စီးပွားရေးတည်ငြိမ်မှုနှင့် နိုင်ငံရေးတည်ငြိမ်မှု
နိုင်ငံရေးဆိုတာ နိုင်ငံတစ်ခုရဲ့ ကံကြမ္မာ အကောင်း၊ အဆိုးကို အဓိကအခန်းကဏ္ဍကနေ ပြဋ္ဌာန်းပေး တဲ့ အခြေခံအကြောင်းတရားကြီးဖြစ်တယ်ဆိုတာ ကို နိုင်ငံရေးသိပ္ပံပညာရပ်က အတိအလင်းဖွင့်ဆို ထားပါတယ်။ ဒါဘာကြောင့်လဲဆိုတော့ နိုင်ငံရေး တည်ငြိမ်မှုကို အခြေခံပြီးတော့မှကျန်တဲ့စီးပွားရေး၊ ပညာရေး၊ လူမှုရေးစတဲ့ ဘက်စုံကဏ္ဍတွေအားလုံး ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်တာမို့ လို့ပဲဖြစ်ပါတယ်။ ဒီထက်ပိုတိကျအောင်ပြောရရင်တော့ နိုင်ငံရေးတည်ငြိမ်မှုရှိမှ စီးပွားရေးတည်ငြိမ်မှု ရှိဖို့ အာမခံချက်ပေးနိုင်မှာဖြစ်ပြီးတော့ စီးပွားရေး တည်ငြိမ်မှုက စောစောကပြောတဲ့ နိုင်ငံတစ်ခုရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အာမခံချက်ပေးနိုင် တာကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခါ စီးပွားရေး တည်ငြိမ်မှုကို နိုင်ငံရေးတည်ငြိမ်မှုက ပံ့ပိုးမှုကောင်းစွာပြုနိုင်တာနဲ့အမျှ စီးပွားဖြစ်ထွန်းမှုကို ဖန်တီးနိုင်ပြီး တော့ နိုင်ငံတစ်ခုဟာ စီးပွားရေးအရတောင့်တင်းလာလေ နိုင်ငံသားတွေရဲ့ လူနေမှု အဆင့်အတန်း၊ ပညာရေးအဆင့်အတန်း၊ ယဉ်ကျေးမှုအဆင့်အတန်းတွေကိုမြှင့်တင်ပေးနိုင်ရုံ မျှမက နိုင်ငံရေးစနစ်ကို ပိုမိုကောင်း မွန်ပြည့်စုံရေး တည်ဆောက်နိုင်ဖို့ အပြန်အလှန်အားဖြင့် အားဖြည့်ပေးတယ် လို့ဆိုပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးတည်ငြိမ်မှုရှိဖို့နဲ့ စီးပွားရေး တည်ငြိမ်မှုရှိဖို့ ဆိုတာဟာ တစ်ခုကိုတစ်ခု အပြန်အလှန်ကောင်းစွာအထောက်အပံ့ပြုပေးနေတာ ဖြစ်တယ် လို့ဆိုရမှာဖြစ်ပါတယ်။ ။
နိုင်ငံရေးစနစ်ကောင်းတစ်ရပ်
ဒီနေရာမှာ အလေးအနက်ထားပြီး စဉ်းစားကြ ဖို့သင့်တာကတော့ စောစောကပြောသလို နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေးတည်ငြိမ်မှုကြားက အပြန်အလှန် ထောက်ပံ့နေခြင်းဆိုတဲ့ အကြောင်းအရာဖြစ်ပါတယ်။ အထူးသဖြင့် ကောင်းမွန်တဲ့နိုင်ငံရေးစနစ် တစ်ရပ် ပေါ်ထွန်း လာရေးကိုစိန်ခေါ်မှုတွေ မြောက်မြားစွာ ရဲ့ကြားထဲ ကနေ ခဲရာခဲဆစ် ကြိုးစားလုပ် ဆောင်နေကြရတဲ့ နိုင်ငံမျိုးတွေအဖို့ရာမှာ နိုင်ငံရေး စနစ်ကောင်းတစ်ရပ်ကို တည်ဆောက် ဖန်တီးယူလို့ ရနိုင်ရေး အတွက် အခြေခံလိုအပ်ချက် တွေဟာ မြောက်မြား စွာရှိနေ တတ်တယ်ဆိုတာကို သတိချပ်ကြဖို့ဖြစ်ပါ တယ်။ စီးပွားရေးအရ ကောင်းမွန်တဲ့ အနေအထား တစ်ရပ်မှာ ရှိမနေဘူးဆိုရင် ကျန်တဲ့ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ကိစ္စကို လက်တွေ့ကျကျ အကောင် အထည်ဖော်ကြတဲ့နေရာမှာ ဘယ်လိုမှ အောင်မြင်လာဖို့ မလွယ်ကူနိုင်ဘူး ဆိုတဲ့အချက်ကို မေ့လျော့ မထားဖို့ ဖြစ်ပါတယ်။ စီးပွားရေးတည်ငြိမ်ပြီး တစ်စုံ တစ်ရာဖြစ် ထွန်းနေခြင်းက နိုင်ငံရေးစနစ်ကောင်း တစ်ရပ် ပေါ်ထွန်းလာပြီး နိုင်ငံရေးတည်ငြိမ်မှု ကိုကောင်းစွာအာမခံချက်ရှိရေး ထောက်ပံ့မှုပြုနေတာ ဖြစ်ပါတယ်။
နိုင်ငံသားတွေရဲ့ နိုင်ငံရေးအသိပညာရေချိန်၊ စားဝတ်နေမှုအဆင့်အတန်း၊ ဥပဒေစည်းကမ်းနဲ့ ကျင့်ဝတ်တွေကို တန်ဖိုးထားမှုစတာတွေကို စီးပွားရေးအခြေအနေက တစ်နည်းတစ်လမ်း အားဖြင့် ပံ့ပိုးကူညီပေးနေပြီးတော့ ဒီအကြောင်း တရားကပဲ နိုင်ငံရေးစနစ်ကောင်းတစ်ရပ် တဖြည်းဖြည်းချင်းဖြစ်တည်လာဖို့များစွာ တွန်းအားပေးတယ်ဆိုတာကို ငြင်းမရပါဘူး။ နိုင်ငံရေးစနစ်ကောင်းတစ်ရပ် တည်တံ့နိုင်ဖို့ အတွက် နိုင်ငံသားတွေရဲ့တွေးခေါ်ပုံ၊ တန်ဖိုးထား ပုံတွေက တိုက်ရိုက်သက်ရောက်စေတာ ဖြစ်ပါတယ်။ နိုင်ငံသားတွေရဲ့ တွေးခေါ်ပုံက နိုင်ငံရေး စနစ်ကောင်း တစ်ရပ် အားကောင်းမောင်သန်ရှင်သန်ထွန်းကား ရေးကို ကောင်းစွာ အထောက်အပံ့ ပြု မှသာလျှင် နိုင်ငံရေးတည်ငြိမ်မှုကိုရော၊ တဖြည်းဖြည်း ပိုမိုခိုင်မာတောင့်တင်းလာမယ့်နိုင်ငံရေးစနစ်ကိုရော မျှော်မှန်း လို့ရနိုင်ပါလိမ့်မယ်။ အဲသလိုလိုက်လျောညီထွေရှိမယ့် အတွေးအခေါ်မျိုး နိုင်ငံသားတိုင်းကတွေးခေါ်နိုင်ကြဖို့ ဆိုရင် သူတို့ရဲ့ လူမှုဘဝအဆင့်အတန်းတွေ အတော် အတန်အဆင့်မီနေရပါလိမ့်မယ်။ ပညာရေးအဆင့် အတန်းကလည်း အတော်အတန် လူလူသူသူ ဖြစ်နေ ရပါလိမ့်မယ်။ ယဉ်ကျေးမှုအဆင့် အတန်းကလည်း နိုင်ငံရေးစနစ်ကောင်းတစ်ရပ်ကို ပံ့ပိုးနိုင်မယ့် နိုင်ငံ သားချင်း လေးစားတန်ဖိုးထားမှုကို ဗဟိုပြုတဲ့ယဉ်ကျေးမှုအဆင့်အတန်းမျိုး ဖြစ်တည်နေရပါလိမ့် မယ်။ အဲသလိုအခြေအနေကို ရောက်ရှိနိုင်ဖို့ဆိုရင် သင့်တင့်တဲ့စီးပွားဖြစ်ထွန်းမှုကို ဖော်ဆောင်နိုင်လို့ စီးပွားရေးတည်ငြိမ်မှုကလည်း သင့်တင့်တဲ့အခြေ အနေကို တဖြည်းဖြည်းရောက်ရှိနေဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
လူ့အဖွဲ့ အစည်းရဲ့ အဆင့်အတန်းက ပေမမီ ဒေါက်မမီအခြေအနေမှာ နိုင်ငံရေးစနစ်ကောင်း တစ်ရပ် ပေါ်ပေါက်လာစေရေး အားထုတ်ကြရာမှာ စီးပွားရေးကို တစ်ဖက်က အတိုင်းအတာ တစ်ခုအထိ အခြေအနေကောင်းအောင် တွန်းတင်ပြီးတော့ စီးပွားရေးတည်ငြိမ်မှုကို တစ်ပြိုင်နက်တည်း ဖန်တီး ဖို့မလိုအပ်ဘူးလို့ ယူဆမယ်ဆိုရင်၊ တစ်နည်းအားဖြင့် နိုင်ငံရေးစနစ် ကောင်းတစ်ရပ်ကို အခိုင်အမာအုတ်မြစ် ချပြီးမှသာ စီးပွားရေးအပါအဝင် ကျန်တဲ့ကိစ္စတွေကို စဉ်းစားမယ်လို့ယူဆရင် ဒါဟာတော်တော်ကြီး စိတ်ကူးယဉ်ဆန်တဲ့ အတွေးအခေါ် သက်သက် သာ ဖြစ်ပါလိမ့်မယ်။ ကောင်းမွန်တဲ့နိုင်ငံရေးစနစ်တစ်ရပ် အခြေခိုင်ဖို့အတွက် ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်မဖြစ်မနေလိုအပ်ပါတယ်။ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဆိုတာဟာ စားဝတ်နေမှု အတော် အသင့်ဖူလုံပြီး ဘဝလုံခြုံမှုရှိရုံမက နိုင်ငံရေးစနစ်ကောင်းတစ်ရပ်မှာ ရှိသင့်ရှိထိုက်တဲ့ကျင့်ဝတ်တွေ၊ စည်းမျဉ်းတွေကို တန်ဖိုးထားတတ်တဲ့၊ တန်ဖိုးထား နိုင်တဲ့အခြေအနေရော၊ အသိပညာရော ပြည့်စုံတဲ့ နိုင်ငံသားတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့ အစည်းမျိုး ကိုဆိုလိုခြင်းဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အစိုးရတွေ ကိုရရှိနေပြီး ကောင်းမွန် တဲ့နိုင်ငံရေးစနစ်တစ်ရပ်ကို အခိုင်အမာထူထောင်ထားနိုင်တဲ့ နိုင်ငံတိုင်းမှာ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း သို့မဟုတ် ကောင်းမွန် တဲ့နိုင်ငံရေးစနစ်ကို ပျိုးထောင်နိုင်တဲ့၊ ထိန်းသိမ်း စောင့်ရှောက်နိုင်တဲ့ ကောင်းမွန်တဲ့အစိုးရတွေကို ရွေးချယ်တင်မြှောက်နိုင်သော နိုင်ငံရေးဓလေ့ ကောင်းမွန်စွာလွှမ်းမိုးနေတဲ့ လူ့အဖွဲ့အစည်းတွေ ရှိနေတတ်တာကို ကောင်းမွန်စွာ နားလည် သဘော ပေါက်ကြမယ်ဆိုရင် နိုင်ငံရေးစနစ်ကောင်းတစ်ရပ် ပိုင်ဆိုင်ကြဖို့အတွက် လမ်းစပေါ်ပြီလို့ ပြောလို့ရပါ တယ်။ ကမ္ဘာ့ဒုတိယအင်အားကြီးနိုင်ငံအဖြစ် ရောက်ရှိအာရှမှာ နိုင်ငံရေးစနစ်ကောင်းတွေကို တည်ထောင်နိုင်ကြတဲ့ နိုင်ငံတွေကိုလေ့လာကြည့်ရင် လည်း နိုင်ငံရေးစနစ်ကောင်းဖို့နဲ့ စီးပွားဖြစ်ထွန်းဖို့ကို တစ်ပြိုင်နက်တည်း အားစိုက်လုပ်ကိုင် ဆောင် ရွက် နိုင်ကြတာမို့ နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေး တည်ငြိမ်မှုအကြား အပြန်အလှန်အ ထောက်အပံ့ပြု ပံ့ပိုးပေးနိုင်ကြတာကို မြင်တွေ့နိုင်ပါတယ်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ ပြာပုံဘဝကိုရောက်ရတဲ့အထိဆင်းရဲမွဲတေသွားခဲ့ရပြီးတော့ နိုင်ငံကို ပြန်လည်ထူထောင်ကြရာမှာ နိုင်ငံရေး စနစ်ကောင်းဖို့ကိုရော၊ စီးပွားရေးကောင်းမွန်တဲ့ အခြေခံကောင်းနဲ့ နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ကို ရောတစ်ပြိုင်နက်တည်း အင်တိုက်အား တိုက်ကြိုးပမ်း လုပ်ကိုင်ခဲ့ကြတာကြောင့် ၁၉၈၀ ပြည့်နှစ်များမှာ ကမ္ဘာ့ဒုတိယ အင်အားကြီး နိုင်ငံအဖြစ် ရောက်ရှိလာခဲ့ ပြီး ဒီကနေ့အထိတည်တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုးတိုးတက် တဲ့ အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နေနိုင်တာ တွေ့ရပါလိမ့်မယ်။ တောင်ကိုရီးယားနိုင်ငံဟာ စီးပွား ရေးစနစ်ကောင်းဖို့ကို နိုင်ငံရေးစနစ်ကောင်းဖို့ထက်တောင်မှ ပိုဦးစားပေးဆောင်ရွက် ခဲ့ပြီးတော့ စီးပွားရေးကောင်းလာတာနဲ့အမျှ နိုင်ငံရေးစနစ်ကိုလည်း တဖြည်းဖြည်းနဲ့ ပိုမိုတိုး တက်ကောင်းမွန်အောင် ကျကျနန ထူထောင်နိုင်ခဲ့ပြီးတော့ အာရှရဲ့ ထိပ်တန်း နိုင်ငံအဖြစ် ရပ်တည်နေတာကို မြင်တွေ့နိုင်ပါတယ်။ စင်ကာပူ၊ မလေးရှားစတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ဟာလည်း စီးပွားရေးစနစ်ကောင်းဖို့ စီးပွားရေး တည်ငြိမ်ပြီးတော့ နိုင်ငံဘက်စုံဖွံ့ဖြိုးတိုး တက်ဖို့ကို ပထမဦးစားပေးအနေနဲ့ ကြိုးစားလုပ်ကိုင်ဆောင်ရွက် လာတာကြောင့် တိုးတက် ဖွံ့ဖြိုး တဲ့နိုင်ငံတွေအဖြစ် ရပ်တည်နိုင်ကြတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံ တွေကိုကြည့်ရင် နိုင်ငံရေး စီးပွားရေးပါ တည်တည်ငြိမ်ငြိမ်ရှိပြီးတော့ နိုင်ငံသားတွေရဲ့ လူမှု ဘဝတွေဟာလည်း အာမခံချက်ကောင်းကောင်းရှိနေ ကြတာကို မြင်တွေ့ရပါတယ်။ ။
ဆိုလိုတာကတော့ နိုင်ငံရေးနဲ့ စီးပွားရေးကို တဖြည်းဖြည်းနဲ့ ကောင်းသည်ထက်ကောင်း လာအောင်၊ တိုးတက်သည်ထက် တိုးတက်လာအောင် တစ်ပြိုင်နက်တည်း တည်ဆောက် ကြဖို့ဆိုတဲ့ အရေးကို မျက်ခြည်မပြတ်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာဟာ အင်မတန်မှကောင်းမွန် တဲ့ နိုင်ငံရေးစနစ်ဖြစ်သလောက် ဒီစနစ်ကို ပျိုးထောင်ဖို့ ကြိုးစားကြရတဲ့ ဘယ်နိုင်ငံအတွက် မဆို လွယ်လင့်တကူနဲ့ အောင်မြင်ဖြစ်ထွန်းတာ မရှိသလို ဒီနိုင်ငံရေးစနစ် ဖြစ်ထွန်းရေးနဲ့ တည်တံ့ ရေးအတွက် လိုအပ်ချက်တွေဟာလည်း အင်မတန် မှ များပြားလှတာဖြစ်ပါတယ်။ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေကို အမှန်တကယ် အမြစ် တွယ်ပြီး ခိုင်မာအောင်တည်ဆောက်နိုင်ရေး၊ နိုင်ငံ သားတွေက ဒီမိုကရေစီယဉ်ကျေးမှုကို အမှန် တကယ် နှလုံးသွင်းလိုက်နာကျင့်ကြံကြရေး၊
ကောင်းမွန်သော စွမ်းရည်ပြည့်ဝသော အစိုးရတွေ ကို ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် လုံလောက်သော နိုင်ငံရေးရေချိန်သို့ရောက်ရှိရေး၊ နိုင်ငံရေးပါတီတွေကိုလည်း တောင့်တင်းခိုင်မာပြီး စွမ်းရည်ပြည့်ဝစေရန် တည်ဆောက်ရေး၊ တန်းတူ ညီမျှရှိသော ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကို နိုင်ငံသားတွေအားလုံး အမှန်တကယ် ခံစားစံစား နိုင်ကြရေး၊ ဒီမိုကရေစီစနစ်ရဲ့ အဓိကဒေါက်တိုင် ကြီးဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးကို နိုင်ငံရေးစနစ် ကလည်း အာမခံချက်အပြည့်အဝပေးနိုင်သလို နိုင်ငံသားတွေကလည်း တန်ဖိုးထားလိုက်နာ
ဆောင်ရွက်လိုစိတ် အမှန်တကယ်ပြည့်ပြည့်ဝဝ ရှိလာရေးစတဲ့ လိုအပ်ချက်တွေကို အမှန်တကယ် ဖြည့်တင်းနိုင်ကြဖို့ဆိုရင် နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေးတည်ငြိမ်မှုကိုကျကျနနဦးတည်ကြိုးပမ်း အကောင်အထည်ဖော်နိုင်ကြဖို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီမိုကရေစီစနစ်ဟာ အမှန်တကယ် ထွန်းကားပေါ်ပေါက်လာစေရေးနဲ့ ရေရှည်တည်တံ့ ခိုင်မာစေရေးအတွက်ဆိုရင် စိတ်ကူးယဉ်ဆန်တဲ့ နိုင်ငံရေးလောက်နဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ ကို နားလည်ကြဖို့ လိုအပ်ပါလိမ့်မယ်။ ဒီမိုကရေစီ စနစ်ကိုရချင်တယ်ဆိုတဲ့သာမန်စိတ်ဆန္ဒမျှနဲ့လည်း မရနိုင်သလို ချက်ချင်းရရှိလာခဲ့ရင်လည်း နေ့မြင် ညပျောက်ဒုက္ခရောက်နိုင်တဲ့ အနေအထားမျိုး လည်း ရှိတယ်ဆိုတာကိုလေးလေးနက်နက် သိမြင် ကြဖို့လည်း လိုအပ်ပြန်ပါတယ်။ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံသားတွေအားလုံး တို့က ကိုယ်စီကိုယ်င သက်ဆိုင်ကြတဲ့ နိုင်ငံရေး အသိအမြင်တွေ ပြည့်ဝစွာဖြည့်ဆည်းနိုင်ကြပြီး
တော့ ဒီမိုကရေစီစနစ်ကနေ ရရှိသီးပွင့်လာမယ့် အခွင့်အရေးတွေကိုလည်း ခံစားလိုကြသလို ဒီနိုင်ငံ ရေးစနစ် အမှန်တကယ်ထွန်းကားနိုင်မယ့် အခြေ အနေမျိုးကို ဝိုင်းဝန်းဖန်တီးကြရမယ်ဆိုတဲ့ နိုင်ငံ ရေးအသိ၊ နိုင်ငံရေးစိတ်ဓာတ်များကို ကိုယ်စီ ကိုယ်င မွေးမြူကြပြီးတော့ နိုင်ငံရေးစနစ်ကလည်း တစ်ဖက်မှ တဖြည်းဖြည်းဖြစ်ထွန်းလာပြီးနောက် တစ်ဖက်မှာ အဲဒီနိုင်ငံရေးစနစ် အမှန်တကယ် ရှင်သန်တည်တံ့နိုင်ရေး မဖြစ်မနေလိုအပ်တဲ့ စီးပွားရေးအခြေအနေဟာ တဖြည်းဖြည်းကောင်း သည်ထက်ကောင်းလာဖို့ကိုလည်း တစ်ချိန်တည်း တစ်ပြိုင်တည်း အလေးထားဆောင်ရွက်ကြရင် နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေးတည်ငြိမ်မှုကို အခိုင်အမာ တည်ဆောက်နိုင်မှာဖြစ်တာကြောင့် ရရှိလာမယ့် နိုင်ငံရေးစနစ်ကောင်းတစ်ရပ်ကိုထာဝရတည်တံ့အောင် ထိန်းသိမ်းနိုင်ကြမှသာ အကောင်းဆုံးအနာဂတ်တစ်ခုကို ဖန်တီး တည်ဆောက်နိုင်ကြပြီး နောက်မျိုးဆက်တွေ အတွက် အကောင်းဆုံးအမွေအနှစ်အဖြစ် လက်ဆင့်ကမ်းပေးအပ်ခဲ့နိုင်မှာ မုချဖြစ်ပါကြောင်း လေးစားစွာရေးသာတင်ပြလိုက်ပါတယ်။ ။
ပိုက်တင်