန့်ကျင်နိုင် ပါသည်။ ယင်းသို့သောအခြေအနေတွင် ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကို ကျိုးကြောင်း ဆင်ခြင်မှုဖြင့် ရွေးချယ်ခြင်းကအနီးစပ်ဆုံးအဖြေကို ရှာဖွေနိုင်မည်ဖြစ်သည်။

အသုံးချခံဖြစ်တတ်

စိတ်ခံစားချက်များသည် လူတစ်ယောက်အတွက် စေ့ဆော်တိုက်တွန်းမှုအား များစွာဖြစ်စေ၊ တတ်သည်ဖြစ်သဖြင့် ပျော်ရွှင်၍စိတ်ဓာတ်တက်ကြွ နေသူတစ်ဦးတွင် စိတ်စွမ်းအားများ ရှိနေသကဲ့သို့ အမုန်းတရားလွှမ်းမိုး နေသူတစ် ယောက်တွင်လည်း စိတ်စွမ်းအားများ ရှိနေပါသည်။ သို့သော် မတူညီသော ယင်းစွမ်းအားတို့၏သဘော၊ လားရာနှင့် အကျိုးဆက်တို့တွင်တော့ တူညီမည်မဟုတ်ချေ။ စိတ်အခြေခံ၊ ပညာ၊ ရင့်ကျက်မှုနှင့် ကျိုးကြောင်း ဆင်ခြင်စဉ်းစားနိုင်မှု တို့အပေါ်မူတည်၍ တစ်ဦးနှင့်တစ်ဦး ကွဲပြားမှုရှိနိုင်ပါသည်။

သို့ဖြစ်ရာ မိမိ၏စိတ်ခံစားမှုများအခြေအနေကို ကိုယ်တိုင်သိရှိ နားလည်ထားမည်ဆိုပါက မိမိကိုယ်ကိုထိန်းသိမ်းခြင်း၊ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ အများနှင့်ပေါင်းသင်းဆက်ဆံခြင်း၊ ပြဿနာ တစ်ရပ်အပေါ် ရှုမြင်ခြင်းနှင့် ဖြေရှင်းခြင်းတို့ ကဲ့သို့သော အများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် ကောင်းသောအကျိုးဆက်များကို ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် စိတ်ခံစားချက်များနှင့် ဆင်ခြင်စဉ်းစားမှုတို့ကို ချိန်ဆအသုံးပြုမည်ဆိုပါက လူသားဆန်၍ မှန်ကန်သော အတွေးအခေါ်၊ အပြောအဆို၊ အပြုအမူနှင့် လုပ်ဆောင်ချက်များ ရရှိနိုင်မည် ဖြစ်သည်။

သို့သော်လည်း ကျိုးကြောင်းဆင်ခြင်မှုနှင့် ဆင်ခြင်တုံတရားထက် စိတ်ခံစားချက်ကိုသာ ဦးစားပေးအလေးထား မည်ဆိုပါက အထူးသဖြင့် အပျက်သဘောခံစားချက်များ လွှမ်းမိုးနေပါက ကိုယ်တိုင်အတွက်လည်း အကျိုးမပြုနိုင်သကဲ့သို့ ပတ်ဝန်းကျင်ကိုလည်း ပျက်စီးစေနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။ အထူးသတိပြုရမည်မှာ လူ့သဘောအရ ဖြစ်တတ်သည့် စိတ်ခံစား ချက်များကို အခြားသူများက အသုံးချတတ်ကြခြင်းဖြစ်သည်။ ထိုသို့ အသုံးချနိုင်ရန်အတွက် လူတို့၏ဖြစ်တတ်သော စိတ်ခံစားချက်များကို လှုံ့ဆော်တတ်ကြပါသည်။ ထိုသို့ လုပ်ဆောင် သူများထဲတွင် တွေ့ရလေ့ရှိသည်မှာ နိုင်ငံရေးသမားများ၊ စည်းရုံးရေးသမားများသည် လူတို့၏စိတ်ခံစားချက်ကိုလိုက်၍ ပြောဆိုစည်းရုံး အသုံးချကြလေ့ရှိကြခြင်းဖြစ်သည်။

အထူးသဖြင့် လူအများအားစည်းရုံးလုပ်ဆောင်ရာတွင် စိတ်ခံစားချက်များကို လှုံ့ဆော်ပေးခြင်းအား အကောင်းဆုံး နည်းလမ်းတစ်ရပ်အဖြစ် အသုံးချတတ်သည်ကို နိုင်ငံရေးမဲဆွယ်ပွဲများ၊ နိုင်ငံရေးလှုပ်ရှားမှုနှင့် လူထုအုံကြွမှုများတွင် သိသာစွာ တွေ့မြင်နိုင်ပါသည်။ မည်သို့ပင်ဆိုစေ မိမိ၏စိတ်ခံစားချက်ကိုသိရှိနားလည်၍ မှန်ကန်သော ဆုံးဖြတ်ချက် ရရှိရန်မှာ မိမိ၏ကျိုး ကြောင်းဆင်ခြင် နိုင်စွမ်းအားပင် ဖြစ်ပါသည်။

မျိုးငြိမ်းငယ်