လူကုန်ကူးမှု တိုက်ဖျက်ဖို့ တွဲလက်ညီညာခိုင်မြဲစို့
ခေတ်ကာလယန္တရားတွေ ဘယ်လိုပဲပြောင်းလဲလာပါစေ၊ ကမ္ဘာဦးခေတ်ကာလကတည်းက ယခုအချိန်ထိ ကျန်ရှိနေတဲ့အရာတစ်ခုကတော့ လူအချင်းချင်း ကျွန်ပြုမှုပဲ ဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေမှာ ဘီစီ ၅ဝဝ ခုနှစ်ခန့်ကတည်းက ကျွန်ရောင်းဝယ်မှုစနစ်တွေကို ပေါ်ပေါ်ထင်ထင် တွင်တွင်ကျယ်ကျယ် ဆောင်ရွက်ခဲ့ကြပါတယ်။ ကျွန်တွေကို လိင်ဖျော်ဖြေမှုတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေအတွက် အသုံးပြုကြပါတယ်။ ၁၈၀၀ ပြည့်နှစ် နောက်ပိုင်းကာလတွေမှာတော့ ကျွန်စနစ်ဟာ လုံးဝပပျောက်သွားခဲ့ပေမယ့်လည်း ခေတ်သစ်ကျွန်ပြုမှု စနစ်ဖြစ်တဲ့ လူကုန်ကူးမှုဆိုတာ ပေါ်ပေါက်လာပါတော့တယ်။
လူကုန်ကူးမှုဆိုတာ
ခေတ်သစ်ကျွန်ပြုမှုဖြစ်တဲ့ လူကုန်ကူးမှုဆိုတာ မိမိအကျိုးစီးပွားတစ်ခုတည်း အတွက် လူတွေရဲ့ ကိုယ်ကာယ၊ လုပ်အားတွေကို ခေါင်းပုံဖြတ်အမြတ်ထုတ် အကျိုးအမြတ်ရယူခြင်းပဲ ဖြစ်ပါတယ်။ ခေတ်သစ်ကျေးကျွန်စနစ်ဖြစ်တဲ့ လူကုန်ကူးမှု ပြဿနာဟာ လူမှုအသိုင်းအဝိုင်းကို ဆိုးရွားစွာ ခြိမ်းခြောက်လျက်ရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာ တစ်ရပ်ပဲ ဖြစ်ပါတယ်။ လူကုန်ကူးမှုဟာ ကြိုတင် ကြံစည် ကျူးလွန်လေ့ရှိတဲ့ ပြစ်မှုအမျိုးအစားဖြစ်ပြီး ငွေကြေးဆိုင်ရာ မှုခင်းတွေနဲ့လည်း ဆက်စပ်လျက်ရှိပါတယ်။ မြန်မာနိုင်ငံဟာလည်း အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေလိုပဲ အလုပ်အကိုင်ရှားပါးခြင်း၊ လုပ်ခဝင်ငွေ နည်းပါးခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းတွေကြောင့် လူကုန်ကူးမှုတွေ ဖြစ်ပွားလျက် ရှိကြောင်း တွေ့ရှိရပါတယ်။ ။
လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ် -၁၉ ကမ္ဘာ့ကပ်ရောဂါ အခြေအနေကြောင့် စီးပွားရေး လုပ်ငန်းတွေ ရပ်ဆိုင်းသွားပြီး အလုပ်လက်မဲ့တွေ ပိုမိုများပြားလာတဲ့အတွက် လူကုန်ကူးမှုတွေ ပိုမို ဖြစ်ပွားလာနိုင်ကြောင်း သတိပြုရမှာဖြစ်ပါတယ်။
လူကုန်ကူးမှုဆိုတာဘာလဲ
မြန်မာနိုင်ငံမှာ ၂၀၀၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သော လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ၊ ပုဒ်မ ၃(က)တွင် လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ “ပြည့်တန်ဆာပြုခြင်း၊ အခြားတစ်နည်းနည်းဖြင့် ကာမဆိုင်ရာကိစ္စပြုလုပ်ခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မဝန်ဆောင်မှုပေးစေခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ခိုင်းစေခြင်း၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်း စေခြင်းကိုဖြစ်စေ၊ သူတစ်ပါးခန္ဓာကိုယ်၏ အင်္ဂါ အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းချခြင်းကို ဖြစ်စေပြုရာမှ ငွေကြေးကိုသော် လည်းကောင်း၊ အကျိုးအမြတ် တစ်စုံတစ်ရာကို သော်လည်းကောင်း လက်ခံရယူခြင်း သို့မဟုတ် လက်ခံရယူရန် သဘောတူခြင်း” ပြုရန်အလို့ငှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့် အနိုင်အထက်ပြုခြင်း၊ သွေးဆောင်ခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ အခွင့်အာဏာ ကို အလွဲသုံးစားပြုခြင်း သို့မဟုတ် ဘဝရပ်တည်ရန် ခက်ခဲနေသော အခြေအနေကို အလွဲသုံးစားပြုခြင်း၊ တစ်ဦးတစ်ယောက်အပေါ် ချုပ်ကိုင်နိုင်သောသူ၏ သဘောတူညီချက်ရရှိရန် ငွေကြေး သို့မဟုတ် အကျိုးအမြတ်ကိုပေးခြင်း သို့မဟုတ် လက်ခံရယူ ခြင်း တစ်ရပ်ရပ်ကိုပြုလုပ်ပြီး လူများကို သိမ်းသွင်း စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်း ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းကိုဆိုသည်ဟု ဖော်ပြထားရှိပါသည်။ ဒါ့အပြင် ကမ္ဘာ တစ်ဝန်းမှာ အငှားကိုယ်ဝန်ဆောင်ခြင်း၊ အဓမ္မ မွေးစားခြင်း၊ လိမ်လည်လက်ထပ်၍လူကုန်ကူးခြင်း ကဲ့သို့သော လူကုန်ကူးမှုပုံစံအသစ်တွေ ဖြစ်ပွားလာတာကိုလည်း တွေ့ရှိရပါတယ်။
ဘယ်သူတွေ လူကုန်ကူးခံရနိုင်လဲ
အမျိုးသမီးများ၊ အမျိုးသားများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများပါမကျန် ကျား/မ အသက် အရွယ်မရွေး လူကုန်ကူးခံရနိုင်ခြေရှိကြောင်း သတိထားစေလိုပါတယ်။ လူကုန်ကူးမှု ကျူးလွန် ခံရသူအများစုဟာ ဘဝရပ်တည်ရန်ခက်ခဲတဲ့ အခြေ အနေတွေကြောင့် အလုပ်အကိုင်နဲ့ ဝင်ငွေများရရှိဖို့မျှော်လင့်ခြင်း၊ မိမိနဲ့ မိသားစုဘဝအခြေအနေ မြင့်မားလာမယ်လို့ မျှော်လင့်ခြင်း၊ မိမိ၏ဆင်းရဲသော ဒုက္ခမှ လွတ်မြောက်မည်ဟု မျှော်လင့်ခြင်း၊ ဘဝအသစ်ထူထောင်လိုခြင်းတွေကြောင့် လူကုန် ကူးသူတွေရဲ့ မက်လုံးပေးစည်းရုံးမှုတွေကို ယုံကြည်ရာမှ လူကုန်ကူးခံရမှု အများဆုံးဖြစ်ပွားလျက်ရှိ ကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် လူငယ်လူရွယ်များအနေနဲ့လည်း Facebook၊ TIK TOK လူမှုကွန် ရက် အသုံးများလာခြင်း၊ မိမိရဲ့ ဘဝအခြေအနေအမှန်ကို လက်ခံခြင်းမရှိဘဲ ခေတ်နဲ့အညီ ဝတ်စားဆင်ယင်လိုခြင်း၊ အပျော်အပါးမက်ခြင်းတွေက လူကုန်ကူးမှု ဖြစ်ပွားစေဖို့ တွန်းအားပေးလျက် ရှိပါတယ်။
လူကုန်ကူးခံရသူအများစုဟာ လူကုန်ကူးသူတွေကို မိမိတို့ရဲ့ဘဝအား မြှင့်တင်ပေးမည့် ကျေးဇူးရှင် အဖြစ် သတ်မှတ်ထားကြပြီး ၎င်းတို့အား ခေါင်းပုံ ဖြတ်/ အသုံးချမှသာ လူကုန်ကူးခံရမှန်း သိရှိကြရ ခြင်း၊ သွေးသားတော်စပ်သူများက လူကုန်ကူးခြင်း၊ လူကုန်ကူးခံရကြောင်း တာဝန်ရှိသူများထံတိုင်ကြား ရန် ဝန်လေးနေကြခြင်းတွေကြောင့် လူကုန်ကူးမှု မဖြစ်ပွားအောင် ကြိုတင်ကာကွယ် တားဆီးရန်မှာ လွယ်ကူသည့် လုပ်ငန်းတစ်ခုတော့ မဟုတ်ပါချေ။ သို့ဖြစ်ရာ ပြည်သူတွေအနေနဲ့ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အသိပညာတွေကို အပြည့်အဝ နားလည်သိရှိပြီး လူကုန်ကူးမှု ကျူးလွန်လေ့ရှိ သူတွေကို စောင့်ကြည့်ဖော်ထုတ်ရာမှာ တွဲလက် ညီညာစွာဖြင့် ပူးပေါင်းပါဝင်မှသာလျှင် လူကုန်ကူးမှု ဖြစ်ပွားနိုင်ခြေတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ဘယ်သူတွေက ဘယ်လိုလူကုန်ကူးနေလဲ
လူကုန်ကူးသူတွေဟာ မည်သည့်လူမျိုး၊ မည်သည့် ဘာသာဝင်မဆိုဖြစ်နိုင်ပြီး အမျိုးသမီး အမျိုးသား ခွဲခြားလို့မရပါ။ ထို့အပြင် လူကုန်ကူးသူတွေဟာ သူစိမ်းတွေထက် ဆွေမျိုးသားချင်းများ၊ အသိမိတ်ဆွေများ၊ ယုံကြည်အားကိုးရသူများ၊ လူကုန်ကူးခံရသူများအပေါ် ဩဇာညောင်းသူများလည်း ပါဝင်တတ်ကြပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီး မှာကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း၊ အလုပ်လက်မဲ့များပြားလာ ခြင်းတို့ဖြစ်ပွားလျက်ရှိရာ လူကုန်ကူးသူတွေအတွက် အခွင့်အလမ်းများ ပိုမိုရရှိစေလျက်ရှိပါတယ်။ လူကုန်ကူးသူတွေဟာလည်း အဲဒီအခွင့်အလမ်းတွေကို အသုံးချပြီး ရွှေ့ပြောင်းအလုပ်သမားများ၊ မိသားစု စီးပွားရေး အကျပ်အတည်းကြောင့် ပညာ ဆက်လက် သင်ကြားနိုင်ခြင်း မရှိတော့သည့် ကလေးသူငယ်များ၊ အလုပ်လက်မဲ့များကို လူကုန်ကူးမှု ကျူးလွန်ရန် စုဆောင်းလျက်ရှိပါသည်။
ယနေ့ ကမ္ဘာကြီးမှာ အွန်လိုင်းအသုံးပြုမှု ပိုမို တွင်ကျယ်လာတာနဲ့အမျှ အွန်လိုင်းအသုံးပြုတဲ့ ပြစ်မှုကျူးလွန်မှုတွေလည်း တိုးပွားလာပါတယ်။ လူကုန်ကူးသူတွေဟာ လူမှုကွန်ရက်တစ်ခုခုကို အသုံးပြုပြီး ၎င်းတို့ပစ်မှတ်ထားသူတွေကို အလုပ် အကိုင်မက်လုံးပေး၍ စည်းရုံးခြင်း၊ ချစ်ကြိုက် ဟန်ဆောင်၍စည်းရုံးခြင်း၊ ရင်းနှီးမှုရယူ၍ စည်းရုံးခြင်းတွေအပြင် လူမှုကွန်ရက်မှတစ်ဆင့် သမီးရည်းစား ဖြစ်သူများအား လိမ်လည်လက်ထပ်၍ လူကုန်ကူးခြင်း အစရှိတဲ့ နည်းလမ်းတွေနဲ့ ကျူးလွန်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာ အစိုးရဌာနတွေရဲ့ စာရွက်စာတမ်းတွေကို အတုပြုလုပ်ပြီး လူကုန်ကူးမှု၊ တရုတ်အမျိုးသားတွေရဲ့ သတို့သမီးလိုအပ်ချက်ကြောင့် စည်းရုံးလက်ထပ်မှုများ၊ တရုတ်အမျိုးသား တွေနဲ့ လက်ထပ်ဖို့ ဥပဒေနဲ့အညီ တည်ထောင်ထား ခြင်းမရှိတဲ့ ကုမ္ပဏီများက တရားမဝင်ပို့ဆောင်မှု တွေလည်း တွေ့ရှိရပါတယ်။ ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနဲ့ ခေါင်းပုံဖြတ်ခံရမှုများ ကဲ့သို့သော လူကုန်ကူးမှုတွေကို ဆင်းရဲနွမ်းပါးတဲ့ မိသားစုမှ မိန်းကလေးငယ်တွေနဲ့ ကလေးသူငယ်တွေက ပိုမိုခံစားရကြောင်း တွေ့ရှိရပါတယ်။ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်တဲ့ လူကုန်ကူးမှုတွေဟာ အထူးသဖြင့် ကာရာအိုကေခန်းများ၊ အနှိပ်ခန်းများ၊ အလှပြင်ဆိုင်များနှင့် Club များမှတစ်ဆင့် ပိုမိုဖြစ်ပွားလျက်ရှိတာ ကို တွေ့ရှိရပါတယ်။
အလုပ်သမားစုဆောင်းသူများဟာ အလုပ်သမားများအား စုဆောင်းရာတွင် ဝန်ဆောင်ခနှင့် စာရွက်စာတမ်းကြေးအား ကြိုတင်ငွေမှဖြတ်တောက်မည်ဟု ပြောဆိုစည်းရုံးပြီး အိမ်အကူ လုပ်ငန်း၊ အစားအသောက်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများသို့ ပို့ဆောင်ကြပါတယ်။ လုပ်ငန်းခွင်သို့ရောက်ရှိသောအခါ အကြွေးဖြင့် ချည်နှောင်၍ အနိုင်အထက်ပြုခြင်း၊ ပတ်စ်ပို့ သိမ်းဆည်းခြင်း၊ စာချုပ်ပြောင်းလဲခြင်း၊ လုပ်အားခ ပြင်ဆင် သတ်မှတ်ခြင်းနှင့် လစာဖြတ်တောက်ခြင်များ ပြုလုပ်လေ့ရှိကြောင်း တွေ့ရှိရပါတယ်။
လူကုန်ကူးမှုကျူးလွန်ခံရခြင်း၏ ဆိုးကျိုးတွေက ဘာတွေလဲ
မြန်မာနိုင်ငံမှာ လူကုန်ကူးမှုတွေ အများအပြား ဖြစ်ပွားလျက်ရှိနေပေမယ့် နိုင်ငံသားအများစု ကတော့ လူကုန်ကူးမှုတွေကို ယုံတမ်းတစ်ခု လိုသဘောထားပြီး အလေးမထားကြပါ။ လူကုန်ကူးခံရပါက လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း၊ ရိုက်နှက်ခံရခြင်း၊ ပိတ်လှောင်ခံရခြင်း၊ အစာမစားရခြင်း၊ အိပ်ရေးဝ၀ မအိပ်ရခြင်း၊ နားချိန်မရှိခြင်း၊ သတ်မှတ် နာရီထက် အချိန်ပိုခိုင်းစေခံရခြင်း၊ နှိပ်စက်ခိုင်းစေခံရခြင်း၊ အမြဲတမ်းကြောက်ရွံ့နေရခြင်း၊ လူ့အခွင့်အရေးများ ဆုံးရှုံးခြင်း၊ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် ခိုင်းစေခံရခြင်း၊ သဘောတူထားသည့်အတိုင်း လစာမရရှိခြင်း (သို့မဟုတ်) လုံးဝမရရှိခြင်း၊ ဂုဏ်သိက္ခာဆုံးရှုံးခြင်း၊ ရောဂါရရှိခြင်း၊ အမျိုးအနွယ် ပျက်စီးစေခြင်းအစရှိသည့် ကိုယ်ရောစိတ်ပါ နှိပ်စက်ညှဉ်းပန်းခြင်းများ ခံရနိုင်ပါတယ်။ အဲဒီလို ဆိုးကျိုးများစွာ ခံစားရနိုင်တဲ့အတွက် စာရေးသူတို့ နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ လူကုန်ကူးမှုကို ကပ်ရောဂါတစ်ခုလို ကြောက်ရွံ့ပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ တစ်တပ်တစ်အား ပူးပေါင်းပါဝင် စေချင်ပါတယ်။
လူကုန်ကူးမှုကျူးလွန်မခံရအောင် ဘယ်လိုကာကွယ်မလဲ
ရွှေ့ပြောင်းသွားလာခြင်းသည် ထူးဆန်းသော အရာတစ်ခုမဟုတ်ဘဲ ရှေးယခင်နှစ်ပေါင်းများစွာ ကပင် လူသားများသည် တစ်နေရာမှတစ်နေရာ၊ တစ်နိုင်ငံမှတစ်နိုင်ငံ ရွှေ့ပြောင်းသွားလာခဲ့ကြပါတယ်။ ထိုသို့ရွှေ့ပြောင်းသွားလာရာမှာ လူမျိုးမတူ ခြင်း၊ ဘာသာစကားမတူခြင်း၊ အစားအသောက် မတူခြင်း၊ ယဉ်ကျေးမှုမတူခြင်း၊ ဓလေ့ထုံးတမ်းမတူခြင်း၊ ရာသီဥတုမတူခြင်း၊ ပတ်ဝန်းကျင်မတူခြင်း အစရှိတဲ့ အခက်အခဲတွေ အရင်ဆုံးတွေ့ကြုံရမှာ ဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ လူကုန်ကူးခြင်း ခံရနိုင်ပါတယ်။
သို့ဖြစ်ရာ မိမိ၏နေရပ်မှ နိုင်ငံအတွင်း အခြား တစ်နေရာရာသို့ သွားရောက်အလုပ်လုပ်ကိုင်မည် ဆိုပါက နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)အား ယူဆောင်သွားရမည့်အပြင် လုပ်ကိုင်ရမည့် အလုပ်အကိုင်၊ လုပ်ခလစာ၊ အလုပ်ရှင်အမည် (သို့မဟုတ်) လုပ်ငန်းအမည်၊ ဥပဒေနှင့် ငြိစွန်းသောအလုပ် ဟုတ်/မဟုတ်၊ လုပ်ငန်းခွင်သို့ ရောက်ရှိသည့်အခါ မျှော်မှန်းထားသည့် လုပ်ခလစာနှင့် အလုပ်အကိုင် ကွဲလွဲနေပါက ချိတ်ဆက်ဆောင်ရွက်ရမည့်သူ၊ သက်ဆိုင်ရာအစိုးရဌာနများနှင့် လူမှုကူညီရေး အသင်းများ၏ ဖုန်းနံပါတ်များ၊ လိပ်စာများကို သိရှိ ထားရန်လိုအပ်ပါတယ်။ သို့မှသာ အခက်အခဲတစ်ခုခု ကြုံသည့်အခါ အကူအညီတောင်းခံနိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံသားတစ်ဦးအနေနဲ့ အခြားနိုင်ငံတွေကို ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ရာမှာ တရားမဝင် သွားရောက်ခြင်းမပြုဘဲ တရားဝင်ရွှေ့ပြောင်း သွားလာသင့်ကြောင်း အကြံပြု တိုက်တွန်း လိုပါတယ်။ တရားမဝင်သွားရောက်ပါက ငါးဖမ်းစက်လှေများ၊ အန္တရာယ်ရှိလုပ်ငန်းခွင်များ၊ စက်ရုံများ၊ လိင် ပိုင်းဆိုင်ရာ လုပ်ငန်းများတွင် ရောင်းစားခံရခြင်း၊ အလုပ်ရှင်များ၏ လိမ်လည်လှည့်ဖြားခြင်းများ ခံရ နိုင်ပါတယ်။ အခြားနိုင်ငံတွေကို ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်လိုပါက တရားဝင်မှတ်ပုံတင် ထားတဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများနှင့်သာ ချိတ်ဆက်ဆောင်ရွက်၍ တရားဝင် လမ်းကြောင်းမှ သွားလာဖို့ အရေးကြီးပါတယ်။ ထိုသို့ သွားလာရာမှာ တရားဝင် စာရွက်စာတမ်း အထောက်အထားများ ရယူခြင်း၊ သွားရောက် အလုပ်လုပ်ကိုင်မည့် နိုင်ငံ၊ လုပ်ငန်းအမျိုးအစား၊ လုပ်ခလစာ၊ ငွေကြေးလဲလှယ် မှုနှုန်းထား၊ စာချုပ်ပါ အချက်အလက်တွေကိုလည်း လေ့လာမှတ်သား ထားဖို့ အရေးကြီးပါတယ်။
မိမိ သွားရောက်မယ့်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ တရားဝင် အလုပ်သမား စေလွှတ်ခွင့်ပြုထားတဲ့ နိုင်ငံဖြစ်ဖို့လည်း လိုအပ်ပါတယ်။ မိမိနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိတဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီဟာ တရားဝင် အေဂျင်စီ ဟုတ်/ မဟုတ်၊ မိမိသွားရောက်မယ့်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ တရားဝင်အလုပ်သမား စေလွှတ်ခွင့်ရှိတဲ့ နိုင်ငံ ဟုတ်မဟုတ် သိရှိလိုပါက သက်ဆိုင်ရာမြို့နယ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနတွေမှာ စုံစမ်းနိုင်ပါတယ်။ ဒါ့အပြင် မိမိ သွားရောက် အလုပ်လုပ်ကိုင်မယ့် နိုင်ငံရှိ မြန်မာနိုင်ငံ သံရုံးနှင့် အကူအညီပေးနိုင်မည့် လူပုဂ္ဂိုလ်၊ လူမှုကူညီရေး အဖွဲ့အစည်းများကို ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့် လိပ်စာများကို သိရှိထားရန်လည်း လိုအပ်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့လည်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်သတ်မှတ်ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပြဋ္ဌာန်းခြင်း၊ လူကုန် ကူးမှုတိုက်ဖျက်ရေး မဟာဗျူဟာများ၊ နည်းဗျူဟာ များ၊ လုပ်ငန်းစီမံချက်များချမှတ်ဆောင်ရွက်ခြင်း၊ လုပ်ငန်းစီမံချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရန် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့တွေနဲ့ ရပ်ရွာအခြေပြု လူကုန်ကူးမှုစောင့်ကြည့် ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် နှစ်နိုင်ငံ၊ နိုင်ငံများအကြား နားလည်မှုစာချွန်လွှာ များချုပ်ဆို၍ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းများ၊ စာချုပ်များတွင် လက်မှတ် ရေးထိုး၍ ပါဝင်ဆောင်ရွက်ခြင်းများအပြင် နိုင်ငံတကာနှင့် ပြည်တွင်းရှိ အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။
ဒါ့အပြင် လူကုန်ကူးမှုနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများအား မီဒီယာများ၊ ရုပ်မြင်သံကြား၊ အသိပညာပေး ဆိုင်းဘုတ်များဖြင့် လည်းကောင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဖြင့် လည်းကောင်း ဆောင်ရွက်လျက်ရှိပါတယ်။ သို့ရာတွင် လူကုန်ကူးမှုကြိုတင် ကာကွယ်ခြင်းနှင့် စုံစမ်းဖော်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ပြည်သူများအကြား နားလည်မှု ခိုင်မာအားကောင်းစွာဖြင့် ပူးပေါင်းဆောင်ရွက်မှသာ လူကုန်ကူးသူများကို ဖော်ထုတ်၍ လူကုန်ကူးမှုများ ထပ်မံမကျူးလွန်စေရေး ထိရောက်သောပြစ်ဒဏ်များ ပေးအပ်နိုင်မှာလည်း ဖြစ်ပါတယ်။
ပြည်သူများအနေနဲ့ လူကုန်ကူးသူ လူပွဲစားများဟု သင်္ကာမကင်းဖွယ်ရှိသူများ မိမိတို့ရပ်ရွာ အတွင်း ရောက်ရှိလာခြင်း၊ မိမိအသက်အရွယ်၊ ပညာအရည်အချင်း၊ လုပ်ငန်းကျွမ်းကျင်မှု အစရှိတဲ့ အရည်အချင်းတွေထက် ပိုမိုများပြားသော လုပ်ခ လစာများဖြင့် မက်လုံးပေး စည်းရုံးခြင်းနှင့် လူကုန် ကူးမှုသတင်းတွေရရှိပါက ရပ်ရွာအခြေပြု လူကုန်ကူးမှုစောင့်ကြည့်ရေးအဖွဲ့များ၊ ရဲစခန်းများ၊ လူကုန်ကူးမှု Hot Line သတင်း လက်ခံဌာနများ၊ လူမှုအဖွဲ့အစည်းများထံ သတင်းပေးခြင်း၊ လူကုန် ကူးမှု ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သော အသိပညာပေးလုပ်ငန်းများ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများ၊ အသိပညာပေး ဆိုင်းဘုတ် စိုက်ထူခြင်းလုပ်ငန်းများ၊ စည်းရုံးလှုပ်ရှားမှု များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းများဖြင့် မိမိရပ်ရွာ အတွင်းရှိ အမျိုးသမီးများနှင့် ကလေးများ သာမက မည်သူမဆို လူကုန်ကူးမခံရစေရန် “လူကုန်ကူးမှု တိုက်ဖျက်ဖို့ တွဲလက်ညီညာ ခိုင်မြဲစို့” ဟူ၍ ရေးသားဖော်ပြလိုက်ရပါတယ်။ ။
IP Khaing Htoo Bo (ATIPD)