ဘဝတိုးတက်အောင်မြင်မှုအတွက်လေ့လာသင်ယူလိုစိတ်
လူ့ဘဝဆိုသည်က အသက်အရွယ်မရွေး ဘဝ၏အတက်အကျ၊ အနိမ့် အမြင့်၊ အောင်မြင်မှု ကျရှုံးမှုဆိုသည့် လောကများကိုကြုံတွေ့ကြရ၊ ရင်ဆိုင်ကြရ၊ ဖြတ်ကျော်ကြရပါသည်။ ဘ၀တစ်ခု အား အတက်အကျ၊ အနိမ့်အမြင့် လှိုင်းတံပိုးများအောက်တွင် ရှင်သန်ရပ်တည်ရေး ကြိုးစားအား ထုတ်ရသည်မှာ ဘဝ၏အစိတ်အပိုင်းတစ်ရပ်ပင်ဖြစ်ပါသည်။ ထိုသို့ရင်ဆိုင်ဖြတ်ကျော်ကြရာ တွင် အခက်အခဲများကို တည်ငြိမ်စွာ ရင်ဆိုင်ဖြတ်ကျော်နိုင်ရန်နှင့်အောင်မြင်သောဘဝတစ်ခု တည်ဆောက်ရန်ဆိုပါက ရေစုန်မျှောလိုသည့် စိတ်သဘောထားများကို ရှောင်ရှားကြရမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မိမိတို့ဘဝအပေါ် ရိုက်ခတ်လာသည့် အပြောင်းအလဲများအလိုက် တုံ့ပြန် နိုင်သည့် နည်းလမ်းများနှင့် ဘဝရည်မှန်းချက်များ ချမှတ်ကျင့်ကြံ အားထုတ်ရန်လည်း လိုအပ်မည်ဖြစ်သည်။ ထိုနည်းလမ်းများအနက် ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေ အနေနှင့် အညီ သင်ယူလိုစိတ်နှင့် စဉ်ဆက်မပြတ်သင်ယူခြင်း နည်းလမ်းသည် အောင်မြင်သောနည်း လမ်းတစ်ခု ဖြစ်ပါသည်။
ဘဝရပ်တည်နေရေးနှင့် လေ့လာသင်ယူမှုနှင့်ပတ်သက်၍ မဟတ္တမဂန္ဒီကသင်သည် မနက်ဖြန် သေရတော့မည်ကဲ့သို့ နေထိုင်ပါ။ ထာဝရအသက်ရှင်နေရမည်ဆိုသကဲ့သို့ သင်ယူပါ။ Live as if you were to die tomorrow. Leam as if you were to live forever. ဟုဆိုခဲ့ပါသည်။ လေ့လာသင်ယူလိုစိတ်သည် ဘဝတစ်ခု ရေရှည် ရပ်တည်နိုင်ရန်အတွက် အခြေခံလိုအပ်ချက် တစ်ရပ်ပင် ဖြစ်ပါသည်။
အရေးပါသော ကိုယ်ရည်ကိုယ်သွေး
လူတစ်ဦးအတွက် စဉ်ဆက်မပြတ်သင်ယူခြင်းဆိုသည်မှာ အသစ်အဆန်းတော့ မဟုတ်ချေ။ လူတိုင်း၏နေ့စဉ်လက်တွေ့ဘဝများတွင်ကြုံတွေ့နေရသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ဘဝ၏လုပ်ငန်းစဉ်တစ်ရပ်ဟု ဆိုနိုင်ပါသည်။ ထိုစဉ်ဆက်မပြတ် လေ့လာသင်ယူရန်အတွက် အခြေခံလိုအပ်ချက်မှာ လေ့လာသင်ယူလိုစိတ်ဖြစ်ပါသည်။
လေ့လာသင်ယူလိုစိတ်သည် ဘဝတွင် အောင်မြင်မှု၊ တိုးတက်မှုများ ရရှိရန်အတွက် အထောက် အကူဖြစ်စေသည့် အဓိကကျသော - ကိုယ်ရည်ကိုယ်သွေးသို့မဟုတ်ပရော်ဖက်ရှင်နယ် အပြုအမူ တစ်ရပ်ဖြစ်သည်။ သဘောမှာ မိမိတို့၏အရည်အသွေးများဖြင့် ကျေနပ်ပျော်ရွှင်ခြင်းများ၊ အတွေ့အကြုံသစ်များ၊ ကျွမ်းကျင်မှုအသစ်များနှင့် သတင်းအချက်အလက်များကို ရှာဖွေခြင်း သို့မဟုတ် ဖွင့်ထားခြင်းပင်ဖြစ်သည်။ လေ့လာသင်ယူလိုသည့် အရည်အသွေးသည် ပြောင်းလဲနေ
သည့်ကမ္ဘာ သို့မဟုတ် မိမိနှင့် မိမိတို့ပတ်ဝန်းကျင်အတွင်း လိုက်လျောညီထွေမှုကို ဖြစ်စေပါ သည်။ ထို့အပြင် လေ့လာသင်ယူလိုစိတ်ကြောင့် အချိန်စီမံခန့်ခွဲခြင်း၊ ပေါင်းသင်းဆက်ဆံခြင်း၊ ကျွမ်းကျင်မှု၊ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းကဲ့သို့သော ဘဝအောင်မြင်မှုအတွက် လိုအပ် သည့်အရေးပါသော ကျွမ်းကျင်မှုများကို စဉ်ဆက်မပြတ် တိုးတက်စေနိုင်ပါသည်။
အသက်မွေးဝမ်းကျောင်းတိုးတက်မှု
လူတစ်ဦးအတွက် မိမိအသက်မွေးဝမ်းကျောင်းပညာ သို့မဟုတ် မိမိဘဝရည်မှန်းချက်များ အောင်မြင်ရန်နှင့် ရေရှည်တိုးတက်စေရန် အတွက် မိမိ၏လေ့လာသင်ယူလိုစိတ်ကို အစဉ်တစိုက် ပြုစုပျိုးထောင်ရန်နှင့် တိုးတက်နေစေရန် အရေးကြီးပါသည်။ ဥပမာအား ဖြင့် လုပ်ငန်းတူ အခြားသူများနှင့် နှိုင်းယှဉ်လျှင်ပင် လေ့လာသင်ယူ လိုစိတ်ရှိသူသည် မိမိလုပ်ငန်း ပိုမိုကောင်း မွန်တိုးတက်ရေးအတွက်ပြောင်းလဲနေသည့် အခြေအနေနှင့်အညီ စဉ်ဆက်မပြတ် လေ့လာ သင်ယူနေသဖြင့် မိမိ၏ လုပ်ငန်းသည် ရေရှည်တိုးတက်အောင်မြင် နိုင်ပါသည်။
အသိပညာဗဟုသုတအသစ်များရရှိရန်နှင့် တိုးတက်ရန် အသင့် ရှိမှု သို့မဟုတ် ဆလိုလားချက်ဟု လေ့လာသင်ယူလိုစိတ်ကို ဖွင့်ဆိုကြပါသည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် မိမိပညာ၊ လုပ်ငန်း၊ ကျွမ်းကျင်မှုတို့အား လက်ရှိအခြေအနေအတိုင်း ကျေနပ်ရောင့်ရဲနေခြင်းမဟုတ်ဘဲ |အရည်အ သွေး ပိုမိုတိုးတက်ရန်နှင့် မြှင့်တင်လိုသော ဆန္ဒများရှိနေခြင်း ပင် ဖြစ်သည်။ ယင်းဆသည် စဉ်းစားတွေးခေါ်မှုကို ပိုမိုအလုပ်လုပ် လာစေရန် အရေးကြီးသည့်အလေ့အကျင့်ဖြစ်ပြီး ဘဝတစ်သက်တာ လုပ်ဆောင်နေရမည့် အလေ့အကျင့်ဖြစ်သဖြင့် မည်သည့်အခါမျှ ပြီးဆုံးမည် မဟုတ်ချေ။ သို့မှလည်း လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသော ပတ်ဝန်းကျင်တွင် မိမိအသက် မွေးဝမ်းကျောင်းလုပ်ငန်း အောင်မြင်မှုနှင့် ဘဝရေရှည်တိုးတက်မှုကို ရရှိစေနိုင်ပေလိမ့်မည်။
လေ့လာသင်ယူလိုခြင်း၏အခြေခံ
လေ့လာသင်ယူခြင်းသည် ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးတို့အပြင် အခြားသော ကဏ္ဍများ အားလုံးတွင် အရေးကြီးပေသည်။ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိလုပ်ငန်းအတွက် ဝန်ထမ်း ခန့်အပ်ရာတွင် လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုများအပြင် လေ့လာသင်ယူလိုစိတ် ကဲ့သို့သော အရည်အသွေးရှိသူများကို ရှာဖွေခန့်အပ်လေ့ရှိကြသည်။ လေ့လာသင်ယူလိုစိတ်ရှိမှသာ စဉ်ဆက် မပြတ် လေ့လာနေမည်ဖြစ်သည်။ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဖြင့် မိမိတာဝန်ယူရသည့် လုပ်ငန်းနယ်ပယ်တွင် တိုးတက်မှုတို့ကို ရရှိနိုင်မည်ဖြစ်သည်။
လေ့လာသင်ယူလိုစိတ်အခြေခံရှိခြင်းဖြင့် အသစ်တီထွင်ဖန်တီးမှုများ ရရှိနိုင်ခြင်း၊ အသစ်လေ့လာ သိရှိမှုဖြင့် ပညာဗဟုသုတနှင့် ကျွမ်းကျင်မှုပိုမိုရရှိပြီး အတွေးအခေါ်သစ်၊ အကြံဉာဏ်သစ်များ ရရှိနိုင်ခြင်း၊ လုပ်ငန်းတိုးတက်အောင်မြင်ခြင်းနှင့် အဆင့်တိုးမြှင့်ခြင်း၊ ပြဿနာ တစ်ရပ်ဖြေရှင်း ရန် များစွာအထောက်အကူဖြစ်စေခြင်း၊ စိန်ခေါ်မှုအသစ် များအတွက်အသင့်ဖြစ်ခြင်း၊ ယုံကြည်မှု တိုးမြင့်စေခြင်း၊ ပြုပြင်ပြောင်းလဲ လွယ်ခြင်းကဲ့သို့သော အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါ သည်။
လေ့ကျင့်ပျိုးထောင်ခြင်း
လေ့လာသင်ယူလိုစိတ်မှာ အောင်မြင်လိုသူတိုင်းအတွက်များစွာ အရေးပါသဖြင့် အမြဲမပြတ် မွေးမြူရန် လိုအပ်ပါသည်။ ယင်းလေ့လာ သင်ယူလိုစိတ်ကို အသက်အရွယ်မရွေး လေ့ကျင့်ပြုစု ပျိုးထောင်နိုင်ပါ သည်။ မြန်မာဆိုရိုးစကားတွင် ပညာလိုအိုသည်မရှိဟု ဆိုပါသည်။
“လေ့လာသင်ယူမှုဟာ အပြောင်းအလဲတွေကိုရင်ပေါင်တန်းနိုင်ဖို့အတွက် တစ်သက်တာ လုပ်ငန်းစဉ်ဖြစ်တယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့လက်ခံပါတယ်။ ပြီးတော့ အရေးကြီးဆုံး လုပ်ငန်းကတော့ ဘယ်လိုလေ့လာ သင်ယူရမယ်ဆိုတာကို လူများကို သင်ပေးဖို့ဟာ အရေးကြီးဆုံးလုပ်ငန်းတစ်ရပ် ဖြစ်တယ်” We now accept the fact that learning is a lifelong process of keeping abreast of change. And the most pressing task is to teach people how to learn. ဟု စီမံခန့်ခွဲမှုဆိုင်ရာပညာရှင် ပီတာဒရပ်ကားက ဆိုပါသည်။
လေ့လာသင်ယူလိုစိတ်ရှိရန်မိဘများအနေဖြင့်မိမိကလေးများကို လေ့ကျင့်ပေးနိုင်ပါသည်။ ဥပမာအားဖြင့် ကလေးငယ်များအား စာဖတ်သည့် အလေ့အကျင့် ပြုစုပျိုးထောင်ပေးခြင်း၊ မိဘနှင့်အတူ စာဖတ်ခြင်း၊ ကလေးအပေါ်ယုံကြည်မှုထားခြင်း၊ ကလေး၏ ကြိုးစား အားထုတ်မှု အား အသိအမှတ်ပြုခြင်း၊ ပတ်ဝန်းကျင်လေ့လာစူးစမ်း လိုစိတ် ပြုစုပျိုးထောင်ခြင်းကဲ့သို့သော နည်းလမ်းများဖြင့် ပြုစု ပျိုးထောင်နိုင်ပါသည်။ ထို့အတူ စာသင်ကျောင်းများတွင်ကျောင်းသား ကျောင်းသူများအား သင်ခန်းစာများသင်ကြားရာတွင် ကျောင်းသား များကိုယ်တိုင် ဆက်လက် လေ့လာသင်ယူလိုစိတ် ဖြစ်လာစေရန် ပြုစု ပျိုးထောင်ရန် လိုအပ်ပါသည်။ မိမိကိုယ်တိုင်လေ့ လာသင်ယူလိုစိတ်ကို ငယ်စဉ်ကပင် ပြုစုပျိုးထောင်ခြင်းဖြင့် ကလေး၏ဘဝတစ်လျှောက် အောင်မြင်ရန် ပိုမိုလွယ်ကူစေမည်ဖြစ်ပါသည်။
ယနေ့ကာလသည် ပညာရပ်များ၊ နည်းပညာများ၊ ဆက်သွယ်ရေး စနစ်များ တိုးတက်မြင့်မား နေသည်ဖြစ်ရာ ကျောင်းပြင်ပလေ့လာ သင်ယူမည်ဆိုပါကလည်း လက်တစ်ကမ်းတွင် ရရှိနေပြီ ဖြစ်သည်။ သို့သော်လည်း နယ်ပယ်ပေါင်းစုံ ပညာရပ်များနှင့် ကျွမ်းကျင်မှုများ လွယ်လင့် တကူဖြင့် မည်မျှပင်လေ့လာသင်ယူနိုင်သည်ဖြစ်စေကာမူ လေ့လာသင်ယူလိုစိတ်မရှိပါက ပညာနှင့် ကျွမ်းကျင်မှု ရရှိမည်မဟုတ်ချေ။ ငယ်စဉ်က မိမိတို့သင်ကြားခဲ့ရသော သျှင်ဒိသာပါ မောက်ရဟန်း ကဲ့သို့ပင်။ သျှင်ဒိသာပါမောက်ရဟန်းသည် ငယ်စဉ်က အမှုမဲ့အမှတ်မဲ့ နေခဲ့သဖြင့် စာပေမတတ်ခဲ့သော်လည်း အသက်၆၀ အရွယ်မှတွေးတော သတိရမိသဖြင့် တစ်နေ့လျှင် ဒန်ပူတစ်ထောက်စာမျှ လေ့လာဆည်းပူး ခြင်းဖြင့် စာပေကျမ်းဂန်တတ် ဆရာတော်တစ်ပါး ဖြစ်ခဲ့ပါသည်။ ယင်းသည် လေ့လာသင်ယူလိုစိတ်ရှိခြင်းနှင့် လေ့လာသင်ယူစိတ်ကို အသုံးချခြင်း သဘောဖြစ်သည်။ ။
အဟန့်အတားများ
လေ့လာသင်ယူမှုသည် ရှုပ်ထွေးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ သို့ဖြစ်ရာ လေ့လာသင်ယူ စိတ်ပြုစုပျိုးထောင်ရာတွင် အဟန့်အတားများ တွေ့ရှိရတတ်ကြပါသည်။ သို့သော် ကြုံတွေ့ ရသည့် အဟန့်အတားများသည် တစ်ဦးနှင့်တစ်ဦး ကွဲပြားမှုများရှိနိုင်ပါသည်။ ယေဘုယျအား ဖြင့် တစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး၊ စိတ်ခံစားမှု၊ ငွေကြေးအခြေအနေ၊ စိတ်နေသဘော ထား နှင့်ပတ်ဝန်းကျင် အခြေအနေတို့ တွေ့ရသည်။ ယင်းအခက်အခဲများတွင် အချို့ကို လျော့နည်း စေရန် သို့မဟုတ် ဖယ်ရှားကျော်လွှားနိုင်ပါသည်။ ထို့အပြင် အခြား တွေ့ရှိရသော အခက်အခဲအချို့မှာ အချိန်နည်းပါးခြင်း၊ ယုံကြည်မှု အားနည်းခြင်း၊ လက်ရှိအခြေအနေအပေါ် မိမိကိုယ်မိမိ ကျေနပ်နှစ်သိမ့် နေခြင်း၊ အခြေခံကျွမ်းကျင်မှုလိုအပ်ခြင်း၊ လေ့လာသင်ယူရန် အခွင့် အရေးနှင့်ပတ်သက်၍သတင်းအချက်အလက်မရရှိခြင်း၊သင်ယူရမည့်အစီအစဉ်ဆိုင်ရာအခက်အခဲရှိခြင်း၊ စိတ်အားထက်သန်မှု အားနည်းခြင်းနှင့် လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရှိခြင်းတို့ကို တွေ့ရပါ သည်။
ပြုစုပျိုးထောင်ရန်နည်းလမ်းများ
ဘဝတွင် အောင်မြင်မှုများဆွတ်ခူးနိုင်ရန်လေ့လာသင်ယူလိုစိတ်ကို ပြုစုပျိုးထောင်နိုင်ပါသည်။ ကောင်းမွန်သောအရာတိုင်းသည် တစ်စုံတစ်ခုပြုလုပ်ရန် စိတ်အားထက်သန်ခြင်း သို့မဟုတ် ဆန္ဒနှင့်စတင်ပါသည်။ လေ့လာသင်ယူလိုစိတ်သည် ဘဝအောင်မြင်မှုတို့ အတွက် စတင်ရာနေရာ ဖြစ်ပါသည်။ ထို့အပြင် ပရော်ဖက်ရှင်နယ် အဖြစ် ထူးချွန်စေရုံသာမက မှတ်ဉာဏ်နှင့် လေ့လာသင်ယူမှုကိုလည်း တိုးတက်စေသည်ဟုဆိုပါသည်။ ပညာဗဟုသုတ ပိုမိုပြည့်စုံစေရန်နှင့် စိတ်အားထက်သန်စွာ လေ့လာလိုစိတ်ရှိစေရန် မိမိကိုယ်မိမိတွန်းအားပေးခြင်းဖြင့် အောင်မြင်မှု နည်းလမ်းများလည်း ပိုမိုရှင်းလင်းလွယ်ကူ လာမည်ဖြစ်သည်။ သို့ဖြစ်ရာ မိမိ၏လေ့လာသင်ယူ လိုစိတ်ကို အောက်ပါနည်းလမ်းအချို့ဖြင့် မြှင့်တင်နိုင်ပါသည် -
၁။ မိမိ၏စိတ်အားထက်သန်မှုကို ဖော်ထုတ်ခြင်း၊
၂။ နောက်ဆုံးအခြေအနေနှင့်အညီ လေ့လာသင်ယူခြင်း၊
၃။ မိမိ၏ကျွမ်းကျင်မှုများတိုးတက်နေခြင်းအားရပ်မပစ်ခြင်း၊
၄။ စိန်ခေါ်မှုများကို ရှာဖွေခြင်း၊
၅။ သမားရိုးကျမဟုတ်သော စဉ်းစားတွေးခေါ်နည်းကိုလေ့လာခြင်း၊
၆။ အတွေ့အကြုံအသစ်များအတွက် ဖွင့်ထားခြင်း၊
၇။ စိတ်ဝင်စားမှု စတင်ပျိုးထောင်ခြင်း၊
၈။ အခြေခံပညာဗဟုသုတများကို ဆည်းပူးခြင်း၊
၉။ မေးခွန်းများ မေးမြန်းခြင်း၊
၁၀။ ပတ်ဝန်းကျင်တွင် မိမိနှင့်သင့်တော်မည့်သူများ ရှိစေခြင်း၊
၁၁။ ဘဝ၏ ပိုမိုအဓိပ္ပာယ်ရှိမှုကို ရှာဖွေခြင်း၊
၁၂။ လေ့လာလိုစိတ်အမြဲရှိစေရန် လုပ်ဆောင်ခြင်း၊
၁၃။ မိမိအားပျော်ရွင်စေမည့်အရာများကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ခြင်း။ ။
အောင်မြင်သောဘဝများ တည်ဆောက်
အောင်မြင်လိုသူတိုင်းအတွက် ကြိုးစားအားထုတ်မှု လိုအပ်မည် ဖြစ်သကဲ့သို့ ကြုံတွေ့လာရ သည့်စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စွမ်းလည်း လိုအပ်မည်ဖြစ်ပါသည်။ ယင်းအခက်အခဲများကို လေ့လာသင်ယူလို စိတ်စွမ်းအားဖြင့် ဖြတ်ကျော်ကြရမည်ဖြစ်သည်။ ခေတ်အဆက်ဆက် တိုးတက်အောင်မြင်သူတိုင်းသည် လေ့လာသင်ယူလိုစိတ်ဖြင့် ဘဝကို အဆင့်ဆင့်အောင်မြင် အောင် ကြိုးစားခဲ့ရသူများ ဖြစ်ကြပါသည်။အောင်မြင်မှုအတွက် အဓိကအချက်က တစ်သက် တာသင်ယူမှုမှာ မြှုပ်နှံထားခြင်းပင်ဖြစ်ကြောင်း စတီဖင်ကိုဗေးက ဆိုထားပါသည်။ လေ့လာသင် ယူလိုစိတ်မရှိဘဲ တစ်သက်တာ သင်ယူမှုနှင့် အောင်မြင်မှု များရရှိရန် ခက်ခဲနိုင်ပါသည်။ ယနေ့ ကဲ့သို့ လေ့လာသင်ယူရန် လွယ်ကူ နေသောအခြေအနေနှင့် အချိန်အခါတွင် မိမိကိုယ်တိုင်ဖြစ်စေ၊ လူငယ် လူရွယ်များကိုဖြစ်စေ လေ့လာသင်ယူလိုစိတ်ပြုစုပျိုးထောင်ခြင်း သို့မဟုတ် ပျိုးထောင် ပေးခြင်းဖြင့် အောင်မြင်သောဘဝများ တည်ဆောက်နိုင်မည် ဖြစ်ပါသည်။