Skip to main content

ဇွဲဆိုမှ ဇွဲ

ဝီရိယသမားက ကူလီ၊ ဇွဲသမားက သူဌေး

 

၁၇၇၅ ခုနှစ် ချမ်းအေးလှသောဆောင်းဥတု၌ ဂျင်နရယ်အာနိုးနှင့် မောင်ဂိုမာရီ စစ်ဗိုလ်ကြီးများ အုပ်ချုပ်သော အမေရိကန်တပ်တစ်တပ်သည် ကွီဘက်မြို့ကို ဝိုင်းရံတိုက်ခိုက်ကြလေသည်။ ၎င်းမြို့မှာ ခိုင်လုံသော ခံတပ်မြို့ ဖြစ်လေသည်။

 

ထိုဝိုင်းရံတိုက်ခိုက်ခြင်းမှာ လိုက်ဆင်တန်နှင့် ကွန်တော့်အရေးများဖြစ်ပြီးနောက် ဗြိတိသျှ အင်ပါယာကြီးအား အရှိန်ပြတ်အောင်လုပ်ခြင်း ဖြစ်လေသည်။ ထိုဒီဇင်ဘာလ ၂၉ ရက်နေ့၌ ကိုလိုနီ တပ်များသည် ကွီဘက်အောက်မြို့ကို သိမ်းယူလိုက်ကြလေသည်။ ၎င်းပြင် မွန်ထရီမြို့ ဗြိတိသျှတပ်မရှိခိုက်တွင် ခံတပ်ကို ဝင်တော့မည်ကဲ့သို့ ဖြစ်နေ၏။ ခံတပ်ကိုမဝင်မီက ကိုလိုနီ သူပုန်တို့အထဲတွင် ကနေဒါပြည်ကြီး ပါဝင်၍သွားဖို့ရှိလေ၏။

 

ဂျော့ဘုရင်၏ရဲ တပ်ကလေးမရှိက အမေရိကန်တပ်များသည် အောင်မြင်သွားဖို့ရှိ၏။ ထိုအင်္ဂလိပ်တပ်မှာ လူက လေးငါးဆယ်ခန့်သာ ရှိလေ၏။ သို့သော်လည်း ၄င်းငါးဆယ်တပ်သည် ဇွဲသန်သန်နှင့် အပြင်းအထန် မြို့လမ်းများကို ပိတ်ဆို့ခုခံရာ အမေရိကန်တပ်သည် ခံတပ်ကြီးကို ရောက်အောင် မချီတက်နိုင်ရှိခဲ့လေသည်။

 

ထိုလူငါးဆယ်တပ်ကလေး ထိုကဲ့သို့ ဇွဲမကောင်းခဲ့ချေက ကနေဒါပြည်ကြီးသည် ယူနိုက် တက်စတိတ်နိုင်ငံ အပါအဝင်ဖြစ်ခဲ့ဖို့ရှိလေ၏။ ထိုပွဲ၌ အမေရိကန် ဂျင်နရယ်ဗိုလ်ချုပ်ကြီး “ရစ်ချပ် မောင်ဂိုမာရီ” ကျဆုံးသောပွဲဖြစ်လေသည်။

 

ထိုပွဲ၌ ထိုငါးဆယ်တပ်ကလေး၏ ဇွဲသည် အထူးမှတ်သားဖွယ်ကောင်းလေသည်။ ထိုတပ် ကလေး ထိုမျှလောက် ဇွဲမသန်ချေက အင်ပါယာ ရာဇဝင်ကြီး တစ်မျိုးတစ်ဖုံ ဖြစ်ခဲ့ဖို့ရှိလေ၏။

 

လူ့ပြည်၌ တွေ့ကြုံရသမျှသော အခက်အခဲဟူ သမျှတို့ကို နိုင်နင်းပပျောက်အောင် ကုသနိုင်သော ဆေးအပေါင်းတို့တွင် ကောင်းခြင်းသည် အစွမ်း ဆုံးသောဆေးဖြစ်လေသည်။ ထိုဆေးကို အဘယ် အခြားဆေးမျှ မမီနိုင်ပေ။

 

သမ္မတမင်း ကာလဝင်ကူးလစ်က ဇွဲလောက် အဘယ်အရာမျှမစွမ်းဟု ပြောဖူး၏။ ဉာဏ်စွမ်း လည်း ဇွဲကိုမမီပေ။ ဉာဏ်စွမ်းရှိလျက် မကြီးပွားသူတွေ များစွာရှိကြလေသည်။ ထူးချွန်သော ဉာဏ်ရှိလျက်ဆင်းရဲ၍နေသူတွေ များစွာရှိကြလေသည်။ သိပ္ပံပညာသည်လည်း ဇွဲကိုမမီနိုင်။ သိပ္ပံပညာတတ်တွေ ဆင်းရဲ၍နေကြသည်မှာ မြောက်မြားစွာ။ ဇွဲကောင်းခြင်းနှင့် စိတ်ခိုင်ခြင်း သည် အလုံးစုံကို တတ်နိုင်လေသည်။

 

ရှေ့ကိုတိုး၊ နောက်မဆုတ်နှင့် “ဇွဲဆိုမှဇွဲ” ဟူသောစကားသည် မဖြစ်မနေစကားပေတည်း။ လက်ဝှေ့ကောင်း ကမ္ဘာ့ချန်ပီယံအချို့ သည် အထိုး အနှက်ခံနိုင်၍ နောက်ဆုံးတစ်ချက်လဲအောင် ပြန်၍ ထိုးနိုင်သည့်တိုင်အောင် ဇွဲသန်သူများဖြစ်ကြလေသည်။ ၎င်းတို့ကိုယ်တိုင် အထူးစွမ်းခြင်းကြောင့် မဟုတ်ပေ။

 

ဝီရိယလည်း ဇွဲကို မမီပေ။ ဝီရိယကြီးစွာနှင့် အလုပ်လုပ်သော်လည်း ရေရှည်လုပ်နိုင်မှ အခက် အခဲဟူသရွေ့ကို နိုင်၏။ ရေရှည်ဆိုသည်မှာ ဇွဲဖြစ်လေသည်။ မဖြစ်မနေ၊ မဖြစ်ဖြစ်အောင်၊ မနိုင်နိုင်အောင် အမြဲကြံ၍နေသူ အမြဲဇွဲသန်၍နေသူဖြစ်က ကြောက်ရလေသည်။

 

ထိုလူမျိုးသည် အဘယ်မျှပင် နိမ့်ကျသိမ်ငယ်စေ ကာမူ ရှင်ဘုရင်ကဲ့သို့သော ကြီးမြင့်သူများ၏ စော်ကားခြင်းကိုပင် မခံ၊ မမေ့မပျောက် ကလဲ့စား မချေရသမျှ မသေသေးဟူသောစိတ်နှင့် အမြဲကြံ  တတ်လေသည်။

 

ဇွဲဆိုသည်မှာ စွဲခြင်းအဓိပ္ပာယ်ရသည်။ အစွဲ သန်ခြင်းသည် ဇွဲသန်ခြင်းဟု ဖောက်ပြန်သောအသုံး အဖြစ်သို့ ရောက်၍နေလေသည်။

 

ဝီရိယနှင့် အဘယ်မျှပင် အပင်ပန်းခံစေကာမူ ဇွဲသမားလောက် အစွမ်းရောက်မည် မဟုတ်ပေ။  ဇွဲသမားသည် အခါခပ်သိမ်း ပင်ပန်းစွာ အလုပ်လုပ်သည်မဟုတ်ပေ။ စွဲစွဲမြဲမြဲစိတ်အားမလျှော့ဘဲ မှန်မှန် လုပ်ခြင်း ဖြစ်လေသည်။

 

 

By fits and starts ဟူသော စကားသည် တစ်လောတိုး တစ်ရှူးတိုးလုပ်ခြင်းမျိုးကို ဆိုလို သည်။ ထိုလူမျိုးသည် တစ်လောတစ်ရှူးနှင့် မဖြစ် မမြောက် မအောင်မမြင်သည့်အခါ စိတ်လျှော့တတ် ကြလေသည်။ စိတ်ပျက်တတ်ကြလေသည်။

 

ဇွဲသမားသည် တစ်လောထိုးသမားလို ချွေး ထွက်အောင် အပင်ပန်းမခံ။ နာရီလက်တံပမာ နောက်မဆုတ်ဘဲ ရှေ့ကိုသာ သွားသူဖြစ်လေရာ နာရီလက်တံသည် အဘယ်မျှပင်နှေးသော် လည်း တစ်ရက်လျှင် ၂၄ ခါပတ်မိအောင် သွားလေသည်။

 

ကြီးမြင့်လိုသူဟူသမျှ နာရီလက်တံကို အားကျ ရမည်။ သွားသည်ကို မြင်ပင်မမြင်ရ။ ရောက်သည် ကိုသာ မြင်ရလေသည်။ ပညာကိုတတ်လိုက အမြန် ဆုံးနည်းနှင့် တတ်အောင် အဘယ်ပုံသင်ရမည်ဟူ၍ မေးမြန်းကြံစည်ချေက ထိုသူသည် အမြန်ဆုံးပညာ တတ်မည်မဟုတ်။ အမြန်ဆုံးစိတ်ပျက်လိမ့်မည်။ “တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ” ဟူသော စကားသည် အလွန် အဖိုးတန်သောစကားဖြစ်၍ ရှေးလူကြီးများသည် ဤလိုအရာမျိုး၌ ကျွန်ုပ်တို့အတွက် မီးပြတိုက် နှင့်တူသောစကားတွေကို ထားခဲ့လေသည်။

 

ကျောင်း၌ သူငယ်တန်းကို ဝင်၍နေသော ကလေးအတွက် ရှည်ဝေးသော သိပ္ပံစာမေးပွဲများကို လှမ်း၍ တွေးချေက စိတ်ပျက်ဖွယ်ဖြစ်ချိမ့်မည်။

 

ထိုအဆုံးစွန်သော နောက်ဆုံးအခြေအနေမျိုးကို မတွေ့ရပေ။ ကလေးတန်း၌ နေစဉ် ကလေးတန်းစာကိုသာ ဂရုစိုက်ချေက အမ်(မ်)အေ၊ ဘီအယ်(လ်)၊ အယ်(လ်)ဒီအဖြစ်ကို မသေလျှင် ဧကန်ရောက်ရမည် သာတည်း။ စာတစ်အုပ်ကို စ၍ဖတ်ရာ၌ နောက်ဆုံး အခန်းကို လှန်၍ကြည့်တတ်ကြ၏။ ထိုသူများသည် ဇွဲမကောင်းသူများ ဖြစ်ကြလေသည်။

 

ကြာကြာနေမှ ကြီး၏။ တစ်ခဏချင်း နတ်ရေ ကန်ကို ဆင်းရုံနှင့် ကလေးသည် အပျိုလူပျို မဖြစ်နိုင်။ မဟုတ်မမှန် ဒဏ္ဍာရီစကားသာ ရှိလေသည်။ အဟုတ်တကယ်ကား မဖြစ်နိုင်ပေ။ အောင့်နိုင်လျှင် အကျိုးရှိသည်ဟူသော ရှေးစကားသည်လည်း ဇွဲကိုပင်ဆိုလို၏။ မလျှော့သော လုံ့လ၊ မပျက်မပြယ်သော ဇွဲသတ္တိသည် အဘယ်အလုပ်မှာမဆို အရေးကြီးလေသည်။

 

ဇွဲသမားသည် ဝီရိယသမားလိုပင်ပန်းခံဖို့ မလိုပေ။ ဝီရိယသမားသည် ကူလီဖြစ်တတ်၏။ ဇွဲသမား သည်သာ သူဌေးဖြစ်နိုင်၏။

 

ဇွဲ

 

အမေရိကန်တိုင်းပြည်၌ မျက်မမြင်ပန်းချီဆရာ ကြီးတစ်ယောက်ရှိ၏။ ၎င်းသည် တောကား တောင်ကားများကို ရေဆေးဖြင့် ရေးခြယ်ခြင်းအလုပ် မှာ လွန်စွာဝါသနာပါသဖြင့် ဆရာမရှိဘဲ မိမိဘာသာ လေ့ကျင့်ရေးခြယ်ခဲ့ရာ သို့လေ့ကျင့်လျက်နေစဉ် မျက်စိရောဂါရ၍ လုံးလုံးမကွယ်ရုံ တမည်သာ ကျန်ရှိလေ၏။

 

၎င်းမျက်စိမှာ လုံးလုံးမကွယ်သော်လည်း ကွယ်သလောက် ဆိုးရွားသောအခြေအနေသို့ ရောက်လျက် အဘယ်အရာကိုမျှ ကောင်းစွာမမြင်ရ၊ မှုန်မှုန် မွှားမွှားကလေးသာ မြင်ရလေ၏။

 

သို့သော်လည်း ပန်းချီရေးခြင်း၌ စိတ်ကို မလျှော့၊ ဘုရားသခင်က ငါ့ကိုမရေးနှင့်ဟုပြော၏။ ငါဖြစ်အောင် ရေးရမည်။ ဘုရားသခင်က ငါ့အား မရေးစေလိုသည့်အတွက် ငါ၏မျက်လုံးကို ဖျက်၍ ပစ်၏။ ငါကား ငြိမ်သက်စွာ ခံ၍မနေ၊ ဖြစ်အောင်  ရေးမည်ဟူသောစိတ်ကိုဆောင်ကာ ရာသီကားများကို ရေးခြယ်လေသည်။

 

၎င်းရာသီကားမှာ မိမိ၏မျက်စိနှင့် မှုန်မှုန်မွှားမွှား မြင်ရသည့်အတိုင်း ရေးခြယ်လေသည်။ နွေရာသီမွန်းတည့်အချိန်၊ မိုးရာသီနံနက်ခင်းအချိန် ဟူသောအမည်နှင့် ကား၊ တောင်ကားများကို  ရေးလေရာ ၎င်းကားများမှာ ၎င်း၏ မျက်စိနှင့် မြင်ရပုံအတိုင်း ရေးခြယ်ထားသောကားများ ဖြစ်သောကြောင့်ကောင်းစွာမထင်ရှားသော်လည်း ရရာသီနှင့် အချိန်အငွေ့အသက်မှာ သေသေ ချာချာ သိသာလောက်အောင် ထင်ရှားပေါ်ပေါက်သဖြင့် ၎င်း၏ကားများကို ဒေါ်လာပေါင်း များစွာပေး၍  ဝယ်ကြရလေသည်။

 

ဤကား မလျှော့သောစိတ်၏ဇွဲသတ္တိကလေး ဖြစ်လေရာ ထိုဇွဲသတ္တိ၏အကျိုးကို ခံစားရလေ သည်။

 

သို့အကျိုးခံစားရခြင်းထက် အဖိုးတန်သော အရာမှာ လူ၏ဇွဲသည် လွန်စွာတန်ခိုးကြီးသော ကြောင့် ဇွဲကောင်းလျှင် ဘာမဆိုဖြစ်နိုင်ကြောင်း ပုံကောင်းသက်သေဖြစ်လေသည်။

 

ဒီမော်စတီနစ် ခေါ် ဂရိလူမျိုး တရားဟော ဆရာကြီးသည် စကားထစ်သူ၊ အ,သူ ဖြစ်ပါလျက် ရာဇဝင်၌ အပြောအဟောအကောင်းဆုံးသော ပုဂ္ဂိုလ်အဖြစ်သို့ရောက်အောင် ကြိုးစားအောင်မြင် ခဲ့သည်မှာ ဇွဲ၏အစွမ်းဖြစ်လေသည်။

 

လူ၏တန်ခိုးသည် ဉာဏ်ပညာ၌မတည်၊ အင်အားဗလ၌လည်း မတည်၊ ဇွဲကောင်းခြင်းမှာသာ  တည်ကြောင်း၊ ယုန်နှင့် လိပ် အပြေးပြိုင်သော ထုံးဖြင့် သိအပ်လေသည်။

 

ကြီးမြင့်လိုသောသူသည် လူပြင်းအားကိုး  တစ်ရှူးထိုးဆိုသည့် စကားလို မလုပ်ရ။ စွဲမြဲစွာ လုပ်ရလေသည်။

 

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်ဟူသော  စကားသည် ပညာကြီးခြင်း၊ ဉာဏ်ကြီးခြင်း၊  တစ်ဟုန်တည်း အစွမ်းကောင်းခြင်းကို မဆိုလို၊ မည်သည့်လူသာမန်မဆို ကြီးပွားနိုင်သော နည်းကို ညွှန်ပြခြင်းဖြစ်လေရာ ငါသည် ဉာဏ်ကြီးသူ မဟုတ်၊ ငါသည် သာမန်လူစားဖြစ်သည်ဟု တွေးတောကာ အားငယ်ဖို့မရှိ၊ တစ်စုံတစ်ခုကို စွဲစွဲမြဲမြဲလုပ်လျှင် ကြီးပွားနိုင်သည်ဟု စွဲမှတ်ကာ ဘာမဆို ကောင်းသောအလုပ်မှန်က စွဲမြဲစွာလုပ်လျှင် ကြီးပွားရမည်သာတည်း။ ဥပမာခြင်းလုံးကို အမြဲတော့၍နေလျှင် တစ်နှစ် ၅၀ဝ၊ ၁ဝဝဝ ရသော အလုပ်ကိုလုပ်ရင်း ဆက်ကပ် ပွဲနှင့်တွဲကာ ကမ္ဘာကိုပင် နှံ့အောင်လည်နိုင်ဖို့ ရှိလေသည်။

 

ဘားမားဂျာနယ်၊ နံပါတ် ၃၉၊ ဖေဖော်ဝါရီလ။

 

ပီမိုးနှင်း