Skip to main content

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်ထုတ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Politic Magazine တွင် ခေါင်းစီးဆောင်းပါးအဖြစ် ဖော်ပြခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အင်တာဗျူးအစီစဉ်

(ယမန်နေ့မှအဆက်)

မေး ။ ။ ရုရှား - မြန်မာ နှစ်နိုင်ငံအကြား အရပ်ဘက်နယ်ပယ်တွေထက် သိသိသာသာ သာလွန်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိတဲ့ နယ်ပယ်ကိုပြပါဆိုရင် စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်ကို ပြရမှာပဲဖြစ်ပါတယ်။ ဒီစစ်မှန်သော အောင်မြင်မှုတွေကြောင့်ပဲ နိုင်ငံရဲ့အချုပ်အခြာအာဏာကိုကောင်းစွာ ကာကွယ် စောင့်ရှောက်နိုင်ပြီး အကြမ်းဖက်သမားများရဲ့ ရန်မှကာကွယ်ပေးနိုင်မယ့် ခေတ်မီတိုးတက်တဲ့ အဆင့်မြင့်တပ်မတော်ကို ဖွဲ့စည်းတည်ဆောက်လာနိုင်ခြင်း ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့တွေဟာဆိုရင် International Army Games ပြိုင်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ KAVKAZ-2020 မဟာဗျူဟာမြောက် စစ်ဦးစီးလေ့ကျင့်ခန်းများတွင် ပါဝင်လေ့ကျင့်ခြင်းတို့ကိုလည်း တက်တက်ကြွကြွ ဆောင်ရွက်လျက်ရှိနေပါတယ်။ အနာဂတ်မှာရော ဘယ်လိုနယ်ပယ်သစ်တွေမှာ ပူးပေါင်း ဆောင်ရွက်သွားဖို့ စီစဉ်ထား ပါသလဲ။

ဖြေ ။ ။ ဒီ Intemational Army Games ပြိုင်ပွဲ၊ KAVKAZ-2020 မဟာဗျူဟာမြောက် စစ်ဦးစီးလေ့ကျင့်ခန်းတွေမှာ ပါဝင် ယှဉ်ပြိုင်လေ့ကျင့်ခဲ့ရတာဟာ မြန်မာ့တပ်မတော်ရဲ့ ခေတ်မီတပ်မတော် တည်ဆောက်ရေးမှာ များစွာအထောက်အကူပြုခဲ့ပါတယ်။ အနာဂတ် မှာလည်း ကျွန်တော်တို့တပ်မတော်ရဲ့ တစ်ဦးချင်း၊ အဖွဲ့လိုက်၊ စစ်လက်ရုံးအလိုက်နဲ့ တပ်မတော်တစ်ရပ်လုံး စွမ်းရည်မြှင့်တင်နိုင်ရေးအတွက် အကျိုးရှိမယ့်၊ အထောက်အကူ ပြုမယ့် လုပ်ငန်းမှန်သမျှကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး ။ ။ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ မြန်မာ့တပ်မတော်မှ လေ့လာသူ ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ရုရှား-ဘီလာရုစ် နှစ်နိုင်ငံ ပူးပေါင်းစစ်ရေး လေ့ကျင့်ခန်း ZAPAD-2021 သို့ တက်ရောက်လာနိုင်ဖွယ်ရှိကြောင်း ကြားသိရပါတယ်။ ဒီသတင်းဟာ မြန်မာ့တပ်မတော်အနေဖြင့် ရုရှားနိုင်ငံနဲ့သာမက မော်စကိုအတွက် အိမ်နီးနားချင်းမိတ်ဖက်နိုင်ငံများနဲ့ပါ စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးတွေ တိုးမြှင့် ဆောင်ရွက်သွားမယ်ဆိုတဲ့သဘော သက်ရောက်ပါသလား။ စစ်ဘက်နိုင်ငံရေးအဖွဲ့ အစည်းတစ်ခု Glor Collective Security Treaty Organization (CSTO) ပူးပေါင်း လုံခြုံရေးဆောင်ရွက်မှု သဘောတူညီချက်စာချုပ် အဖွဲ့ဝင်နိုင်ငံများအပေါ် ဘယ်လို သဘောထားရှိပါသလဲ။ အနာဂတ်မှာ မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်များအနေနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့အတူ အခြားမဟာမိတ်နိုင်ငံများနဲ့ပါ စစ်ဘက်ပူးပေါင်း လေ့ကျင့်ခန်း တွေမှာ ပါဝင်လေ့ကျင့်ဆောင်ရွက်သွားဖို့ရော အစီအစဉ်ရှိပါသလား။

ဖြေ ။ ။ ZAPAD-2021ကိုတက်ရောက်ဖို့အလားအလာရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ပိုမိုလုံခြုံတဲ့၊ ငြိမ်းချမ်းတဲ့ကမ္ဘာကြီး ဖြစ်လာဖို့ မိတ်ဆွေနိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်ရေးတွေကို ဆက်လက်တိုးမြှင့်သွားပါမယ်။ အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံနဲ့ လေ့လာသူ နိုင်ငံနှစ်နိုင်ငံပါဝင်တဲ့ CSTO အဖွဲ့ဟာ ဒေသတွင်းနဲ့ ကမ္ဘာ့တည်ငြိမ် အေးချမ်းရေးအတွက် အထောက်အကူပြုနိုင်တဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒေသတွင်းနဲ့ ကမ္ဘာမှာ မလိုလားအပ်တဲ့၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နိုင်တဲ့ ဗိုလ်ကျစိုးမိုးမှုတွေကို ကာကွယ်နိုင်မယ့် အဖွဲ့အဖြစ် လည်း မျှော်လင့်ပါတယ်။

မေး ။ ။ ဗိုလ်ချုပ်မှူးကြီးဟာဆိုရင် အာရှတိုက် မျက်မှောက်ခေတ် သမိုင်းသစ်မှာ ပေါ်ထွက်လာတဲ့ခေတ်မီနိုင်ငံ့ခေါင်းဆောင် တစ်ဦးလို့ တင်စားချင်ပါတယ်။ ဘာလို့လဲဆိုတော့ ၁၉၅၅ ခုနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ Bandung ညီလာခံမှ ချမှတ်ခဲ့သော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်ကို လေးစားလိုက်နာစေရေး ကိုယ်တိုင်စံပြပုဂ္ဂိုလ်အဖြစ် မားမားမတ်မတ်ရပ်တည်ကာ နိုင်ငံတကာ အပေါ်ကိုလည်း မှန်မှန်ကန်ကန် ပြန်လည်အသိပေးတိုက်တွန်းနိုင် ခဲ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီညီလာခံကိုကျင်းပပြုလုပ်ဖို့အစပြုခဲ့တဲ့ နိုင်ငံငါးနိုင်ငံထဲမှာ မြန်မာနိုင်ငံပါဝင် ခဲ့ပါတယ်။ ဖြတ်သန်းခဲ့တဲ့ နှစ် ၃၀ ကျော်ကာလအတွင်းမှာ အဲဒီညီလာခံရဲ့ဆုံးဖြတ်ချက် များဟာ “အနောက်နိုင်ငံများရဲ့ စံနှုန်းများ” “ဒီမိုကရေစီ” ဆိုတဲ့ ခေါင်းစဉ်များအောက်မှာ တဖြည်းဖြည်းမသိမသာ အစားထိုးခံခဲ့ရပါတယ်။ ဒီလိုကမ္ဘာ့ နိုင်ငံရေးအတွက် တန်ဖိုး ရှိလှတဲ့ အခြေခံမူကြီးတွေကို ပြန်လည်အမှတ်ရ အသက်ဝင်လာအောင် ဘယ်လို ဆောင်ရွက် သွားသင့်တယ်လို့ထင်ပါသလဲ။

ဖြေ ။ ။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ ငါးချက်ဟာ ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံရေသောက်မြစ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ၁၉၅၄ ခုနှစ်မှာ လက်မှတ်ရေးထိုး စတင်ခဲ့ပါတယ်။ ဒီမူကြီး ငါးရပ်ဟာ ယနေ့အထိ နိုင်ငံတကာရဲ့ နိုင်ငံအချင်းချင်းဆက်ဆံရာမှာ လက်ကိုင်ထား စံပြုနေရတဲ့မူတွေပဲ ဖြစ်ပါတယ်။ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားခြင်း၊ ကျူးကျော်မှုကို ရှောင်ရှားခြင်း၊ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်မှုမပြုခြင်း၊ တန်းတူ ရည်တူရှိမှုနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု စတာတွေဟာ ကမ္ဘာ့မိသားစုကြီးအတွက် ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုတွေကို စဉ်ဆက်မပြတ်ဖြစ်စေမယ့် အကြောင်းအရာတွေပါ။ ဒါမတိုင်ခင် ၁၆၄၈ ခုနှစ်ကတည်းက နိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာ ထင်ရှားတဲ့ စာချုပ်တစ်ခုရှိတယ်။ ဒါကတော့ “ဝဘ်စဖေး လီယားစာချုပ်” (Treaty of Westphalia) ပဲ။ စာချုပ်ဖြစ်လာတဲ့ အကြောင်းနဲ့ရည်ရွယ်ချက်က အမျိုးမျိုးရှိပေမယ့် အနှစ်သာရကတော့ အချုပ်အခြာ အာဏာပိုင်စိုးမှု (Sovereignty)၊ ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရေး (Non Intervention) နဲ့ အင်အားချိန်ခွင်လျှာထိန်းညှိ ခြင်း (Balance of Power)ပါပဲ။ နောက်ပိုင်း မှာပေါ်လာတဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းဟာလည်း ဒီ Westphalia ရဲ့ အခြေခံမူ သုံးချက်ကို ဆက်ခံလိုက်တာပါပဲ။ သို့သော် လက်တွေ့လိုက်နာဆောင်မှုမှာ လိုအပ်ချက်တွေ ရှိပါတယ်။ ခင်ဗျားပြောခဲ့သလို “အနောက်နိုင်ငံများရဲ့ စံနှုန်း များ”၊ “ဒီမိုကရေစီ” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ အစားထိုးခံရတာပေါ့။ သို့သော် အဲဒီ “စံနှုန်း” ဆိုရာမှာလည်း နှစ်မျိုး ကျင့်သုံးနေတာ (Double Standard) ဖြစ်နေတာက ပြဿနာပါပဲ။ သူတို့လိုတဲ့သူ၊ လိုတဲ့နိုင်ငံ အတွက်ကတစ်မျိုး၊မလိုတဲ့သူ၊ မလိုတဲ့နိုင်ငံ၊ မလိုတဲ့အဖွဲ့အစည်းအတွက် ကျတစ်မျိုးပေါ့ဗျာ။ အခုပြောခဲ့တဲ့ တန်ဖိုးရှိပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေး အတွက် အရေးကြီးတဲ့ ဒီအခြေခံအချက်တွေဟာ ကမ္ဘာ့ပြည်သူတွေအကြား ကျယ်ကျယ် ပြန့်ပြန့်သိရှိနေမှ ပိုပြီးအလုပ်ဖြစ်မှာပါ။ ဒါတွေကို နိုင်ငံတွေသာမက နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အင်အားကြီးအဖွဲ့တွေကတစ်ဆင့် ချို့ယွင်းအားနည်း ချက်တွေကို ထောက်ပြမှ၊ ပညာပေးမှ အလုပ်ဖြစ်နိုင်ပါတယ်။

မေး ။ ။ အာရှ-ပစိဖိတ်ဒေသနဲ့အရှေ့တောင်အာရှဒေသဟာကမ္ဘာ့ နိုင်ငံရေးပေါက်ကွဲမှုရဲ့ ဗဟိုချက်မတစ်ခု ဖြစ်လာနိုင်ပါ တယ်။ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့မှာ အမေရိကန် အခြေစိုက် စစ်စခန်းများ ရှိနေပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယား တို့ဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေဖြစ်ကြပြီး ရုရှားနဲ့ဘေးချင်းကပ်လျက် တည်ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုနည်းလမ်းမျိုးနဲ့များ မလိုလားအပ်တဲ့ စစ်ပွဲများကို ရှောင်ရှားနိုင်မယ့် ပူးပေါင်းလုံခြုံရေး အစီအမံများကို တည်ဆောက်ထားနိုင်ပါ သလဲ။ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများဟာ အဓိကမဏ္ဍိုင်တစ်ရပ် ဖြစ်လာနိုင်ပါသလား။

ဖြေ ။ ။ ကျွန်တော် နံပါတ်၂ မေးခွန်းမှာ ပြောခဲ့သလိုပဲ အာရှပစိဖိတ်ဒေသဟာ ကမ္ဘာ့စီးပွားရေးဗဟိုချက် (World's Economic Centre of Gravity) ဖြစ်လာတဲ့ အခွင့်အရေး (Opportunity)နဲ့ ခြိမ်းခြောက်မှု (Threat)ဆိုတာ ဒွန်တွဲ နေမှာပါပဲ။ ဒါကြောင့် ဒေသတွင်းမှာ ကျယ်ပြန့်စွာဖွဲ့စည်းထားတဲ့ အာဆီယံရဲ့ ကဏ္ဍဟာ ပိုအရေး ပါလာပါမယ်။ မလိုလားအပ်တဲ့ ပဋိပက္ခတွေမဖြစ်အောင် ထိန်းသိမ်းဖို့အတွက်ကတော့ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်တာတွေ၊ လိုက်နာတာတွေနဲ့ စီးပွားရေးအရ ပူးပေါင်းဆောင် ရွက်မှုတွေတိုးမြှင့်ခြင်းအားဖြင့် အပြန်အလှန်နားလည်မှုခိုင်မာအောင် တည်ဆောက်တာမျိုးတွေ လုပ်ရပါမယ်။

မေး ။ ။ အားလုံးသိရှိလက်ခံထားပြီး ဖြစ်တဲ့အတိုင်း ဗိုလ်ချုပ်မှူးကြီးဟာဆိုရင် စစ်မှန်သော ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရတွေကို လေးစားတန်ဖိုးထား ကာကွယ် စောင့်ရှောက်သူတစ်ဦး ဖြစ်ပါတယ်။ တပ်မတော်ဆိုတာ နိုင်ငံတိုင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ဖွဲ့စည်းထားသော နိုင်ငံအမူထမ်းအဖွဲ့အစည်းဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံအတွက် အရေးပေါ်အခြေအနေကြေညာ ထားတဲ့ကာလအတွင်းမှာ ဗိုလ်ချုပ်မှူးကြီးဟာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌအနေနဲ့ စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးလျက် ရှိနေတယ် လို့ကြားသိရပါတယ်။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ဘယ်လိုအမြင်မျိုး ရှိပါသလဲ။ ကာလအပိုင်းအခြား ကန့်သတ်ချက်နဲ့ အဆင့်ဆင့် ဆောင်ရွက်သွားမယ့် အစီအစဉ်တွေ ကိုလည်း သိလိုပါတယ်။ ရွေးကောက်ပွဲကျင်းပခြင်းဆိုင်ရာ ဥပဒေအနေနဲ့ရော ပြောင်းလဲ သတ်မှတ်တာတွေ ရှိလာနိုင်ပါသလား။

ဖြေ ။ ။ ကျွန်တော်တို့မြန်မာ့တပ်မတော်ရဲ့ သမိုင်းဟာ နိုင်ငံတော်သမိုင်းနဲ့ ဆက်စပ်လျက်ရှိပါတယ်။ ခွဲပြောလို့မရပါဘူး။ တပ်မတော်ကပဲ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး နိုင်ငံရဲ့ လွတ်လပ်ရေးကို ရအောင်ယူပေးခဲ့တယ်။ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ ပြည်တွင်းသောင်းကျန်းမှုကို နှိမ်နင်းပေးပြီး နိုင်ငံ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲစေခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍနေရာမှာ ထားခဲ့တာဖြစ်ပါ တယ်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး စတဲ့နိုင်ငံတော် ရဲ့ အမျိုးသားအကျိုးစီးပွားတွေကို ကာကွယ်ဖို့၊ ပါတီစုံဒီမိုကရေစီစနစ် ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ဖို့ အဓိကတာဝန်ရှိကြောင်း အခြေခံဥပဒေမှာ တာဝန်အပ်နှင်းထားပါတယ်။ ဒီတာဝန်တွေကို ကျွန်တော်တို့ အလေးအနက်ထားဆောင်ရွက် လျက်ရှိပါတယ်။ ပြည်သူတွေ လိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီ စနစ်ကို ကျွန်တော်တို့ လမ်းခင်းပေးခဲ့တာပါ။ ဒီစနစ်ကနေ ဘယ်တော့ မှ ရှောင်လွှဲသွားမှာမဟုတ်ဘူးလို့ အာမခံပါတယ်။ အခု အရေးပေါ် အခြေအနေ ကြေညာပြီး နိုင်ငံ့တာဝန်ကို ကျွန်တော်တို့ ရယူထားရတယ်။ အခြေခံဥပဒေမှာ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။ ဒီအတိုင်း ကျွန်တော်တို့ ဆောင်ရွက်သွားပါမယ်။ အရေးပေါ် ကာလဆိုင်ရာပြဋ္ဌာန်းချက်မှာ လုပ်ဆောင်စရာ ရှိတာတွေ လုပ်ဆောင် လို့ပြီးရင် ရွေးကောက်ပွဲကျင်းပရမှာ ဖြစ်တယ်။

သို့သော် ဒီပြီးရမယ့် အချိန်ကလည်း အချိန်အကန့်အသတ် ရှိပါ တယ်။ တစ်နှစ်အတွင်း ပြီးအောင်ကြိုးစားရမယ်။ မပြီးရင် နောက်ထပ်ခြောက်လနှစ်ခါတိုးခွင့်ရှိတယ်။ ပြီးရင်တော့ ရွေးကောက်ပွဲလုပ်ရမှာပဲ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်းတွေအားလုံးကို စိစစ်ပြီးပါပြီ။ မဲမသမာမှုပေါင်း ၁၁ သန်းကျော်ရှိတာကို ခိုင်လုံစွာ တွေ့ရပါတယ်။ အဲဒီလူတွေကို ကျွန်တော်တို့ စစ်ဆေးတဲ့အခါမှာ လေးသန်း ကျော်လောက်က မှတ်ပုံတင်ပေးဖို့ အရေးတကြီး လိုနေပါတယ်။ ဒါကြောင့် စီမံချက်နဲ့ မှတ်ပုံတင်တွေ လုပ်ပေးနေပါတယ်။ ဒီလုပ်ငန်းစဉ်ကိုက ၁၈ လလောက်ကြာမယ်လို့ သက်ဆိုင်ရာတာဝန် ရှိပုဂ္ဂိုလ်တွေက ခန့်မှန်းပါတယ်။ ၁၈ လ ကြာမယ်ဆိုတော့ ဒါက သတ်မှတ်တစ်နေ့ကို လူ ၃၀၀ လုပ်ရမယ်။ အဲဒီ ၃၀၀ လုံး မှန်မှန် ကန်ကန်လုပ်မှ ၁၈ လနဲ့ ပြီးမှာ။ တကယ်လို့ အဲဒီလိုအရေအတွက် အတိုင်း မလာဘူးဆိုရင် ဒီထက်ပိုကြာဖို့ပဲ ရှိတော့တာ။ ကျွန်တော်တို့က မဲစာရင်းမှားတာ၊ မှတ်ပုံတင်မပါဘဲနဲ့ မဲစာရင်းတွေထည့်တဲ့ အတွက်ကြောင့် မှားတာကို ထောက်ပြထားတာ။ အဲဒီတော့ လာမယ့် ရွေးကောက်ပွဲ အသစ်လုပ်လို့ရှိရင် မှတ်ပုံတင်မပါဘဲနဲ့ မဲစာရင်းထဲမှာ ပါလာလို့ရှိရင် ကျွန်တော်တို့ ပြောစရာဖြစ်လာမယ်။ ဒါ့ကြောင့် မဲစာရင်းမှန်ကန်မှုကို အဓိကဖြစ်စေတဲ့ မှတ်ပုံတင်က မရှိမဖြစ် ကျွန်တော်တို့ပေးရမယ့် လုပ်ငန်းတစ်ရပ်ဖြစ်တယ်။ ဒီလုပ်ငန်းပြီးမှ ကျွန်တော်တို့က ရွေးကောက်ပွဲကို စာရင်းဇယားမှန်မှန်နဲ့ ရွေးကောက်ပွဲ တစ်ခုလုပ်လို့ ရမယ်။ ဒီဟာကို ကျွန်တော်တို့ အချိန်တစ်ခု ပေးရလိမ့် မယ်။ ဒါ့ကြောင့် နှစ်နှစ်လည်း ဖြစ်ရင်ဖြစ်သွားမယ်လို့ ကျွန်တော်ပြောတာ။ နောက်တစ်ခုရှိသေးတယ်၊ အဲဒါကဘာလဲ ဆိုတော့ ကျွန်တော် တို့ဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဆိုတာ ရှိတယ်။ ဒီဥပဒေဟာ နိုင်ငံသားပေးရမယ့်ပုဂ္ဂိုလ်တွေစိစစ်ပေးဖို့။ ဒါတွေလည်း ဒီမဲပေးတဲ့ ကာလအတွင်းမှာ မကြာရအောင်လုပ်ဖို့ဆိုပြီးတော့ တာဝန်တစ်ခုရှိတယ်။ ဒါလည်း ကျွန်တော်တို့ သက်ဆိုင် ရာတွေနဲ့ဆွေးနွေးပြီးတော့ ဆောင်ရွက်နေတာလည်းရှိတယ်။ ဒါလည်း နှောင့်နှေး နေလို့မရဘူး။

နှောင့်နှေးမယ်ဆိုရင်လည်း ဒါတွေဟာ ကျန်ခဲ့တယ်ဆိုရင်လည်း အဲဒီမှာ ပြဿနာ တစ်ခုကလာလိမ့်မယ်။ ဒါလည်း ဖြေရှင်းဆောင်ရွက်ဖို့ ရှိနေသေးတယ်လို့ ကျွန်တော် ပြောချင်တယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပြောင်းလဲခြင်းရှိ၊ မရှိဆိုတာ UEC ကနိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးနေပါတယ်။ သို့သော် ပါတီစုံဒီမိုကရေစီစနစ်ကနေ ကျွန်တော်တို့ ဘယ်တော့ မှ သွေဖည်သွားမှာမဟုတ်ဘူးလို့ ပြောလိုပါတယ်။

မေး ။ ။ ဗိုလ်ချုပ်မှူးကြီးဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ်သာမက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ်ပါ တာဝန်ထမ်းဆောင် နေရသူတစ်ဦးဖြစ်တဲ့အတွက် ဥပဒေအကြောင်းအရရော လက်တွေ့ အခြေအနေအရပါ နိုင်ငံရဲ့တရားဝင်ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ စောင့်ကြည့် လေ့လာသူများအနေနဲ့လည်း ဗိုလ်ချုပ်မှူးကြီးဟာ လုပ်ငန်းခွင်မှာ ယခင်ကထက် မြန်မာ့ရိုးရာဝတ်စုံကို ပိုမိုဝတ်ဆင်လာတယ်လို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံ ပြည်သူများအကြားမှာလည်း ထင်ပေါ်ကျော်ကြားမှုဟာ ယခင်ကထက်များစွာ ပိုမိုမြင့်မား လာခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိအစိုးရအဖွဲ့ရဲ့ ထိရောက်မှန်ကန်တဲ့ ဆုံးဖြတ်ချက်များနဲ့ စီစဉ်ဆောင်ရွက်ပေးနေမှုတွေဟာ ပြည်ပနိုင်ငံများရဲ့ ဖိအားပေးမှုတွေ၊ ပြည်တွင်းအဖျက် သမားများရဲ့ နှောင့်ယှက် ဖျက်ဆီးမှုများကိုပင်မမှုဘဲ သိသိသာသာ တိုးတက် ကောင်းမွန်လာတာကို တွေ့မြင်နေကြရပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး

တော့ စာဖတ်သူပရိသတ်အနေနဲ့ စိတ်ဝင်စားလျက်ရှိတဲ့ မေးခွန်း တစ်ခုကတော့ လာမယ့်ရွေးကောက်ပွဲမှာ ပြန်လည်စတင်လည်ပတ် လာမည့် နိုင်ငံရေးစင်မြင့်ပေါ်မှာ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်လာနိုင်သလားဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

ဖြေ ။ ။ ကျွန်တော့်ရဲ့ ပုဂ္ဂလိကခံစားချက်က ကျွန်တော်သည် စစ်သားတစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖြစ်ပေါ်ပြီးခဲ့တဲ့ အချိန်ကာလနဲ့ အခြေအနေတွေအရ ကျွန်တော် လုပ်ရတဲ့အလုပ်တွေက နိုင်ငံရေးအလုပ်၊ နိုင်ငံရေးသမား (Politican) ဆိုတာထက် နိုင်ငံရဲ့ တည်ဆောက်ရေးအလုပ်၊ နိုင်ငံပြုသမား(State Man) အလုပ်ကို လုပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးသမား ဆိုတာထက် နိုင်ငံတည်ဆောက်သူ (State Man) အလုပ်ကိုပဲ ပိုပြီး စိတ်ဝင်စားပါတယ်။ ပြည်သူနဲ့ နိုင်ငံတော်အတွက် ကျွန်တော့်အတွေ့ အကြုံတွေကို အကောင်းဆုံးအသုံးချပြီး နိုင်ငံတည်ဆောက်ရေး (State Building) တိုင်းပြည်တည်ဆောက်ရေး (Nation Building) လုပ်ငန်းတွေမှာ ကျရာနေရာကနေ ပါဝင်ဆောင်ရွက်သွားပါမယ်။

မေး ။ ။ ကမ္ဘာမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားနှုန်းဟာ တစ်ဖန်ပြန်လည် မြင့်တက်လာလျက်ရှိပါတယ်။ ဒီလိုအခြေအနေမှာ လက်ရှိမြန်မာနိုင်ငံအစိုးရအနေနဲ့ ပြည်သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမယ့်အခြေအနေနဲ့ ကိုဗစ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုတို့ကို သိရှိ လိုပါတယ်။ ပြည်သူတစ်ရပ်လုံး ကာကွယ်ဆေးထိုးနှံသွားမယ့်အစီအစဉ် တွေရှိပါသလား။ ဒီစီမံကိန်း တွေမှာ ရုရှားနိုင်ငံအနေနဲ့ ဘာများ အကူအညီပေးနိုင်ပါမလဲ။

ဖြေ ။ ။ ကိုဗစ် -၁၉ တတိယလှိုင်းကတော့ ကမ္ဘာ့နိုင်ငံတော်တော် များများကို ရိုက်ခတ်လျက်ရှိပါတယ်။ ကျွန်တော်တို့ စုပေါင်းစွမ်းအားနဲ့ တော်တော်ကို ကြိုးကြိုး စားစား ရင်ဆိုင်ရပါ လိမ့်မယ်။ မြန်မာနိုင်ငံမှာလည်း ဇွန်လနဲ့ အခုဇူလိုင်လအတွင်းမှာ ကူးစက်မှုနှုန်း တော်တော်လေး မြင့်မားလျက်ရှိပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ ပြည်သူအတူလက်တွဲပူးပေါင်းရင်ဆိုင်လျက် ရှိပါတယ်။ အခက်အခဲကတော့ရှိပါတယ်။ ပြည်သူတစ်ရပ်လုံး ကာကွယ်ဆေးထိုးနှံ နိုင်ရေး စီစဉ်ထားမှုတွေရှိပါတယ်။ အိန္ဒိယကနေ ဆေးသန်း ၃၀ မှာခဲ့တယ်။ နှစ်သန်းရောက်ပြီး ပြည်သူ ၁ ဒသမ ၇သန်း ဆေးထိုးပြီးပြီ။ သို့သော် သူတို့နိုင်ငံမှာလည်း ရောဂါကူးစက်ဖြစ်ပွားမှုတွေမြင့်နေတော့ ဆေးတွေ ဆက်မပို့နိုင်တော့ဘူး။ မိတ်ဆွေနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက ကူညီတဲ့ဆေးတွေ ထပ်ရောက်လာဖို့ရှိတယ်။ ရုရှားနိုင်ငံ ခရီးစဉ်မှာ ကျွန်တော်တို့နောက်ထပ်ဝယ်ဖို့ သဘောတူခဲ့တဲ့ဆေးနှစ်သန်း အသုတ် လိုက်ခွဲပြီး ထပ်ရောက်ဖို့ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွင်းမှာပဲ ကိုဗစ်ကာကွယ်ဆေးကို ရုရှားနိုင်ငံရဲ့ အကူအညီနဲ့ ထုတ်လုပ်ဖို့ အခြေခံသဘောတူထားတာ ရှိပါတယ်။ ဒီကိစ္စက ပိုမိုထိရောက်နိုင်ပါတယ်။ ကိုဗစ် ကာကွယ်ဆေးရနိုင်သမျှ ရောင်းချပေးဖို့နဲ့ မြန်မာနိုင်ငံအတွင်းမှာ ကာကွယ်ဆေးထုတ်ဖို့ အစီအစဉ်တွေ ဖြစ်နိုင်သမျှ မြန်မြန်အကောင်အထည်ဖော်နိုင်ဖို့ ကူညီပေးခြင်းအားဖြင့် ရုရှားမြန်မာနှစ်နိုင်ငံအကြား ဆက်ဆံရေးကို တိုးမြှင့်ဖို့ မေတ္တာရပ်ခံလိုပါတယ်။

ယခုလို အနှစ်သာရရှိတဲ့ အမေးအဖြေတွေကို စိတ်ရှည်လက်ရှည် ထဲထဲဝင်ဝင် ရှင်းလင်း ဖြေကြားပေးခဲ့တဲ့အတွက်ရော ကျွန်မတို့ ရုရှားနိုင်ငံအပေါ်ထားရှိတဲ့ ဖြူစင်ရိုးသား ချစ်ခင်လေးစားတဲ့ စိတ်ထားတွေ အတွက်ရော ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြား လိုပါတယ်။ ရုရှားနိုင်ငံဟာလည်း မြန်မာနိုင်ငံလို တိုင်းရင်းသားမျိုးနွယ်စုပေါင်းများစွာ တူယှဉ်တွဲနေထိုင်လျက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြန်မာနိုင်ငံလည်း အမြန်ဆုံး ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဆောလျင်စွာရရှိကာ ရုရှားနိုင်ငံနဲ့လည်း ဆတက်ထမ်းပိုး တိုး၍ ချစ်ကြည်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင် ရွက်သွားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုပါတယ်။

ယခုလို ကျေးဇူးတင်စကား ဆုတောင်းစကားများကို ကြားရတဲ့ အတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းသာပီတိဖြစ်မိပါတယ်။ ရုရှားနိုင်ငံ အကြောင်း အနည်းငယ်ထပ်လောင်း ပြောကြား လိုပါတယ်။ ရုရှား ပြည်သူ၊ ပြည်သားတွေဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဖက်ဆစ်စနစ် ကို ကြံ့ကြံ့ခံတိုက်ဖျက်ခဲ့သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူတွေဟာလည်း ဒီလိုပါပဲ။ ၁၉၉၀ ပြည့်နှစ်တစ်ဝိုက် ကာလ တွေမှာလည်း ရုရှားပြည်သူလူထုအနေနဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ အချို့အင်အားကြီးနိုင်ငံတွေ၊ အဖွဲ့အစည်းတွေရဲ့ စွက်ဖက်မှုကို ကြံ့ကြံ့ခံရင်းရုရှားကို အင်အားကြီးနိုင်ငံအဖြစ် ပြန်လည် တည်ဆောက်ခဲ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံနဲ့ပြည်သူလူထုလည်း ဒီလိုပါပဲ။ သို့သော် ကျွန်တော် တို့က အခုထိ ရုန်းကန်တည်ဆောက်နေရဆဲ ဖြစ်ပါတယ်။ သမိုင်း ဖြစ်စဉ်ဖြစ်ရပ်တွေ၊ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ ရင်ဆိုင်နေရဆဲ အခက်အခဲတွေတူညီကြပါတယ်။ ဒါကြောင့် ရုရှား ပြည်သူပြည်သားတွေရဲ့ စိတ်ဓာတ်နဲ့ လုံ့လဝီရိယတွေကို ချီးကျူးပါတယ်။ မြန်မာနိုင်ငံ ပြည်သူလူထုနဲ့ ကျွန်တော်တို့အစိုးရရဲ့ စစ်မှန်စည်းကမ်းပြည့်၀တဲ့ ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်မှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက် မှုတွေမှာလည်း တတ်နိုင်တဲ့ ဘက်က အားပေးဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။

အောင်ကျော်မိုး