Skip to main content

မြန်မာပြည်ရဲ့ နိုင်ငံရေးမိုးသက်လေပြင်းများ

ရှေးသရောအခါ ပြည်မြန်မာဝယ် ဒီစကားလေးနဲ့ စလိုက်ချင်ပါတယ်။

မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့အတူ နိုင်ငံရေး မိုးသက်လေပြင်းတွေက တွဲပြီးပါလာတယ်။ လွတ်လပ်ရေးရခါစ ၁၉၄၈-၁၉၄၉ အချိန်ကဆိုရင် နိုင်ငံရေးမိုးသက်လေပြင်းတင်မကဘူး။ နိုင်ငံရေး မုန်တိုင်းတွေပါ ကြမ်းကြမ်းတမ်းတမ်း တိုက်ခတ်တာခံခဲ့ရတယ်။ နိုင်ငံရေးလေပြည်လေညင်းတွေ ကတော့ ခဏတစ်ဖြုတ်တာ တိုတောင်းတဲ့ကာလ လေးတွေမှာပဲ တိုက်ခတ်ခြင်းကို ခံခဲ့ရတယ်။

မျှဝေချင်တဲ့ဆန္ဒတွေ ပေါ်လာ

စာရေးသူကိုယ်တိုင်နိုင်ငံရေး မိုးသက်လေပြင်းထဲမှာ နှစ်ပေါင်း ၅၀ ကျော်ကြာ ဖြတ်သန်းလျှောက် လှမ်းခဲ့ရတဲ့ အတွေ့အကြုံအချို့ကို ပြန်လည်ပြီးတော့ မျှဝေချင်တဲ့ ဆန္ဒတွေ ပေါ်လာပါတယ်။ အထူးသဖြင့်တော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီးတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအချိုး အကွေ့တစ်ခုကို ရောက်ရှိလာတဲ့ အချိန်မှာတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးမိုးသက်လေပြင်းတွေဟာ ပိုမိုပြင်းထန်ကြမ်းတမ်းစွာ တိုက်ခတ်လာ ပြန်တယ်။

ဒီဖြစ်စဉ်တွေ အပေါ်မှာကြည့်ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က ကိုယ်တိုင်ကြုံတွေ့ခဲ့ရ တဲ့အဖြစ်အပျက် တချို့ကို ပြန်ပြီးမြင်ယောင်လာတယ်။ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်တစ်ဝိုက်မှာ ဝန်ကြီးချုပ်ဟောင်းဦးနုဟာ တိုင်းရင်းသားဒေသ တွေကိုထွက်သွားပြီးတော့ ပါလီမန်ဒီမိုကရေစီပါတီ ကို တည်ထောင်ပြီး အာဏာပြန်ရရှိရေး အတွက် လက်နက်ကိုင်တိုက်ပွဲကို ဆင်နွှဲခဲ့ပါတယ်။ ဝန်ကြီးချုပ် ဟောင်းဦးနုရဲ့ ပါလီမန်ဒီမိုကရေစီပါတီဟာ ခေါင်းဆောင်မှုအပိုင်းမှာ အတော်အားကောင်းခဲ့ပါတယ်။

ဦးနုနဲ့အတူ ရဲဘော်သုံးကျိပ်ဝင်တွေဖြစ်ကြတဲ့ ဗိုလ်မှူးအောင်၊ ဗိုလ်လက်ျာ၊ ဗိုလ်စကြာ၊ ဗိုလ်ရန်နိုင်၊ ရဲဘော် သုံးကျိပ်ဝင်လေးဦး၊ လေတပ်ဦးစီးချုပ်ဟောင်း တီကလစ်၊ လွတ်လပ် ရေးရခါစ တပ်မတော် ဒု-ကာကွယ်ရေး ဦးစီးချုပ်ဟောင်း စောကြာဒိုး စတဲ့ပုဂ္ဂိုလ်ကြီးတွေ ပါဝင်ခဲ့ ကြပါတယ်။ တိုင်းပြည်ကို နိုင်ငံရေးအရရော၊ စစ်ရေးအရရော ခေါင်းဆောင်ခဲ့တဲ့၊ အတွေ့အကြုံ ကြီးမားကြတဲ့ပုဂ္ဂိုလ်တွေ ပါဝင်ခဲ့ကြပါတယ်။

ပါလီမန်ဒီမိုကရေစီပါတီဟာ နိုင်ငံရေးအရှိန် အဝါ အတော်လေးကြီးမားခဲ့ပါတယ်။ အင်အား လည်း တောင့်တင်း ခဲ့ပါတယ်။ အနောက်နိုင်ငံက အကူအညီတွေလည်း အတော်ရခဲ့ပါတယ်။ ပါလီမန်ဒီမိုကရေစီ ပါတီကို အတိုကောက် (PDP) လို့ အခေါ်များပါတယ်။

PDP တပ်ဖွဲ့မှာ လက်နက်တပ်ဆင်မှုမှာ အတော့်ကိုခေတ်မီပါတယ်။ ဗီယက်နမ်စစ်ပွဲက အရှိန်ပြင်းနေတဲ့ အချိန်ဖြစ်တဲ့အတွက် လက်နက်တွေဟာ အလွယ်တကူဝယ်ယူ တပ်ဆင်လို့ရပါတယ်။ တိုင်းရင်းသား တပ်ဖွဲ့ တွေမှာ ဒုတိယကမ္ဘာစစ် လက်ကျန် ဘရင်းဂန်း၊ စတင်းဂန်း၊ ကာဘိုင် ရိုင်ဖယ်တွေပဲ ကိုင်ဆောင်နေရတဲ့ အချိန်မှာ PDF တပ်ဖွဲ့တွေက M-16 မောင်းပြန်ချေမှုန်းရေးရိုင်ဖယ် HK - 33 မောင်းပြန်ချေမှုန်းရေး ရိုင်ဖယ်၊ M - 79 ဂရင်းနစ်လောင်ချာ၊ M - 72 တစ်လုံးထိုးတင့်ဖျက် လောင်ချာတွေ တပ်ဆင်ပြီးတော့ တိုက်ပွဲဝင်ခဲ့ပါတယ်။ PDP ပါတီမှာ ဘဏ္ဍာရေးဘယ်လောက် ကြွယ်ဝလဲဆိုရင် ဦးနုရုပ်ပုံပါတဲ့ ရွှေဒင်္ဂါးပြားတွေ ရိုက်နှိပ်ပြီးတော့ ထုတ်ဝေခဲ့ပါတယ်။

ရှေ့တန်းက PDP တပ်မှူးတွေဟာ ဘေးလွယ် အိတ်ထဲမှာ ရွှေဒင်္ဂါးပြားထည့်ပြီးတော့ မော် ကြွားကြွားနဲ့ သုံးစွဲခဲ့ပါတယ်။ တိုက်ပွဲဖြစ်လို့ရှိရင် PDP တပ်က တပ်သားတွေဟာ M-16 တို့ HK-33 တို့ မောင်းပြန် ရိုင်ဖယ်တွေကို အတွဲလိုက် ဖောခြင်းသောခြင်းပစ်ပြီးတော့ ကျည်ကုန်ရင် ကျည်ပေါက် ကိုဖြုတ်ပြီး လွှင့်ပစ် လိုက်တာပဲ။ အဲဒီလောက်ထိ မော်ကြွားခဲ့တာပါ။ နိုင်ငံရေးအရ တိုင်းရင်းသား တွေနဲ့ မဟာမိတ်ဖွဲ့ နိုင်ခဲ့ပါတယ်။ (တညလ) လို့ခေါ်တဲ့တပ်ပေါင်းစုကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်။

သဘောထားကွဲလွဲ

ဒီတပ်ပေါင်းစုမှာ ပါလီမန်ဒီမိုကရေစီပါတီ၊ KNU ကရင်အမျိုးသားအစည်းအရုံး၊ MNSP မွန်ပြည်သစ်ပါတီ၊ ချင်းအမျိုးသားဦးစီးအဖွဲ့ ပါဝင်ခဲ့ပါတယ်။ ဦးနုခေါင်းဆောင်တဲ့ ပါလီမန်ဒီမို ကရေစီပါတီဟာ နိုင်ငံရေးအရရော စစ်ရေးအရပါ အရှိန်အဝါရှိခဲ့ပါတယ်။ ဒါပေမဲ့လို့ အဖွဲ့အစည်း အတွင်းမှာ နိုင်ငံရေးအမြင်မတူမှုတွေရော တိုင်းရင်းသားတွေနဲ့ အမျိုးသားရေးအခန်းတွေမှာ သဘောထားကွဲလွဲမှုတွေကြောင့် ရေရှည်မှာ သွားလို့မရ ပါဘူး။

နောက်ဆုံးမှာတော့ ဦးနုဟာ အဖွဲ့ အစည်းကို စွန့်ခွာပြီးတော့ အိန္ဒိယကိုထွက်ခွာသွားခဲ့ပါတယ်။ PDP ကို နောက်ဆက်ခံတဲ့ ခေါင်းဆောင်တွေကလည်း တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်ပြီးတော့ အဖွဲ့ အစည်းဟာ အားနည်းလာပါတယ်။

နောက်ဆုံးမှာ ဗိုလ်ချုပ်ကြီးနေဝင်းက လွတ်ငြိမ်း ချမ်းသာခွင့်ထုတ်ပြန်ပြီးတော့ စကားတစ်ခွန်းကို ပြောခဲ့ပါ တယ်။ “ကိုယ့်အိမ်ပေါ်က စိတ်အခန့်မသင့် လို့ စိတ်ဆိုးပြီးဆင်းသွားတဲ့ ညီအစ်ကိုတွေကို ပြန်လည်ပြီးတော့ နွေးနွေးထွေးထွေးနဲ့ ကြိုဆိုကြရမယ်” ဆိုတဲ့စကားကြောင့် ဦးနုနဲ့တကွ ရဲဘော် သုံးကျိပ်ဝင်တွေဟာ ပြန်လာခဲ့ ကြပါတယ်။ မကြာပါဘူး။ ပါလီမန်ဒီမိုကရေစီပါတီဟာ တိုင်းရင်း သားတွေနဲ့ လက်နက်ကိုင်ပဋိပက္ ခဖြစ်ပြီးတော့ ဇာတ်ခေါင်းကွဲပြီး ဇာတ်သိမ်းခဲ့ပါတယ်။

ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိခဲ့

ဒုတိယဇာတ်လမ်းကတော့ ၁၉၈၈ ခုနှစ် အထွေထွေလူထုအုံကြွမှု ပြိုကွဲပြီးတော့ တိုင်းရင်းသားဒေသကို ကျောင်းသားလူငယ်တွေ အပါအဝင် လူတန်းစားအလွှာ အသီးသီးက အင်အားစုတွေ တိုင်းရင်းသား ဒေသတွေကို တစ်သောင်းနီးပါးလောက် ရောက်ရှိခဲ့ပါတယ်။ ၈၈ ခုနှစ် လူထု အရေးတော်ပုံဟာ ကျောင်းသား လူငယ်တွေက ခေါင်းဆောင်ပြီးတော့ ရဟန်းသံဃာတော်တွေ၊ အလွှာစုံက လူထုလူတန်းစားတွေနဲ့ တပ်မတော် သားအချို့ပါ ပါဝင်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုကိုလည်း ကြီးမားစွာ ရရှိခဲ့ပါတယ်။ နိုင်ငံရေးအရလည်း တိုင်းရင်းသားတွေနဲ့ မဟာမိတ် ဖွဲ့နိုင်ခဲ့ပါတယ်။ (မြန်မာပြည်ဒီမိုကရက်တစ် မဟာ မိတ်အဖွဲ့ချုပ်) ဆိုတဲ့အဖွဲ့ (၂၁)ဖွဲ့ ပါတဲ့ တပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒီအဖွဲ့ကို (DAB) ဆိုပြီး တော့ လူသိများခဲ့ပါတယ်။

တိုင်းရင်းသားဒေသတွေကို ရောက်ရှိလာတဲ့ ကျောင်းသားလူငယ်တွေကို တိုင်းရင်းသား ခေါင်းဆောင်တွေက ကမကထပြုပြီး (မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး-ABSDF) ကို ဖွဲ့စည်းနိုင်ခဲ့ ပါတယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအရ စစ်ရေးအရ ထောက်ခံမှု အပြည့်အဝ ရရှိခဲ့ပါတယ်။ ရုပ်ဝတ္ထုအရ စစ်လက်နက်တွေလည်း ပံ့ပိုးတပ်ဆင်ပေးခဲ့ပါ တယ်။ ABSDF ကျောင်းသားတပ်ဦးဟာ တိုင်းရင်းသားတွေနဲ့ လက်တွဲပြီးတော့ လက်နက်ကိုင်တိုက်ပွဲ ဝင်နိုင်ခဲ့ပါတယ်။ နိုင်ငံရေးသြဇာ၊ စစ်ရေးဩဇာလည်း ရှိခဲ့ပါတယ်။ ဒီနေ့ကာလမှာတော့ ကျောင်းသား တပ်ဦးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကာလတုန်းကလို အားကောင်း မောင်းသန် သိပ်မလှုပ်ရှားနိုင်တော့ပါဘူး။

နေစရာတောင် ရှိမှာမဟုတ်

ပြည်တွင်းကနေထွက်ခွာပြီးတော့ တိုင်းရင်းသားဒေသတွေမှာ အခြေပြုခဲ့တဲ့ ဦးနုခေါင်းဆောင်တဲ့ ပါလီမန် ဒီမိုကရေစီ ပါတီ၊ ဦးမိုးသီးဇွန်၊ ဦးနိုင်အောင်၊ လက်ရှိ ဦးသံခဲ ခေါင်းဆောင်တဲ့ ABSDF အဖွဲ့ ဒီအဖွဲ့ နှစ်ဖွဲ့ နဲ့ ယခုလက်ရှိ မတရား အသင်း အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတဲ့ CRPH၊ NUG၊ PDF အဖွဲ့ကို နှိုင်းယှဉ်ကြည့်ရင် ဒီအဖွဲ့မှာပါတဲ့ ပုဂ္ဂိုလ်တွေဟာ တိုင်းသိပြည်သိ အရှိန်အဝါဩဇာရှိတဲ့ ပုဂ္ဂိုလ်တွေ တစ်ယောက်မှ မပါပါဘူး။ ယခုလက်ရှိလုပ်ဆောင်မှုတွေကလည်း ပြည်သူကို ရန်သူလို သဘောထားပြီးတော့ တိုက်ခိုက်သတ်ဖြတ်မှု၊ အကြမ်းဖက်မှု၊ ဖျက်ဆီးမှုတွေဟာ ရေရှည်မှာ ဘယ်လိုနည်းနဲ့မှ ရပ်တည်လို့ မရနိုင်ပါဘူး။ တိုင်းရင်းသားတွေရဲ့ အသိအမှတ်ပြုမှု၊ ထောက် ခံမှုလည်း အပြည့်အဝမရရှိပါဘူး။ အကျိုးစီးပွား အပေါ်မှာသာ ဟန်ဆောင်နေကြတာပါ။ အချိန်တန်ရင် ဒီအကြမ်းဖက်အဖွဲ့ တွေဟာ နေစရာတောင် ရှိမှာ မဟုတ်ပါဘူး။

ပုဂ္ဂိုလ်ရေးအရှိန်အဝါဩဇာရှိတဲ့ပုဂ္ဂိုလ်တွေက ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတွေတောင် ရေရှည်မှာ မရပ်တည်နိုင်ခဲ့ပါဘူး။ နိုင်ငံရေးဩဇာ၊ ပုဂ္ဂိုလ်ရေးဩဇာမရှိတဲ့လူတွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ CRPH၊ NUG၊ PDF အဖွဲ့ဟာ အာဏာရယူရေး တစ်ခုတည်းကလွဲလို့ နိုင်ငံရေးရည်မှန်းချက်လည်းမရှိ၊ နိုင်ငံရေး လမ်းစဉ်လည်း မရှိတဲ့ ဒီလိုအဖွဲ့မျိုးဟာ မကြာတော့တဲ့အချိန်မှာ ကျေပြုန်းပျက်စီးသွားမယ် ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။

စာရေးသူဟာ ဒီဆောင်းပါးကို ရေးရင်းနဲ့ အတိတ်ရဲ့ သမိုင်းတစ်ပိုင်းတစ်စက ခေါင်းထဲကို ဝင်လာပါတယ်။ ဟိုး ..လွန်ခဲ့တဲ့နှစ်ပေါင်းခြောက် ဆယ်ကျော် ကျွန်တော်တို့ကျောင်းသားလူငယ်ဘဝက အလွန်ခေတ်စားခဲ့တဲ့ အဆိုတော်ကြီး မေလှမြိုင် ရဲ့ သီချင်းတစ်ပုဒ်ရဲ့ အပိုင်းအစလေးက ခေါင်းထဲကို ဝင်လာပါတယ်။

“မောင်လေး မောင်လေး ရှောင်မပြေးနဲ့ ရောရာနောက်လိုက် အမြှောက်ကြိုက် ကလေးရယ် လူမမည်မောင် လေးရယ် အစစ အထင်သေးလို့ မမရင်လေးလှပါတယ်”

ဒီသီချင်းလေးဟာ ဒီနေ့ ခေတ် ကျွန်တော်တို့ မြေးအရွယ်လောက်ပဲရှိတဲ့ GZ ဆိုတဲ့ လူငယ်လေးတွေကို ရည်ညွှန်းပြီး ဆိုရင်လည်း မှန်ကန်ခေတ်မီနေတုန်းပါပဲ။

မန်းငြိမ်းမောင်