Skip to main content

လားရှိုးမြို့နယ် နောင်မွန်ကျေးရွာ၌ အာဖရိကဝက်အပြင်းဖျားရောဂါပိုးတွေ့ရှိသဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအုပ်စု နောင်မွန်ကျေးရွာ၌ သံသယဖြစ်ဖွယ် ဝက်ရောဂါ ဖြစ်ပွား မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၇ ရက်တွင် နာမကျန်းဝက်နှစ်ကောင်မှ ကောက်ယူထားသော သွေးနမူနာပစ္စည်းကို မော်လီကျူလာနည်းပညာ (Real Time -PCR) ဖြင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ရာ အာဖရိကဝက်အပြင်းဖျားရောဂါပိုး (African Swine Fever Virus) ၏ မျိုးရိုးဗီဇကို တွေ့ရှိခဲ့ရသဖြင့် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) သို့ သတင်းပေးပို့ထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနအနေဖြင့် လက်ရှိတွင် အာဖရိက ဝက်အပြင်းဖျားရောဂါ အခြားဒေသသို့ ကူးစက်ခြင်းမရှိစေရန် ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ထိုသို့ ဆောင်ရွက်နေသည့် အခြေအနေများ နှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့ သည်။

မေး။ ။ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အာဖရိက ဝက်အပြင်းဖျားရောဂါနဲ့ ပတ်သက်ပြီး ဒီနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အရင်ဆုံး အာဖရိက ဝက်အပြင်းဖျားရောဂါ တွေ့ရှိမှုနဲ့ပတ်သက်ပြီး သိပါရစေ။

ဖြေ ။ ။ ရှမ်းပြည်နယ် (မြောက် ပိုင်း) လားရှိုးခရိုင် လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအုပ်စု နောင်မွန် ကျေးရွာမှာ သံသယဖြစ်ဖွယ် ဝက်ရောဂါဖြစ်ပွားမှု တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် နာမကျန်းဝက် နှစ်ကောင် ကနေ သွေးနမူနာပစ္စည်းကို ကောက်ယူခဲ့ပါတယ်။ ဒီသွေးနမူနာကို မော်လီကျူလာ နည်းပညာ (Real Time -PCR) နဲ့ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ရာမှာ အာဖရိကဝက် အပြင်းဖျားရောဂါပိုး (African Swine Fever Virus)ရဲ့ မျိုးရိုးဗီဇကို တွေ့ရှိခဲ့ ရပါတယ်။ ဒါကြောင့် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) ကို သတင်း ပေးပို့ခဲ့ပါတယ်။ အဲဒီကျေးရွာအုပ်စု မှာ စုစုပေါင်း ဝက် မွေးမြူကောင်ရေ ၈၅၄ ကောင်ရှိပြီးတော့ သေဆုံး ကောင်ရေကတော့ ၃၀ ရှိခဲ့ပါ တယ်။

မေး ။ ။ ဒီလိုတွေ့ရှိမှုအပေါ်မှာ ဌာနအနေနဲ့ ဘာတွေဆောင်ရွက် နေပြီလဲဆိုတာ သိပါရစေ။

ဖြေ ။ ။ လက်ရှိ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအထိ အာရှတိုက်မှာ စုစုပေါင်းနိုင်ငံ ၁၁ ခုမှာ ကူးစက် ဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါ တယ်။ အာဖရိကဝက်အပြင်းဖျား ရောဂါဟာ အရင်က အာဖရိကတိုက် နိုင်ငံတွေက ဝက်တွေမှာသာ ဖြစ်ပွား ခဲ့ပေမယ့် ၂၀၁၈ ခုနှစ် ဩဂုတ်လ ကစပြီး အိမ်နီးချင်း အာရှနိုင်ငံတွေ မှာလည်း ကူးစက်ဖြစ်ပွားခဲ့တယ်။

ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေပါပြီ။ ဒီလို ရောဂါဖြစ်ပွားမှုတွေ့ရှိရင် ကမ္ဘာ့ တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ကို သတင်း ပေးပို့ရပါတယ်။ ဒါကြောင့် သတင်း ပေးပို့ထားပြီးပါပြီ။

ပြီးတော့ ကျွန်တော်တို့ ဦးစီးဌာန အနေနဲ့ တခြားနေရာတွေကို ကူးစက် မှု မရှိစေဖို့ ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင် နေပါပြီ။ ဒီလို ဆောင်ရွက်ရာမှာလည်း လုပ်ငန်းတွေထိရောက်ဖို့ ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။

မေး ။ ။ အာဖရိကဝက်အပြင်းဖျား ရောဂါဟာ ကာကွယ်ကုသလို့ ရပါ သလား။

ဖြေ ။ ။ အာဖရိကဝက်အပြင်းဖျား ရောဂါက ဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်ပြီးတော့ အိမ်မွေးဝက်တွေ၊ တောဝက်တွေ သေဆုံးမှုမြင့်မားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကာကွယ် ဆေးနဲ့ ကုသဆေး မရှိသေးပါဘူး။ ရောဂါကူးစက်ပြန့်ပွားမှုကိုထိန်းချုပ် နိုင်ဖို့အတွက် ရောဂါဖြစ်ကြာင်း အတည်ပြုပြီးတဲ့ ခြံကို သုတ်သင် ရှင်းလင်းခြင်း (Stamping out) ပိုးသတ်ဆေးဖျန်းခြင်း၊ ရောဂါဖြစ် ဒေသက ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေ တင်သွင်းမှုကို ကန့်သတ်တားဆီး ပိတ်ပင်ခြင်း စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ကြရပါတယ်။
မေး ။ ။ အာဖရိကဝက်အပြင်းဖျား ရောဂါဟာ လူသို့ ကူးစက်တတ်ပါ သလားဆရာ။

ဖြေ ။ ။ လူကို ကူးစက်တတ်တဲ့ ရောဂါအမျိုးအစား မဟုတ်ပါဘူး။

မေး ။ ။ ရောဂါဖြစ်ဒေသတွေက တခြားဒေသတွေကို ကူးစက်ခြင်းမရှိ စေဖို့အတွက် ဘာတွေဆောင်ရွက် သင့်တယ်ဆိုတာလဲ ပြောပြပေးပါ။
ဖြေ ။ ။အဓိကကတော့ ဝက် မွေးမြူရေးခြံတွေရဲ့ ဇီဝလုံခြုံမှုကို အထူးဂရုပြုဆောင်ရွက်ဖို့ လိုပါတယ်။ ဝက်ခြံတွေနဲ့ ဝက်သားသတ်ရုံတွေမှာ လည်း စနစ်တကျ ပိုးသတ်ဆေးဖျန်းတဲ့ လုပ်ငန်းစဉ်ကို ပုံမှန်ဆောင်ရွက်ဖို့ လိုပါတယ်။


ကျွန်တော်တို့ဆီမှာ ဝက်မွေးမြူ တဲ့အခါ စားကြွင်းစားကျန်ကို ကျွေးတာမျိုးရှိပါတယ်။ ဒီကနေ တစ်ဆင့် ကူးစက်နိုင်တဲ့အတွက် မကျွေးသင့်ပါဘူး။ မွေးမြူရေးခြံတွေ မှာလည်း တခြားခြံကနေ အသုံး အဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲ တာမျိုး ရှောင်သင့်ပါတယ်။ အသက် အရွယ်တူ ဝက်တွေကိုသာ အတူတူ မွေးမြူဖို့၊ အပူချိန်၊ စိုထိုင်းဆ၊ လေဝင် လေထွက်ကောင်းမွန်စေဖို့၊ တောဝက် နဲ့ အိမ်မွေးဝက်တွေ ရောနှောထိတွေ့ ခြင်းမှ ကာကွယ်ဖို့ ဒါတွေကလည်း အရေးကြီးပါတယ်။ ပြီးတော့ ရောဂါနဲ့ သေဆုံးတဲ့ ဝက်တွေကို မြစ်ချောင်း တွေထဲ မစွန့်ပစ်ဖို့ အရေးကြီးပါ တယ်။ ဒီလိုရောဂါနဲ့ သေဆုံးတဲ့ ဝက်တွေ စားသုံးမှုကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ တောဝက်နဲ့ အိမ်မွေးဝက်တွေ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးရင် နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့တွေထံကို ချက်ချင်းသတင်းပို့ပေးဖို့ လိုအပ် ပါတယ်။
မေး ။ ။ နှစ်စဉ် အာဖရိကဝက် အပြင်းဖျားရောဂါက အိမ်နီးနားချင်း နိုင်ငံတွေမှာ ဖြစ်ပွားမှုတွေ ရှိလာ တယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း ဒီရောဂါနဲ့ပတ်သက်ပြီး ဦးစီးဌာန အနေနဲ့ ဘာတွေ ဆောင်ရွက်ခဲ့ပါသလဲ။

ဖြေ ။ ။ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် (အရှေ့ ပိုင်း) မိုင်းလား၊ မိုင်းယောင်း၊ မိုင်းဖြတ်မြို့နယ်တွေမှာ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပန်ဆန်းမြို့နယ်တွေမှာ အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်ဖြစ်ပွားခဲ့တယ်။

ဝက်ရောဂါ စူးစမ်းလေ့လာရေး သင်တန်းကို အန္တရာယ် အလားအလာ မြင့်မားတဲ့ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးက ဝန်ထမ်းတွေကို သင်တန်းပို့ချခဲ့ပြီးဖြစ်ပါတယ်။ ရောဂါ နဲ့ ပတ်သက်ပြီး အသိပညာပေးခြင်း awareness တွေအတွက် လက်ကမ်း စာစောင်တွေကို ဖြန့်ဝေတာမျိုး လည်းရှိတယ်။ ပြီးတော့ နယ်စပ် ဒေသကုန်သွယ်ရေး ဝင်ပေါက်/ထွက်ပေါက်တွေမှာ ဝက်နဲ့ ဝက်ထွက် ပစ္စည်းတွေကို စစ်ဆေးကြီးကြပ် ခြင်းတွေ ပိုမိုအားကောင်းလာစေဖို့ တိုးမြှင့်ဆောင်ရွက်သွားရပါမယ်။

ပြီးတော့ ပြည်သူလူထုအသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ တရားမဝင် ဝက်နှင့် ဝက်ထွက် ပစ္စည်းများ ကန့်သတ် ပိတ်ပင်တားဆီး ခြင်း၊ ဝက်များရွှေ့ပြောင်းသယ်ဆောင် ခြင်းကို ထိန်းချုပ်ကန့်သတ်ခြင်း၊ ဇီဝ လုံခြုံမှု မြှင့်တင်ခြင်း၊ ကောင်းမွန်သော မွေးမြူမှုကျင့်စဉ် (GAHP) ပညာပေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ရောဂါ စူးစမ်းထောက်လှမ်းခြင်း၊ ဓာတ်ခွဲခန်းများ စွမ်းရည်မြှင့်တင်ခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ သဏ္ဌာန်တူလေ့ကျင့်ခန်းများ (Simu-lation Exercise) ဆောင်ရွက်ခြင်း စတာတွေကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။

နောက်ပြီး ဥပဒေလုပ်ထုံး လုပ်နည်းနဲ့အညီ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် မတ် ၂၀ ရက်မှာ (ခ) စာရင်းဝင်ကူးစက် ရောဂါအဖြစ် ထုတ်ပြန်သတ်မှတ်ခဲ့ တယ်။ ဇူလိုင် ၃ ရက်မှတော့ (က) စာရင်းဝင် ကူးစက်ရောဂါ အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့တာ ရှိပါတယ်။

သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် / ခရိုင်/ မြို့နယ်အဆင့် အလိုက် ဒေသအာဏာပိုင်အဖွဲ့ အစည်းတွေ၊ ဆက်စပ်ဌာနတွေနဲ့ ပူးပေါင်းပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေအဖြစ် တရားမဝင် ဝင်ရောက်လာတဲ့ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တားဆီး ကာကွယ်ထိန်းချုပ်ရေး အဖွဲ့များ ဖွဲ့စည်းခဲ့တယ်။ ပြီးတော့ တရား မဝင် ဝင်ရောက်လာတဲ့ ဝက်နဲ့ ဝက်ထွက် ပစ္စည်းတွေကိုစစ်ဆေးပြီး ကန့်သတ်/ပိတ်ပင်/တားဆီး/ဖျက်ဆီး ခြင်း လုပ်ငန်းတွေကို ဆောင်ရွက် လျက်ရှိပါတယ်။
မေး ။ ။ ဆရာ့အနေနဲ့ ဖြည့်စွက် ပြောကြားလိုတာများရှိရင် ဖြည့်စွက် ပြောကြားပေးပါဆရာ။

ဖြေ ။ ။ ဒီရောဂါဟာ လူကို ကူးစက် တတ်တဲ့ရောဂါ မဟုတ်ပါဘူး။ ဒါပေမယ့် ရောဂါထိန်းချုပ်ဖို့ အတွက် သက်ဆိုင်ရာဌာနတွေ၊ အဖွဲ့အစည်း တွေ၊ ဝက်မွေးမြူတဲ့သူတွေ၊ ဝက် အရောင်းအဝယ် လုပ်တဲ့သူတွေ၊ သယ်ယူပို့ဆောင်တဲ့သူတွေ အားလုံးပူးပေါင်း ပါဝင်ပေးဖို့လည်း လိုအပ် ပါတယ်။ ဒီလိုပူးပေါင်းပါဝင်ပေးဖို့ လည်း တိုက်တွန်းပြောကြားလိုပါ တယ်။

ဝက်မွေးမြူရေးအတွက် ဆုံးရှုံး ထိခိုက်စေနိုင်လို့ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်တွေ ကို လိုက်နာဆောင်ရွက်ကြဖို့၊ မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

နန္ဒာဟန်