ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံကြရာဝယ်
မင်းလှိုင်ထော
ကိုဗစ် -၁၉ ၏အစွမ်းနှင့် နောက်ဆက်တွဲ ဒုက္ခပင်လယ်ဝေခဲ့ရမှုသည် တတိယလှိုင်းတွင် ပို၍ထင်သာမြင်သာ ရှိခဲ့ကြလေသည်။ မိမိချစ်သူခင်သူ မြတ်နိုးရသူတို့အနားမှာ မရှိနိုင်ကြတော့ပေ။ ကိုဗစ် ပြင်းထန်ရောဂါ အခြေအနေမှ လွတ်မြောက်လာခဲ့လျှင်လည်း နာလန်ထူရန် အချိန်ပေးရသေးသည်။ ကိုဗစ် -၁၉ ရောဂါကြောင့် လူမှု၊ စီးပွားနှင့် ဘဝများစွာ ဆုံးရှုံးခဲ့ရသည်။ နစ်နာခဲ့ရလေသည်။ ရွှေရင်ဆို့၊ မျက်ရည်စို့ခဲ့ရသော၊ ပူလောင်ခဲ့ရသော အဖြစ်အပျက်များ မိသားစုကိုယ်စီနှင့် မိမိပတ်ဝန်းကျင်တို့တွင် ရှိခဲ့ပြီးလေသည်။ ထို့ကြောင့်.. ထို့ကြောင့် ထို အတိတ်ဆိုး၊ ကိုဗစ် ၁၉ ရန်သူဆိုး၏ အောင်နိုင်ရာ လက်နက်မှာ ကာကွယ်ဆေး ပင်ဖြစ်ပါသည်။
အမျိုးအစားများစွာရှိ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization-WHO) က အသိအမှတ်ပြုထားသော နိုင်ငံပေါင်းများစွာက ထုတ်လုပ်ထားသော ကိုဗစ် -၁၉ ကာကွယ်ဆေး အမျိုးအစားများစွာ ရှိလေသည်။ သို့သော် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစားများထဲမှ မိမိကြိုက်နှစ်သက်သော အမျိုးအစားကို စိတ်ကြိုက် ရွေးချယ်ထိုးနှံရန် လက်ရှိအခြေအနေတွင် ခက်ခဲနေသေးသည်။ ရွေးချယ်ရန်မရှိသောကြောင့် Something is better than nothing အချို့တစ်ဝက်က ဘာမှ မရှိတာထက် ပိုကောင်းပါ သည်။ ထို့ကြောင့် ကိုဗစ်-၁၉ ကို အနိုင်တိုက်ရန် ကာကွယ်ဆေးကို ထိုးနှံကြပါစို့လို့ တိုက်တွန်းလိုပါသည်။
ယခုအခါ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အစိုးရအစီအစဉ်ဖြင့် အသက် ၆၅ နှစ်နှင့်အထက် လူကြီးများကို စတင်ထိုးနှံပေးနေလေသည်။ ထို့ပြင် ပြင်ပ ပုဂ္ဂလိက လုပ်ငန်းရှင်များကလည်း ကာကွယ်ဆေးရရန် အကောင်အထည် ဖော်နေကြလေသည်။ မဝေးတော့တဲ့ အချိန်တစ်ခုမှာ ကာကွယ်ဆေးထိုးနှံခွင့် ရရှိရန် ကြိုးစားကြရပေမည်။
အတည်ပြု ယုံကြည်စေလို
ကိုဗစ် -၁၉ သည် မာယာများသော ပိုးဖြစ်သည်။ လူတို့ကို ခြောက်လှန့် ထိုးနှက်ဖို့ ရောက်ရှိလာသည်မှာ အချိန်ကာလအားဖြင့် နှစ်နှစ်ပင် မပြည့်သေးပါ။ ထို့ကြောင့်ဆေးပညာရှင်များသာမက လူထုအတွက် အရာရာသည် အဆန်းတကြယ် ဖြစ်နေပေသည်။ သူ့အကြောင်းကို လုံးစေ့ပတ်စေ့ မသိနိုင်သေးပါ။ မသိရှိခြင်း၏ နောက်ဆက်တွဲသည် ၎င်းကို ကြောက်လန့် စိုးရိမ်ခြင်းဖြစ်သည်။ ကိုဗစ် -၁၉ အကြောင်းသာမက ကိုဗစ် -၁၉ ကာကွယ်ဆေးသည်လည်း အတူတူပင်ဖြစ်သည်။ ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်၍ အခြေအမြစ်မရှိသော ပတ်ဝန်းကျင်မှ မှတ်ချက်များကို အတည်မယူစေလိုပါ။ နားလည်တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများကိုသာ ဆွေးနွေးတိုင်ပင် မေးမြန်းသင့်ပါသည်။ (တရားဝင်) ထုတ်ပြန်ထားသော ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ ကြေညာချက်များကိုသာ အတည်ပြု ယုံကြည်ကြစေ လိုသည်။
ဆေးအတုကြောင့် ရောဂါကူးစက်နိုင်ခြေများ
ယခုလက်တစ်ကမ်းတွင်ရှိသော ကိုဗစ် -၁၉ ကာကွယ်ဆေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထား သောကြောင့် ယုံကြည်မှုရှိကာ သံသယရှင်းစေချင်သည်။ တရားမဝင် တင်သွင်းလာခဲ့သော ကာကွယ်ဆေးများကို မယုံကြည်ကြစေလိုပါ။ တရားမဝင် သယ်ဆောင်လာရသောကြောင့် စစ်မှန်မှု၊ အရည်အသွေးပိုင်းဆိုင်ရာနှင့် ငွေကြေးတန်ဖိုးများကို (အပြည့်အဝ) ယုံကြည်မှု ရရှိနိုင်ရန် မဖြစ်နိုင်ကြောင်း သတိပြုစေလိုပါသည်။ ထို့ပြင် နောက်ဆက်တွဲအနေဖြင့် ရောဂါကာကွယ်မှုပိုင်းဆိုင်ရာ မအောင်မြင်မှုသည် ကြီးမားသော ဆုံးရှုံးမှုကြီးဖြစ်သည်။ သတိချပ်ရန်လိုပါသည်။ မိမိမှာ ကာကွယ်ဆေးထိုးပြီး၍ ယုံကြည်မှုလွန်ကဲကာ ကိုဗစ်-၁၉ ကာကွယ်မှုဆိုင်ရာများကို ပေါ့သွားတတ်ပြီး ကိုဗစ်ကာကွယ်ဆေး အတုကြောင့် ရောဂါပိုမိုကူးစက်နိုင်ခြေ များသွားလေသည်။
ကာကွယ်ဆေး မထိုးမီ ဂရုပြုရမည့်အချက်များကို တင်ပြလိုပါသည်။
၁။ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရတော့မည်ဆိုလျှင် မိမိထိုးရမည့် ကာကွယ်ဆေးမှာ မည်သည့်ကာကွယ်ဆေး အမျိုးအစားဖြစ်သလဲ၊ ဘယ်နိုင်ငံက ထုတ်လုပ်ထားသလဲဆိုတာ သိရှိသင့်သည်။
၂။ ကိုဗစ်ကာကွယ်ဆေးက ဘယ်လို ထုတ်လုပ် ထားကြောင်းလဲ သိရန်လိုပါသည်။ (သက်မဲ့ပိုးမှ ထုတ်လုပ်ထားခြင်း၊ သက်ရှိပိုးမှထုတ်လုပ်ထားခြင်း၊ ပိုးအခွံ ပိုးအပိုင်းအစကို သုံး၍ ထုတ်လုပ်ထားခြင်း စသည်ဖြင့် အမျိုးမျိုးရှိနိုင်သည်။ သာမန်နေကောင်း ကျန်းမာနေသူအဖို့ အဆိုပါအချက်က အရေးမကြီးသော်လည်း အောက်ပါရောဂါအခံ ရှိသူတို့အဖို့ အရေးကြီးသည်။
(က) အေအိုင်ဒီအက်စ်နှင့် အေအာရ်တီဆေး ပုံမှန်သောက်နေရသူများ ၊
( ခ ) စတီးရိုက်ဆိုသော ဆေးများကို ထိုးဆေး၊ သောက်ဆေးတို့ဖြင့် ပုံမှန်ဆေးကုသမှု ခံယူနေရသူများ ၊
(ဂ) ကင်ဆာရောဂါဝေဒနာရှင်များ
(ဃ) သွေးမခဲဆေး ပုံမှန်သောက်နေရသူများ
( င ) ခုခံမှုစံလွဲ၊ ခုခံမှု ပုံမှန်မဟုတ်သော ရောဂါရှင်များနှင့် လေးဖက်နာရောဂါ ဝေဒနာရှင်များ
( စ) နာတာရှည် ရောဂါဝေဒနာတစ်ခုခု ရှိသူများ
(ဆ) ကိုယ်ဝန်ဆောင်မိခင်များ ထိုးနှံရန် သင့် မသင့်၊ လက်ရှိသောက်နေရသော ဆေးတို့နှင့် တည့် မတည့်၊ ကာကွယ်ဆေး ဆေးစွမ်း မစွမ်းတို့မှာ အရေးကြီးသည်။ သက်ဆိုင်ရာ အထူးကုဆရာဝန်နှင့် တိုင်ပင်ပြီး အကြံဉာဏ် ယူသင့်သည်။
၃။ ကိုဗစ်ကာကွယ်ဆေးသည် လူတိုင်းလက်လှမ်းမီရန် ခက်ခဲသောကြောင့် အစိုးရမှတစ်ဆင့် ဖြစ်စေ၊ (တရားဝင် ပုဂ္ဂလိက ကျန်းမာရေးဌာနတွင်ဖြစ်စေ ကိုဗစ်ကာကွယ်ဆေး ရနိုင်မည်ဆိုလျှင် Appointment ရက်ချိန်းကို မဆိုင်းမတွဘဲ မြန်မြန်ရယူစေလိုသည်။ ကိုဗစ်ကာကွယ်ဆေးကြောင့် ရရှိနိုင်သော ဆိုးကျိုးများရှိနိုင်သည်။ ဆိုးကျိုးများရှိတိုင်း မိမိမှာ ဧကန်မုချ ဖြစ်လာနိုင်သည်ဟူ၍ အတွေးမမှားစေလိုပါ။ စိုးရိမ်စိတ်သောကများ မများစေလိုပါ။ ကာကွယ်ဆေးထိုးနှံရာတွင် ကြုံတွေ့လာနိုင်သည့် ကျန်းမာရေးပြဿနာများကို ဖြေရှင်းပေးရန် ကာကွယ်ဆေး ထိုးနှံရာတွင် လုပ်ကိုင်ဆောင်ရွက်ရသော ကျန်းမာရေးဝန်ထမ်းများက သေသေချာချာ ပြင်ဆင်ပြီး ကူညီဖို့ အသင့်ရှိနေပါသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရမည့်ရက်တွင် လုပ်ဆောင်ရမည့် အလုပ်များ၊ ဆောင်ရွက်စရာများကို “ကိုဗစ်ပြဿနာသည် ယခုအချိန်တွင် အရေးကြီးဆုံး ပြဿနာဖြစ်ကြောင်း” စိတ်ထဲမှတ်ယူပြီး ခဏတာ နောက်ဆုတ် (သို့မဟုတ်) ရှေ့တိုးထားကာ အစီအမံများ ကြိုတင်၍ ပြင်ဆင်ထားရမည်။ ကာကွယ်ဆေးထိုးရမည့် အချိန်၊ ရက်တို့ကို သိရှိရပြီးလျှင် ထိုနေ့၊ ထိုအချိန်၊ ထိုနေရာကို အချိန်မီ အရောက်သွားနိုင်မည့် နည်းလမ်းကို ကြိုတင်စီစဉ်ထားရဦးမည်။ မိမိညွှန်းဆိုရင်သော နေရာကို သတ်မှတ်ထားသော အချိန်ထက် အနည်းဆုံး ၁၅ မိနစ်ခန့် စောရောက်စေလိုသည်။ အဘယ့်ကြောင့်ဆိုသော် ကိုဗစ်ကာကွယ်ဆေး မထိုးနှံမီ စာရင်းဖြည့်သွင်းခြင်း၊ ထိုးနှံပြီးကြောင်း လက်မှတ်အတွက် အချက်အလက် ဖြည့်သွင်းခြင်း၊ ရောဂါရာဇဝင်အကျဉ်းမေးမြန်းရန်နှင့် လိုအပ်ပါက စမ်းသပ်ရန်အတွက် ပြင်ဆင်လုပ်ဆောင်ရန် ကိစ္စ များလည်း ရှိသေးသည်။
၄။ မိမိမှာ ဓာတ်မတည့်တတ်သော ရောဂါနှင့် သွေးမတိတ်တတ်သောရောဂါအပါအဝင် တခြားသော ရောဂါရာဇဝင်နှင့် လက်ရှိသောက်နေရသော ဆေးများကို အတိုဆုံးနှင့် သေသေချာချာ ပြောဆိုတတ်ရန် ပြင်ဆင်ထားသင့်သည်။ လိုအပ်ပါက တာဝန်ကျဆရာဝန်က တောင်းယူကြည့်သည့်အခါ ချက်ချင်းပြသနိုင်ရန် နောက်ဆုံးပြသထားသော ဆေးမှတ်တမ်းနှင့် လက်ရှိသောက်သုံးနေရသော ဆရာဝန်ဆေးညွှန်းစာများကိုလည်း တစ်ပါတည်းယူ သွားနိုင်ရန် ပြင်ဆင်ထားရမည်။
၅။ ကိုဗစ်ကာကွယ်ဆေးမထိုးမီ တခြားသော ရောဂါကာကွယ်ဆေးထိုးခြင်းကို အတူတကွ ထိုးနှံခြင်း (လုံးဝ) မပြုလုပ်ရပါ။ ခေတ္တခဏ အချိန်ကို ရှေ့တိုးနောက်ဆုတ် လုပ်ရပေမည်။ သက်ဆိုင်ရာ အထူးကုဆရာဝန်ကို ကိုဗစ်ကာကွယ်ဆေးနှင့် တခြားကာကွယ်ဆေး အချိန်အားရမည့်ကိစ္စကို သေသေချာချာ တိုင်ပင်ဆွေးနွေးသင့် ပါသည်။ ယေဘုယျအားဖြင့် မတူသော ကာကွယ်ဆေး ၂ ခု သည် အနည်းဆုံး ၂ ပတ်ခြားပြီးမှ ထိုးနှံသင့်ပါသည်။ ( ကိုဗစ်ကာကွယ်ဆေးသည် ယခုအချိန်တွင် တခြားအမျိုးအစား ရောဂါကာကွယ်ဆေးထက် ပိုမို အရေးကြီး ပါသည်။
၆။ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရမည့်ရက်တွင် ကျန်းမာလန်းဆန်းစေရန် အိပ်ရေးဝဝ အိပ်ရန်လည်း အရေးကြီးသည်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံရမည့်ရက်တွင် ပြင်ဆင် သတိပြုရမည့် အချက်များ-
၁။ ကာကွယ်ဆေးထိုးနှံရမည့်ရက်တွင် အိပ်ရေးဝဝ ဖြင့် နိုးထစေချင်သည်။
၂။ မိမိနှင့် သက်ဆိုင်သော မှတ်ပုံတင်၊ အိမ်ထောင်စုဇယားနှင့် လိုအပ်သော စာရွက်စာတမ်းများကိုလည်း တပါတည်း မမေ့မလျော့ ယူဆောင်သွားရမည်။ လက်ကိုင်အိတ်တစ်ခုထဲ ကြိုတင်စုစည်း ထားသင့်ပါ သည်။
၃။ လူစုလူဝေး ရှိနိုင်သောကြောင့် မိမိ၏ နှာခေါင်းစည်း၊ ပါးစပ်စည်းကို မိမိအိမ်မှ ထွက်သွားသည့် အချိန်မှစ၍ ဆေးထိုးပြီး အိမ်ရောက်သည်အထိ သေသေချာချာ တပ်ဆင်ထားသင့်သည်။ နှာခေါင်းစည်း၊ ပါးစပ်စည်းကို သေသေချာချာ ဝတ်ဆင်ထားခြင်းအပြင် ဖြစ်နိုင်လျှင် မျက်နှာအကာ (Face Shield )နှင့် ခေါင်းစွပ်များ ဝတ်ဆင်သွားသင့်သည်။
၄။ မိမိမှာ အမြင်အာရုံချို့တဲ့ပြီး ကောင်းမွန်စွာ၊ ပေါ့ပါးစွာ မလှုပ်ရှားနိုင်ပါက အကူ၊ အဖော် တစ်ယောက်ကို ကာကွယ်ဆေးထိုးနှံရာနေရာသို့ တစ်ပါတည်း ခေါ်ဆောင်သွားသင့်သည်။
၅။ ကာကွယ်ဆေး ထိုးနှံမှုသည် အချိန်ခဏသာဖြစ်သော်လည်း အများနှင့်လုပ်ကိုင်ရပြီး စာရင်းဇယား ဖြည့်သွင်းရသောကြောင့် အချိန်စုစုပေါင်း မိနစ် ၃၀ ခန့် (အနည်းဆုံး) ကြာနိုင်ပါသည်။ တစ်ခါတစ်ရံ အခန့်မသင့်ပါက ပိုမိုအချိန် စောင့်ဆိုင်းရနိုင်ဖွယ်ရှိသောကြောင့် ၁ နာရီလောက်အထိ အချိန်ပေးရနိုင်သည်။ ထို့ကြောင့် ရေ၊ အစားအစာတို့ကို ကြိုတင်ဗိုက်ပြည့်အောင် စီမံထားသင့်သည်။ ကြိုတင် အစားအသောက်များ စားထားစေလိုသည်။ ကာကွယ်ဆေးထိုးသော နေရာတွင်မှ ရေ၊ အစားအသောက်တို့ကို စားသောက်ပါက နှာခေါင်းစည်း၊ ပါးစပ်စည်းကို ဖြုတ်ရလျှင် အဆင်မပြေပေ။ ရောဂါပိုးကူးစက်နိုင်သော ဝင်ပေါက်ကို ဖွင့်ပေးလိုက်သလို ဖြစ်သွားနိုင်သည်။ အိမ်ကမထွက်ခင် ရေအိမ်ဝင်ပြီး အပေါ့အလေးကိစ္စကိုလည်း ကြိုတင်လုပ်ထားလျှင် ပိုကောင်းသည်။
၆။ (မဖြစ်မနေ) ရေမလို လက်သန့်ဆေးရည် အသေးတစ်ဘူးကိုလည်း လိုအပ်လျှင် သုံးနိုင်ရန် တစ်ပါတည်း ယူဆောင်သွားသင့်သည်။
၇။ အဝတ်အစားနှင့် ပတ်သက်လျှင် အရမ်းကျပ်ထုပ်နေသော Fitting ခန္ဓာကိုယ်တိုင်းနှင့်အတိဖြစ်နေသော အဝတ်အစားကို ရှောင်သင့်သည်။ ပွယောင်းယောင်း၊ ပေါ့ပေါ့ပါးပါးဖြစ်သော အဝတ်အစားကိုသာ ရွေးချယ်ဝတ် ဆင်သင့်သည်။ လက်ရှည်အင်္ကျီ (လုံးဝ) မဝတ်သွားသင့်ပေ။ လက်မောင်းနေရာတွင် ဆေးထိုးမည်ဖြစ်သောကြောင့် ဆေးထိုးပေးမည့် ကျန်းမာရေးဝန်ထမ်းက ဆေးထိုးရမည့်နေရာအတွက် အလွယ်တကူစမ်းသပ်ပြီး ဆေးထိုးနှံပေးနိုင်ရန် အတွက်ဖြစ်သည်။ မိမိမှာ အေးတတ်သည်။ ပတ်ဝန်းကျင် ရာသီဥတုက အေးနေချိန်တွင် အင်္ကျီလက်ရှည် မဝတ်သွားဘဲအပေါ်က အနွေးထည်ဝတ်သွားပြီး အောက်ခံအကျီမှာ လက်တို၊ လက်ပြတ်သာ ဖြစ်သင့်သည်။ အဝတ်အစားကိုလည်း သပ်သပ်ရပ်ရပ် ဝတ်သွားသင့်သေးသည်။ သို့မှသာ မိမိဓာတ်ပုံ မှတ်တမ်းထဲတွင် လှပသပ်ရပ်နေပေမည်။
၈။ ကိုဗစ်ကာကွယ်ဆေးထိုးပြီးလျှင် တချို့မှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ အသေးအဖွဲ ရနိုင်သည်။ ဥပမာ- ထိုးနှံထားသော နေရာတွင် နာခြင်း၊ ဖျားခြင်း၊ အော့အန်ခြင်းတို့ဖြစ်နိုင်သည်။ ထိုပြဿနာများ ခံစားရမည် စိုးရိမ်သောကြောင့် ( ပါရာစီတမောဆေး၊ အကိုက်အခဲပျောက်ဆေး များ ကြိုတင်သောက်ထားခြင်းမျိုး ရှောင်ရှား သင့်သည်။ ဆေးထိုးပြီး လက္ခဏာခံစားရမှ သောက်စေချင်သည်။ ဆေးထိုးပြီးနောက် ခံစားရသော ဝေဒနာသည် ပြင်းထန်၍ မိမိမှာ မခံစားနိုင်လောက်အောင် ဖြစ်လျှင်၊ စိုးရိမ်ကြီးလျှင် နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းနှင့် သွားရောက်ပြသသင့် ပါသည်။
၉။ ကာကွယ်ဆေးထိုးပြီးနောက် ရက်အနည်းငယ်အတွင်း ပြင်းထန်သော အားကစားများ၊ ကိုယ်လက် လှုပ်ရှားမှုများ ပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်သေးသည်။ သွေးလှူခြင်းကိုလည်း ချက်ချင်း မလုပ်သင့်သေးပေ။ ကာကွယ်ဆေးထိုးပြီး နောက်ထပ် ၂၄ နာရီအတွင်း (တချို့မှာ) အင်အားနုံးချည့်နေတတ်သည့်အတွက် အလုပ်များစွာ ချက်ချင်းမလုပ်သင့်ပေ။ နားနားနေနေနေပြီးမှ မိမိ၏ ပုံမှန်လူမှုဘဝကို ပြန်လည်စတင်သင့်သည်။
၁၀။ အရေးကြီးဆုံးအချက်မှာ ကိုဗစ်ကာကွယ်ဆေးကို သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက်အတိုင်း ပြည့်ပြည့်စုံစုံ ထိုးနှံသင့်ပါသည်။ ထို့ပြင် ကာကွယ် ဆေးထိုးနှံပြီး နောက်ပိုင်းတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်ရောဂါ ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို ဆက်လက်လိုက်နာ ဆောင်ရွက် ကြရပေမည်။ အဘယ့်ကြောင့်ဆိုသော် ကာကွယ်ဆေးထိုးပြီးနောက် ချက်ချင်းခုခံအားပေါ်ကာ မကာကွယ်နိုင် သကဲ့သို့ ဆေးအောင်/ မအောင်လည်း မသေချာ သေးပေ။
ကာကွယ်ခြင်းသည်ကား ကုသခြင်းထက် ပိုမိုကောင်းမွန်ပါသည်။ လာမည့်ဘေးပြေးတွေ့ဆိုသော မြန်မာစကားပုံ ရှိပါသည်။ သို့သော် ကိုဗစ်သည် ပြေးတွေ့ကာ ကူးစက်ခံသင့်သော အမျိုးအစားတွင် မပါဝင်ပါ။ ထို့ကြောင့် ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်ကို အနိုင်ပိုင်းဖို့၊ မိမိချစ်သူ၊ ခင်သူ၊ မြတ်နိုးတန်ဖိုးထားရသူတို့အတွက် ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံကြပါရန် အကြံပြု အပ်ပါသည်။ ။