စိတ်ကြွရူးသွပ် မူးယစ်ဆေးပြားအန္တရာယ် လူတိုင်း အသိ သတိဖြင့် ပူးပေါင်းကာကွယ်
မေယု - မျိုးအောင် (MANA)
ရာဘ ခေါ် မူးယစ်ဆေးပြားကို ၁၈၈၇ ခုနှစ်က ဂျာမနီနိုင်ငံ၌ စတင် တွေ့ရှိခဲ့သည်။ တီထွင်သောပညာရှင်မှာ ရိုမေးနီးယားလူမျိုး ဆေးပညာရှင် LazarEdeleanu ဖြစ်ပြီး ဂျာမနီတပ်မတော်မှာ အသုံးပြုရန် Temmler ဆေးကုမ္ပဏီက Pervitin နာမည်ဖြင့် စတင်ထုတ်လုပ်ခဲ့သည်။
ဂျာမနီလေတပ်မတော်မှ လေသူရဲများ ညဘက် တာဝန်ထမ်း ဆောင်စဉ် အိပ်ငိုက်မှုမရှိအောင် အချိန်ပြည့် နိုးကြားတက်ကြွနေစေရန် ဆေးပြားများတိုက်ခဲ့ကြကာ ခြေလျင်တပ်သို့လည်း ဖြန့်ဝေခဲ့ပြီး ထိုစဉ် က ဂျာမနီတပ်မတော်သားများက Tank Medicin ဟု ခေါ်ကြသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသောအခါဆေးပြားများကို အဝလွန်ရောဂါ ကုသရန် သုံးခဲ့သည်။ ဒိန်းမတ်မှထုတ်သော Desoxyn ဆေးပြားကို ဆေးပညာလောကမှာ ယနေ့အထိ အသုံးပြုလျက်ရှိသည်။
မြန်မာ-ထိုင်းနယ်စပ်မှ ရာဘဈေးကွက်
အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်နှင့် မြန်မာ နိုင်ငံ တာချီလိတ်မြို့တို့သည် ကမ္ဘာမှာ နာမည်ဆိုးဖြင့်ကျော်ကြားသော ရွှေတြိဂံနယ်မြေအစပ်မှာ တည်ရှိသည်။ ရာဘ ခေါ် မူးယစ်ဆေးပြား များသည် ဘိန်းမဟုတ်သကဲ့သို့ ဘိန်းကို အခြေခံထုတ်လုပ်ထားသော ဆေးပြားလည်းမဟုတ်ပေ။ ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်ထားသော ဆေးပြားကို အင်္ဂလိပ်လို methamphetamine ဟု ခေါ်ကြသည်။ ယနေ့ အရှေ့တောင် အာရှနိုင်ငံများမှာ ပေါများစွာ သုံးစွဲနေခြင်းသည် ဈေးပေါပေါနှင့် ရရှိသောကြောင့်ဖြစ်သည်။
မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးရာဒေသရှိဘိန်းခင်းများကို တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုက စဉ်ဆက်မပြတ် ဖျက်ဆီးနေ၍ ဘိန်းဖြူ၊ ဘိန်းမည်း ရှားပါးကာ ဈေးပေါပေါဖြင့် ဝယ်ယူရရှိနိုင်သော ဆေးပြား များကို အသုံးပြုနေခြင်းဖြစ်သည်။ ကုလသမဂ္ဂ အကူအညီဖြင့် ထိုင်းမြန်မာ နယ်စပ်ရှိ ဘိန်းမှောင်ခိုဂိုဏ်းများကိုလည်း စဉ်ဆက်မပြတ် နှိမ်နင်းလျက်ရှိရာ ဘိန်းကို စိုက်ပျိုးရန်သော်လည်းကောင်း၊ ထုတ်လုပ် ရောင်းဝယ်ရန်သော် လည်းကောင်း အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ဘိန်းလောကမှ ရာဘ မူးယစ်ဆေးပြားဘက် ဦးတည်လာကြ သည်။ ထိုင်းနိုင်ငံ အခေါ်အဝေါ်ရာဘ(Yaba)လို့ ခေါ်ကြသည်။ ကုန်ပစ္စည်းများ သယ်ဆောင်ရာ တွင်“လား”များကိုတိုက်ကျွေးသော ဆေးပြားဖြစ်သည်။
ဆေးပြား၏ ဆိုးကျိုးများ
မူးယစ်ဆေးပြားများမှာ အမျိုးအစားအလိုက် ဈေးနှုန်းကွာခြားမှု ရှိပြီး လူငယ်များအကြား စိတ်ကြွဆေးပြားများသုံးစွဲမှု များပြားလာ သည်နှင့်အမျှ ခိုက်ရန်ဖြစ်ပွားမှုများ၊ လူမှုရေးပိုင်းဆိုင်ရာပြဿနာများ ဖြစ်ပွားမှုလည်း များပြားလာကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်နေသော မြန်မာ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ရှင် များက ဆေးပြားများကျွေးပြီး အလုပ်စေခိုင်းကြကြောင်း သိရသည်။ ထိုင်းနိုင်ငံ ဈေးကွက်များစွာ၌ အချိုအုပ်ထားသော Sweet Coated ဆိုသည့် ဆေးပြားကိုပါ အလွယ်တကူ ဝယ်ယူရရှိနိုင်သည်။ အနုပညာရှင်များ စင်ပေါ်မှာဖျော်ဖြေနေချိန် မမောမပန်း ဖျော်ဖြေနိုင်၍ သုံးစွဲမှု တွင်ကျယ်လာကာ ပြည့်တန်ဆာ လောကတွင်လည်း လိင်ဆက်ဆံရာ၌ စွမ်းဆောင်နိုင်စွမ်း ပိုစေသည် ဟုဆိုသည်။ ဆေးပြား၏ဆိုးကျိုးသည် အများအပြားရှိပြီး ဆေးပြားကို အသုံးပြုနေသူတစ်ယောက်သည် ဆေးပြားမသုံးပါက နေ့စဉ် လုပ်ငန်း တာဝန်များကို လုပ်ကိုင်နိုင်စွမ်းမရှိတော့ပေ။
ကျေးကျွန်စနစ်၏ လက်နက်သဖွယ်ဖြစ်နေသဖြင့် တံငါလှေ ငါးဖမ်း သင်္ဘောများမှ ရောင်းစားခံရသော လူများကိုလည်း ပိုင်ရှင်များက ဆေးပြားကျွေးပြီး ခိုင်းစေသည်။ လူများကိုတိရစ္ဆာန်ဘဝရောက်အောင် လုပ်လိုက်သကဲ့သို့ဖြစ်နေသည်။ ကုလသမဂ္ဂ မူးယစ်ဆေးတိုက်ဖျက်ရေး အဖွဲ့၏ ခန့်မှန်းချက်အရ နှစ်စဉ်ထုတ်လုပ်သော ရာဘ မူးယစ်ဆေးပြား အရေအတွက်မှာ သန်းပေါင်း ၁၄၀၀ ကျော်ရှိကြောင်း သိရသည်။
လူငယ်များက ပိုသုံးကြ
ရာဘခေါ်မူးယစ်ဆေးပြားကို အမှုန့်အဖြစ် အလွယ်တကူ ပြုလုပ် နိုင်သဖြင့် အချိုရည်နှင့်ရော၍ သောက်ကြသည်။ အမှုန့်ကို ရှူရှိုက်နိုင် သည့်အပြင် ဆေးလိပ်ထဲသို့ ထည့်ကြသလို အမှုန့်ကို အရည်ဖျော်ပြီး သွေးကြောထဲသို့လည်း ထိုးသွင်းကြသည်။ ဘိန်းသုံးစွဲလျှင် မှိန်းသွား တတ်ပြီး ဆေးပြားသုံးစွဲလျှင် စိတ်ကြွတတ်ရာ လူငယ်များက စိတ်ကြွခြင်းကို ပိုမိုနှစ်သက်ကြ၍ ဆေးပြားကို သုံးစွဲခြင်းဖြစ်ကြောင်း စိတ် ကျန်းမာရေးဌာနမှ စိတ်ကျန်းမာရေးပညာရှင် ဆရာဝန်ကြီးတစ်ဦးက ပြောသည်။
ဆေးပြားသည် စွဲလမ်းစေသောသတ္တိရှိသောကြောင့်တဖြည်းဖြည်း တိုးပြီးသောက်နိုင်မှရသည်။ အစပိုင်းမှာ တစ်ပြားသောက်သော်လည်း နောက်ပိုင်းမှာ တိုး၍သောက်ရသည်။ အိပ်သောအခါ အချိန်ကြာမြင့်စွာ အိပ်လေ့ရှိသည်။ နိုးလာလျှင်လည်း စိတ်ဓာတ်ကျဆင်းသော ဝေဒနာ ခံစားရသည်။ ကြာရှည်သုံးစွဲပါက အသက်ဆုံးရှုံးနိုင်သည်။ အသက်ရှူရ ခက်သော ရောဂါ၊ လေဖြတ်ရောဂါ၊ နှလုံးရောဂါနှင့် စိတ်ရောဂါဝေဒနာ များကို ခံစားရလေ့ရှိသည်။
ကိုဗစ်ကာလနှင့် မူးယစ်ဆေးဈေးကွက်
ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများ ပိုမိုများပြားလာသည်ကို သတင်းစာများတွင် မကြာခဏ တွေ့မြင်နေရ သည်။ ၂၄-၁၁-၂ဝ၂ဝ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်ခဲ့သည့် (၂၂)ကြိမ်မြောက် မြန်မာ-ထိုင်း မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ထိုစဉ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက ကိုဗစ်-၁၉ ရောဂါကာလတွင် ခရီးသွားလာမှုကန့်သတ်ခြင်းကို နိုင်ငံအသီးသီးက ဆောင်ရွက်နေချိန်တွင် အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများကို ပိုမို လုပ်ဆောင်လာကြကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မူးယစ်ဆေးဝါးဈေးကွက် ကျယ်ပြန့်လာခြင်းနှင့်အတူ နိုင်ငံဖြတ် ကျော် အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်သူများ ပါဝင်ပတ်သက်မှုကြောင့် စိတ်ကြွ ရူးသွပ်ဆေးပြားနှင့် ICE မက်အက်ဖက်တမင်း ပြဿနာ ပိုမိုဆိုးရွားလာ ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က ပြောကြားသည်။ ဒီဇင်ဘာ ၁၀ ရက်က အွန်လိုင်းစနစ်ဖြင့် ပြုလုပ်သည့် (၅)ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပရီကာဆာ နှင့် ဓာတုပစ္စည်းများကို ထိန်းချုပ်နိုင်မှသာ စိတ်ကြွဆေးပြားနှင့် ICE မက်အက်ဖက်တမင်း ထုတ်လုပ်မှုများကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ ပရီကာဆာများ တရားမဝင် ဝင်ရောက်မှုများသည် စိန်ခေါ်မှုတစ်ရပ် အနေဖြင့် ဆက်လက်တည်ရှိနေပြီး နယ်စပ်ဝင်ပေါက်များမှ နည်းမျိုးစုံ ဖြင့် ဝင်ရောက်နေမှုများကို ပိုမို ပူးပေါင်းထိန်းချုပ်ပေးစေလိုကြောင်း လည်း ရဲမှူးချုပ်က ပြောသည်။
WY စိတ်ကြွဆေးပြား စံချိန်တင်ဖမ်းမိမှု
၂၀၁၅ ခုနှစ်က မင်္ဂလာဒုံမြို့နယ်၌ ရပ်ထားသော ကွန်တိန်နာယာဉ် ပေါ်မှ ကျပ် ၁၃၃ ဘီလီယံကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၂၆၇ သိန်းကို စံချိန်တင် ဖမ်းဆီးရမိခဲ့သည်။ ထိုနှစ် သြဂုတ်လတွင် မြောက် ဒဂုံမြို့နယ်၌ စိတ်ကြွဆေးပြား ၁၅ သိန်း ဖမ်းဆီးရမိခဲ့သည်။ ထိုနှစ် စက်တင်ဘာ ၂၁ ရက်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်း တက္ကသိုလ်ရိပ်မွန် အိမ်ရာအတွင်း နေအိမ်တစ်အိမ်မှ စိတ်ကြွဆေးပြား နှစ်သန်း ဖမ်းဆီး ရမိသလို စက်တင်ဘာ ၂၆ ရက်တွင် ယင်းအိမ်ရာ၌ပင် ကျပ် ၁၉ ဘီလီယံ ကျော် တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးပြားများ ထပ်မံဖမ်းဆီးရမိခဲ့သည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တို့၏ ဆောင်ရွက်မှုကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ၂၀၁၉ ခုနှစ်ကထက် သုံးဆခန့် ပိုမိုဖော်ထုတ် ဖမ်းဆီးရမိ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဓာတုဆေးဝါးများ
စိတ်ပြောင်းဆေးဝါးနှင့် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် ပရီကာဆာ ဓာတုဆေးဝါးများ သယ်ဆောင် ရောင်းဝယ်မှုမှာလည်း အလွန်မြင့်မားလာကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က ပြောကြားသည်။ ယခုနှစ် ဇန်နဝါရီ ၁၃ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည့် ပထမအကြိမ် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေ
မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး ကမ္ဘာ့မူး ယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းများပါ ပြဋ္ဌာန်းချက်များနှင့်အညီ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံတကာနှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံ ONCB နှင့် မယ့်ဖာလုံဖောင်ဒေးရှင်းတို့က အစားထိုး ဖွံ့ဖြိုး ရေးနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်၊ တောင်ပိုင်း ပင်လောင်းမြို့ နယ် နောင်တရားဒေသနှင့် ဟိုပုံးမြို့နယ်တို့ရှိ ကျေးရွာများတွင် ရေရရှိ ရေးအတွက် ဆည်များ၊ ရေလှောင်ကန်များ၊ တစ်ဖက်ပိတ်ရေတား တမံများ တည်ဆောက်ပေးခြင်း၊ လမ်းတံတား ဖောက်လုပ်ပေးခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ အသေးစား စက်မှုလက်မှု သင်တန်း များပေးခြင်း၊ ပညာရေးအဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ ကျေးလက်ကျန်းမာရေး အဆောက်အအုံများ ပြုပြင်မွမ်းမံပေးခြင်း စသော လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ
မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၂၆ ရက်အတွင်း ကွတ်ခိုင်မြို့နယ်တွင် တပ်မတော်က စံချိန်တင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။ တစ်လနီးပါး ပြုလုပ် ခဲ့သည့် မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းတွင် ကွတ်ခိုင်မြို့နယ်ထဲရှိ လွယ်ခမ်းကျေးရွာနှင့် ပတ်ဝန်းကျင်နေရာများကို ပူးပေါင်းအဖွဲ့များက ပိုက်စိပ်တိုက်ရှာဖွေရာ ကျပ်ဘီလီယံ ၃၉၀ နီးပါး တန်ဖိုးရှိ မူးယစ်ဆေး ဝါးများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပစ္စည်းများကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ စိတ်ကြွဆေးမျိုးစုံ၊ ဘိန်းဖြူ၊ ICE၊ ဘိန်းဆီခဲ၊ ဘိန်းဖြူခဲ၊ ဘိန်းညို စသည့် မူးယစ်ဆေးဝါး များအပြင် ဆေးပြားရိုက်စက်၊ ဓာတုဗေဒပစ္စည်းများ၊ ဆေးပြားမွှေစက် စသည့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို လည်း ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးရေး စီမံချက် တွင် ရဲတပ်ဖွဲ့က အင်အား ၃၀၀ ခန့်ကို ယင်းဒေသသို့ အမြန်ပို့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၈ ရက်မှ ဧပြီ ၁ ရက်အထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၄၄ကြိမ်ရှိခဲ့ပြီး မူးယစ်ဆေးဝါးများသာမက လက်နက်မျိုးစုံ ၇၃ လက်နှင့်ယာဉ်မျိုးစုံ ၂၂ စီးကို သိမ်းဆည်းရမိခဲ့သည်။
၂၀၂၀ ပြည့်နှစ် မေ ၃၀ ရက်တွင် မောင်တောမြို့နယ် မြို့မ ကညင်တန်း (အလယ်) ကျေးရွာ၌ ကျပ်သိန်းပေါင်းများစွာ တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇ဝ၉ဝ၇ဝဝ ကို ဖမ်းမိ ခဲ့သည်။ ၂၀၁၉ ခုနှစ် မတ် ၂ ရက်ကလည်း မောင်တောမြို့နယ် ဝေသာလီကျေးရွာ၌ယာဉ်တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈၇၇၅ဝဝဝ ကို ဖမ်းဆီး ရမိခဲ့သည်။ ထိုနှစ် ဇွန် ၁၄ ရက်ကလည်း မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာ၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးနှင့်အတူ ယာဉ်ပေါ်မှ WY/R စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၆၇၄၅ဝဝ(ခန့်မှန်းတန်ဖိုး ကျပ် ၁ ဘီလီယံကျော်)ကို ဖမ်းမိခဲ့သည်။ အဆိုပါ ဖမ်းမိမှုများမှာ ပိုင်ရှင်များနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ထို့အတူ ၂၀၂၀ ပြည့်နှစ်ဇွန် ၁၄ ရက်ကလည်း တာချီလိတ်မြို့နယ် အတွင်း လိုင်စင်မဲ့ယာဉ်နှစ်စီးပေါ်မှ WY စိတ်ကြွရူးသွပ်ဆေးပြား ၆၅ဝ၂ဝဝဝ ခန့် (ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၉၇၅ဝဝ ကျော်)ကိုလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်က ဖမ်းမိခဲ့ပြီး ဆေးပြားများနှင့်အတူ ဖမ်းမိသူများကို တာချီလိတ်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းစဉ်များ
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များကိုလည်း ခေတ်နှင့်အညီ လိုက်လျောညီထွေရှိစေရန် ဗဟိုအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာ အဆင့်အထိ အဆင့်ဆင့် ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို ထုတ်လုပ်မှု ပပျောက်ရေးနှင့် သုံးစွဲမှုပပျောက်ရေး လုပ်ငန်းစဉ်နှစ်ခုဖြင့် ဆောင်ရွက် လျက်ရှိသည်။ ထုတ်လုပ်မှုပပျောက်ရေး လုပ်ငန်းစဉ်အောက်တွင် တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေး၊ အစားထိုးဖွံ့ဖြိုးမှု အကောင် အထည်ဖော်ရေး၊ မွေးမြူရေး၊ သီးနှံအစားထိုးစိုက်ပျိုးရေးနှင့် အစပျိုး ဓာတုပစ္စည်းများ ထိန်းချုပ်ကြီးကြပ်ရေး စသည်တို့ကို ဆောင်ရွက် နေပြီး သုံးစွဲမှုပပျောက်ရေး လုပ်ငန်းစဉ်အောက်တွင် ဆေးကုသရေး၊ ပြန်လည်ထူထောင်ရေး၊ ကျောင်းသားလူငယ်များအား အသိပညာပေး လှုံ့ဆော်ရေး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်ရေး စသည့် လုပ်ငန်းစဉ်များ ပါဝင်သည်။
လူ့ပတ်ဝန်းကျင်ထဲသို့ အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် ထိုးဖောက်ဝင်ရောက်နေပြီး လွှမ်းမိုးကြီးစိုးနေသော မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးခံယူချက်ဖြင့် တိုက်ထုတ်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(MANA)ကလည်းဟောပြောပွဲများ ပြုလုပ်ခြင်း၊ ဆေးစွဲလူနာများအား ဆေးဝါးကုသရေးတွင် ပါဝင်ကူညီ ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်သစ်အဖြစ် တက်လှမ်းနိုင်ရန်နှင့်တိုင်းပြည်၏အနာဂတ်မျိုးဆက် သစ်လူငယ်များ မူးယစ်ဆေးဝါး၏ကျေးကျွန် မဖြစ်စေရန် လူငယ်ထု အပါအဝင် ပြည်သူတစ်ရပ်လုံးက ကာကွယ်တားဆီးရမည်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအားလုံး ပူးပေါင်းဖြေရှင်းရမည်
ရာဘ ခေါ် စိတ်ကြွရူးသွပ်ဆေးပြား အပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ နိုင်ငံတစ်နိုင်ငံတည်း၏ ပြဿနာမဟုတ်သဖြင့် ကမ္ဘာ့နိုင်ငံအားလုံး ပူးပေါင်း၍ ဖြေရှင်းသွားရမည်ဖြစ်ကြောင်း ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ရေးသားလိုက်ရပါသည်။