မူးယစ်ခြင်းနှင့် ယစ်မူးခြင်း (၁)
“မူးယစ်ခြင်း”ဟူသောဝေါဟာရကိုမြန်မာအဘိဓာန်
ကျမ်းကြီးတွင် “အရက်သေစာ သောက်စားခြင်းနှင့် မူးယစ်ဆေးဝါးများကို သုံးစွဲခြင်းတို့ကြောင့် ဦးခေါင်း ထဲ၌ ရီဝေပြီး သတိကင်းလွတ်ကာ မိမိကိုယ်မိမိ မထိန်းသိမ်းနိုင်ခြင်းဖြစ်သည်”ဟု ဖွင့်ဆိုထားပါ သည်။ ဆက်လက်၍ အရက်နှင့် မူးယစ်ဆေးသုံးစွဲ ရာက “ပုံမှန်အသိစိတ် (ဝါ) လူသာမန်စိတ်” (Ego) ပျောက်သွားခြင်းမှ ထိုထက်ကျော်လွန်ကာ “အဟိတ်တိရစ္ဆာန်စိတ်” (id) ပေါက်ကာ မကောင်းမှုဒုစရိုက်နယ်ပယ်သို့ ရောက်ရှိသွား နိုင်သည်ဟု လည်း စိတ်ပညာရှင်သုတေသီတို့က ဆိုထားပါ သည်။
“ယစ်မူးခြင်း”ဟူသော ဝေါဟာရကို “အရက် သေစာသောက်စားခြင်း၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်းတို့၏ အာနိသင်ကြောင့် အာရုံထွေပြား ဝေဝါးခြင်း၊ သတိချွတ်ယွင်းလစ်ဟင်းခြင်း၊ လောဘ၊ ဒေါသ၊ မောဟ အကုသိုလ်တရားတို့ လွှမ်းမိုးမှုတို့ကို ခံစားရသည်။ ထိုခံစားမှုကို သာယာခြင်းသည် ယစ်မူးခြင်းဖြစ်သည်”ဟု မြန်မာအဘိဓာန်ကျမ်းကြီး က ဖွင့်ဆိုထားသည်ကို တွေ့ရသည်။
အင်္ဂလိပ်အဘိဓာန်များတွင် အရက်သေစာကို Alcohol ဟုလည်းကောင်း Liquor ဟုလည်းကောင်း ဝေါဟာရအဖြစ် သုံးစွဲပြီး အရက်နှင့်မူးယစ် ဆေးဝါးသုံးစွဲသူများကို အရက်သမား၊ ဘိန်းစား၊ အရက်အိုး၊ အရက်ချိုး၊ ယစ်ထုတ်ကြီး၊ ဆေးချသူ၊ လူနေမှုအဖွဲ့ အစည်းတွင် အလုပ်ကို ပြည့်ပြည့် ဝဝမလုပ်ကိုင်နိုင်သူ၊ အထင်အမြင်သေးခံရသူ၊ သတိ တရားအားနည်းသူ၊ မူးယစ်မေ့လျော့ပြီး မကောင်းမှု ကိုကျူးလွန်သူများအဖြစ် Taking Liquors, intoxicants and narcotic drugs which lead one to forgetfulness or heedlessness) ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်ကိုလည်း တွေ့ရပါသည်။
သေရည်သောက်စားခြင်းနှင့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်းဟူသော သုရာမေရယကံ
သေရည်သေရက်သောက်စားခြင်း၊ မူးယစ် ဆေးဝါးသုံးစွဲခြင်းတို့ကြောင့် လက်ငင်းရရှိခံစားရ သော ဆိုးကျိုးခြောက်ပါးနှင့် အနန္တကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓသခင်က သိင်္ဂါလသတို့သားကို ဟော သွန်သင် ဆုံးမတော်မူခဲ့ပုံကို ဒီဃနိကာယ်၊ ပါသေယျဝဂ် သိင်္ဂါလသုတ္တန်ဒေသနာတော်တွင် ဤသို့တွေ့ရှိရသည်။
ယင်းတို့မှာ
(၁) စီးပွားဥစ္စာပျက်စီးကုန်ခန်းခြင်း၊
(၂) ခိုက်ရန်များခြင်း၊
(၃) ရောဂါအမျိုးမျိုးဖြစ်ပွားတတ်ခြင်း၊
(၄) ကျော်စောသတင်းကင်းမဲ့ခြင်း၊
(၅) အရှက်အကြောက်ကင်းမဲ့ခြင်း၊
(၆) အသိပညာဉာဏ်ဆင်ခြင်ဉာဏ်အားနည်း သွားစေခြင်းတို့ ဖြစ်ကြသည်။
အရက်သေစာသောက်စားသူများသည်မူးယစ် ခြင်းကို ယစ်မူးနေသဖြင့် မိမိပိုင်ပစ္စည်းများကို ကာကွယ်စောင့်ရှောက်ရမှန်းမသိ ဖြစ်နေတတ်ရာ ခိုးယူခံရခြင်း၊ လုယက်ခံရခြင်းတို့နှင့် ကြုံတွေ့ရ တတ်သည်။ အရက်သေစာသောက်စားခြင်းကြောင့် ပုံမှန်စိတ်မဟုတ်သဖြင့် ပင်ကိုကမှ နှမြောတတ် သူဖြစ်စေကာမူ မူးယစ်၍ ယစ်မူးနေခိုက်တွင် နှမြောရမှန်းမသိတော့ဘဲ သုံးဖြုန်းပစ်တတ်သည်။
အရက်သေစာသောက်စားခြင်း၏ အသေးငယ် ဆုံးသောအပြစ်မှာ အရူးအနှမ်းဖြစ်ခြင်းဟူသော အပြစ်ဖြစ်သည်ဟု မြတ်ဗုဒ္ဓက အင်္ဂုတ္တိုရ်ပါဠိတော် ဒုစ္စရိစာဝိပါကသုတ်တော်၌ ဟောကြားထားတော်မူ ခဲ့သည်ကိုတွေ့ရှိရသည်။ စိတ်မနှံ့သူတို့သည် သူတစ်ပါး အား ဆဲရေးတိုင်းထွာ မဖွယ်မရာ ပြုမူတတ်သကဲ့သို့ အရက်သေစာသောက် စားထားသူသည် ပင်ကိုက ယဉ်ကျေးလိမ္မာခဲ့သူဖြစ်စေကာမူ မူးယစ်ခြင်းကို ယစ်မူးနေချိန်၌ ကိုယ်စိတ်နှစ်ပါး ရမ်းကားတတ်သဖြင့် ပြစ်မှုတစ်စုံတစ်ခုဖြစ်ပြီး ပြစ်ဒဏ်ကျခံရတတ်သည်။
အရက်သေစာသောက်စားကြရာတွင် အကန့် အသတ်မထားနိုင်ကြဘဲ အားမရ မတင်းတိမ်သဖြင့် အလွန်အကျွံသောက်ကြသည်က များပြားလေ့ရှိ သည်။
(၁) အရက်သေစာသောက်စားခြင်းနှင့် မူးယစ် ဆေးဝါးများသုံးစွဲခြင်း၊ (၂) အိပ်စက်ခြင်း၊ (၃) မေထုန် မှီဝဲခြင်းတို့၌ မရောင့်မရဲ မတင်းတိမ်နိုင်တတ်ကြောင်း နှင့်စပ်လျဉ်း၍ မြတ်ဗုဒ္ဓက ဟောကြားသွန်သင် တော်မူခဲ့ပုံကို တိရိတ္တရကျမ်း၌ လေ့လာတွေ့ရှိရပါ သည်။ အရက်သေစာသောက်စားသူများ အရက် ကြောင့် အသက်အန္တရာယ် စိုးရိမ်ရေအမှတ် ရောက်ရှိ နေချိန်တွင် ဆရာဝန်က အရက်ဖြတ်ရန် တိုက်တွန်း
သော်လည်း အရက်စွဲသူတို့အဖို့ မိမိ၏အသက်ကို ဆုံးရှုံးခံကာ အရက်ကျွန်ဘဝဖြင့် အရက်နွံထဲက ရုန်းမထွက်နိုင်ကြတော့ဘဲ လူ့ဘဝကို အဆုံးသတ် နိဂုံးချုပ်ပစ်ကြသူများမှာလည်း ဒုနှင့်ဒေးပင်။
အရက်သမားတို့ မပြုနိုင်သော၊ မပြုရဲသော၊ မပြုရက်သောအရာဟူ၍မရှိနိုင်သဖြင့် အရက်သေစာ သောက်စားခြင်းသည် အကုသိုလ်ဒုစရိုက်မှုဖြစ်ရာ ဖြစ်ကြောင်း၏ အခြေခံအကြောင်းတစ်ရပ် ဖြစ်နေ သည်ကိုတွေ့ရသည်။ အရက်မူးယစ်နေသည့်အခါ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတို့ကိုလည်း ကာယကံ၊ ဝစီကံ၊ မနောကံဟူသော ကံသုံးပါးတို့ဖြင့် ပြစ်မှားစော်ကားမိတတ်ကြသည်။ မူးယစ်ခြင်းကို မူးယစ်နေရာမှ သူတစ်ပါး၏အသက်ကို သတ်ခြင်းဟူ သော “ပါဏာတိပါတာကံ” ကိုလည်း ကျူးလွန်နိုင် သည်။ သူတစ်ပါးမပေးအပ်သော ငွေကြေးဥစ္စာ ပစ္စည်းကို ခိုးယူခြင်းဟူသော “ အဒိန္နာဒါနာကံ” ကို လည်း ကျူးလွန်နိုင်သည်။ ကာမဂုဏ်တို့၌ မှားယွင်း မိုက်မဲစွာ ကျူးလွန်ပြစ်မှားခြင်းဟူသော “ကာမေ သုမိစ္ဆာစာရာကံ” ကိုလည်း ကျူးလွန်နိုင်သည်။ မဟုတ်မမှန်စကားဆို၍ လိမ်လည်လှည့်ဖြားခြင်း ဟူသော “မုသာဝါဒါက်” ကိုလည်း ကျူးလွန်နိုင်သည်။
အရက်သေစာသောက်စားမူးယစ်ရမ်းကားသူ များသည် အရှက်အကြောက်ဟူသော ဟီရိဩတ္တပ္ပ တရားကင်းကာ အဝတ်အစားဖရိုဖရဲနှင့် ထိန်းမနိုင် သိမ်းမရ အရှက်အင်္ဂါများကို ဖုံးကွယ်ရမှန်းမသိနိုင် တော့သည်အထိ အဖြစ်ဆိုးရွားလှသည်။ ဂေါတမ မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိတော်မူခဲ့စဉ်က ဈာန်အဘိညာဉ်ရသော “အရှင်သာဂတ” ဘွဲ့အမည်ရှိ ရဟန်းတော်သည် နဂါးကိုပင် တန်ခိုးတော်ဖြင့် နှိမ်နင်းနိုင်သဖြင့် လူပရိသတ်က လွန်လွန်ကဲကဲ ကြည်ညိုခဲ့ကြသည်။ မကြာမီ ဖျက်ဆီးလိုသည့် လူပရိသတ်အချို့က ထိုရဟန်းတော်အား သေရည် အရက်ကို ဆက်ကပ်လိုက်ရာ ရဟန်းမှာ သောက်သုံး မိသဖြင့် မူးယစ်ပြီး မိမိကိုယ်မိမိမထိန်းနိုင်တော့ဘဲ လူသွားလူလာထူပြောသော လမ်းဆုံလမ်းခွ၌ သတိ လစ်ကာ ခြေပစ်လက်ပစ်လဲကျသွားတော့သည်။ ထိုအခါ မြတ်ဗုဒ္ဓသခင်က အရှင်သာဂတရဟန်းအား ဘုရားကျောင်းတော်သို့ ခေါ်ဆောင်လာစေခဲ့ရာ ရဟန်းများက သွားရောက်ပွေ့ယူ ခေါ်ဆောင်လာခဲ့ သည်။ ရဟန်းများက မူးယစ်နေသော ထိုရဟန်းကို ဘုရားရှိတော်မူရာဘက်သို့ဦးခေါင်းလှည့်၍ လဲလျောင်း စေခဲ့သော်လည်း အရှင်သာဂတမှာ အသိစိတ်ပျောက် ကာ ဘုရားရှိရာဘက်သို့ ခြေထောက်ထားပြီး ရိုင်းစိုင်းစွာ ပြုမူရဲသည့်ဖြစ်ရပ်မှာလည်း အရက် သေစာ၏ ဆိုးကျိုးပင်ဖြစ်တော့သည်။
အရက်သေစာကြောင့် မည်သူမဆို အသိတရား နှင့် သတိတရားတို့ လွတ်ကင်းသွားတတ်ကြသည်။ အသိဉာဏ်ပညာဟူသည် သတိတရား၊ အမှတ်ပညာ နှင့် ယှဉ်တွဲနေလျက်ရှိရာ အရက်မူးယစ်နေသူသည် သတိ၊ သညာကင်းလျက် အသိညာဉ်ပညာအားနည်း သွားရသည်။ ဈာန်အဘိညာဉ်ရရှိထားသည့် တန်ခိုးရှင် အရှင်သာဂတရဟန်းသည် အရက်ကြောင့် သတိတရား၊ အသိဉာဏ်ပညာ လွတ်ကင်းသွားကာ လူပုံအလယ်နှင့် မြတ်ဗုဒ္ဓ၏ရှေ့မှောက်မှာပင်ကိုယ် အမူအရာ ရိုင်းစိုင်းစော်ကားမှုကို ပြုမူမိသွားခဲ့ခြင်း ပင် ဖြစ်ပါသည်။
အပြစ်ခြောက်ပါးကို တွေ့ကြုံခံစားရ
အရက်သေစာသောက်ခြင်း၊ မူးယစ်ဆေးဝါး များ သုံးစွဲခြင်းဟူသော “သူရာမေရယကံ” ကို ကျူးလွန်ကြသူတို့ သည် တမလွန်ဘဝတွင်လည်း ငရဲ၊ ပြိတ္တာ၊ တိရစ္ဆာန်၊ အသူရကာယ်ဟူသော အပါယ်လေးဘုံ၌ ကျင်လည်ခံစားရပြီး လူပြန်ဖြစ်လာ လျှင်လည်း (၁) အခြေအနေ သင့်၊ မသင့်ကို မသိ ခြင်း၊ (၂) ပျင်းရိမှုလွန်ကဲခြင်း၊ (၃) မေ့လျော့ရူးနှမ်း တတ်ခြင်း၊ (၄) သူတစ်ပါးပြုဖူးသောကျေးဇူးကို မသိတတ်ခြင်း၊ (၅) ဟီရိဩတ္တပ္ပဟူသော အရှက် အကြောက်တရားကင်းမဲ့ခြင်း၊ (၆) သေရည် သေရက်သောက်မိလျှင် မည်သို့သော မကောင်းမှု အကုသိုလ်မျိုးမဆို ပြုလွယ်မိခြင်းဟူသော အပြစ်ခြောက်ပါးကိုတွေ့ကြုံခံစားရသည်ဟု အနန္တ ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓသခင်က ဟောဖော် ညွှန်ပြတော်မူခဲ့ပုံကို အင်္ဂုတ္တိုရ်ပါဠိတော်ကျမ်းတွင် လေ့လာတွေ့ရှိရပါသည်။
လူသားကိုမဆိုထားနှင့် အရက်သေစာကို သောက်မိသော တိရစ္ဆာန်သည် ပင်ကိုမူလထက် စိတ်ယုတ်စိတ်ရိုင်းဝင်ကာ ပိုမိုဆိုးသွမ်းလေ့ရှိတတ် သည်။ ထို့ကြောင့် ဂေါတမမြတ်ဗုဒ္ဓကို မကောင်းမှု ဒုစရိုက်များနှင့် အမျိုးမျိုးရင်ဆိုင်ယှဉ်ပြိုင်ကာ သာသနာဖျက်မိစ္ဆာဒိဋ္ဌိ ခေါင်းဆောင်ကြီး ရှင်ဒေဝဒတ်သည်နာဠာဂီရိဆင်ကြီးကိုအရက်သေစာ များတိုက်စေပြီး မြတ်ဗုဒ္ဓဆွမ်းခံကြွတော်မူရာ လမ်းသို့ စေလွှတ်ကာ မြတ်ဘုရားအား ဆင်နင်း သတ်စေခဲ့သည့်လုပ်ရပ်ကို သိကြပါလိမ့်မည်။ သို့ရာတွင် အရက်သေစာကြောင့် မူးယစ်နေသော ဆင်မိုက်ကြီးသည် မြတ်ဗုဒ္ဓ၏ရှေ့မှောက်သို့ ရောက်ရှိသွားသောအခါ မြတ်ဗုဒ္ဓ၏ အနန္တ မေတ္တာဓာတ်ကြောင့် နာဠာဂီရိဆင်ကြီးမှာ အမူး ပြေပြီး အသိစိတ်ဝင်ကာ မြတ်ဘုရားအား ဦးညွှတ် ဒူးထောက်ဝပ်တွားသွားရခြင်းသာဖြစ်ပါသည်။
အရက်သေစာသောက်စားခြင်းကြောင့် လက် တွေ့မျက်တွေ့ ရရှိခံစားကြရသော အပြစ်မြောက် ပါးကို မှတ်သားလိုက်နာရန် လွယ်ကူစိမ့်သောငှာ “ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျော်စောမဲ့တုံ၊ မလုံအင်္ဂါ၊ ပညာနည်းရှား၊ ဤ ခြောက်ပါးကား၊ သောက်စားသေစာအပြစ်တည်း” ဟု လောကနီတိပညာရှိတို့က လမ်းညွှန်ဆုံးမထား သည်ကို တွေ့ရသည်။
ထို့ကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့သည် ငါးပါးသီလကို ဆောက်တည်သည်ဖြစ်စေ၊ ရှစ်ပါး သီလကိုဆောက်တည်သည်ဖြစ်စေ၊ ကိုးပါးသီလကို ဆောက်တည်သည်ဖြစ်စေ၊ ၁၀ ပါးသီလကို ဆောက်တည်သည်ဖြစ်စေ “မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” ဟူသော “အရက်သေစာသောက်စားခြင်းနှင့် မူးယစ်ဆေးဝါး များ သုံးစွဲခြင်း” အကုသိုလ်ကံကို ရှောင်ကြဉ် ကြရစမြဲပင်ဖြစ်ပါသည်။ ။