Skip to main content

သက်ရှည်ကျန်းမာဖို့ ဆေးလိမ်ရှောင်ကြဉ်ကြပါစို့

ဆေးလိပ်သောက်သုံးခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း ရုပ်မြင်သံကြားက အမြဲတစေသတိပေးလျက်ရှိသော်လည်း တချို့သောသူများသည် ဆေးလိပ်သောက်သုံးနေဆဲပင် ဖြစ်သည်။ ဆေးလိပ်၏ ဘေးထွက်ဆိုးကျိုးကို သိလျက်နှင့် စွဲစွဲမြဲမြဲသောက်သုံးနေခြင်းဖြစ်သည်။ ထိုသို့ဆေးလိပ်သောက်သုံးရာတွင် ဆယ်ကျော် သက်လူငယ်များလည်း ပါရှိလာသည်။ လူငယ်များ သည် အပေါင်းအသင်းမှားခြင်း၊ လက်တည့်စမ်းခြင်း မှတစ်ဆင့် ဆေးလိပ်စွဲသွားတတ်သည်။

သေဆုံးမှုမြင့်မား

အမှန်တော့ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် ပြည်သူခုနစ်သန်းကျော်သည် ဆေးလိပ်သောက်သုံး မှုကြောင့် သေဆုံးနေကြရသည်ဟုဆိုသည်။ ထိုသို့သေဆုံးသူများထဲတွင် ဆေးလိပ်သောက်သုံးသူများ ၏မီးခိုးကို တစ်ဆင့်ခံရှူရှိုက်မှုကြောင့် သေဆုံးခဲ့ရ သည့် ဆေးလိပ်မသောက်သုံးသူ ၆၀၀၀၀ လည်း ပါဝင်နေသည်။ ထိရောက်သောအရေးယူ ဆောင်ရွက်မှုများမရှိလျှင် သေဆုံးမှုကိန်းဂဏန်း သည် ၂၀၃၀ ပြည့်နှစ်တွင် ရှစ်သန်းကျော်အထိ ရှိလာမည်ဟု ဆိုသည်။ ထို့ကြောင့်ဆေးလိပ်သည် ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး ခြိမ်းခြောက် လျက်ရှိပေသည်။ ပိုမိုဆိုးရွားစေသည့်အချက်မှာ ဆေးလိပ်သောက်သုံးမှုကြောင့် ကိုယ်ခံအား ကျဆင်းလာ၍ ရောဂါပေါင်းစုံဝင်လာခြင်း၊ မိသားစု စီးပွားရေးချွတ်ခြုံကျလာခြင်းနှင့် အမျိုးသားစီးပွား အသားတင်ထုတ်လုပ်မှုကိုပါ ထိခိုက်စေပါသည်။

ဆေးလိပ်သောက်သုံးခြင်းသည် ဆေးကုသ စရိတ် ပိုမိုကုန်ကျခြင်းနှင့် ကုန်ထုတ်လုပ်နိုင်မှု ကျဆင်းခြင်းတို့ကြောင့် အမျိုးသားအကျိုးစီးပွားကို များစွာဆိုးကျိုးသက်ရောက်စေပါသည်။ အထူး သဖြင့် ဆင်းရဲသားလူတန်းစားများသည် အစာ အာဟာရနှင့် ဆေးဝါးစရိတ်များမတတ်နိုင်သဖြင့် အချိန်မတိုင်မီသေဆုံးကြရသည်။ ဝင်ငွေနိမ့်ပါး သောနိုင်ငံများတွင် နှစ်စဉ်ပြည်သူ ၈၀ ရာခိုင်နှုန်း ခန့်သည် ဆေးလိပ်သောက်သုံးမှုကြောင့် အချိန် မတိုင်မီ ကွယ်လွန်နေကြရသည်။ ထိုပမာဏသည် ကမ္ဘာတစ်ဝန်းကို ခြိမ်းခြောက်လျက်ရှိသည်။ ကမ္ဘာ့ ခေါင်းဆောင်များ ခေါင်းခဲနေရသောပြဿနာ တစ်ရပ်လည်းဖြစ်သည်။

ရောဂါဖြစ်ပွား

သာဓကအနေဖြင့် အမေရိကန်တွင် ဆေးလိပ် သောက်သုံးမှုကြောင့် နှစ်စဉ် လူ ၄၈၀၀၀၀ သေဆုံး လျက်ရှိပြီး ဆေးလိပ်သောက်သုံးသူ ငါးဦးလျှင် တစ်ဦးခန့် သေဆုံးလျက်ရှိသည်။ ဆေးလိပ် သောက်သုံးမှုကြောင့် အမေရိကန်နိုင်ငံတွင် အရွယ် မတိုင်မီသေဆုံးမှုနှုန်း ၁၀ ဆအထိ ပိုမိုမြင့်တက်

လျက်ရှိသည်။ ထို့အပြင် အဆုတ်ကင်ဆာကြောင့်  သေဆုံးသူများတွင် ဆေးလိပ်သောက်သုံးသူ ၉၀ ရာခိုင်နှုန်းအထိ ပါဝင်လျက်ရှိသည်။ အလားတူ ဆေးလိပ်သောက်သုံးသည့် အမျိုးသမီးများသည် ရင်သားကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ မြင့်တက်လျက်ရှိသည်။ ဆေးလိပ်သောက်သုံးခြင်းသည် လေသင်တုန်းဖြတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါဖြစ်ခြင်း၊ အမျိုးသမီးများ တွင် မွေးဖွားမှုနှုန်းကျဆင်းခြင်း၊ ပေါင်ချိန်မပြည့်သော ကလေးမွေးဖွားခြင်း၊ မွေးကင်းစကလေးသေဆုံးခြင်း စသည့်နောက်ဆက်တွဲဆိုးကျိုးများစွာကိုလည်း ဖြစ်ပေါ်လာစေ လျက်ရှိသည်။

သဘာဝပတ်ဝန်းကျင်ပျက်စီး

ထို့အပြင် ဆေးရွက်ကြီး စိုက်ပျိုးရန်အတွက် ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာအမြောက်အမြား  လိုအပ်ပါသည်။ ထိုပမာဏသည် ရေထုနှင့်မြေထုကို  ဆိုးရွားစွာညစ်ညမ်းစေပါသည်။ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် ဆေးရွက်ကြီးစိုက်ပျိုးရန်အတွက် မြေ ဟက်တာ ၄ ဒသမ၃ သန်းခန့် အသုံးပြုနေရသည်။  ထိုပမာဏသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် တွက်ချက်မည်ဆိုလျှင် သစ်တော နှစ်ရာခိုင်နှုန်းမှ  လေးရာခိုင်နှုန်းခန့် ပြုန်းတီးနေရခြင်း ဖြစ်သည်။  ထို့အပြင် ဆေးရွက်ကြီးနှင့် ဆေးလိပ်ထုတ်လုပ်ခြင်းသည် စွန့်ပစ်ပစ္စည်းတန်ချိန် နှစ်သန်းကျော်ကိုလည်း ထုတ်လုပ်နေခြင်းဖြစ်သည်။ ထို့ကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ယိုယွင်းမှုတို့ကိုလည်း ဖြစ်ပေါ်စေလျက်ရှိသည်။

ကန့်သတ်တားမြစ်သင့်

ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်သောက်သုံးသူ ၁ ဒသမ ၃ ဘီလီယံခန့်ရှိသည်ဟု ဆိုသည်။ နှစ်စဉ် ဆေးလိပ်သောက်သုံးကြသူ ၁၀ ဦးခန့်တွင် တစ်ဦး သည် သေဆုံးနေရသည်ဟု ဆိုသည်။ ဆေးလိပ် သောက်သုံးသူဦးရေကို ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းခန့်အထိ လျှော့ချသွားနိုင်မည်ဆိုလျှင် သက္ကရာဇ် ၂၀၂၀ ခန့်တွင် လူသန်း ၁၀၀ ခန့်ကို အချိန်မတိုင်မီ  သေဆုံးခြင်းမှ ကာကွယ်သွားနိုင်မည်ဆိုသည်။ ထိုသို့ကာကွယ်နိုင်ရန်အတွက် ဆေးလိပ်သောက်သုံး မှုတားဆီးရေးလှုပ်ရှားမှုများကို ထိထိရောက်ရောက် ဆောင်ရွက်သွားရန် လိုအပ်ပါသည်။

အထူးသဖြင့် အများပြည်သူသွားလာရာနေရာ များဖြစ်သည့် ဆေးရုံ၊ ကျောင်း၊ ဈေး၊ ဘူတာ၊ ကားဂိတ်၊ ရုပ်ရှင်ရုံ၊ ရုံး၊ ဌာနများတွင် ဆေးလိပ် သောက်သုံးမှုကို ထိထိရောက်ရောက်တားဆီး သွားရန် လိုအပ်မည်ဖြစ်သည်။ ဆေးလိပ်သောက် သုံးသူလျော့ကျရေးအတွက် ဆေးလိပ်အပေါ်အခွန် အခများတိုးမြှင့်ကောက်ခံခြင်း၊ ဆေးလိပ်ရောင်းချမှုကို ကန့်သတ်ခြင်း၊ ကြော်ငြာများအား ကန့်သတ်ခြင်း၊  ဆေးလိပ်ရောင်းချခြင်းကို အကြောင်းပြုသည့် လှုပ်ရှားမှုအားလုံးကို ကန့်သတ်တားမြစ်သွားရန် လိုအပ်မည်ဖြစ်သည်။

လူငယ်များသည် အတုမြင်အတတ်သင်တတ် ကြသည်။ ထို့ကြောင့် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ဆေးလိပ်ရောင်းခြင်းမျိုးကို လုံးဝကန့်သတ်ထားသင့်သည်။ ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ လေသင်တုန်းဖြတ် ခြင်း၊ နာတာရှည်ရောဂါဖြစ်ခြင်း၊ အသက်ရှူကျပ်သည့် အဆုတ်ရောဂါဖြစ်ခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားနိုင်ကြောင်းကို လူထုအတွင်း မီဒီယာ ပေါင်းစုံမှ အသိပညာပေးသွားရန်လည်း လိုအပ်ပါ သည်။ မိသားစုတစ်စုတွင် ဖခင်သည် ဆေးလိပ်သောက်သုံးမည်ဆိုလျှင် ဇနီးနှင့်ကလေးများကိုပါ  ကျန်းမာရေး ထိခိုက်စေနိုင်ပါသည်။ ဆိုလိုသည်မှာ မိသားစုအားလုံးသည်ဆေးလိပ်ငွေ့ကို အချိန်နှင့် အမျှ ရှူရှိုက်နေရသောကြောင့်ဖြစ်သည်။

အထူးသဖြင့် လူအများသွားလာလှုပ်ရှားရာ  နေရာများတွင် ဆေးလိပ်သောက်သုံးသူများ အတွက် သီးသန့်အခန်း (smooking Room) များ ထားသင့်ပါသည်။ ဆေးလိပ်သောက်သုံးသူများ သည် လူမှုကျင့်ဝတ် (Etiquette) ကို လိုက်နာရန်  လိုအပ်ပါသည်။ တချို့သောသူများသည် အဲကွန်း အခန်းထဲ၌ပင် ဆေးလိပ်သောက်သုံးလေ့ ရှိကြသည်။ တချို့သောရုံးဌာနများတွင် ဌာနအကြီး အကဲများ၊ ရာထူးကြီးများသည် လက်အောက် ရုံးအဖွဲ့များရှေ့၌ပင် ဆေးလိပ်ကို ပေါ်ပေါ် တင်တင်သောက်တတ်ကြသည်။ အဆိုးရွားဆုံးအချက်မှာ အစည်းအဝေးခန်းမများအတွင်း၌ပင် ဆေးလိပ်သောက်သုံးသူများကို အံ့သြဖွယ်ရာ တွေ့ရှိဖူးပါသည်။

ပေါင်းစပ်ဆောင်ရွက်သင့်

ဆေးလိပ်သောက်သုံးမှု ထိန်းချုပ်ခြင်းသည်  ကျန်းမာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ၂၀၃၀ မျှော်မှန်းချက်တွင် ဆေးလိပ်  သောက်သုံးမှုလျှော့ချရေးလှုပ်ရှားမှုကို ဦးစားပေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်သွားရန် ကမ္ဘာ့ နိုင်ငံအားလုံးကို နှိုးဆော်ထားရှိပါသည်။ ဆေးလိပ်သောက်သုံးမှုကို ထိရောက်စွာထိန်းချုပ်သွားနိုင်  မည်ဆိုလျှင် ဆင်းရဲတွင်းသံသရာမှလွတ်မြောက် လာနိုင်ကြမည်ဖြစ်သည်။ ဆေးလိပ်သောက်သုံးမှု ထိန်းချုပ်ခြင်းကို အစိုးရအနေဖြင့်သာမက ပြည်သူတစ်ဦးချင်းစီအပြင် NGO အဖွဲ့အစည်းများကလည်း ပေါင်းစပ်ဆောင်ရွက်သွားသင့်ပေသည်။  

သက်ရှည်ကျန်းမာဖို့ ဆေးလိပ်ရှောင်ကြဉ်ကြပါစို့

ဆိုရလျှင် ဆေးလိပ်သောက်သုံးခြင်းသည် ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးတို့ကို များစွာ ထိခိုက်စေနိုင်ပါသည်။ ဆေးလိပ်သောက်သုံးမှုကြောင့် နှစ်စဉ်ကမ္ဘာတစ်ဝန်းတွင် လူအမြောက် အမြား အသက်ဆုံးရှုံးရလျက်ရှိသည်။ ထို့အပြင် ဆေးဝါးကုသစရိတ်များနှင့် ကုန်ထုတ်လုပ်မှု ကျဆင်းသည့်စရိတ်များကိုပါ တွက်ချက်ကြည့်မည်ဆိုလျှင် ဆုံးရှုံးမှုတန်ဖိုးသည် တနင့်တပိုးပင် ဖြစ်သည်။ ထို့ကြောင့်ပြည်သူများအတွင်း ဆေးလိပ်အန္တရာယ်ကို မီဒီယာပေါင်းစုံဖြင့် သတိပေး တားမြစ်သွားရန် လိုအပ်ပါသည်။ ဆေးလိပ် တိုက်ဖျက်ရေးလှုပ်ရှားမှုများကိုလည်း အစိုးရ  အဖွဲ့အစည်းများအနေဖြင့်သာမက ပြည်သူများနှင့် NGO အဖွဲ့အစည်းများ၏တက်ကြွသောလှုပ်ရှား မှုများလည်း လိုအပ်ပါသည်။ သို့မှသာလျှင် ပြည်သူများ သက်ရှည်ကျန်းမာလာမည်ဖြစ်သည်။ မည်သို့ ပင်ဆိုစေကာမူ ကမ္ဘာတစ်ဝန်းရှိပြည်သူအားလုံး သည် ဆေးလိပ်၏ဘေးထွက်ဆိုးကျိုးများကို ထဲထဲဝင်ဝင် သိရှိသဘောပေါက်လျက် ဆေးလိပ်ကို ထာဝစဉ်ရှောင်ကြဉ်နိုင်သူများဖြစ်နိုင်ကြပါစေ။ ။

မောင်သောင်းဝင်း(တမန်ဟောင်း)