Skip to main content

သံယောဇဉ် လွန်းတင်ခဲ့ပါပေါ့ ဤကျောင်းတော်မဟာတွေ

 

ကျွန်တော်မြင့်စိုး(နတလ)သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ရာမှ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၌ သက်ပြည့်အငြိမ်းစားယူခဲ့၏။ ပင်စင်စား တော်တော်များများ ဖြစ်လေ့ဖြစ်ထရှိသည့် ပင်စင်နာရောဂါကို ရှောင်ရှားနိုင်ခဲ့လင့်ကစား ၂၃ နှစ်တာမျှ တာဝန်ထမ်းဆောင်ခဲ့သော သံယောဇဉ်ကြောင့် လွမ်းချင်းဝေဒနာတချို့ ရလိမ့်မည်ဆိုတာကိုတော့ ကျွန်တော် ကြိုသိနေပါသည်။ ကျွန်တော်ချစ်သော တိုင်းရင်းသားတွေကိုလွမ်းသည့် ဝေဒနာ၊ ကျွန်တော်ရောက်ခဲ့ဖူးသော နယ်စပ်ဒေသ မြို့ရွာတွေကို လွမ်းသည့်ဝေဒနာ စသည် ... စသည်ဖြင့်။

 

သို့တစေ မိခင်ဌာနနှင့် ချက်ချင်းလက်ငင်းကြီး ကင်းကွာမသွားစေဖို့ အကြောင်းတစ်ခုက ဖန်လာသည်။ နယ်စပ်ရေးရာဝန်ကြီးဌာနက ဖောက်လုပ်ပေးနေသော မဂ္ဂဇ-ခေါင်လန်ဖူး ကားလမ်း ၆၅/၄ မိုင် ဖောက်လုပ်ပြီးစီးမှုအခြေအနေ၊ ပူတာအို၊ မချမ်းဘော့၊ နောင်းမွန်း၊ ပန်နန်းဒင်နှင့် ခေါင်လန်ဖူးဒေသ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ ယင်းဒေသများရှိ သဘာဝပတ်ဝန်းကျင်ကောင်းများ ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေတို့ အပါအဝင် ယခုကားလမ်းမကြီး ဖောက်လုပ်ပြီးစီးသွားပါက ပညာရေး၊ ကျန်းမာရေးနှင့် ခရီးသွားလုပ်ငန်းများက အစ ပြောင်းလဲတိုးတက်သွားမည့် အခြေအနေများ ကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းရိုက်ကူး၍ ပြည်သူလူထုသို့ တင်ပြပေးရန် ထိုစဉ်က ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က အကူအညီတောင်းခံလာပါသည်။ ကျွန်တော် မငြင်းခဲ့ပါ။ ဝမ်းမြောက်ဝမ်းသာစွာ လက်ခံ၍ စာမူတွေ ရေး၊ မြန်မာ့ရုပ်မြင်သံကြားက ဦးဇေယျာ ကျော်ဝင်း၊ ဒေါ်ဆွေဆွေသန်းတို့အဖွဲ့ နှင့် ရိုက်ကူးရေးကိစ္စတွေညှိပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယ ပတ်အတွင်း ထိုဒေသများသို့ သွားရောက်ရိုက်ကူးခဲ့ကြပါသည်။ ရိုက်ကူးရေးအစီအစဉ်၏ ခေါင်းစဉ် ကိုတော့ ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင် အကြံပြုသောအမည်ကို ယူခဲ့သည်။ “အိပ်မက်လမ်းသို့ ခရီးရှည်” ဟူ၍။

 

မဂ္ဂဇ-ခေါင်လန်ဖူး ကားလမ်းသည် လမ်းကြောင်းပေါ်ရှိ အမြင့်ဆုံးတောင်ကြားထိပ် ဖြစ်သော ဆန်းလွတ်ချက်တောင်ကြား ၃၃/၆ မိုင်အထိ လမ်းပေါက်သွားသောအခါ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၌ လမ်းတစ်ဝက်ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သဖြင့် ရိုက်ကူးရေးအဖွဲ့နှင့်အတူ ထပ်မံသွားရောက်ခဲ့ပါသည်။ ထိုမှတစ်ဖန် မေခ မြစ်ကူး ရီဒမ်းကြိုးတံတားအထိ ၄၃ မိုင် လမ်းပေါက် သွားချိန်မှာတော့ ကျန်သောခရီး၂၂ မိုင် ၄ ဖာလုံအား ဆိုင်ကယ်များစီးလျက် ခေါင်လန်ဖူးမြို့လေးသို့ အရောက် ကျွန်တော်တို့ ခရီးနှင်ခဲ့ကြသည်။ ထိုခရီးတွင် MRTV အဖွဲ့ မပါတော့ပါ။ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုး၊ နတလအင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ်တို့နှင့်အတူ သွားခဲ့ခြင်းဖြစ်ပါသည်။ ပူတာအို၊ မချမ်းဘော့၊ နောင်းမွန်း၊ ခေါင်လန်ဖူးနှင့် ပန်နန်းဒင်ဒေသများသို့ စတုတ္ထ အကြိမ်မြောက် ရောက်ရှိခဲ့သောခရီးဟူ၍လည်း ပြောလျှင်ရပါ၏။ ။

 

အိပ်မက်လမ်းမကြီး

 

လက်ရှိကာလတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကွပ်ကဲကြပ်မတ်မှုဖြင့် မဂ္ဂဇ-ခေါင်လန်ဖူး ကားလမ်းမကြီးကို ဆက်လက်ဖောက်လုပ်လျက်ရှိရာ ၃-၉-၂၀၂၁ ရက်တွင် ခေါင်လန်ဖူးမြို့သို့ တစ်ကြောင်းထိုး မြေသားလမ်းပေါက်ရောက်ခဲ့ ပြီဖြစ်ပါသည်။ မကြာမီ ပေါ်ပေါက်လာတော့မည့် အိပ်မက်လမ်းမကြီးသည် ခေါင်လန်ဖူးမြို့နှင့် ခေါင်လန်ဖူးဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ကြီးမားစွာ အထောက်အကူဖြစ်စေမည်မှာ မြေကြီး လက်ခတ်မလွဲပင်ဖြစ်ပါသည်။ အငြိမ်းစား ဝန်ထမ်းဘဝဖြင့် သွားရောက်လေ့လာကြည့်ရှု၍ ဆောင်းပါးများ ရေးသားတင်ပြခွင့်ရခဲ့သော လမ်းတစ်သွယ်ရှိသေး၏။ ယင်းလမ်းမှာ ဂုတ်တွင်း(ဂုတ်ထိပ်)၌ အကြောင်းတစ်စုံတစ်ရာကြောင့် ကားလမ်းပိတ်ဆို့မှုကို ကူညီဖြေရှင်းပေးနိုင်သော ရှမ်းပြည် (တောင်ပိုင်း) နှင့် (မြောက်ပိုင်း) ကို ဆက်သွယ်ပေးထားသည့် ကျောက်ဂူ-နောင်ဂိုး-ပန်ဝပ်-သဘာဝတံတား-ကုန်းဆာ- နမ့်လန်လမ်း ၅၀/၄ မိုင်ဖြစ်သည်။ နယ်စပ်ရေးရာဝန်ကြီးဌာနက ကျောက်ဂူမှ သဘာဝတံတားထိ ၃၅၀ မိုင်ကို တာဝန်ယူ ဖောက်လုပ်ခဲ့ပြီး ကျန်လမ်းပိုင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူ ဖောက်လုပ်ခဲ့ကြခြင်း ဖြစ်သည်။

 

လူ့စွမ်းအားအရင်းအမြစ်

 

ဤကဲ့သို့ နတလလုပ်ငန်း၊ လမ်းကိစ္စများနှင့် နှစ်ပါးသွားပြီးသကာလ ကျွန်တော်၏ အငြိမ်းစား ဝန်ထမ်းဘဝကို မွေးရပ်မြေ ဧရာဝတီတိုင်းဒေသကြီးဘက်သို့ ခြေဦးလှည့်လိုက်သောအခါ ရပ်ကျိုး ရွာကျိုးအတွက် လေးမျက်နှာမြို့နယ်အတွက်၊ တိုင်းဒေသကြီး အတွက် ဆက်လက်ထမ်းဆောင်ရမည့် လုပ်ငန်းတစ်ခုက ပြက်ပြက်ထင်ထင်ကြီး ပေါ်လာပါတော့သည်။ ယင်းကား အခြားမဟုတ်ပါ။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းပဲဖြစ်ပါသည်။ တိတိကျကျ ပြောရလျှင် မိမိတို့မြို့နယ်က တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူလေးများ အနေဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနအောက်တွင် ဖွင့်လှစ်ထားသော ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း) တို့သို့ တက်ရောက်ပညာသင်ယူခွင့် ရရှိရေးဖြစ်သည်။ သည်အတွေး၊ သည်စိတ်ကူးကို ၂၀၁၉ ခုနှစ်လောက်မှ ထဲထဲဝင်ဝင် စနိုင်ခဲ့သည်။ နှစ်များစွာ နောက်ကျသွားသည့်အတွက်လည်း နောင်တရသလိုဖြစ်မိသည်။ သို့သော် ကုန်လွန်သွား သောနှစ်များ၌ မိမိတို့ဒေသတိုက်နယ်ဆေးရုံရရှိရေး၊ အထကကျောင်းဆောင်များရရှိရေးနှင့် စာစစ်ဌာန ရရှိရေး၊ ဆရာဆရာမများအတွက် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးနိုင်ရေး၊ မူလတန်းကျောင်းများ မူလွန်၊ အလက အဆင့်တိုးမြှင့်ရရှိရေး၊ မိမိနေထိုင် ပညာသင်ကြားခဲ့ဖူးရာ လေးမျက်နှာပရဟိတကျောင်းတွင် တိုင်းရင်းသားကလေးငယ်များအတွက် အိပ်ဆောင်ရရှိရေးများကို နှစ်အလိုက်၊ နှစ်အလိုက် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဒါတွေနှင့်ပြန်၍ ဖြေသိမ့်ခဲ့သော်ငြားလည်း နောင်တရစိတ်ကမပျောက်၊ ဒီလိုတက္ကသိုလ်၊ ကောလိပ်ကြီးတွေရှိကြောင်း၊ မည်သည့်အခွင့်အလမ်းများ ရရှိနိုင်ကြောင်း ဆိုတာတွေပြောပြဖို့၊ အသိပေးဖို့ ငါဘာလို့များ နောက်ကျရပါလိမ့်။ ။

 

ထို့ကြောင့် ၂၀၁၉ နှစ်စပိုင်းမှာ မိမိမွေးရပ်မြေ အထက (လှော်ကထား) ကျောင်းမှာ သည် တက္ကသိုလ်၊ ကောလိပ်ကြီးတွေ အကြောင်းစ၍ ရှင်းလင်းဟောပြောခဲ့ပါသည်။ သည်တုန်းက ကိုဗစ်ရန် ကင်းဝေးဆဲဖြစ်၍ အထက(ကညင်တိုင်း)။ အထက (ယင်းဆယ်) ကျောင်းများတွင်လည်း ကျောင်းသား/သူများနှင့်တွေ့ဆုံ ပြောကြားခွင့်ရခဲ့ပါသည်။ ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ ရောက်တုန်းရောက်ခိုက်မှာပင် အထက(၁)ကျောင်း၌ စာရေးဆရာ အကြီးကိုကို(ကသာ)နှင့် တွဲ၍ သူက လူငယ်တွေ စိတ်ဓာတ်ရေးရာ မြှင့်တင်ရေးအတွက် ဟောပြောသည်။ ကျွန်တော်က မိမိငယ်စဉ်က နေထိုင်ပညာသင်ယူခဲ့ရသော ပရဟိတကျောင်းသား ဘဝနှင့် ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ဒီဂရီကောလိပ်များ အကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ခေါင်လန်ဖူးဒေသရှိ အထက(ခေါင်လန်ဖူး)၊ အထက(ဇန်ဟော့)။ အထက(ခွဲ)(ရှိန်းခေါင်)ကျောင်းများမှ တက္ကသိုလ်ဝင် စာမေးပွဲ လာရောက် ဖြေဆိုကြမည့် ကျောင်းသား/ သူ(၄၅)ဦးနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ သည်တက္ကသိုလ်၊ ကောလိပ်များအကြောင်း ရှင်းပြခဲ့သေးသည်။

 

၂၀၂၀ မှာတော့ ကိုဗစ်ကပ်ရောဂါဘေးကြောင့် ကလေးများနှင့် တွေ့ဆုံခွင့်မရတော့ပါ။ မိမိမြို့နယ် အတွင်းရှိ အထက(ရေဖြူ)၊ အထက(ခမောက်စု)၊ အထက(အိုင်သပြု) ကျောင်းများတွင် ဆုပေးပွဲ အတွက် ငွေလှူဒါန်းရင်း ဆရာ/ဆရာမများအား ကျောင်းတော်ကြီးများအကြောင်း ရှင်းပြခဲ့ပါသည်။ အားမနာတမ်းပြောရလျှင် အချို့သော ဆရာ၊ ဆရာမများသည်ပင်လျှင် ဖွံ့ဖြိုးရေးတက္ကသိုလ်ကို သိသည်။ ကြားဖူးသည်။ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း) ကျောင်းများကို မသိကြပါ။ သို့ဖြစ်ပေရာ နောင်ထပ်မံ သွားရောက်ခွင့်ကြုံသည့် ကျောင်းများအတွက် ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဒီဂရီ ကောလိပ်များက ထုတ်ဝေသော မဂ္ဂဇင်းစာအုပ် များကို သယ်ဆောင်ဖြန့်ဝေပေးခဲ့သည်။ များများ သိစေချင်သည်။ ကြားဖူးစေချင်သည်။

 

လေးစားခဲ့ရသော ကျောင်းတော်မဟာ

 

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်သည် ဖွံ့ဖြိုးရေးသိပ္ပံအနေဖြင့် ရှိစဉ်ကတည်းက ကျွန်တော်လေးစားခဲ့ရသော ကျောင်းတော်မဟာတစ်ခု ဖြစ်ခဲ့သည်။ တိုင်းရင်းသား လူငယ်၊ လူရွယ်များအနေဖြင့် မိမိတို့တာဝန် ကျရာ ဒေသအသီးသီးတွင် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စည်းလုံးညီညွတ်မှု တိုးတက်ခိုင်မာ ရေးကို ကြိုးပမ်းကြမည့် အရည်အသွေးမြင့်မားသည့် ပညာရေးဝန်ထမ်းကောင်းများ ဖြစ်ထွန်းလာအောင် လေ့ကျင့်ပျိုးထောင်ပေးရန် ဟူသော ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး ရေးသိပ္ပံကို ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့၌ စစ်ကိုင်းမြို့မှာ ဖွင့်လှစ်ခဲ့ပြီး၊ ထိုမှ ၁၉၈၆ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် ရွာသစ်ကြီး သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၁၉၉၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့၌ တက္ကသိုလ်အဆင့်သို့ မြှင့်ခဲ့ပါသည်။

 

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ကို နယ်စပ်ဒေသအခြေခံ ပညာရေး ကဏ္ဍအတွက် လိုအပ်သည့် ဆရာ၊ ဆရာမများ ဒေသခံတိုင်းရင်းသား လူငယ်မောင်မယ်များဖြင့်ပင် မွေးထုတ်ပေးရန် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတော်၏ စစ်မှန်သောအင်အားသည် နိုင်ငံ အတွင်းမှာသာရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး သည် တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှု စွမ်းအားအပေါ် အဓိက တည်မှီနေသည်ဆိုသည့် ယုံကြည်ချက်၊ ခံယူချက်တို့အရ တက္ကသိုလ်၏ ဆောင်ပုဒ်ကို “စည်းလုံးခြင်းသည်အင်အား” ဟု သတ်မှတ်ထားခြင်းဖြစ်ပေသည်။ ကျွန်တော် ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်ကျောင်းမှာ ဟောပြောသည်ပဲဖြစ်ဖြစ် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်က အခြားသော တက္ကသိုလ်၊ ကောလိပ်များနှင့် မတူသည့် အချက် တစ်ချက်ကို အမြဲဂုဏ်ယူစွာ ပြောပြခဲ့ပါသည်။ ယင်းမတူသည့်အရာကတော့ ဖွံ့ဖြိုးရေးသိပ္ပံအဆင့်မှ တက္ကသိုလ်အဆင့် ရောက်သည်အထိ နောက်ဆုံးနှစ် သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူ အားလုံးသည် နိုင်ငံတော်အကြီးအကဲ၏ ဩဝါဒကို ခံယူပြီးမှ ကျောင်းဆင်းကြရခြင်းဖြစ်ပါပေ၏။

 

ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)ကို ၂၀၀၀ပြည့်နှစ်၊ ဇွန်လ ၁၅ ရက်နေ့၌ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာရုံလမ်းရှိ ပရဟိတ(ကျား)ကျောင်းဝင်းထဲ၌ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်)သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ အလားတူ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ကို မန္တလေးမြို့တွင် ၂၀၀၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၂ ရက် နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ထိုမှ ၂၀၁၄ ခုနှစ် ဧပြီလ ၂၈ရက်နေ့တွင် စစ်ကိုင်းမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ် ခဲ့သည်။ ဒီဂရီကောလိပ်များ ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်(၅) ရပ်အနက် အရေးအကြီးဆုံးနှင့် အဓိကအကျဆုံးအချက်မှာ “ပြည်ထောင်စု တိုင်းရင်းသားလူငယ်များသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို သက်ဝင် ယုံကြည်၍ ထိန်းသိမ်းစောင့်ရှောက်သော လူငယ်များဖြစ်လာစေရန်” ပဲဖြစ်သည်။

 

စေတနာအကျိုးပေး

 

ကျွန်တော်သည် မွေးရပ်မြေသို့ပြန်၍ အဆိုပါ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ဒီဂရီကောလိပ်များ အကြောင်းကို သွားရောက်ရှင်းလင်း ဟောပြောသည့်အခါ လမ်းတွင်ဖြတ်သွားရသော ကျောင်းကုန်းမြို့နယ်၊ ရေကြည်မြို့နယ်တို့မှ အသိမိတ်ဆွေများကိုပါ ထိုတက္ကသိုလ်ကောလိပ်များဆိုင်ရာ အချက်အလက် အကြောင်းအရာများ၊ မဂ္ဂဇင်းစာအုပ်များ၊ မေးခွန်းဟောင်းများကို မျှဝေပေးပါသည်။ ဟင်္သာတမှတစ်ဆင့် မြန်အောင်နှင့်ကြံခင်းမြို့နယ် များသို့လည်း ပေးပို့ဖြန့်ဝေခဲ့ပါသည်။ အောင်ဆန်း ဆရာတော်ကြီး၏ မိန့်မှာချက်အရ ဆရာတော်၏ ဇာတိဖြစ်သော အင်္ဂပူမြို့နယ်၊ ကျွဲသောင်ကျေးရွာ အ.ထ.ကမှာတော့ ကိုဗစ်စည်းကမ်းနှင့်အညီ သွားရောက်ဟောပြောပေးခဲ့ပါသည်။ စေတနာအကျိုး ပေးသည်လို့ပဲ ပြောရမလား။ ယခုစာသင်နှစ်အတွက် ကျောင်းသားရွေးချယ်ရေး စာမေးပွဲရေးဖြေအဆင့်၌ လေးမျက်နှာမြို့နယ်က ဖွံ့ဖြိုးရေးတက္ကသိုလ် လေးယောက်၊ ဒီဂရီကောလိပ် လေးယောက်၊ ပေါင်း ရှစ်ယောက် ပဏာမအောင်မြင်ခဲ့ပြီ။ ဝမ်းသာမိပါ၏။

 

ဝန်ထမ်းကောင်းများမွေးထုတ်

 

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များ၏ သင်တန်းဆင်းပွဲ အခမ်းအနားများကို တက်ရောက်ခဲ့ဖူးပါသည်။ ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် ပညာရေး ဘွဲ့ အတွက် ၅ နှစ်၊ ဒီဂရီကောလိပ်များတွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ သင်တန်းအတွက် ၄ နှစ်၊ အေဂျီတီအိုင် ဒီပလိုမာသင်တန်း အတွက် ၃ နှစ် တက်ရောက် သင်ကြားရကာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တည်းဟူသော တိုင်းရင်းသား သွေးချင်းကလေးငယ်များအတွက် မှီခိုအားထားရာ၊ အရည်အချင်းနှင့် ခံယူချက်၊ ယုံကြည်ချက်ပြည့်ဝ သော ဝန်ထမ်းကောင်းများ မွေးထုတ်ပေးရာ ကျောင်းတော်မဟာများ ဖြစ်ကြသည်ကို လက်တွေ့ သိရှိခဲ့ရသည်။ နေထိုင်စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေးကအစ မိဘများကိုယ်စား နိုင်ငံတော်က အစစအရာရာ လိုလေသေးမရှိ အခမဲ့ တာဝန်ယူ စောင့်ရှောက်သင်ကြား လေ့ကျင့်ပေးနေသော ကျောင်းတော်မဟာများ ဖြစ်ကြသည်။ စည်းကမ်းတကျ နေထိုင်သင်ကြားရင်း ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာအောင် လေ့ကျင့်ပျိုးထောင် ပေးနေသော ကျောင်းတော်မဟာများ ဖြစ်ကြသည်။ သားသမီးများကို ဤကျောင်းတော်ကြီးများသို့ တက်ရောက်စေခြင်းဖြင့် မိဘများအတွက် အပေါင်း အသင်းကိစ္စ၊ စည်းကမ်းစနစ်တကျ နေထိုင်လုပ် ကိုင်တတ်ရေးကိစ္စ၊ စားဝတ်နေရေးကိစ္စ အစစ အရာရာ ပူပင်စရာ မရှိတော့ဘဲ ကျောင်းတော်ကြီးမှ ဆရာ၊ ဆရာမများ၏သွန်သင်ဆုံးမမှု၊ ကျောင်းသား၊ ကျောင်းသူ၊ သင်တန်းသား၊ သင်တန်းသူအချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုတို့ကြောင့် သားသမီးများအတွက် လမ်းကြောင်းမှားသွားမှာကို မပူပင်ရသလို ကျောင်းပြီးသွားသည့်အခါမှာလည်း နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ပေး ခန့်အပ်ပေးသဖြင့် မိဘများအတွက် ရေကန်အသင့် ကြာအသင့်ပင် ဖြစ်ရပေတော့သည်။ ဤကဲ့သို့ ဂုဏ်ရှိန်ထည်ဝါ ကြီးမားလှသော ကျောင်းတော်မဟာများကို ယခင်ကတည်းက ကျွန်တော် လေးစားခဲ့သည်။ ယခုရောနောင်ရော လေးစားနေဦးမည်။ ကျောင်းတော်ကြီးများ၏ လေ့ကျင့်ပျိုးထောင်ပေးမှုအပေါ် သံယောဇဉ် ကြီးမားခဲ့ရသည်။ ဟော...ယခုလည်း ရပ်ကျိုး၊ ရွာကျိုး၊ မြို့နယ်အကျိုး၊ တိုင်းဒေသကြီး အကျိုးနှင့်ယှဉ်၍ ကျောင်းတော်ကြီးတို့အပေါ် သံယောဇဉ်ကြိုးတို့က တိုး၍ တိုး၍ နှောင်ဖွဲ့မိပါပကောလား ...။ ဪ... သံယောဇဉ်တွေ လွန်းတင်ခဲ့ပါ ဤကျောင်းတော်မဟာကြီးတွေ ...။

 

မြင့်စိုး(နတလ)