Skip to main content

ဘာလိုနေကြတာလည်း

နေ့စဉ်တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာနေထိုင်ရင်း နည်းပညာခေတ်ရောက်လာတာနဲ့အမျှ စိတ်ပျံ့လွင့်စရာ၊ အာရုံစူးစိုက်ရမယ့် အရာတွေက များပြားလာ ပါတယ်။ ဘဝမှာ အခက်အခဲတွေ ကလည်း စိန်ခေါ်မှုအသွင်နဲ့ ရှိနေပါတယ်။ ပြဿနာတွေရဲ့ အဖြေတွေ၊ ဘဝတိုးတက်အောင်မြင်ရေး နည်းလမ်းတွေကို ဘယ်မှာရှာကြမလဲ။ တစ်ထိုင်တည်းအဖြေပေးလိုက်ပါတယ်။ တွေးခေါ်မြော်မြင် စွမ်းတွေတိုးတက်ပြီး အောင်မြင်ချင်တယ်၊ ရင့်ကျက်ချင်တယ်ဆိုရင်တော့ စာဖတ်ကြပါလို့ပဲ ပြောချင် ပါတယ်။ လူတွေ စာဖတ်ကြဖို့ လိုပါတယ်။

စာကောင်းပေကောင်းတွေက အဓိကပေးတဲ့ အချက် ၄ ချက်ကို တက်ကျမ်းတွေ ရေးသားနေတဲ့ ဝါရင့်စာရေးဆရာကြီးတစ်ဦး ပြောကြားတာကို လက်ဆင့်ကမ်းဝေမျှပါရစေ။ အသိပေးပါရစေ။ နံပါတ်(၁) စာဖတ်ခြင်းက အကုန်အကျအသက်သာဆုံး ဖျော်ဖြေမှုကိုရပါတယ်။ သို့သော်လည်း ချမ်းသာ ကြွယ်ဝတဲ့သူတွေကတော့ ပင်လယ်ကမ်းခြေ သဲသောင်ပြင်မှာ ဝိုင်ဖြစ်ဖြစ်၊ အုန်းရည် ချိုချိုဖြစ်ဖြစ် သောက်ရင်း၊ သာယာလှပတဲ့ ပင်လယ်ပြင်နဲ့ ကောင်းကင်ကျယ်ကြီးကို ငေးမောရင်းနဲ့ စာဖတ်ကြပါတယ်။

အထူးသဖြင့် ရသဝတ္ထုရှည်တို့၊ ကဗျာတို့၊ အတ္ထုပ္ပတ္တိတို့သူကြိုက်နှစ်သက်ရာ စာအုပ်ကို သွား လေရာ ယူဆောင်ဖတ်ကြတာဖြစ်ပါတယ်။ ငွေကြေး မတတ်နိုင်တဲ့သူအဖို့ နီးရာမြို့နယ် အတွင်းမှာရှိတဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစာကြည့်တိုက်မှာ သုတ၊ရသစာအုပ်တွေကို အခမဲ့ဖတ်နိုင် ပါတယ်။ ပိုပြီးစာအုပ်စုံစုံလင်လင် ရှာဖွေဖတ်ရှုချင်သေးရင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက် (ကုန်သည်လမ်း နဲ့ ၃၇ လမ်းထောင့်) မှာ အခမဲ့ဖတ်ရှုနိုင်ပါတယ်။

လှိုက်လှဲစွာပဲကြိုဆို

ဒါ့အပြင် နေပြည်တော်နဲ့ ရန်ကုန်မှာရှိတဲ့ အမျိုးသားစာကြည့်တိုက်၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူဆိုရင် ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းရဲ့ အရှေ့ဘက်မှာ တည်ရှိတဲ့တက္ကသိုလ်များ စာကြည့် တိုက်မှာ ဖတ်လို့ရပါတယ်။ ငှားလို့လည်း ရပါတယ်။ လှိုက်လှဲစွာပဲ ကြိုဆိုကြပါလိမ့်မယ်။

နံပါတ်(၂) စာဖတ်ခြင်းကြောင့် ရရှိနိုင်တဲ့ ဒုတိယအချက်က အသိအမြင်ရခြင်း ဖြစ်ပါတယ်။ ဒါကို အကျယ်မဖော်ပြလိုပါဘူး။ မြန်မာစွယ်စုံကျမ်း ၁၆ တွဲနဲ့ နှစ်စဉ်နှစ်တိုင်း ခုနှစ်အလိုက် စုဆောင်း ပြုစုထုတ်ဝေနေတဲ့ မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ်တွေကို ဖတ်ကြည့်ရင်ဗဟုသုတဟင်းလေးအိုး တွေရဲ့ အရသာကို တွေ့ရမှာဖြစ်ပါတယ်။ အင်္ဂလိပ်စွယ်စုံ ကျမ်း၊ အမေရိကန်စွယ်စုံကျမ်း အတွဲလိုက် တွေလည်း ရှိပါသေးတယ်။ ဝယ်ရရင် တန်ဖိုးမနည်း လှပေမယ့် AtoZ, ကကြီးမှ အ အထိကြည့်ချင် တာ ကြည့်ပေရော့။

တစ်နှစ်စာငွေစုပြီးကမ္ဘာပတ်ကြ

အရင်က မသိတာကိုသိရ၊ ကြည့်ရတဲ့အတွက် ဗဟုသုတများစွာရပြီး ကြည်နူးနှစ်သက်မှုကို ခံစား ရပါတယ်။ ကမ္ဘာကြီးအကြောင်း၊ စကြဝဠာ အကြောင်း၊ လူတွေ၊ နိုင်ငံအကြောင်း၊ လူမျိုးတွေ အကြောင်း ပိုပိုသိလာရလေလေတိုးတိုးပြီး စိတ်ဝင် စားစရာ ကောင်းလေလေ ဖြစ်ပါတယ်။ ငွေကုန်ကြေးကျ အများကြီးခံပြီး နိုင်ငံခြားသားတွေဟာ ရုံးပိတ်ရက်၊ အလုပ်နားချိန်မှာ ဒေသန္တရ ဗဟုသုတ အလို့ငှာ နိုင်ငံတကာကို လှည့်လည်လေ့လာ ခရီးသွားကြတယ်။ ချမ်းသာတဲ့လူမှမဟုတ် စာရေး စာချီ၊ ပုဂ္ဂလိကဝန်ထမ်း၊ သာမန်လူတန်းစားတွေ လည်း တစ်နှစ်စာငွေစုပြီး ချွေချွေတာတာနဲ့ ကမ္ဘာ ပတ်ကြတယ်။

အတွေ့အကြုံသစ်ရှာဖွေတယ်။ အတွေးအမြင် သစ်ကို ခံစားတယ်။ ဗဟုသုတ တိုးပွားအောင် လူသားတွေ ခရီးသွားကြတာဖြစ်ပါတယ်။ စာဖတ် သူမှာဒီလိုနေပူမိုးရွာခံပြီး ငွေကုန်ကြေးကျ များလှတဲ့ ခရီးသွားခြင်းကို ပြုစရာလုံးဝမလိုပါဘူး။ စာကြည့် တိုက်ထဲမှာ ဇိမ်ကျကျနဲ့ စာအုပ်စာပေ ဖတ်ရှုခြင်းက နိုင်ငံစုံအနှံ့အပြားခရီးသွားနေရသလို သိမြင်နိုင်တယ်။ ဘယ်လောက် ဟန်ကျ လိုက်ပါသလဲ။

မသိတော့ မစူးစမ်း၊ မစူးစမ်းတော့ အသိအမြင် နည်း။ အသိအမြင်နိမ့်နေတော့ လူလည်လူရှုပ် တိုင်း တစ်ပါးသားတွေက နုတဲ့၊ အတဲ့၊ ကိုယ်တို့လူတွေ အပေါ် အမျိုးမျိုး လှည့်စားကျုံးသွင်း ထမ်းပိုး တုံးတင်ပြီး အမြတ်ထုတ်ဗိုလ်ကျနေကြတာလေ။ မတော်ချင်နေ။ မညံ့ကြပါစေနဲ့။ အထူးသဖြင့် လူငယ်တွေဟာ စာများများမဖတ်ဘဲ ဘယ်လိုမှ နိုင်ငံနဲ့လူမျိုးကို တိုးတက်အောင် ဆောင်ရွက်နိုင် စွမ်းရှိမှာ မဟုတ်လို့ အသိပညာ၊ ဗဟုသုတဝမ်းစာ ပြည့်ဝဖို့ အသက်သာအလွယ်ကူဆုံးနည်းဖြစ်တဲ့ စာပေလေ့လာဖတ်ရှုခြင်းကို အလေ့အထဖြစ်အောင် ပြုစုပျိုးထောင်ယူကြစေချင်ပါတယ်။

ပထဝီနိုင်ငံရေးကိုနားလည်

စင်ကာပူနိုင်ငံ တိုးတက်တာမြန်တယ်။ သူတို့ နိုင်ငံသားတွေ မျိုးဆက်တစ်ခုပြီး တစ်ခု စာများများ ဖတ်အောင် လေ့ကျင့်ပျိုးထောင်လာခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ပြီ။ စီးပွားရေးမှာ တော်သူတွေ၊ ဥပဒေ မှာ ထူးချွန်သူတွေ၊ သူတို့ဟာ နိုင်ငံတကာ နိုင်ငံရေး နဲ့ ပထဝီနိုင်ငံရေးကို နားလည်သိမြင်ကြတယ်။

မြန်မာလူငယ်တွေဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ရဲ့ သမိုင်းအစဉ်အလာကိုလည်း ရင်းရင်းနှီးနှီးသိရှိ နားလည်ဖို့လိုသလို ကိုယ့်တိုင်းပြည်ရဲ့ ရေခံမြေခံ၊ ပထဝီဝင်အနေအထား၊ အနီးအဝေး နိုင်ငံတွေရဲ့ အကောင်းအဆိုးရိုက်ခတ်ထိစပ်လာနိုင်တဲ့ အခြေ အနေ၊ ပထဝီနိုင်ငံရေးကိုလည်း ခြုံငုံသိမြင်ထား ဖို့လိုပါတယ်။ လူမျိုးတိုင်းမှာ သူ့ရဲ့ အမျိုးသားရေး စရိုက်လက္ခဏာတွေ ရှိနေကြတယ်။

လူမှာအမိအဖဆီက ခရိုမိုဆုန်းနဲ့ ဗီဇမျိုးစေ့ Genes တွေ ပါလာကြသလို လူမျိုးတစ်မျိုးရဲ့ အမျိုး သားရေး လက္ခဏာတွေဟာ ဘိုးစဉ်ဘောင်ဆက် ပါလာခဲ့ကြတယ်။ ကောင်းတာရော၊ ဆိုးတာရော၊ အားနည်းချက်ရော အားသာချက်ရော ပါလာ တယ်။ ပကတိ အခြေအနေမှန်ကို သိနေရမယ်။ လက်ခံရမယ်။ မိမိကိုယ်ကိုပဲဖြစ်ဖြစ်၊ သူတစ်ပါးကိုပဲဖြစ်ဖြစ် အခြေအနေအချက် အလက်၊ အခြင်းအရာ အမှန်အတိုင်းသိမြင်ဖို့က အမြင်ကျယ်ဖို့လိုပါတယ်။

အသိအမြင်က စာပေဗဟုသုတလေ့လာ လိုက်စားမှသာ ရနိုင်တယ်။ နေ့ချင်း ညချင်း ခလုတ် နှိပ်တာနဲ့ မီးလင်းတာမျိုးမရနိုင်ဘူး။ အခုရေတွင်း တူး၊ အခုရေကြည်သောက်လို့ မရနိုင်ဘူး။ ဘဝ တစ်သက်တာ စာကောင်းပေကောင်းတွေကို အဖော်လုပ်ပြီး ကိုယ်တိုင်လိုလိုချင်ချင် ဆည်းပူး လေ့လာရ ပါတယ်။ အသိအမြင်ဗဟုသုတကြွယ်ဝတဲ့ နိုင်ငံသားတွေက ရွေးချယ်ဆုံးဖြတ်လိုက်တဲ့ အရာတွေဟာလည်း အကြိုက်နဲ့လည်း ကိုက်ညီတယ်။ တကယ်လည်း အကျိုးဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။

အမြော်အမြင်နည်းတဲ့ နိုင်ငံသားမျိုးဆိုရင် သွေး ဆောင်ဖြားယောင်းလှည့်စားတာကို အဟုတ်ထင်ပြီး တလွဲတချော် ဆုံးဖြတ်ခဲ့ရင် တိုင်းပြည်နဲ့လူမျိုးအတွက် ကောင်းကျိုးချမ်းသာ ဖြစ်နိုင်ပါ့မလား။ တိုင်းတစ်ပါး နိုင်ငံခြားက ဘယ်လူမျိုး ဘယ်တိုင်းပြည်ကမှ ကိုယ့်နိုင်ငံနဲ့ ကိုယ့်နိုင်ငံသားအကျိုး စီးပွားကို ကိုယ့်လောက်ဘယ်သူမှ အလေးမထားပါဘူး။ ကြီးကြီးငယ်ငယ် နိုင်ငံအားလုံးဟာ သူ့ရဲ့ အကျိုးစီးပွားကိုသာ နံပါတ်တစ်ဦးစားပေး စဉ်းစားမြဲပါ။ ဒါဟာလည်း သဘာဝပါ။

စာများများဖတ်ရင် အသိအမြင်မြင့်လာ

ကိုယ့်ပြည်သူတွေကလည်း ကိုယ့်နိုင်ငံ၊ ကိုယ့် လူမျိုးရဲ့အကျိုးရှိရာရှိကြောင်းကိုသာရွေးချယ်တတ် ရပေမယ်။ ဒီလို အသိအမြင်ပြည့်ရင် သူများဆွယ် ရာ အလွယ်တကူလိုက်ပြီး မပါကြတော့ဘူးပေါ့။ အလွယ်တကူ အချောင်ရပေါက်ရလမ်းဆိုတဲ့ အရာ မျိုးဟာ ဘယ်နိုင်ငံသမိုင်းမှာမှ မရှိခဲ့ပါဘူး။ တကယ်တော့ ကိုယ်ထူကိုယ်ထ အဆင်းရဲ၊ အပင်ပန်းခံပြီး နိုင်ငံသားတွေ ကြိုးစားမှသာ တိုးတက်အောင်မြင် မှုဆိုတာ ရစမြဲပါ။ စာများများဖတ်ရင် အသိအမြင် အတွေးအခေါ်က အလိုလို မြင့်လာမှာပါ။

နံပါတ်(၃) စာဖတ်ခြင်းက ရတဲ့ကောင်းကျိုး တစ်မျိုးကိုတတိယအချက်အနေနဲ့ ဖော်ပြလိုတာက စာဖတ်သူအတွက် နှစ်သက်ကျေနပ်မှုရစေခြင်းပဲ ဖြစ်ပါတယ်။ စာဖတ်လို့ ခံစားရတဲ့ အရသာဟာ စိတ်မှာလာပြီးထင်ဟပ်တာပါ။ မရမ်းသီးသုပ်စားရ သလို ချဉ်ပြုံးပြုံးအရသာရှိ တာမျိုး၊ ငရုတ်သီး စားလို့ စပ်တဲ့အရသာမျိုး လျှာအရသာ၊ အမြင်အာရုံရဲ့ ရောင်စုံလှပတဲ့ အရသာ၊ ကြားရတဲ့ချိုသာ ကြည်လင် တဲ့အသံ သာယာမှုစတဲ့အာရုံငါးပါးထက် ဓမ္မာရုံ အရသာ စာဖတ်ခြင်းမှ ရတဲ့ စိတ်ထဲမှာ ခံစားမှုက တကယ်အရသာအပြည့်ဝဆုံးပါပဲ။

အစားအသောက်တစ်ခုကြောင့် စပ်ရလို့ မျက်ရည်ကျရတယ်ဆိုတာ ရင်ထဲက မခံစားရပါဘူး။ အနုပညာရသမြောက်တဲ့ ဝတ္ထုရှည်တစ်ပုဒ်ထဲက အလွမ်းဇာတ်ကွက်တစ်ခုမှာတော့ စာရွက်တွေ တစ်မျက်နှာပြီးတစ်မျက်နှာ ဖတ်နေရင်းနဲ့ မျက်ရည် ကျရတာက ရင်ထဲမှာ ဆို့နင့်ကြေကွဲပြီး ငိုနေမိတာပါ။ အသည်းလှိုက်အူလှိုက်ခံစားမှုကို အနုပညာရသ က ဖမ်းစားပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့်စာပေတွေ အဆက်မပြတ်ထုတ်ဝေနေကြပြီး ကမ္ဘာတစ်လွှား စာဖတ်သူများကလည်း သန်းပေါင်းများစွာ ဝယ်ယူ အားပေးနေကြတာ ဖြစ်ပါတယ်။

ကျန်းမာကြံ့ခိုင်

သဘင်၊ ဂီတ၊ ရုပ်ရှင်၊ ရုပ်မြင် အနုပညာတွေ ပြောင်းလဲဆန်းသစ်သလို စာပေကလည်း ရသရော၊ သုတ ခေတ်နဲ့အညီ ပြောင်းလဲစီးမျောနေတာ ပါပဲ။ ကိုယ်တို့ဆီမှာသာ စာဖတ်သူလျော့ပါးသွား သလိုဖြစ်နေရတာ။ အာဟာရပြည့်ဝတဲ့ နွားနို့၊ ကြက်ဥ၊ အသီးအနှံ၊ သားငါးတွေက လူတွေ အသက်ရှင်ရပ်တည်ဖို့၊ အလုပ်လုပ်နိုင်စေဖို့ မရှိမဖြစ် စားရတဲ့ အစားအစာတွေဖြစ်ပါတယ်။ ခန္ဓာကိုယ် ရုပ်ဝတ္ထုက အစားအစာ၊ အစာအာဟာရလိုအပ်ပါ တယ်။ နာမ်သဘော၊ သိမှုသဘောရှိတဲ့လူ့ရဲ့စိတ်ကို အစာအာဟာရကျွေးမှ ကျန်းမာကြံ့ခိုင်ပါတယ်။ ရှင်သန်ဖွံ့ ဖြိုးပါတယ်။

စိတ်ကို အားရှိစေတဲ့ အစာအာဟာရတွေက စာကောင်းပေကောင်း၊ စာအုပ်စာပေတွေပဲဖြစ်ပြီး စိတ်ကို အင်အားဖြည့်ပေးနေတယ်။ စိတ်ကိုအစာကျွေးဖို့ မပျက်ကွက်ပါစေနှင့်။ စိတ်ရဲ့သဘောက ရုပ်လိုပဲ အစာအာဟာရကောင်းတွေ လိုပါတယ်။ အစာမစားရလို့ အာဟာရမပြည့်ဝရင် မြန်မြန်နာ မယ်၊ မြန်မြန်သေမယ်၊ ရောဂါထူမှာဖြစ်ပါတယ်။

စာတစ်အုပ်နဲ့ဘဝကို ပြောင်းလဲနိုင်

နံပါတ်(၄) စာကောင်းပေကောင်းတွေထဲက လူတိုင်းမသိတဲ့ ထူးဆန်းတဲ့စွမ်းအားရှိခြင်းက ဆေး တစ်မယ်ကောင်းရင်သန်းခေါင်းဆိုသလို စာတစ်လုံး၊ စာတစ်ကြောင်း၊ စာတစ်အုပ်နဲ့ ဘဝကိုအကြီး အကျယ် ပြောင်းလဲပစ်နိုင်တယ်ဆိုတဲ့ အချက်ပါ။ ကြီးမားတဲ့ခွန်အားပေးတယ်။

သက်သေ၊ သာဓကပြစရာ အထောက်အထား တွေ၊ ပြည်တွင်းပြည်ပဖြစ်ရပ်မှန်တွေ ပြောလို့ မကုန် အောင် များပြားပါတယ်။ စကားအနေနဲ့ ပြောရရင် အာဠာဝကသုတ်ဟာ တန်ခိုးထန်ပြင်း နတ်ဘီလူး မင်း(ဘီလူးမှာမှရိုးရိုးဘီလူးမဟုတ်ဘူး။ နတ်ဘီလူးပါ။ ရိုးရိုးနတ်ဘီလူး မဟုတ်ဘူး၊ နတ်ညီလာခံ ၂၄ ပါး စုံညီ တက်ရောက်ခွင့်ရှိတဲ့ နတ်ကက်ဘိနက်အဖွဲ့ ဝင် နတ်မင်းကြီးတစ်ပါး။ ဒီလိုရာထူး အာဏာ ဘုန်း သမ္ဘာတွေပြည့်စုံတဲ့၊ ကိုယ်ပိုင်နန်းတော်ကြီးနဲ့ စံမြန်းနေသူ အာဠာဝကနတ် ဘီလူးမင်း။ လက်နက်တန်ခိုး အမျိုးအစားပေါင်းများစွာအပြင် ဘွဲ့ဖြူလက်နက်ဆိုတဲ့ အဏုမြူ ဗုံးထက် စွမ်းအားပိုပြင်းထန်တဲ့ လက်နက်ကိုပိုင်သူ) ကို နံနက်လင်းခါနီး တရားတစ်ပုဒ်နဲ့ ဟောလိုက်တာ၊ တစ်ထိုင်တည်းအစွယ် တွေကြွေကျ၊ ဘုရားရှင်ရဲ့ အဆုံးအမတရားကို နာယူတဲ့ တပည့်သာဝကအဖြစ် ပြောင်းလဲသွားခဲ့ပါ တယ်။

အင်္ဂုလိမာလဆိုတဲ့ လူပေါင်းရာထောင်ချီပြီး သတ်ဖြတ်ခဲ့သည့် လူကြမ်းလူရိုင်း မိခင်ရင်းပင် ဖြစ်စေ၊ လက်ညှိုးဖြတ်မှာပဲ၊ သတ်မှာပဲဆိုပြီးပြေးလာတဲ့ အင်္ဂုလိမာလကြားဝင်လာတဲ့ ဘုရားရှင်ကို မြင်တော့မှ “ဟန်ကျသကွာ၊ ငါ့အမေကိုမသတ်ဘဲ ဒီပုဂ္ဂိုလ်ရဲ့ လက်ညှိုးကို ဖြတ်ရမှာပဲ”ဆိုပြီး ဝမ်းသာအားရပြေး ပြီး လိုက်ဖမ်းတာ သူပဲ ချွေးဒီးဒီးကျ လျှာထွက် ခဲ့ရတယ်။ မြတ်စွာဘုရားက “ငါမပြေးပါဘူး၊ ငါကရပ်တန့်ခဲ့ပြီးပြီ။ သင်သာ မောဟိုက်ပင်ပန်းစွာ အပြေးအလွှား ရွေ့လျားနေတာ မဟုတ်လား” ဆိုပြီး တရားပြတော့ အမှားသိမြင်အမှန်ပြင်ပြီး ရဟန်း ဘဝခံယူလိုက်ပါတယ်။ လူမိုက်လူရမ်းကား၊ လူသတ်သမားဖြစ်ခဲ့ဖူးတာကြောင့် ရပ်ထဲ ရွာထဲ ဆွမ်းခံကြွတဲ့အခါ ခဲနဲ့ပစ်ကြ၊ ပေါက်ကြတဲ့အတွက် သွေးသံရဲရဲ၊ ခဲမှန်၊ တုတ်မှန် ဆွမ်းခံကြွရရှာတဲ့ ရဟန်းပျိုဖြစ်လာခဲ့ပါတယ်။ တရားတစ်ပုဒ်၊ စာ တစ်မျက်နှာဘုရားရှင်က သင်ကြားပေးလို့ သူ့ကို ရန်လုပ်သူတွေ ဘေးရန်က ကင်းငြိမ်းပြီး ဆွမ်းလှူ ဖော်ရလာကြတာ မဟုတ်လား။

သက်သေသာဓက

ပခုက္ကူဦးအုံးဖေဆိုတဲ့ ဓားပြ၊ လူဆိုး၊ ထောင်ထွက် အသက် ၃၀ လူရွယ်ဟာ (ပီမိုးနင်းရဲ့ ကိုယ့်ထူး ကိုယ်ချွန်၊ ဘဝတိုက်ပွဲ) လိုစာအုပ်မျိုးတွေဖတ်ရပြီး သူကြီး၊ သူဌေး၊ ဆေးပေါင်းရုံ ပိုင်ရှင်၊ မြို့မျက်နှာဖုံး၊ စာပေဆုအလှူရှင်ဖြစ်ခဲ့ရတယ်။ ဒါ့အပြင် လမ်းဘေးမှာ ကွမ်းယာရောင်းတဲ့ အောင်အောင်ဆိုတဲ့ ၁၀တန်းကျ လူငယ်ဟာ ရွှေဥဒေါင်းရဲ့ အကြံဉာဏ်ဖြင့် ကြီးပွားနည်းဖတ်ပြီး လိုက်နာခဲ့တာ အောင်သမာဓိရွှေသူဌေး ဖြစ်လာခဲ့ပါလေရော။ တွေ့ပြီနော် စာကောင်းတစ်ပုဒ်၊ စာအုပ်ကောင်း တစ်အုပ်ဟာ လူတစ်ယောက်ရဲ့ ဘဝကိုဘယ်လောက်တောင် ပြောင်းလဲနိုင်ခဲ့သလဲ ဆိုတဲ့ သက်သေသာဓကတွေပဲ ဖြစ်ပါတယ်။

စာဖတ်လို့တိုက်တွန်း

ဒါကြောင့်သင်ကြီးပွားချမ်းသာလိုသလား စာဖတ်ပါ။ ဘဝတိုးတက် အောင်မြင်လို ပါသလား စာဖတ်ပါ။ သံသရာမှလွတ်လိုပါသလား စာဖတ်လို့ တိုက်တွန်းလိုက်ပါရစေ။

ကဲ…. ဘာလို နေကြတာလဲ သင်သိပြီနော်။

ထွန်းထွန်း(ခရေရိပ်)