တိုးထုတ်၊ လျှော့စား အကျိုးစီးပွားများပြား
“ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ” ဟူသည့်ဆိုရိုးစကားသည် ကျွန်တော်တို့ဘိုးဘွားများ လက်ထက်က အမှန်တကယ်ဖြစ်ခဲ့သည်ကို ဂုဏ်ပြုတင်စား ဆိုထားခြင်းဖြစ်ပါသည်။ ရာသီဥတုမှန်၊ သီးနှံလည်းအထွက်ကောင်းသဖြင့် အညာတစ်ခွင်တွင် ရာဝင်ဆီအိုးကြီးများ အစီအရီရှိကြသည်ကို ညွှန်းဆိုထားဟန်တူပါသည်။ နွေအခါ ရေကျသွားသည့် ချောင်းရိုးတစ်လျှောက်နှင့် ကုန်းစပ်စပ်မြေတွင် တောင်သူဦးကြီးတို့ မြန်မာ့ဆေးရွက်ကြီးများ စိုက်ကြသည်။ ကျေးရွာအုပ်စုတစ်ခုတွင်ပင် ဧက ၁၀၀ ထက်မက စိုက်ကြသည်။ ဒေသ၏ ဆေးတစ်ဧက အထွက်နှုန်းမှာ ပိဿာ ၁၀၀ ခန့်ဖြစ်သည်။
နွေလကုန်၍ မိုးဦးကျသည်နှင့် နွေအခါက ပြုပြင်ထားသော ထယ်ရေးပေါ်တွင် သီးနှံပက်ကြဲ နိုင်ရန် မိုးထယ်ရေးကို ထပ်မံပြင်ဆင်ကြရသည်။ ရာသီပေါ်ချိန်တွင် ပဲဈေး၊ နှမ်းဈေး အေးလေ့ရှိပြီး မိုးဦးကျ၍ စိုက်ပျိုးချိန်ရောက်သည်နှင့် မျိုးစေ့မျိုးဆန်ဖိုး ကြီးမြင့်တတ်သည်။ ဆီထွက်သီးနှံ စိုက်ရေးတွင် မျိုးပဲဆန်ကို ဦးစွာရင်းနှီးရသည်။ ခေတ်ကာလပြောင်းလဲလာသည်နှင့် မျိုးပဲဆန်ဈေးမှာ တရိပ်ရိပ် တက်လာသည်။ ယခုမိုးဦးကျအချိန်က မျိုးပဲဆန် တစ်တင်းလျှင် ငွေကျပ် ၃၀၀၀၀ ကျော် ဈေးရှိခဲ့ပြီး ပဲပေါ်ချိန်တွင် မြေပဲအတောင့် တစ်တင်းလျှင် ငွေကျပ် ၇၀၀၀ ဝန်းကျင်သာ ဈေးရှိ၍ တွက်ခြေ မကိုက်လှပေ။ မြေပဲတောင့် တစ်တင်းလျှင် အဆန် သုံးပြည်ခွဲခန့်သာ ထွက်လေ့ရှိသဖြင့် ရှေးကလို တင်း ၄၀ ထွက်အောင် ကြိုးစားရတော့သည်။ ဘယ်အချိန် ရွာမည်မှန်းမသိ၊ ဘယ်အချိန်ခွာမည်မှန်း မသိသည့် မိုးကိုမျှော်၍ စိုက်ကြရသော အညာတောင်သူတို့ဘဝမှာ ဥတုရာသီ၏စီရင်ချက်ချခြင်းကို ခံစားနေရသည်။
ယနေ့ဆီထွက်သီးနှံ
မြေပဲနှင့်နှမ်းမှာ မိုးတွင်းတွင်သာစိုက်ပျိုးရလေ့ ရှိသော်လည်း မိုးများသည်ကို မကြိုက်သဖြင့် အညာဒေသနှင့် သင့်လျော်ပါသည်။ နှမ်းများမှာ အပင်ပေါက်စအရွယ်တွင်မိုးများလျှင် အပင်နာတတ်သည့် အလေ့ရှိပြီး အပင်ဖြစ်၍ အပွင့်မြိုင်ချိန်တွင် မိုးများလျှင်လည်း သီးလုံးမထည့်နိုင်ဘဲ ပိုကုန်တတ်ပြန် သည်။ ယခုနှစ်တွင် မိုးများသောကြောင့် နှမ်းထွက်နှုန်း လျော့ကျခဲ့သည်။ သို့သော် မိုးဦးမကျမီက ကြိုကြလေ့ရှိသော မကွေးတိုင်းဒေသကြီး တစ်ခွင်တွင် တစ်ဧကနှမ်းတင်း ၃၀ ခန့်အထိ ထွက်အား ကောင်းခဲ့သည်။ မိုးဦးနှမ်းထွက်နှုန်း လျော့စေခဲ့သော မိုးများမှုကပင်ပြန့်မြေပဲများ အလားအလာကောင်း မည်ဟု မျှော်လင့်သော်လည်း မိုးနှောင်းကာလတွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းမိုးများကြောင့် ဥမဆင်းနိုင်သည့် အဖြစ်မျိုးနှင့်လည်းကြုံတတ်သည်။ မိုးဦးကျသည်နှင့် ကြဲခဲ့သော မြေပဲခင်းများ ဥဆင်းချိန်မိုးများသော်လည်း ထွက်နှုန်းသင့်သည်။ နောက်ကျ၍ကြဲခဲ့ရသော မြေပဲခင်းများမှာ ထွက်နှုန်းလျော့သည်။ နှစ်စဉ် ပုံမှန်ထွက်နှုန်းမှာ မျိုးမြေပဲဆန် တစ်တင်းကြဲလျှင် အတောင့်တင်း ၃၀ ဝန်းကျင်ရှိသော်လည်း ရာသီဥတု မမျှော်မှန်းနိုင်မှုကြောင့် အထွက်လျော့ကျခဲ့သည်။
တောင်သူများအတွက် စိုက်ရေးပျိုးရေးမှာ မြေရှိရုံနှင့်မပြီးပေ။ ရာသီဥတုလည်း ကြည့်ရ၊ ရင်းနှီးမြှုပ်နှံမှုလည်းပြုရသည်။ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာဖိုး၊ လုပ်သားခ၊ မျိုးဆန်ဖိုး အပါအဝင် မြေပဲဆန် တစ်တင်းကြဲရန်အတွက် အရင်းအနှီး ငွေကျပ်တစ်သိန်းအထက်ရှိသည်။ မြေပဲဆန် တစ်တင်းကြဲမှ မြေပဲတောင့် တစ်တင်း ငွေကျပ် ၇၀၀၀ ကျော် ဈေးသာရလျှင် ရှေးကကဲ့သို့ တင်း ၄၀ ရအောင် ဝိုင်းဝန်းကြံစည်ကူညီဆောင်ရွက်ပေး ကြရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဆီအရေး သည် တိုင်းပြည်အရေးဖြစ်နေသည်။ လက်ငင်း ဆီစားသုံးမှုမြင့်တက်လာမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများမှာ ပြည်သူများ မသိမသာနှင့် သိသိသာသာ ခံစားနေကြရသည်။ ပြည်တွင်းဆီ အထွက် လျော့၍ ပြည်ပဆီတင်သွင်းနေရသောကြောင့် ငွေကုန်ကြေးကျများလှပြီ။ ဆီထွက်သီးနှံလည်း တိုးစိုက်၊ ဆီစားသုံးမှုကိုလည်းလျှော့ချမှ တန်ကာ ကျပေလိမ့်မည်။
ပြည်ပဆီအားကိုး
ဆီကို ရေချိုးနိုင်ဖို့ အိပ်မက်ကြီးတစ်ခု ၁၉၉၉ ခုနှစ်ခန့်ကမက်ခဲ့ဖူးသည်။ တနင်္သာရီတိုင်းဒေသကြီး သည် ဆီအုန်းစိုက်ပျိုးမှု အထူးကောင်းမွန်၍ မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်ရမည်ဟု ဆိုခဲ့ကြသည်။ ယခင်သမ္မတကြီး ဦးသိန်းစိန်လက်ထက် တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော်သတင်းလွှာအမှတ်စဉ်(၈) ၌ ၂၀၁၁-၂၀၁၂ ခု ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာနှစ်အထိ တိုင်းဒေသကြီး၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေတင်ပြချက်တွင် ၂၀၁၄၂၀၁၅ ခုနှစ်တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်း ကုမ္ပဏီများ၏ မြေရယူထားရှိမှုနှင့် စိုက်ပျိုးထားမှု အခြေအနေများကို သိရသည်။ ဆီအုန်းအိပ်မက် သည်၂၀၀၀ ပြည့်နှစ်လောက်တွင် စတင်လာခဲ့သည်။ ဆီအုန်းစိုက်ခင်းကြီးများတွင် အလုပ်လုပ်လိုသူများ အား ခရီးစရိတ် အခမဲ့ပို့ဆောင်ပေးကြောင်း၊ နေစရာ အိမ်၊ ဆေးရုံ၊ ကျောင်း၊ ဈေးများပါ စီစဉ်ထားကြောင်း၊ ထိုခေတ်ကာလ လုပ်အားခ တစ်ရက် ငွေကျပ် ၁၀၀၀ ရကြောင်း ကြားသိခဲ့ရဖူးသည်။ သို့သော် ဆီအိုးကြီးအိပ်မက်မှာ လက်တွေ့ ဖြစ်မလာဘဲ တနင်္သာရီဒေသနေအိမ်များ၏ မီးဖိုချောင်တို့တွင် ထိုင်းနိုင်ငံထုတ်ဆီဘူးများသာမင်းမူနေတော့သည်။
မြန်မာနိုင်ငံသည် တစ်ချိန်က အရှေ့တောင်အာရှ၏ ဆီအိုးကြီး၊ အာရှ၏ ဆန်အိုးကြီးအဖြစ် အသိအမှတ်ပြု တင်စားခေါ်ဝေါ်ခဲ့ကြသည်မှာ အမှန် ပင်ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း နည်းပညာခေတ်နောက်ကျမှု၊ ရာသီဥတုပြောင်းလဲမှုများနှင့်အတူ ဆီထုတ်လုပ်မှု ကျဆင်းလာပြီး နိုင်ငံသားများသုံးစွဲမှုမြင့်မားလာ သောကြောင့် စားသုံးဆီကို ပြည်ပမှတင်သွင်းလာရ သည်။ ပြည်ပမှ မှာယူတင်သွင်းရာတွင် ဈေးကွက်၌ ဈေးနှုန်းသက်သာသည့်စားအုန်းဆီကို အမြောက် အမြား တင်သွင်းသောကြောင့် စားသုံးသူများ ကျန်းမာရေးကို ထိခိုက်လာသည့်အပြင် ပြည်တွင်း စားသုံးဆီထုတ်လုပ်သူများ ဈေးကွက်ဝေစု နည်းပါး လာသည်။ စီးပွားရေးအရ ယှဉ်ပြိုင်နိုင်စွမ်း အားနည်း လာမှုတို့ကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်လာရ သည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။
ဆီစားသုံးမှုပိုများ
၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံ၏ဆီစားသုံးမှုနှုန်း မှာ နှစ်စဉ် တန်ချိန် ၁ ဒသမ ၁ သန်း ခန့်ရှိသည်။ ပြည်ပမှ စားသုံးဆီတန်ချိန် ၇၀၀၀၀ ခန့် လစဉ်တင်သွင်းနေရသည်ဟု မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ထို့ကြောင့် ပြည်ပမှ စားသုံးဆီ တန်ချိန် ၈၄၀၀၀၀ ခန့် နှစ်စဉ် တင်သွင်းနေရသည့် သဘောဖြစ်သည်။ ထိုကာလက ဈေးကွက်တွင် စားအုန်းဆီ တစ်ပိဿာ ငွေကျပ် ၁၆၅၀ ရှိသဖြင့် နှစ်စဉ် သန်းပေါင်း မြောက်မြားစွာ ငွေယိုပေါက် ဖြစ်နေသည်။ “မြန်မာနိုင်ငံမှာ စားသုံးဆီ စားသုံးမှု အနေနဲ့ တစ်နှစ်လုံးဆိုတန်ချိန် တစ်သန်းလောက် စားတယ်။ တန်တစ်သန်းမှာ ၈၀ ရာခိုင်နှုန်း တန်ချိန် ရှစ်သိန်းက စားအုန်းဆီ၊ ကျန်တဲ့ နှစ်သိန်းက ပြည်တွင်းထုတ် မြေပဲဆီနဲ့ ပြည်ပက တင်သွင်းတဲ့ နေကြာဆီ၊ ပဲပုပ်ဆီ စားတယ်။ လူတစ်ယောက်ဟာ တစ်နှစ်ကို ၁၂ ကီလိုလောက် စားတယ်။ ခြောက် ပိဿာ၊ ခုနစ်ပိဿာလောက် စားတယ်။ တစ်လကို လူတစ်ယောက် ၆၀ ကျပ်သား သို့မဟုတ် ၇၅ ကျပ်သားလောက် စားသုံးမှုရှိနေပါတယ်”ဟု မြေပဲဆီထုတ်လုပ်သူ လုပ်ငန်းရှင်တစ်ဦး၏ ပြောပြမှုကို မှတ်သားရသည်။ ။
လက်ရှိတွင် မြန်မာနိုင်ငံ၏လူဦးရေ ၇၅ ရာခိုင် နှုန်းကျော်သည် စားအုန်းဆီ သို့မဟုတ် စားအုန်းဆီ ရောသည့် ဆီစားသုံးမှုရှိနေသည်။ ပြည့်ဝဆီ၏ သဘောမှာ ခန္ဓာကိုယ်ထဲ၌ အနည်ကျမည်၊ မပျော် လွယ်။ သွေးကြောထဲ၌ အနည်ကျမည်၊ သွေးကြောကို ကျဉ်းမြောင်းစေသည်။ အသည်းမှ အဆီကို ဖျက်ရသည့် တာဝန်ရှိသည်။ ပဲဆီ၊ နှမ်းဆီ၊ နေကြာ ဆီတို့ကို အသည်းက ချေဖျက်နိုင်သော်လည်း စားအုန်းဆီကို လွယ်ကူစွာ မချေဖျက်နိုင်ပေ။ ထို့ကြောင့် အသည်းတွင် အဆီဖုံးခြင်း၊ သွေးကြော နံရံများ၌ အဆီကပ်ပြီး သွေးကြောကျဉ်းစေသည်။ ယင်းသည် ပြည့်ဝဆီ၏ သဘာဝဖြစ်သည်။ အရည်အသွေးမမီသည့် မြေပဲဆီတွင် မှိုရှိတတ်သည်။ အရည်အသွေးမီသည့် မြေပဲဆီသည် အနံ့အရသာ ကောင်းပြီး ပါအောက်ဆိုက်ဓာတ်၊ အက်စစ်ဓာတ်နိမ့်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည်။ ထို့ကြောင့် ဆီကြိုက်တတ်သော ကျွန်တော်တို့ပြည်သူများ အနေဖြင့် ဆီနှင့်ပတ်သက်၍ သတိပြုသင့်သည်။
အမျိုးသားအကျိုးစီးပွား
စားသုံးဆီဈေးကွက်ကို နိုင်ငံတော်မှ ခိုင်ခိုင်မာမာ အကာအကွယ်ပေးနိုင်လျှင် ပြည်တွင်း ဆီလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာနိုင်သည်။ ဆီထွက် သီးနှံစိုက်ပျိုးရေးတွင် မျိုးထုတ်ပေးခြင်း၊ စိုက်ပျိုးစရိတ် ထုတ်ပေးခြင်း၊ သီးနှံပေါ်ချိန် ပြန်ဝယ်ပေးခြင်း စသည်တို့ကို နိုင်ငံတော်နှင့်အတူလုပ်ငန်းရှင်များက ပံ့ပိုးကူညီနိုင်ကြသလို ဝိုင်းဝန်းဆောင်ရွက်ကြပါက ဆီအိုးကြီးဖြစ်လာနိုင်သည်။ ထိုသို့ဆောင်ရွက်နိုင်ပါက စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးလာနိုင်ပြီး ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးလာပြီး အလုပ်အကိုင်များ တိုးပွားမည်။ ကျန်းမာရေးနှင့် ညီညွတ်သည့် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများ ထုတ်လုပ်လာနိုင်မည်။ ဆီစက်များ ဖွံ့ဖြိုးလာလျှင် ဘေးထွက်ပစ္စည်းများလည်း ထွက်လာမည်။ မြေပဲဖတ်၊ နှမ်းဖတ်များသည်သားငါး မွေးမြူရေး အစားအစာအတွက် ပံ့ပိုးနိုင်မည်ဖြစ်၍ သားငါးဈေးနှုန်းလည်း တည်ငြိမ်ကျဆင်းလာနိုင် သည်။ ထို့အပြင် စိုက်ပျိုးရေး၊ ဆီစက်နှင့် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာသဖြင့် အလုပ်အကိုင် အခွင့် အလမ်းများ ပေါများလာမည်ဖြစ်ရာ ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။
ကမ္ဘာတွင် အကောင်းဆုံး စားသုံးဆီငါးမျိုးတွင် မြန်မာနိုင်ငံမှ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ သုံးမျိုးပါဝင်ပြီး ယင်းတို့ကို ထုတ်လုပ်နိုင်သည့် အနေအထားရှိသည်ဟု ဆီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ၎င်းဆီ သုံးမျိုးကို ပြည်တွင်း၌ စိုက်ပျိုး ထုတ်လုပ်ကြပြီး ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ ရောင်းချခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရှာဖွေနိုင်သည်။ ထိုအခြေအနေ အိပ်မက်သာဖြစ်ရခြင်းသည် ဈေးသက်သာသော စားအုန်းဆီတင်သွင်းမှုကြောင့်ဟု သုံးသပ်ကြသည်။ လယ်ယာကဏ္ဍ၌ ဆီထွက် သီးနှံဖွံ့ဖြိုးမှု ဆုံးရှုံးခဲ့သည်။ ဆီစက်လုပ်ငန်းများ ရပ်ဆိုင်းသွားသည်။ စားသုံးသူပြည်သူများ ဈေးသက်သာသော ပြည့်ဝဆီများ စားသုံးသည့်အတွက် ကျန်းမာရေး ထိခိုက်ကြသည်။ ဆီစက်များ မလည်ပတ်နိုင်သည့် အတွက် တိရစ္ဆာန် အစားအစာ မထုတ်လုပ်နိုင်သဖြင့် အသားငါးဈေးနှုန်းကြီးမြင့် ခြင်းကို ဖြစ်စေသည်။ နိုင်ငံခြားငွေ ကုန်ကျမှုများ များနေသည်။ အလုပ်အကိုင်များ ဆုံးရှုံးစေသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးရေးသည် အဓိက အချက်ဖြစ်သည်။ ဆီထွက်သီးနှံစိုက်ပျိုးရေးသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ပေးခြင်းဖြစ် သည်။ တိုင်းပြည်အကျိုးစီးပွားကို ဖော်ဆောင်ခြင်း ဖြစ်သည်။ ယင်းကို စကြဖို့အတွက်နိုင်ငံတော်အကြီး အကဲက လမ်းညွှန်ခဲ့ပြီးဖြစ်သည်။ ခိုင်မာသည့် စားသုံးဆီမူဝါဒကောင်းကို အမြန်ဆုံးအကောင် အထည်ဖော်ရေးအတွက် ဆီထွက်သီးနှံများများစိုက်ရေး ဝိုင်းဝန်းကူညီပေးကာ ဆီစားသုံးမှုကို လျှော့ချပေးခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူအကျိုး စီးပွားတိုးပွားလာမည် ဖြစ်ပါကြောင်း။ ။
ကိုရင်မောင်