ပြည်ထောင်စုဂုဏ်ဆောင် နိုင်ငံတော်၏ရတနာ သားကောင်းသမီးမွန်များ
သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဖြည့်ဆည်းမှုဖြင့် ဝန်ထမ်းဘဝလမ်း အဆင့်ဆင့်တက်လှမ်းခဲ့သူ သရေစည်သူ ဦးဘခင်
(ယမန်နေ့မှအဆက်)
စာပေလေ့လာလိုက်စားမှုနှင့် စာရေးဆရာခင်ရွှေချို ဆရာကြီးသည် ဝန်ထမ်း ငယ်ဘဝတွင် ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ၊ သင်တန်းများတွင် ထူးချွန်၍ လုပ်ငန်းတာဝန် ကျေပွန်အောင် ကြိုးပမ်းခဲ့ရာ အင်္ဂလိပ်စာရေးသားပြောဆိုမှု ကျွမ်းကျင်သကဲ့သို့ တစ်ဖက်တွင်လည်း မြန်မာစာပေ၊ ရှေးဟောင်းစာပေ၊ ခေတ်ပေါ်စာပေများကို လေ့လာလိုက်စားခဲ့သည်။ မိမိနေထိုင်ရာ ရပ်ကွက်အမည်နှင့် မိမိအမည်တို့ကို ပေါင်းစပ်၍ “ခင်ရွှေ” ဟူသော ကလောင်အမည်ဖြင့် ထိုစဉ်က ကိုလိုနီခေတ်ဦးကာလမဂ္ဂဇင်း၊ ဆောင်းပါးတို့တွင် ဝတ္ထု၊ ဆောင်းပါးများ ရေးသားခဲ့သည်။
ဆရာကြီးသည် မိသားစုနှင့် မိတ်ဆွေများအား ငယ်စဉ်က ထိုသို့ခေတ်ပေါ်စာပေများ ရေးသား ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့သော်လည်း ဆရာကြီး၏ အတ္ထုပ္ပတ္တိနှင့် သာသနာပြုလုပ်ငန်းများကို စုစည်း၍ “မြန်မာ့ဂုဏ်ဆောင်ပုဂ္ဂိုလ်ထူး ဆရာကြီးဦးဘခင်” စာအုပ်အဖြစ် ရေးသားပြုစုခဲ့သည့် ဦးကိုလေး (ဇေယျာမောင်) ၏မေးမြန်းမှုအရ ငယ်စဉ်က ဆရာကြီးရွှေဥဒေါင်း၊ ပီမိုးနင်းတို့နှင့် ခေတ်ပြိုင်ဝတ္ထုများစွာ ရေးသားခဲ့ကြောင်း၊ ထိုခေတ် က တစ်မတ်တန်ဝတ္ထုများကိုလည်း ရေးသားခဲ့ရာ စာမူခ ငါးရူပီး၊ ရူပီး ၁၀မှ ၂၅ ရူပီးအထိရရှိခဲ့ကြောင်း သိရှိရသည်။ ဆရာဇေယျာမောင်၏ တောင်းဆိုမှု အရ ၁၉၂၉ ခုနှစ် ဩဂုတ်လ ထုတ် ဒဂုန်မဂ္ဂဇင်းတွင် “ခင်ရွှေချို”ကလောင်အမည်ဖြင့် ရေးသားခဲ့သည့် “သက်ဆုံးတိုင်” ဝတ္ထုကိုပါ မှတ်တမ်းအဖြစ် ရရှိခဲ့သည်။
တက္ကသိုလ်ပညာ ဆည်းပူးခွင့်မရရှိခဲ့သော်လည်း တစ်သက်တာလုံး ပညာဗဟုသုတရှာမှီးခဲ့သော ဆရာကြီး ဦးဘခင်သည် အသက် ၃၀ ကျော် အရွယ်တွင်မူ လုပ်ငန်းတာဝန်မပျက် တရားဓမ္မ လေ့လာမှု၊ ကျင့်ကြံအားထုတ်မှုများကို စတင်ဆောင်ရွက်ခဲ့ပြီးနောက် ၁၉၇၁ ခုနှစ် အသက် ၇၂ နှစ်အရွယ် ကွယ်လွန ချိန်တွင် နိုင်ငံတကာရှိ ဝိပဿနာတရားအားထုတ်သူ ယောဂီများ၊ ပညာရှင်များအကြား ပျံ့နှံ့ ကျော်ကြားသည့် အောက်ပါ အင်္ဂလိပ်၊ မြန်မာစာအုပ်များကို ရေးသားပြုစုခဲ့ပါသည်-
- What Buddhism is (1951)
-The Real Value of Buddhist Mediatation (1961)
-The Essential of Buddhism in Meditation Practice (1968)
- ပရိယတ္တိအခြေခံနှင့် ပဋိပတ္တိအဖြေမှန် (၁၉၅၂) တရားရှာသူ ဦးဘခင်
ဦးဘခင်သည် ၁၉၃၁ ခုနှစ်တွင် ပုသိမ်မြို့သို့ စာရင်းစစ်ရန်တာဝန်ဖြင့် သွားရောက်စဉ် အကျဉ်းထောင် ဆရာဝန် ဦးမြတ်ကျော်၏ အကူအညီဖြင့် အကျဉ်းသားတစ်ဦးထံမှ အဘိဓမ္မာ ပညာ စတင်သင်ယူခဲ့သည်။ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပြီး နောက်ထိုစဉ်က ကျော်ကြားသည့် အဘိဓမ္မာဆရာကြီး ဦးဖိုးလှိုင်၊ ဦးအောင် စသည့်ဆရာများထံ အဘိဓမ္မာ၊ ပဋ္ဌာန်းပညာများ ဆက်လက်လေ့လာသင်ကြားခဲ့သည်။ အဘိဓမ္မာပြန့်ပွားရေးအသင်း၊ ဝတ်အသင်းများတွင် တက်တက်ကြွကြွပါဝင်သကဲ့သို့ ထိုစဉ်ကာလက အထူးကျော်ကြားသည့် လယ်တီဆရာတော်ကြီး၏ ကျမ်းစာ၊ ဒီပနီများကိုလည်း အထူးလေ့လာ ဆည်းပူးခဲ့သည်။
၁၉၃၆ ခုနှစ်တွင် ဆရာကြီးသည် မိတ်ဆွေများထံမှ တစ်ဆင့် ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလ၊ ပျော်ဘွယ်ကြီးရွာရှိ ဆရာသက်ကြီး၏ ဝိပဿနာ ကမ္မဋ္ဌာန်းတရားကျင့်ကြံ အားထုတ်မှု အကြောင်း စတင်ကြားသိခဲ့ရသည်။ ၁၉၃၇ ခုနှစ် ဇန်နဝါရီလအတွင်း ဆရာကြီးသည် ခွင့်ရက် ရှည်ယူ၍ ရန်ကုန်မှ မြစ်တစ်ဖက်ကမ်း ဒလ၊ ထိုမှတစ်ဆင့် ချောင်းရိုးအတိုင်း ပျော်ဘွယ်ကြီးရွာ သို့ သမွန်ဖြင့်ကူး၍လည်းကောင်း၊ ပေါင်လယ်အထိနစ်သော ရွှံ့နွံဗွက်တောများကို လူကိုယ်တိုင် ကျော်ဖြတ်၍လည်းကောင်း သွားရောက်ခဲ့ပြီး ဆရာသက်ကြီးရှိရာ ရွာလယ်ဓမ္မာရုံတွင် အာနာပါနနှင့် ဝိပဿနာကမ္မဋ္ဌာန်းများကို နည်းခံ လိုက်နာ ၍ စတင်ကျင့်ကြံအားထုတ်ခဲ့သည်။
၁၉၄၁ ခုနှစ် ဇူလိုင်လအတွင်း ကျောက်ဆည် ဘူတာတွင် စာရင်းစစ်ဆေးရန်တာဝန်ဖြင့် ရောက်ရှိစဉ် ဝေဘူဆရာတော်ကြီးကို စတင်ဖူးမြော်ခွင့်ရရှိခဲ့ပြီး ဆရာတော်ကြီး၏ တိုက်တွန်းမှု အရ လုပ်ငန်းအားလပ် ချိန်များတွင် တရားပြသခဲ့ရပြီး ကမ္မဋ္ဌာန်းဆရာအဖြစ်သို့ ရောက်ရှိလာ ခဲ့သည်။ စစ်အတွင်းကာလ လေကြောင်းအချက်ပေးချိန်၌ လူအများ ဗုံးခိုကျင်းသို့ တိမ်းရှောင်ကြ သော်လည်း ဆရာကြီးသည် မိမိ လုပ်ငန်းဆောင်ရွက်ရာ ရုံးခန်းထိုင်ခုံ၌သာ တရားရှုမှတ် နေလေ့ရှိပြီး စစ်ပြီးခေတ်ကာလ များပြားသော လုပ်ငန်းတာဝန်ကြီးများ ထမ်းဆောင်ချိန်တွင် လည်း အားလပ်ချိန်ရသည်နှင့် တရားရှုမှတ်မှုကို မပျက် မကွက် နေ့စဉ်ဆောင်ရွက်ခဲ့သည်။
လုပ်ငန်းတာဝန်မပျက် သာသနာပြုလုပ်ငန်း ကြိုးပမ်းမှုများ
လွတ်လပ်ရေးရပြီးကာလ ၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲများဖြစ်ပွားပြီး တိုင်းပြည်မငြိမ် မသက်ရှိနေချိန်တွင် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စိုးရိမ်သောကများဖြစ်ပွားပြီး ပုံမှန်ရုံးမတက်နိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ ဆရာကြီးသည် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ၊ မတ်လများတွင် ဥပ္ပါတသန္တိပါဠိတော်ကို အဓိဋ္ဌာန်ဖြင့် ရွတ်ဖတ်ပူဇော်ခဲ့သည်။
ထို့အပြင် မြန်မာသက္ကရာဇ် ၁၃၁၀ ပြည့်နှစ် (၁၉၄၈ ခုနှစ်) မှစ၍ မဟာသမယနေ့ အခါတော်နေ့ (နယုန်လပြည့်နေ့) တိုင်းတွင် မဟာသမယ သုတ်တော် ရွတ်ဖတ်ပူဇော်ခြင်းကို တပည့်များနှင့် အတူ ရွတ်ဖတ်ပူဇော်ခဲ့သည်။ (၂၉-၆-၁၉၅၀) ရက်နေ့ (၁၃၁၂ ခုနှစ်၊ ဝါဆိုလပြည့်၊ ဓမ္မ စကြာအခါတော်နေ့) တွင် ဆရာကြီးသည် “နိဗ္ဗာန် ရှေးရှုတော်လှန်မှု တရားခေါင်းစဉ်ဖြင့် ယခင် အခေါ် ဗမာ့အသံမှ တစ်နိုင်ငံလုံးသို့ ဓမ္မစကြာတရား၏ အဆီအနှစ် သစ္စာလေးပါး ဝိပဿနာ တရားတို့ကို ရှင်းလင်းဟောကြား ထုတ်လွှင့်ခဲ့သည်။ ၁၈-၇-၁၉၅၁ ရက်နေ့ (၁၃၁၃ ခုနှစ်၊ ဝါဆို လပြည့်နေ့)တွင် ပဋိပတ္တိလမ်းစဉ်များကို စနစ် တကျစူးစမ်းရှာဖွေရန်နှင့် ဝိပဿနာ ပညာဆိုင်ရာ သုတေသနလုပ်ငန်းများ စူးစမ်းလေ့လာရန်ဝိပဿနာ ဓာတ်ပညာအဖွဲ့ကို ဆက်လက် ဖွဲ့စည်းပေးခဲ့သည်။
ဆရာကြီးသည် ငွေစာရင်းမင်းကြီးအဖြစ် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာ၌ လက်အောက် ဝန်ထမ်းများနှင့် ဆက်ဆံရာတွင် တာဝန်ဝတ္တရားကို အဓိကထားပြီး ပြတ်ပြတ်သားသား ဆက်ဆံတတ်သည်။ တာဝန်ချိန်ပြင်ပ ပုဂ္ဂိုလ်ရေးအနေဖြင့် ဆက်ဆံရာတွင်မူ ရင်းနှီးခင်မင်စွာ ဆက်ဆံတတ်သောကြောင့် ဝန်ထမ်းများက ချစ်ကြောက်ရိုသေကြသည်။ ဆရာကြီးအနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ အကျင့်စာရိတ္တကောင်းမွန်ရေးကို အထူးလိုလားပြီး ဘုရားရှင်၏ အဆုံးအမဖြစ်သည့် သီလ၊ သမာဓိ၊ ပညာတရားများ လက်ကိုင်ထားသည့် ဝိပဿနာတရားကို ကျင့်ကြံနိုင်ကြရေးအတွက် အထူးလိုလားခဲ့သည်။
(ဆရာကြီးအနေဖြင့် ဤကဲ့သို့ ဆန္ဒရှိနေစဉ် ၁၉၅၀ ပြည့်နှစ် အောက်တိုဘာလတွင် ထိုစဉ်က နိုင်ငံတော် အစိုးရက ဌာနဆိုင်ရာများသို့ ဗုဒ္ဓဘာသာအသင်းများဖွဲ့စည်းပြီး ရုံးဌာနအလိုက် ဘုရားခန်းများထားရှိရန် ညွှန်ကြားခဲ့သည်။ ထို့ကြောင့် ၁၀-၁၁-၁၉၅၀ ရက်နေ့တွင် ငွေစာရင်းမင်းကြီးရုံးဝန်ထမ်းများ အစည်းအဝေး ကျင်းပ၍ ဗုဒ္ဓသာသနာအကျိုးဆောင်အသင်း ကို အသင်းသား ၄၉၇ ဦး၊ အမှုဆောင် ၂၄ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ၁-၁-၁၉၅၁ ရက်နေ့တွင် စာရင်းစစ်ရုံးရှိအခန်းတစ်ခန်းကို ဘုရားခန်းပြုလုပ်ပြီး ဘုရား၊ တရား၊ သံဃာပူဇော်ပွဲအဖြစ် ဆရာတော်၊ သံဃာတော်များ ပင့်ဖိတ်ဆွမ်းဆက်ကပ်၍ တရားနာယူခြင်း၊ ဘုရားအနေကဇာ တင်ခြင်း၊ ဥပုသ်ဆောက်တည်ခြင်းများ စတင်ဆောင်ရွက်ပြီး ဆရာကြီး ကိုယ်တိုင် ဓမ္မစကြာတရားတော်နှင့် အဘိဓမ္မာတရားများ ဟောကြားခြင်း၊ ဓမ္မစကြာနှင့် အနတ္တလက္ခဏ သုတ် ဒေသနာတော်၊ ပရိတ်၊ ပဋ္ဌာန်း ဒေသနာတော်များ ပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့အပြင် ရုံးဝန်ထမ်းများအားလပ်ချိန်နှင့် နံနက်စောစောရုံးမတက်မီတစ်ချိန်၊ နေ့လယ် နားချိန် တစ်ချိန်၊ ညနေရုံးဆင်းချိန်တစ်ချိန် တစ်နေ့လျှင် သုံးကြိမ် တရားထိုင်နိုင်သော အခန်းတစ်ခန်း ကိုလည်း ၁၇-၁၀-၁၉၅ဝ ရက် နေ့မှစ၍ စာရင်းစစ်ရုံးရှိ ဆရာကြီး၏ ရုံးခန်းနှင့်ကပ်လျက် အခန်းတစ်ခန်းတွင် စီစဉ်ပေး ထားခဲ့သည်။ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဘာသာတရား အဆုံးအမများကို လိုက်နာကျင့်ကြံ နေထိုင်ခြင်းဖြင့် ကိုယ်ကျင့်တရားကောင်းမွန်ရေးကို ဦးတည် ဖြည့်ဆည်းလိုသည့် ဆရာကြီး၏ လိုလားချက်သည် တစ်စတစ်စ အကောင်အထည်ပေါ်လာ ခဲ့သည်။
၁၉၅၁ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတော်ဗုဒ္ဓ သာသနာအဖွဲ့၏ ညီလာခံကို ကျင်းပခဲ့ပြီးနောက် ဗုဒ္ဓသာသနာ အကျိုးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ရာ ဆရာကြီးသည် အမှုဆောင်အဖွဲ့၌ အကျိုးတော် ဆောင် စာရင်းစစ်တာဝန်ဖြင့် ပါဝင်ခဲ့သည်။ ထို့နောက်အဖွဲ့၏ပဋိပတ္တိအဖွဲ့ငယ်ဥက္ကဋ္ဌ၊ ဘဏ္ဍာရေး အဖွဲ့ငယ် အဖွဲ့ဝင်၊ သာသနာ့ရောင်ခြည်စာစောင်များ ထုတ်ဝေရေး စာတည်းအဖွဲ့ဝင်၊ ဆဋ္ဌသင်္ဂါ ယနာတင်အခမ်းအနား ကျင်းပရာတွင် စာရင်းစစ် တာဝန်တို့ကို အသီးသီး ပါဝင်ထမ်းဆောင်ခဲ့သည်။
ထိုခေတ်ကာလက မြန်မာနိုင်ငံသို့ တာဝန် ဖြင့်ရောက်ရှိနေခဲ့သော သံတမန်များ၊ ပညာရှင်များ၏ တောင်းဆိုမှုအရ ဆရာကြီးဦးဘခင်သည် ၁၉၅၁ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလ အတွင်း ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိမက်သဒစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာ (What Buddhism Is) ခေါင်းစဉ်ဖြင့် ဗုဒ္ဓဘာသာ အကြောင်း ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။ ဆရာကြီး၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောပို့ချမှု များကို What Buddhism Is အမည်ဖြင့် ရိုက်နှိပ်ဖြန့်ဝေမှုအရ နိုင်ငံတကာသို့ ပျံ့နှံ့သွားခဲ့ရာ စိတ်ဝင်စားကြသော နိုင်ငံတကာအဖွဲ့ အစည်းများက သက်ဆိုင်ရာဘာသာစကားအလိုက် ပြန်ဆိုထုတ်ဝေခွင့်အတွက် မေတ္တာရပ်ခံခဲ့ကြပြီး ပြင်သစ်နိုင်ငံတွင် Les Amis du Bouddhisme ' အမည်ဖြင့်လည်းကောင်း၊ ဂျာမနီနိုင်ငံတွင် Indische Welt အမည်ဖြင့်လည်းကောင်း အသီးသီး ပြန်ဆိုထုတ်ဝေခဲ့ကြပါသည်။
အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိလုပ်ငန်းဌာနနှင့် ဓမ္မရောင်ခြည်စေတီတော်
ဆရာကြီးဦးဘခင်၏ ပဋိပတ္တိသာသနာပြု လုပ်ငန်းများမှာ ပြည်တွင်းရှိတရားအားထုတ်သူများ သာမက ပြည်ပရှိ နိုင်ငံခြားသားများ၏ စိတ်ဝင်တစား လေ့လာလိုမှုများ တိုးတက်များပြားလာ သည်နှင့်အမျှ ကမ္မဋ္ဌာန်းရိပ်သာတစ်ခုဖွင့်လှစ်ရန် လိုအပ်လာသည်။ ထိုကဲ့သို့ ထူထောင်ရန် အတွက် ၁၉၅၂ ခုနှစ် ဧပြီလတွင် ငွေစာရင်းမင်းကြီးရုံး ဝိပဿနာအဖွဲ့ကို စနစ်တကျ စတင်ဖွဲ့စည်းစေခဲ့ပြီး မေလတွင် အင်းယားမြိုင် လမ်းရှိ တောင်ကုန်းအပါအဝင် မြေနေရာကို ဝယ်ယူ၍ အပြည်ပြည်ဆိုင်ရာပဋိပတ္တိလုပ်ငန်းဌာန (International Meditation Centre) အမည်ဖြင့် ထူထောင်ရန်အတွက်လည်းကောင်း၊ တရားထိုင်ရန် လိုဏ်ဂူများ ပါဝင်သည့် ဓမ္မစေတီအမျိုးအစား ဓမ္မရောင်ခြည် စေတီတော်ကို တည်ထားရန်အတွက်လည်း ကောင်း စီစဉ်ဆောင်ရွက်ခဲ့သည်။
၁၉၄၁ ခုနှစ်အတွင်း ကျောက်ဆည်မြို့ ဝေဘူလတောင်တွင် ဆရာကြီးအား သာသနာပြုရန် ဩဝါဒပေး၍ စတင်တိုက်တွန်းခဲ့သည့် ဝေဘူဆရာတော်ကြီးသည် ၁၉၅၃ ခုနှစ် ဇူလိုင်လ မှစတင်၍ ရန်ကုန်မြို့ အင်းယားမြိုင်လမ်းရှိ အပြည်ပြည်ဆိုင်ရာပဋိပတ္တိလုပ်ငန်းဌာန (IMC) သို့ ကြွရောက်သီတင်းသုံး ချီးမြှင့်ခဲ့ သည်။ ထို့နောက် ၁၉၅၄ ခုနှစ်၊ ၁၉၅၅ ခုနှစ်၊ ၁၉၅၇ ခုနှစ်၊ ၁၉၅၈ ခုနှစ်၊ ၁၉၆၀ ပြည့်နှစ်နှင့် ၁၉၆၂ ခုနှစ် တို့တွင်လည်း ရန်ကုန်မြို့ IMC သို့ ကြွရောက်၍ ဆရာကြီးနှင့် တပည့်များ၏ ပူဇော်မှုကိုခံယူခြင်း၊ တရားဒေသနာ ဟောကြားတော်မူခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဆရာကြီးသည် ပဋိပတ္တိသာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှားအယွင်းမရှိစေရေး အတွက် ဆရာတော်ကြီးများကို ဦးထိပ်ထားပြီး ဩဝါဒခံယူဆောင်ရွက်ခဲ့သည်။ ဝေဘူဆရာတော်ကြီး၏ ဩဝါဒအရ သာသနာပြုတရားပြလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် ရန်ကုန်မြို့ IMC တည်ထောင်သည့်အခါ တွင်လည်း အဂ္ဂမဟာပဏ္ဍိတကန်ဦးဆရာတော်ကြီး၊ သရက်တောဥယျာဉ်တိုက် အဂ္ဂမဟာပဏ္ဍိတ လေသာဆရာတော်ကြီး၊ အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော်ကြီး၊ ပဋ္ဌာန်းဆရာတော်၊ နှစ်ကျိပ်ရှစ်ဆူ ဆရာတော်၊ ဘုရားဖြူ ဆရာတော်၊ ခြောက်ထပ်ကြီးဆရာတော်၊ အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဦးဇနက ဘိဝံသ စသည့်ဆရာတော်ကြီးများကို ပင့်ဖိတ်၍ ပဋိပတ္တိလုပ်ငန်းများ ဆောင်ရွက်ပုံကို ရှင်းလင်းလျှောက်ထားပြီး ဆရာတော်ကြီးများ၏ ဩဝါဒခံယူခဲ့သည်။ ဆရာတော်ကြီး များကလည်း ဘုရားဟောကျမ်းဂန်များနှင့်အညီ စစ်ဆေးပြီး ဩဝါဒများ မိန့်ကြားခဲ့ရာ ဆရာကြီးသည် ဩဝါဒများကို လိုလား စွာခံယူ၍ လိုက်နာကျင့်သုံးခဲ့သည်။
ပြည်ပသာသနာပြုလုပ်ငန်းများ
၁၉၅၂ ခုနှစ် အောက်တိုဘာလတွင် မည်သည့်ဘာသာဝင်မဆို မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ IMC pouņos သို့မဟုတ် Buddhist Meditation Center သို့ လာရောက်စမ်းသပ်လေ့လာနိုင်ကြောင်း နိုင်ငံတကာရှိ စိတ်ဝင်စားသူများထံသို့ စာဖြန့်ဝေ အကြောင်းကြားခဲ့ပြီးနောက် ၁၉၅၃ ခုနှစ်တွင် တရားစခန်းစတင် ဖွင့်လှစ်ခဲ့သည်။ လယ်တီဆရာတော်ကြီး၏ အဆုံးအမဩဝါဒကို ခံယူ၍ တောတောင်များတွင် ၁၃ နှစ် ကြာ ကျင့်ကြံအားထုတ်ခဲ့သော ဒလမြို့ ဆရာသက်ကြီးထံမှ တစ်ဆင့် ၁၉၃၇ ခုနှစ်တွင် နည်းနာခံ ယူခဲ့သော ဆရာကြီးဦးဘခင်သည် ၁၅ နှစ်ကြာ မိမိလေ့လာအားထုတ်ခဲ့သည့် ဝိပဿနာ နည်းလမ်းများအတိုင်း ပြည်တွင်းပြည်ပ ယောဂီများ ကိုပါ ပြန်လည်မျှဝေ ဖြန့်ဖြူးခဲ့ခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာပဋိပတ္တိလုပ်ငန်းဌာန(IMC) ၏အကြောင်းကို ၁၉၅၄ ခုနှစ် မေလတွင် ယူကေနိုင်ငံ ဘီဘီစီအသံလွှင့်ဌာနက တရားရှာသူများ (Men Seeking God) အစီအစဉ်ဖြင့် ရုပ်မြင်သံကြား ရိုက်ကူး၍ လည်းကောင်း၊ ၁၉၅၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ကိုလံဘီယာရုပ်သံဌာနက See it Now ရုပ်သံ အစီအစဉ်ဖြင့် ရိုက်ကူး၍လည်းကောင်း၊ ၁၉၅၉ ခုနှစ်တွင် ၄၅ မိနစ်ကြာ ထုတ်လွှင့်သည့် မြန်မာပြည် အကြောင်း ရောင်စုံမှတ်တမ်းရုပ်ရှင်တွင် အပြည်ပြည်ဆိုင်ရာပဋိပတ္တိလုပ်ငန်းဌာန (IMC) အကြောင်းကို ၁၆ မိနစ်ကြာ ထုတ်လွှင့်၍ လည်းကောင်း အနောက်နိုင်ငံများတွင် ထုတ်လွှင့်ပြသခဲ့သည်။
ထို့အပြင် ဥရောပတိုက်တွင် ရိုက်နှိပ်ထုတ်ဝေသော ဆရာကြီး၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြော ပို့ချမှု ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာ What Buddhism Is စာအုပ်ကြောင့်လည်းကောင်း၊ ဘီဘီစီ အသံလွှင့်ဌာန ညွှန်ကြားရေးမှူး Christopher Mayhew ရေးသားပြုစုထုတ်ဝေသည့် Men Seeking God စာအုပ်ပါ ဆရာကြီးဦးဘခင်နှင့် IMC အကြောင်း တွေ့ဆုံဆွေးနွေးမှု များကြောင့်လည်းကောင်း မြန်မာနိုင်ငံရှိ ဝိပဿနာတရားအားထုတ်မှုကို စိတ်ဝင်စားသူ အနောက်နိုင်ငံသားများ တိုးတက်များပြား လာခဲ့သည်။ အနောက်နိုင်ငံများနှင့် ဗုဒ္ဓသာသနာပေါ် ထွန်းရာ မူလဒေသဖြစ်သော အိန္ဒိယနိုင်ငံသို့ သာသနာတော် ပြန်လည်ရောက်ရှိရေးအတွက် (ဆရာကြီးဦးဘခင်၏ ကြိုးပမ်းဆောင်ရွက်မှုများကို အကောင်အထည်ဖော်ကြသူများမှာ တပည့်ရင်းများဖြစ်သော မြန်မာနိုင်ငံမှ ဦးဂိုအင်ကာနှင့် အမေရိကန် ပြည်ထောင်စုမှ တိုက်ချင်းပစ်ဒုံးပျံနှင့် အာကာသယာဉ်တည်ဆောက်ရေးပညာရှင် မစ္စတာရောဘတ် ဟိုးဗားတို့ ဖြစ်သည်။
အထူးသဖြင့် ၁၉၅၅ ခုနှစ်တွင် IMC ၌ ပထမဆုံး လာရောက်တရားအားထုတ်ခဲ့သည့် စီးပွားရေး၊ လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သူ ဦးဂိုအင်ကာသည် ဝိပဿနာတရားအားထုတ်မှု၏ တန်ဖိုးကြီးမား ပုံ၊ ဘဝနေထိုင်မှုအတွက် အရေးကြီးပုံတို့ကို ကိုယ်တွေ့ သိမြင်ခံစားခဲ့ရပြီးနောက် ဆရာကြီး ဦးဘခင်၏ ပရိယတ္တိ၊ ပဋိပတ္တိ နှစ်ရပ်လုံးအတွက် သင်ကြားပို့ချမှုများကို ပါရရှိခဲ့သည်။ ဆရာကြီးသည် ဦးဂိုအင်ကာအား လက်ထောက် တရားပြဆရာအဖြစ် ၁၄ နှစ်ကြာ ပြုစု ပျိုးထောင်ပေးခဲ့ပြီးနောက် ပြည်တွင်း၌ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်မြို့များတွင် အိန္ဒိယ အမျိုးသားယောဂီများအား ဟိန္ဒီဘာသာဖြင့် တရားပြရန် စတင်တာဝန် ပေးအပ်ခဲ့သည်။ ၁၉၆၉ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ဦးဂိုအင်ကာသည် ပထမဆုံး ပြည်ပဝိပဿနာစခန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်း အိန္ဒိယ၊ အင်္ဂလန်၊ သြစတြေးလျ၊ အမေရိကန် စသည့် ကမ္ဘာ့နိုင်ငံများတွင် ဆရာကြီး ဦးဘခင်၏ ကမ္မဋ္ဌာန်းကျင့်စဉ်နည်းလမ်း (In the tradition of Sayagyi U Ba Khin) အတိုင်း ကျင့်ကြံပွားများ အားထုတ်ရသည့် ဝိပဿနာတရား စခန်းဌာနများ တိုးချဲ့ ဖွင့်လှစ်ထားလျက်ရှိသည်။
ဆရာကြီးသည် ၁၉၆၇ ခုနှစ်အထိ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရပြီးနောက်ပိုင်း ပြည်ပသို့ လူကိုယ်တိုင်ထွက်ခွာ၍ သာသနာပြုရန် အခြေအနေမပေးခဲ့သော်လည်း အောက်ပါပုဂ္ဂိုလ်များကို လက်ထောက်တရားပြဆရာများအဖြစ် တာဝန် ပေးအပ်လျက် ပြည်ပနိုင်ငံများရှိယောဂီများသို့ တရား ပြသပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည် -
(၁) Dr. Leon E. Wright (Professor of Religion) အမေရိကန်ပြည်ထောင်စု။
(၂) Mr. Rovert H. Hover. (Senior Technical Specialist) အမေရိကန်ပြည်ထောင်စု။
(၃) Mrs. Ruth Denision. အမေရိကန်ပြည်ထောင်စု။
(၄) Mrs. Coerla Landie. ကနေဒါနိုင်ငံ။
(၅)Mr. John E. Colemen. အင်္ဂလန်နိုင်ငံ။
(၆) Mr.J. Van Amesfoort (President of Netherlands Buddhist Association) ဟော်လန်နိုင်ငံ။
ဆရာကြီး၏ တပည့်ဖြစ်သူ ဦးဂိုအင်ကာက ဆရာကြီးဦးဘခင် အသက်ရာပြည့် အထိမ်းအမှတ် အဖြစ် ၂၀၀၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ဝိပဿနာစေတီတော် (Global Vipassana Pagoda) ကို လည်းကောင်း၊ အိန္ဒိယနိုင်ငံ Maharashtra ပြည်နယ် အီဂတ်ပူရီမြို့တွင် ဓမ္မတာပိုဗာနာ (Dhamma Tapovana) (ဝိပဿနာ ရက်ရှည်တရားရိပ်သာ) ကိုလည်းကောင်း၊ အဆိုပါတရားရိပ်သာအနီး၌ တရား အားထုတ်သူများ နေထိုင်ရန် လုံးချင်းအိမ်ရာများနှင့် နှစ်ခန်းတွဲ အိမ်ရာများပါဝင်သော ဆရာကြီးဦးဘခင် ဝိပဿနာကျေးရွာ (Sayagyi U Ba Khin Vipassana village) ကိုလည်းကောင်း အသီးသီး တည်ထောင် ထားခဲ့ပြီးဖြစ်သည်။ အဆိုပါ ဝိပဿနာကျေးရွာ မုခ်ဦးတွင် အင်္ဂလိပ်-မြန်မာ-ဟင်ဒီဘာသာများဖြင့် ကမ္ပည်းရေးထိုးထားသည့် “ဝိပဿနာတရားတော်ကို အိန္ဒိယနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးသော ဆရာကြီးဦးဘခင်အား ကျေးဇူးတော်အနန္တ တင်ရှိပါ၏” (Boundless Gratitude to Sayagyi U Ba Khin who went vipassana to India) စာသားသည် မျိုးဆက်သစ် မြန်မာနိုင်ငံသားများအတွက် ထာဝစဉ် ဂုဏ်ယူဖွယ်ရာအဖြစ် တည်ရှိနေမည်ဖြစ်ပါသည်။
ဆရာကြီးဦးဘခင်၏ စိတ်နေစိတ်ထားနှင့် ထူးခြားသည့်ဂုဏ်ရည်များ
ဆရာကြီးအနေဖြင့် ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးဌာန အထူးအရာရှိ၊ ကူးသန်းရောင်းဝယ်ရေး စာရင်းစစ်ညွှန်ကြားရေးဝန်၊ နိုင်ငံတော်ကောက်ပဲ သီးနှံရောင်းဝယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အစိုးရစာရင်း ကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း ကျောင်းအုပ် ကြီးတာဝန်များဖြင့် ဌာနလေးခု၏ ပူးတွဲတာဝန်များ ထမ်းဆောင်ခဲ့ရာ ကူးသန်းရောင်းဝယ်ရေးစာရင်းစစ် ညွှန်ကြားရေးဝန် ရာထူး တစ်ခုအတွက်ကိုသာ လစာထုတ်ယူခွင့်ရရှိသည်။ သို့ရာတွင် နိုင်ငံတော်အစိုးရ ကဘဏ္ဍာရေး စည်းမျဉ်းအရ ဆရာကြီးအား သီးခြားချီးမြှင့် ထောက်ပံ့ငွေပေးအပ်ခဲ့ရာ လစဉ်ဝင်ငွေသည် အထက်အကြီးအကဲ၏ လစာထက် အနည်း ငယ်မြင့်မားသွားခဲ့သည်။ ထိုသို့ မြင့်မားသွားသည်ကို ကန့်ကွက်သူ တစ်စုံတစ်ဦးမျှ မရှိသော်လည်း ဆရာကြီးအနေဖြင့် အထက်အကြီးအကဲ၏ လစာထက်မပိုစေရန် ဘဏ္ဍာရေးစည်းမျဉ်းအရ သီးခြားအမှုတွဲတစ်ခု ပြုစုတင်ပြပြီး ချီးမြှင့်ငွေ လျှော့ပေါ့စေရေးအတွက် ခွင့်ပြုချက်ရယူဆောင်ရွက်ခဲ့သည်။
ဆရာကြီးသည် သမီးငါးဦးနှင့် တစ်ဦးတည်းသော သားဖြစ်သူ မောင်သိန်းဇံတို့ကို ထွန်းကားရာ ထိုခေတ် ကာလ စနေနေ့ နေ့ထက်ဝက် ရုံးတက်ချိန်များတွင် ကျောင်းပိတ်ရက်ရသော မူလတန်း ကျောင်းသား သားငယ်ဖြစ်သူသည်ရုံးသို့ လိုက်လာလေ့ရှိသည်။ ရုံးခန်း၌ ဖခင်ဖြစ်သူမှာ ရုံးလုပ်ငန်းများ၊ အစည်းအဝေး တက်ရောက်မှုများနှင့် အလုပ်များနေချိန်တွင် သားဖြစ်သူသည် ရုံးအုပ်ကြီး ဦးကျော်ဖေထံမှ စာရွက်၊ ခဲတံများတောင်း၍ ကလေးငယ်တို့သဘာဝ စာရေးခြင်း၊ အရုပ်ဆွဲခြင်းတို့ ပြုလုပ်လေ့ရှိသည်။ ထိုကဲ့သို့ စာရေးကိရိယာ ထုတ်ပေးရမှုများကို ဆရာကြီးက မှတ်သားထားခဲ့ပြီး ကျသင့်ငွေများ ထုတ်ပေးကာ ဌာနသို့ ပေးချေရှင်းလင်းစေခဲ့သည်ကို နောင်တွင် သိရှိခဲ့ရကြောင်း၊ အသေးအဖွဲကိစ္စလေးပင်ဖြစ်သော်လည်း ဆရာကြီးသည် သီလစောင့်ထိန်းမှုကို အလျှော့မပေးခဲ့ကြောင်း သားဖြစ်သူ ဦးသိန်းဇံက “ကျွန်တော့်ဖခင် ဆရာကြီးဦးဘခင်” စာအုပ်တွင် မှတ်တမ်းတင်ထားခဲ့ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
လင်းအောင်