Skip to main content

စိတ်ကူးယဉ်ဆင်စွယ်နန်းက ဆင်းကြည့်တော်မူ

မြန်မာ့အရေးသာမက ကမ္ဘာ့အရေးကိုပါ လွှမ်းခြုံသုံးသပ်လိုပါသည်။ ပစ္စုပ္ပန်အရေးမျှသာမက အတိတ်သမိုင်း ဖြစ်ရပ်များနှင့် အနာဂတ်အရေးတို့ကိုပါ မျှော်တွေး ဆင်ခြင်ကြည့်မိခြင်းဖြစ်ပါသည်။

စိတ်ကူးယဉ်ခွင့်

လူတိုင်းလူတိုင်း စိတ်ကူးယဉ်ခွင့်ရှိပါသည်။ အရပ်သုံးစကားနှင့်ဆိုရပါလျှင် “လေထဲမှာ တိုက် အိမ်ဆောက်ခြင်း” မျိုး ဖြစ်ပါသည်။ စိတ်ကူးမှ တစ်ဆင့် အမှန်တကယ်ဖြစ်နိုင်သည်များ ရှိသကဲ့သို့ စိတ်ကူးယဉ်အတွေးများက လေထဲမှာပင် မျောလွင့်ကြေမွ ပျက်သုဉ်းသွားကြသည်များလည်း ရှိခဲ့ကြပါသည်။ ဆန္ဒနှင့်ဘဝတစ်ထပ်တည်းကျရန်က ခက်ခဲ လှပါဘိ။

အချို့အချို့သော ပုဂ္ဂိုလ်များက ရည်မှန်းချက် ကြီးမားတတ်ကြပါသည်။ တိုက်အိမ်ထက်ကြီးကျယ် ခမ်းနားမြင့်မြတ်သော နန်းတော်ကြီးများကိုပင် တည်ဆောက်နေတတ်ကြပါသည်။ နန်းတော်ပင်လျှင် လွန်စွာရှားပါးပြီး တန်ဖိုးကြီးမားလှသော ဆင်စွယ်များကို အသုံးချကာ “ဆင်စွယ်နန်းတော်” တည်ဆောက်လို့ နေတတ်ကြပြန်ပါသည်။ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ကို မြေပြင်မှာကွင်းဆင်းကာ သုံးသပ်ကြည့်တော်မူကြရန် လိုပါသည်ဟု မေတ္တာထား၍ အကြံပြုလိုပါသည်။

ယထာဘူတ ကျ၊ မကျ ဆင်ခြင်ကြည့်သင့်ပါသည်။ သဘာဝကျ၊ မကျနှင့် လက်တွေ့ဆန်၊ မဆန်ကိုလည်း သုံးသပ်ဆင်ခြင်သင့်ပါသည်။ တွေးတောမြော်မြင်ရန်၊ လိုအပ်သည်များပြင်ဆင်နိုင်ရန် ဖြစ်ပါသည်။ အတိတ်သို့ သာဓကဆောင်၍ ရေးသားတင်ပြပါမည်။

ကွန်ဖြူးရှပ်ဝါဒ

ကမ္ဘာတစ်ဝန်း လူသိများသော တွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ် (Confucius BC 551-479) သည် တရုတ်ပညာရှင် များစွာအနက်မှ ထူးထူး ခြားခြားပေါ်ထွန်းလာသော ကြယ်တစ်ပွင့်။

ကွန်ဖြူးရှပ်သည် တရုတ်ပြည်တွင် ပထမဆုံး ပြည့်ဝသော အတွေးအမြင်စနစ်တစ်ရပ်ကို ဖော်ထုတ်နိုင်သူ ဖြစ်ပါသည်။ သူ၏သဘောတရားများသည် တရုတ်ယဉ်ကျေးမှုနှင့် ယင်းတိုင်းရင်းသားများ၏ အတွေးအမြင် အယူအဆများအပေါ်၌ နှစ်ပေါင်းနှစ်ထောင့်ငါးရာ ကျော်သည့်တိုင်အောင် ဩဇာလွှမ်းမိုး ခဲ့ပါသည်။

ကွန်ဖြူးရှပ်သည် သူ၏သက်တမ်းတစ်လျှောက်လုံးတွင် နိုင်ငံရေးသမားတစ်ဦးဖြစ်ရန် ရည်မှန်းချက် ကြီးမားခဲ့ သော်လည်း ပညာရေးအားဖြင့်သာ ကျော်စောထင်ရှားခဲ့ရလေသည်။ တပည့်တပန်းများ ဝန်းရံလျက် စာပေပို့ချမှု၊ စာပေပြုစုမှုကိုသာ အမြဲတစေ ပြုလုပ်ခဲ့ရလေသည်။

တိတိကျကျဆိုရပါလျှင်

၁။ အစိုးရနှင့် အုပ်ချုပ်ရေးလုပ်ငန်းများတွင်ပါဝင်ကူညီခြင်း

၂။ စာပေပို့ချခြင်း

၃။ ရှေးဟောင်းစာပေများကိုရှာဖွေတည်းဖြတ် မှတ်တမ်းတင်ခြင်းတို့ပင် ဖြစ်ပါသည်။

ကွန်ဖြူးရှပ်၏ နိုင်ငံရေးအတွေးအခေါ် တစ်ရပ် မှာ -

- မင်းသည် မင်းပဲဖြစ်ပါစေ။

- မှူးမတ်တို့သည် မှူးမတ်ပဲဖြစ်ပါစေ။

- ဖခင်သည်လည်း ဖခင်သာဖြစ်၍ သားသည်သားပဲဖြစ်ပါစေ။

ထိုအတွေးအခေါ်သည် သူ့ဘဝအတွေ့အကြုံ အရဖြစ်ပါသည်။ ကွန်ဖြူးရှပ် ထွန်းပေါ်လာသော အချိန်နှင့် တရုတ်ပြည်၏ နောက်ခံသမိုင်းတို့က ဆက်စပ်နေလျက်ရှိပါသည်။ ထိုကာလက ချောင်မင်းဆက် ကျဆုံးစဖြစ်ပြီး လက်အောက်ခံပြည်နယ်များမှ မင်းမျိုးမင်းနွယ်၊ မင်းညီမင်းသားတို့သည် ကိုယ့်နယ်ကို ကိုယ်ထင်သလို ပြောင်းကာ အုပ်ချုပ်လာသောအချိန် ဖြစ်ပါသည်။ တိုင်းပြည်မပြိုကွဲစေလို၍ ဤကဲ့သို့ ဆိုဟန်ရှိပါသည်။

မင်းစီးယပ်၏ဝါဒ

ကွန်ဖြူးရှပ်ဝါဒကို ရေပန်းစားထင်ရှားပေါ်လွင် အောင်စွမ်းဆောင်နိုင်သူ မင်းစီးယပ် (Mencius BC 372-289)သည် ကွန်ဖြူးရှပ်ကွယ်လွန်ပြီး နှစ်ပေါင်း တစ်ရာကျော်မှ ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။ တရုတ်ပြည်၌ ဒုတိယအထင်ရှားဆုံး အတွေးအခေါ် ပညာရှင်တစ်ဦးဖြစ်သည်ဟု တရုတ်ပြည်သားများက အသိအမှတ်ပြုကြပါသည်။ သူရှင်သန်ကြီးထွား ခဲ့ရသော ခေတ်သည်လည်း စစ်မက်ဖုံးလွှမ်းကာ ပြည်နယ်များအလိုက် တစ်ဗိုလ်တစ်မင်း စစ်ခင်းစိုးမိုး အားပြိုင်နေသော ခေတ်ပင် ဖြစ်ပါသည်။

ထိုကာလတွင် သံတမန်ရေးကျွမ်းကျင်သူများ၊ နိုင်ငံရေးသမားများနှင့် အတွေးအခေါ်ပညာရှင်များ ခြေရှုပ်သောကာလ ဖြစ်ခဲ့ပါသည်။ ယင်းတို့ကို နယ်စားစော်ဘွားများကပင် သိမ့်သိမ့်တုန်မျှ ကြောက်ရွံ့ခဲ့ကြရသည်။ ဂိုဏ်းဂဏများစွာဖြင့် ကွန်ဖြူးရှပ်ဝါဒကို တိုက်ခိုက်သူများရှိခဲ့သော်လည်း မင်းစီးယပ်က ကာကွယ်ရင်းဖြင့် သူ၏အတွေးအခေါ် များကလည်း တောက်ပြောင်ရင့်ကျက် လာသည်ဟု ပင်ဆိုကြပါသည်။ ကွန်ဖြူးရှပ်နှင့် မင်းစီးယပ်တို့ သည် မြေရှင်ပဒေသရာဇ်စနစ်ကို အားပေးခဲ့သူများ ဖြစ်ကြပါသည်။ မင်းကောင်းမင်းမြတ်တစ်ပါး ပေါ်ထွန်းလာရေး မျှော်မှန်းနေခဲ့ ကြသူများ ဖြစ်ပါသည်။

မင်းစီးယပ်သည် ‘အကြင်နာတရားနှင့် ဖြောင့်မတ်ခြင်းတရား” လွှမ်းမိုးရေးကို အလေးထားသည်ကို တွေ့ရှိရပါသည်။ ဆရာတပည့်နှစ်ဦးလုံး၏ တူညီသောဆန္ဒမှာ “ကောင်းမြတ်သော အစိုးရကို အလိုရှိခြင်း’ ဟုတွေ့ရပါသည်။ သို့ရာတွင် ကွာခြား ချက်တစ်ခုရှိသည်ဟုလည်း ပညာရှင်များက သုံးသပ်ဖော်ပြထားပါသည်။

ကွာခြားချက်တစ်ခု

ကွန်ဖြူးရှပ်၏ အတွေးအမြင်မှာ “တိုင်းပြည်ကို အုပ်ချုပ်သောမင်းသည် အချုပ်အခြာအာဏာ အပိုင်ဆုံး ဖြစ်ရမည်”ဟု တွေ့ရှိရပါသည်။

မင်းစီးယပ်၏အတွေးအမြင်ကမူ ‘တိုင်းပြည်၏ အချုပ်အခြာအာဏာကိုပိုင်သူမှာ ပြည်သူများသာ ဖြစ်သည်’ ဟု ယူဆလာကြောင်း ပညာရှင်များက ခြုံငုံသုံးသပ်ဖော်ထုတ်ပြခဲ့ကြပါသည်။

စာရေးသူ၏သုံးသပ်ချက်မှာ -

၁။ ပြည်သူနှင့်အစိုးရအကြား သမိုင်း၏အရွေ့ များကိုသင်ခန်းစာယူတတ်မှုရှိရန် လိုအပ်ပါ သည်။

၂။ အချုပ်အခြာအာဏာသည် ပြည်သူနှင့် အစိုးရအကြား ဆက်သွယ်ပေးထားသည့် “ယုံကြည်မှုတရား” (သို့တည်းမဟုတ်) အပြန်အလှန်ယုံကြည်လေးစားစွာ ဆက်ဆံ နိုင်မှု၏ ပကတိပြယုဂ်။

၃။ အချုပ်အခြာအာဏာ တည်မြဲသော တိုင်းပြည်သည်သာ ကမ္ဘာတည်သရွေ့ တည် တံ့လိမ့်မည်။

အစိုးရနှင့်ပြည်သူ ကြည်ကြည်ဖြူဖြူ ညီတူညီညာရုန်းထကြပါ။ ကြိုးစားကြပါဟု နှိုးဆော်အပ် ပါသည်။ တစ်ကိုယ်ကောင်းစိတ်များ လျှော့ချသွားမှ ဖြစ်ပါမည်။

မျိုးဆက်သစ်များအတွက် အနည်းငယ် ထပ်ဆင့်ရှင်းလင်းပြလိုပါသည်။

ရှင်းလင်းချက်(၁)

“သမိုင်းတစ်ခု၏နိဂုံးတွင် အရွေ့အဖြစ် ရွေ့ဆိုင်းရောက်ရှိသွားခဲ့သည် (The end of history has been postponed)” ဟူသောအဆိုကို ယူဗယ်လ် နော့ဟာရာရီ (Yuval Noah Harari) က ရေးသား ဖော်ပြခဲ့ဖူးပါသည်။

ဆရာမကြီးဒေါက်တာမတင်ဝင်း၏ “သမိုင်းကို သက်သေတည်၍” ဟူသော စာအုပ်၊ ဒေါက်တာ သက်လွင်၏ “သမိုင်းက ပြောသော ပုဂံ၊ ပုဂံကပြောသောသမိုင်း” ဟူသောစာအုပ် စသဖြင့် ပညာရှင်အသီးသီးတို့ ရေးသားထားသည့် စာအုပ်များစွာတို့အား ဖတ်ရှုလေ့လာပြီးနောက် ရရှိလိုက်သောအသိမှာ “အမှန်အတိုင်းသိမြင်လာခြင်း (Disillusionment)” ပင်ဖြစ်ပါသည်။ “အကြွင်းမဲ့သဘောမျိုး ထိတိုင်အောင် ရောက်ရှိခဲ့ခြင်း မရှိသေးပါ” ဟုလည်း ဝန်ခံတင်ပြထားလိုပါသေးသည်။ လေ့လာပါ ဦးမည်။ တွေးဆဖော်ထုတ်ပါဦးမည်။

အဘယ်ကြောင့်ဆိုသော် အသစ်အသစ်များအဖြစ် ပြန်လည်ခြေရာကောက်စရာ၊ လေ့လာစရာများ ရှိနေနိုင်သေးသည့် အပြင် ယူဆချက်၊ သုံးသပ်ချက်၊ ထင်မြင်ချက်များနှင့် သင်ခန်းစာဖော်ထုတ်နိုင်မှု အသစ်များလည်း ရှိနေနိုင်သည့် အတွက် ဖြစ်ပါသည်။

မည်သို့ဆိုစေ အကြမ်းအားဖြင့် ရာနှုန်းများစွာ အမှန်တရားနှင့်နီးစပ်သော အကြောင်းအခြင်းအရာများကို သမိုင်းမှ တစ်ဆင့် သင်ခန်းစာယူတတ်မှသာ အမှန်တရားနှင့် နီးစပ်မည်မို့ မဖြစ်မနေ လေ့လာရပါဦးမည်။ စဉ်ဆက်မပြတ် လေ့လာနေရပါမည်။ ကြံဆ ဖော်ထုတ်ရပါမည်။

အတိုဆုံးကောက်ချက်ပြုရပါလျှင် “သမိုင်းဦးဘုံမြေခေတ်မှ မျက်မှောက်ကာလအထိ အရွေ့များကို အလွယ်တကူ လေ့လာ၍ ရနေပါပြီ။ လေ့လာရန်သာ လိုပါသည်။ ဘက်စုံထောင့်စုံ ရှုမြင်လေ့လာကာ အဖြေရှာတတ်ကြပါစေ”ဟု စိတ်ကူးယဉ်သူများအတွက် ဆုတောင်းပေးလိုပါသည်။ ဘက်လိုက်မှုကင်းစွာ ရှုမြင်သုံးသပ်နိုင်ရေးအတွက်လည်း သတိချပ်စေလိုပါသည်။ သင်ခန်းစာယူတတ်စေလိုပါသည်။

ဆုံးဖြတ်ချက်၊ သုံးသပ်ချက် (comment)များကို အလျင်အမြန် ချမှတ်လိုက်ကြခြင်းထက် မှန်မှန် ကန်ကန်ချမှတ် နိုင်ခြင်းကသာ ပိုမိုအရေးပါနိုင်မည် ဖြစ်ပါသည်။ အချိန်မဆွဲဘဲ အချိန်မီချမှတ် လိုက်ကြရန်တော့ လိုပါမည်။ ကြက်သား ဟင်းတွင် မဆလာ မပါလျှင်နေပါစေ၊ မွန်းတည့် ၁၂ နာရီ မတိုင်မီ ဆွမ်းကပ်နိုင်မှသာ ဘုန်းပေး၍ရမည်ဟူသော ဝိနည်းကို သတိထားရန်လိုအပ်ပါသည်။

ရှင်းလင်းချက် (၂)

လက်ရှိ မြန်မာနိုင်ငံအနေအထားအရ အထူးအရေးပါသော အကြောင်းကိစ္စ ဖြစ်ပါသည်။ ပြည်သူ နှင့် အစိုးရအကြား အပြန်အလှန်ယုံကြည်လေးစားစွာ ဆက်ဆံနိုင်မှု အားကောင်းလျှင် အချုပ်အခြာအာဏာသည် တောင့်တင်းခိုင်မာမည်၊ နိုင်ငံတော်နှင့် နိုင်ငံသားများ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ကြွယ်ဝချမ်းသာမည်၊ အေးချမ်းမည်၊ သာယာမည် ဖြစ်ပါသည်။

ဤအကြောင်းအရာတွင် “ယုံကြည်မှုကိုမည်သို့ တည်ဆောက်ကြမည်နည်း” ဟူသော အချက်က | လွန်စွာ အရေးပါလာပြီဖြစ်ပါသည်။

သီအိုရီများ၊ ယူဆချက်များကို ပညာရှင် အသီးသီးက ရေးသားဖော်ပြထားသည်ကို ဖတ်ရှုလေ့လာ မှတ်သားဆင်ခြင်ဖူးပါသည်။ တွေးဆဖူးပါသည်။ မိမိတို့၏နိုင်ငံရေးဆိုသော်လည်း ကမ္ဘာ့အရေး နှင့် ခေတ်အရွေ့များကို လျစ်လျူပြုပြီး တွေးဆရန် ခက်ခဲပါသည်။

အစိုးရနှင့်ပြည်သူတို့အကြား ပွင့်လင်းမြင်သာရှိမှုကို အစပြုကာ စတင်ဆွေးနွေးရမည်ဖြစ်သော်လည်း ထိုအဆင့်၌ပင် အမြင်မကြည်လင်မှု၊ အမြင်လွဲမှားမှု၊ အာဃာတစိတ်များနိုးထလာမှုတို့က ဝင်၍နှောင့်ယှက်နေနိုင်ပါသည်။

သို့အတွက်ကြောင့် “စိတ်နေစိတ်ထားနှင့် လုပ်ဆောင်ချက်များကို ဦးစွာပြင်ဆင်သင့်ပါသည်။”

ထိုအရာ များမှာ -

၁။ ဖြောင့်မတ်မှု

၂။ စာနာတတ်မှု

၃။ ဝေဖန်ပိုင်းခြားရှုမြင်တတ်မှု

၄။ ဗြဟ္မစိုရ်တရားများဖြစ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ထားတတ်မှု

၅။ အကျိုးအမြတ်ခွဲဝေမှု၊

၆။ တန်းတူညီမျှဆက်ဆံတတ်မှု စသဖြင့်။

ဖတ်ရမှတ်ရသည်မှာ များလွန်းသည်ဟု ယူဆ ပါက “စာနာစိတ်ထားပါ” ဟုသာ တင်ပြလိုပါသည်။

ရှင်းလင်းချက် (၃)

ကမ္ဘာတည်သရွေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတည်တံ့စေလိုပါသည်။ နိုင်ငံတိုင်း၊ လူသားတိုင်း လောကဓံကို ရှောင်ကွင်း၍ မရပါ။ ထို့ကြောင့် ဒဏ်ခံနိုင်မှု (Resilience) ရှိရန် လိုအပ်ပါသည်။ အပြောင်းအလဲနှင့် ဖိစီးမှုဒဏ်များကို အလိုက်သင့်၊ အလျားသင့် တွန်းလှန်လွန်မြောက်နိုင်စွမ်းရှိရန် လိုအပ်ပါသည်။

နည်းလမ်းများအားရှာဖွေရာ၌ လက်တွေ့ကျရန် မြေပြင်သို့ ကွင်းဆင်းလေ့လာကြည့်သင့်ပါသည်။ သတင်းစုံစွာ ရယူသင့်ပါသည်။ သို့မှသာ စိစစ်ခြင်း၊ အကဲဖြတ်ခြင်းနှင့် အနက်ကောက်ယူခြင်းတို့ကို မှန်ကန်စွာ ဆောင်ရွက်နိုင်ပါမည်။ သတင်းမှန်၊ အခြေအနေမှန်၊ အချက်အလက်မှန်၊ အဖြစ်အပျက် မှန်၊ အသိတရားအမှန်များကို အခြေခံမှသာ ဆောင်ရွက်ရမည့် နည်းမှန်လမ်းမှန်များကို ရှာဖွေ တွေ့ရှိ နိုင်ပါမည်။

ပြင်ဆင်ဆဲ၊ ကုသဆဲကာလတွင် ဒဏ်ခံနိုင်မှု (Resilience) ရှိရန်လည်း ကြိုးစားကြပါမည်ဟု အကြံပြုလိုပါသည်။ အဓိကအချက်မှာ ရင့်ကျက် တည်ငြိမ်ရန်လိုပါသည်။ လွှမ်းခြုံသုံးသပ်နိုင်စွမ်း မြင့်မားရပါမည်။

နိဂုံးချုပ်အနေဖြင့် လှပခိုင်ခံ့၍ တန်ဖိုးကြီးမားသော ဆင်စွယ်နန်းတော်ပေါ်သို့ တင်မြှောက်ပေးရမည့် ပုဂ္ဂိုလ်များကို ပြည်သူများက မြင်သာစေရန်အတွက် အရည်အချင်းရှိသူများ ဖြောင့်မတ်မှန်ကန်သူများ၊ စာနာတတ်သူများကလည်း ကိုယ်ထင်ပြသင့်ပါသည်။ ကွင်းဆင်း၍ ပြရပါတော့မည်။

စိတ်ကူးယဉ်နေရုံမျှနှင့် ဆင်စွယ်နန်းပေါ်သို့ အမှန်တကယ်မရောက်နိုင်ပါ။ စိတ်ကူးတွေကိုပြောပြပါ။ လက်တွေ့ဆန်ဆန် ပြောပြပါ။ ဆောင်ရွက်ပြပါ။ အလုပ်ဖြင့် သက်သေပြပါ။ နိုးထကြပါလော့။

ပြည်တွင်းမှာသာမက အိမ်နီးချင်းနိုင်ငံများ၊ ပြည်ပနိုင်ငံများနှင့်ပါ ပြေလည်အောင်ဆက်ဆံကာ တိုင်းပြည်ကို ဦးဆောင်ပြပေးပါ။

မိတ်ဆွေကဲ့သို့ သဘောထားပြီး လွတ်လပ်စွာ သဘောထားကွဲလွဲပါ။ သို့သော် မြန်မာပြည်ကို ကမ္ဘာတည်သရွေ့ တည်တံ့အောင် အတူတူ ကြိုးစားကြပါစို့။

မင်းသုခ