မြန်မာ့သစ်တောများ သက်ရှည်ရှင်သန်ဖို့ ပြည်သူအားလုံး ပါဝင်စို့
“ကြီးမြန်သစ်ပင်စိုက်ပျိုးလျှင် စွမ်းအင်လည်းရ ပြည်လည်းလှ”၊ “သစ်တောသစ်ပင် ဒို့ချစ်ခင် အစဉ်စိုက်ပျိုး အလှတိုး”၊ “သစ်ပင်စိုက်ပါ ဒို့ကမ္ဘာ သာယာလှပ စိမ်းမြမြ” စသည့် စာသား ဆောင်ပုဒ်များကို သတင်းစာများမှာ အမြဲလိုလို ဖတ်ရှုနေရပေမယ့် ဖတ်ပြီး မေ့သွားတာက ခပ်များများ။ ကျွန်တော်တို့လူသားတွေဟာ တစ်ခါတစ်ခါ တချို့ကိစ္စတွေကို ကိုယ်နှင့်မဆိုင်ဟု ထင်ကာ မေ့မေ့ပျောက်ပျောက်နေလိုက်ကြသည်က များသည်။
ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် စသည့် ရည်ရွယ်ချက်တွေနဲ့ ထုတ်ဝေလျက်ရှိ သည့် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါရှိသော ထုတ်ပြန်ချက်တွေ၊ ကြေညာချက်တွေ၊ ဆောင်းပါးတွေ၊ ဆောင်ပုဒ်တွေဟာ လူသားတစ်ဦးအနေဖြင့် လုပ်ဆောင်ရမည့် ကျင့်ဝတ်တွေ၊ နိုင်ငံသားတစ်ဦး လိုက်နာရမည့် စည်းကမ်းတွေဖြစ်၍ သစ်တောသစ်ပင်နှင့်ပတ်သက်သည့် ဆောင်ပုဒ်များဟာ သစ်ပင် စိုက်ပျိုးခြင်းဖြင့် သစ်တောကို ချစ်ခင်တန်ဖိုးထားတတ်စေရန် ရည်ရွယ်ခြင်းသာ ဖြစ်ပေသည်။
ဟန်ရေးပြစိုက်ပျိုးခြင်း
ယခုဆိုလျှင် မြန်မာတစ်နိုင်ငံလုံးမှာ အတော်အသင့် မိုးရွာသွန်း နေပြီဖြစ်ပြီး မိုးရေနဲ့အတူ အေးမြမှုကိုပါ ရရှိခံစားနေကြရပြီဖြစ်သည်။ ဒီလိုအေးမြမှုကို ပူပြင်းတဲ့ နွေကာလထိတိုင် ရရှိနေဖို့ က သတင်းစာမှာ ဖော်ပြနေတဲ့ ဆောင်ပုဒ်များအတိုင်း တစ်ဦးချင်းက လိုက်နာလုပ်ဆောင် ကြဖို့ပဲ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဇူလိုင်လကို သစ်ပင်စိုက်ပျိုးရေးလ အဖြစ် သတ်မှတ်ထားပြီး နှစ်စဉ် နှစ်တိုင်းလည်း နိုင်ငံတစ်ဝန်း စိုက်ပျိုးခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးရာတွင် ရှင်အောင် စိုက်ဖို့လိုပြီး ကြီးအောင် ပြုစုဖို့လည်း လိုပါသည်။ ရှင်သန်အောင်စိုက်ပျိုးလိုက်သည့် သစ်ပင် အတွက် မြဲမြံအောင်ထိန်းသိမ်းဖို့ တာဝန်ကလည်း လိုအပ်ပါသည်။ စိုက်ပျိုးပြီးတဲ့သစ်ပင်ကို ရေလောင်း ပေါင်းသင် ပြုစုပျိုးထောင်ခြင်း မပြုလုပ်ဘဲ ပစ်ထားပါက ဟန်ရေးပြစိုက်ပျိုးခြင်းသာ မည်ပြီး အချိန်နဲ့ ငွေကြေးကို အချည်းအနှီးဖြစ်စေရုံပဲရှိမည်ဖြစ်သည်။
သစ်ပင်စိုက်ပျိုးတော့မည်ဆိုလျှင် စိုက်မည့် နေရာဒေသ၊ ရာသီဥတုနှင့် မြေအမျိုးအစားအပေါ် မူတည်၍ ကိုက်ညီမည့် သစ်ပင်အမျိုး အစားကို ရွေးချယ်စိုက်ပျိုးရမည်ဖြစ်သည်။ ထို့နောက် မြေပြုပြင်ခြင်း၊ ပြုစုထိန်းသိမ်းခြင်းတို့ကို အဆင့်လိုက် ပြုလုပ်ကာ သစ်ပင်တစ်ပင်မှ သည် သစ်တောစိုက်ခင်းတစ်ခုအထိ ရှင်သန်ကြီးထွားအောင် ရပ်ကွက် ကျေးရွာအလိုက်၊ အဖွဲ့အစည်း အလိုက်၊ ရုံးဌာနများအလိုက် စိုက်ပျိုးကြရပါမည်။ ပရဟိတအသင်းအဖွဲ့များ၊ သစ်ပင်ချစ်သူများ၊ သဘာဝ ပတ်ဝန်းကျင် ချစ်ခင်သူများ စသည်ဖြင့် အဖွဲ့လိုက်ရော၊ ပုဂ္ဂလိက တစ်ဦးချင်းအနေဖြင့် ပါ သစ်ပင်စိုက်ပျိုးကြရမည်ဖြစ်သည်။
သစ်ပင်စိုက်ပွဲများ နှစ်စဉ်ပြုလုပ်
သစ်ပင်တစ်ပင် စတင်ရှင်သန်သည်မှ အသုံးချနိုင်သည့် အရွယ်ရောက်အောင် နှစ်ပေါင်း ၆၀ မှ ၁၅၀ ခန့်အထိ ကြာမြင့်နိုင်သည်။ သစ်တောဦးစီးဌာန၏ “သစ်တောနဲ့ သစ်ပင်၊ ချစ်ခင်တဲ့လူမျိုး၊ သစ်ပင်ကို နှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုး” ဆောင်ပုဒ်သည် နှစ်စဉ်ပြုလုပ်သည့် ဇူလိုင်လ သစ်ပင် စိုက်ပျိုးပွဲတွင်သာမက စိုက်ပျိုးပြီးသည့် သစ်ပင်များ ရှင်သန်ကြီးထွားအောင် အမြဲဆောင်ရွက် တတ်စေရန်ပါ နှိုးဆော်တိုက် တွန်းလျက်ရှိသည်။ အစိုးရအဆက်ဆက်အနေဖြင့်လည်း သစ်ပင် စိုက်ပွဲများကို နှစ်စဉ်ပြုလုပ်ပြီး လူထုအားဖြင့် အပင်ရေ သန်းနှင့်ချီကာ သစ်ပင်များကို နိုင်ငံ တစ်ဝန်းလုံး စိုက်ပျိုးခဲ့ကြသည်။ စိုက်ပျိုးပြီးသမျှ သစ်ပင်များ ရှင်သန်ခဲ့မည်ဆိုလျှင် မြို့များ ရွာများ တစ်နိုင်ငံလုံး စိမ်းလန်းစိုပြည်နေမည်ဖြစ်သလို လမ်းအသွယ်သွယ်တို့မှာလည်း အေးရိပ် ဝေဆာ သာယာနေမည်မှာ အမှန်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် သစ်တောဂေဟစနစ် ထိန်းသိမ်းနိုင်ရေးအတွက် ၂၀၃၀ပြည့်နှစ်တွင် နိုင်ငံ ဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သဘာဝ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများအဖြစ် ဖွဲ့စည်း နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ရန်လိုအပ်သော သစ်တောများကို ကြိုးဝိုင်း သစ်တောဟူ၍ သတ်မှတ်ခြင်းဖြစ်ပြီး ကြိုးဝိုင်းသစ်တောသည် သစ်တောထိန်းသိမ်းရေးနှင့် အုပ်ချုပ်ရေးအတွက် လွယ်ကူစေရန် ကြိုးဝိုင်းနယ်နိမိတ်များတွင် အထစ်ကြီးများ ထစ်ထားခြင်း၊ အစိုးရတံဆိပ် ရိုက်နှိပ်ထားခြင်း၊ ကြော်ငြာပြားကပ်ထားခြင်း၊ နယ်နိမိတ်တိုင်များ စိုက်ထားခြင်း တို့ဖြင့် အထင်အရှားပြုလုပ်ထားမှုကို ခေါ်ဆိုခြင်းဖြစ်သည်။ အဆိုပါ ကြိုးဝိုင်းသစ်တောများ အတွင်းမှ အပင်များကို သက်ဆိုင်ရာအမိန့်တစ်စုံတစ်ရာမရရှိဘဲ ထုတ်ယူသုံးစွဲခြင်းမပြုရန် ဥပဒေဖြင့် တားမြစ်ထားသည်။
နိုင်ငံကိုအကျိုးပြုသည့် သစ်တောများ
နိုင်ငံတိုင်းပြည်တို့၏ ဧရိယာအများအပြားကို စိမ်းလန်းမှိုင်းညိုသော သစ်တောများဖြင့် ဖုံးလွှမ်း လျက်ရှိရာ နိုင်ငံတိုင်းပြည်၏ ဘဏ္ဍာငွေ အတော်များများကို သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရောင်းချခြင်းဖြင့် ဖြည့်တင်းကြရသည်ကို မည်သူမျှမငြင်းနိုင်ကြချေ။ သစ်တော များသည် နိုင်ငံတိုင်းပြည်အတွက် ဘဏ္ဍာငွေအပြင် ရာသီဥတုကို မျှတစေခြင်း၊ မြေဆီလွှာ မပျက်မယွင်း ရအောင် ကာကွယ်ပေးခြင်း၊ စိမ့်စမ်းအင်းအိုင်တို့၌ အနည်အနှစ်ပို့ချမှု နည်းပါးစေခြင်း၊ တိုင်းပြည် ၏ သယံဇာတဖြစ်သော တောရိုင်း သားငှက် တိရစ္ဆာန်တို့ ခိုအောင်းရာ နေရာဖြစ်ခြင်း၊ လူသား တို့၏ စိတ်ကြည်နူးဖွယ် အပန်းဖြေရာနေရာ ဖြစ်ခြင်းစသည့် နည်းလမ်းအဖုံဖုံဖြင့် ကျေးဇူးပြု သေးသည်။
ထို့အပြင် သစ်တောထွက်ပစ္စည်းများကို မြို့ကြီးပြကြီးများရှိ တိုက်တာနေအိမ်၊ အဆောက်အအုံ များမှ အစကျေးရွာဒေသအသီးသီးရှိ နေအိမ်များတိုင်အောင် တွေ့မြင်ရမည်ဖြစ်ပေသည်။ လူတို့ စားသောက်သုံးဆောင်သော အစာအာဟာရနှင့် ဆေးဝါးများတွင်လည်း သစ်သီး၊ သစ်ဥသစ်ဖု၊ သစ်ရွက်သစ်မြစ်များသည် အရေးပါသော အပိုင်းကဏ္ဍမှ ပါဝင်ကြသည်။ သစ်စေး၊ သစ်ဆီ၊ သစ်ရည်တို့သည်လည်း အရောင်တင်ဆီ၊ ကော် စသည့် လူ့အသုံးအဆောင်ပစ္စည်းများ လုပ်ကိုင် သည့် လုပ်ငန်းများတွင် အသုံးပြုသော သစ်တောထွက်ပစ္စည်းများ ဖြစ်ပေသည်။ ထို့အပြင် ယဉ်ကျေးမှုသည်လည်း တစ်စိတ်တစ်ဒေသအားဖြင့် သစ်တောနှင့် ဆက်စပ်နေသေးသည်။ မြန်မာ့ယဉ်ကျေးမှုတစ်ရပ် ဖြစ်သည့် ပန်းပုပညာသည် ကျွန်းသစ်အစရှိသော သစ်ကောင်းများ ဖြင့်သာ ပြုလုပ်ရပြီး ယွန်းထည်များသည်လည်း သစ်တောများမှ ထွက်ရှိသော ဝါးဖြင့်ပြုလုပ်၍ သစ်စေးသုတ်ထားသည့် ယဉ်ကျေးမှု ပစ္စည်းများ ဖြစ်ကြပေသည်။
လူသားများကြောင့် သစ်တောပြုန်းတီးခြင်း
ဤကဲ့သို့ ဘဏ္ဍာငွေမှအစ လူ့အသုံးအဆောင်ပစ္စည်းများအထိ အကျယ်တဝင့် အသုံးပြုလျက် ရှိသည့် သစ်တောထွက်ပစ္စည်းများကို စည်းကမ်းမဲ့ ရသလောက် ထုတ်ယူသုံးစွဲခြင်း၏ အကျိုး ဆက်အဖြစ် ကမ္ဘာကြီးတွင် ပူပြင်းခြောက်သွေ့ခြင်း၊ ရာသီဥတု ဆိုးရွားလာခြင်း၊ တောမီးလောင် ခြင်း၊ ရေကြီးရေလျှံခြင်း၊ ရောဂါအသစ်အဆန်းများ ပေါ်ပေါက်လာခြင်း စသည့်ဘေးဒဏ် အမျိုးမျိုးကိုလူသားများအနေဖြင့် တွေ့ကြုံရင်ဆိုင်နေရပြီဖြစ်သည်။ သစ်တောပြုန်းတီးခြင်း၏ အဆိုး ရွားဆုံး တရားခံမှာ လူသားများပင်ဖြစ်သည်။ သစ်တောများကို စည်းမဲ့ကမ်းမဲ့ ခုတ်လှဲ ခြင်းဖြင့် သစ်တောများကို ပြုန်းတီးစေသည်သာမက တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း၊ အခြား နည်းအမျိုးမျိုးဖြင့်လည်းကောင်း သစ်တောများကို ဖျက်ဆီးနေကြခြင်းဖြစ်သည်။ ထို့အပြင် တောမီးလောင်ခြင်း၊ ပိုးကျခြင်း၊ သစ်ပင်ရောဂါ ကျရောက်ခြင်း၊ ချုံနွယ်ပိတ်ပေါင်းထူထပ်ခြင်းတို့ကြောင့်လည်း သစ်တောများ ပျက်စီးကြရပြီး တောမီးလောင်ခြင်းသည်လည်း သစ်တောများကို အကြီးအကျယ်ပျက်စီးစေသော အကြောင်း ရင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း၊ ထုံးနှင့် မီးသွေး ဖုတ်ခြင်း၊ အိမ်သုံးထင်း ခုတ်ခြင်း၊ တိရစ္ဆာန်ထိန်းကျောင်းမှု များပြား ခြင်းတို့ကြောင့်လည်း သစ်တောများ ပြုန်းတီးခဲ့ရ သည်။ ထုံးဖုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း စသည့် လုပ်ငန်းများသည် ထင်းအမြောက်အမြားကို အသုံးပြုရသလိုအိမ်သုံးထင်းအတွက်လည်း သစ်ပင်များကို အမြောက်အမြား စည်းကမ်းမဲ့ ခုတ်ထွင်ခဲ့ကြသည်။ နှစ်ကာလများစွာ အချိန်ယူပေါက်ရောက်ခဲ့ရသော သစ်ပင်များသည် တစ်ရက် နှစ်ရက်အတွင်း ပျက်စီးရခြင်းဖြစ်သည်။ လူသားတို့၏ မဆင်မခြင်လုပ်ဆောင်မှုများ၏ အကျိုးဆက်သည် သစ်တောပြုန်းတီးခြင်းကို ဖြစ်ပေါ်စေခဲ့သည်။
မြန်မာနိုင်ငံ၏ ထင်း၊ မီး သုံးစွဲမှုသည် စုစုပေါင်းစွမ်းအင်သုံးစွဲမှု၏ ၇၆ ဒသမ ၄၁ ရာခိုင်နှုန်း ရှိနေသည့်အတွက် ၂၀၁၇-၂၀၁၈ ခုနှစ်မှစတင်ကာ ၁၀ နှစ်စီမံကိန်းအဖြစ် ကျေးရွာထင်းစိုက်ခင်း ၁၀၄၅၆၃ ဧကကို တည်ထောင်ခဲ့ပြီး လက်ရှိတွင် ၂၁၄၃၆ ဧက တည်ထောင်ပြီးဖြစ်သည်။
“ကျေးရွာများအထိ လျှပ်စစ်ဓာတ်အားရောက်ရှိရေးမှာ အချိန်ကာလ တစ်ခုအထိ လိုအပ်နေ သေးသဖြင့် ထင်း၊ မီးသွေးကို စွမ်းအင်အဖြစ် သုံးစွဲနေကြရဦးမည်ဖြစ်ကြောင်း၊ ထင်း၊ မီးသွေး များကို သဘာဝတောမှသာ ထုတ်ယူသုံးစွဲခြင်းထက် ကျေးရွာအလိုက် ကိုယ်ပိုင်ထင်းစိုက်ခင်း များ တည်ထောင်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် တိုင်း ဒေသကြီး၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများက ကြီးကြပ်ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ဇွန် ၅ ရက်က ပြုလုပ်သည့် ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။ လိုက်နာရမည့် တိုက်တွန်းအမှာစကားပင် ဖြစ်ပေသည်။
သစ်တောပြုန်းတီးခြင်းနှင့် ရာသီဥတု
မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတု ဆိုးရွားစွာ ပြောင်းလဲမှုကို ရင်ဆိုင်နေရသည့် နိုင်ငံထဲတွင် ပါဝင်လျက်ရှိရာ မိုးရာသီတွင် ရေကြီးမှု၊ နွေရာသီတွင် အပူချိန်မြင့်မားခြင်းကြောင့် သောက်သုံး ရေ ရှားပါးမှု၊ ဆောင်းရာသီကာလ တိုတောင်းမှုဒဏ်များကို နှစ်အနည်းငယ်အတွင်း ပြင်းပြင်း ထန်ထန် ခံစားလာနေရပြီဖြစ်သည်။ ထို့ကြောင့် သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန် လာစေရန် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းကို ၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇ အထိ ၁၀ နှစ်စီမံကိန်း ရေးဆွဲ၍ အကောင်အထည်ဖော်နေပြီဖြစ်သည်။ သစ်တော များ လျင်မြန်စွာ ပြုန်းတီးနေမှုကို ကုစားနိုင်ရေးအတွက် ၂၀၁၄ ခုနှစ်တွင် ပြည်ပသို့ သစ်အလုံး လိုက်တင်ပို့မှုကို ရပ်ဆိုင်းခြင်း၊ ၂၀၁၆ မှစ၍ ပဲခူးရိုးမတွင် သစ်ထုတ်လုပ်မှု ၁၀ နှစ် ရပ်ဆိုင်းခြင်း များ လုပ်ဆောင်ခဲ့သော်လည်း တရားမဝင် သစ်ထုတ်လုပ်မှုများ၊ တရားမဝင် သယံဇာတ တူးဖော်မှုများကြောင့် မြန်မာ့သစ်တောများ ပြုန်းတီးနေဆဲဖြစ်သည်။
ယနေ့အချိန်တွင်မြန်မာနိုင်ငံ၌ သစ်တောများ ထာဝစဉ်တည်တံ့ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် သစ်တောသစ်ပင်များကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်သည် လူသား တိုင်း၏ ကြီးလေးသောတာဝန်ဟု ခံယူချက်ဖြင့် ကလေးလူကြီး၊ ကျားမ မရွေး နိုင်ငံသူ နိုင်ငံသား အားလုံး သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်း ခြင်း လုပ်ငန်းများကို ပိုမိုတက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပေသည်။ ကလေးငယ်များ၊ လူငယ်များအား သစ်ပင်များ အကြောင်း လေ့လာသင်ယူစေခြင်းဖြင့် သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးများကို ငယ်စဉ် ကတည်းကပင် သိရှိပြီး သစ်ပင်ချစ်စိတ်ဖြင့် ဘဝတစ်လျှောက်လုံး သစ်ပင်များ စိုက်ပျိုး ထိန်းသိမ်းလာနိုင်မည်ဖြစ်သည်။
သစ်တောများ ထာဝစဉ်တည်တံ့စေရေး စီမံအုပ်ချုပ်ရာတွင် အဆင့်မြင့် နည်းပညာများ၊ ခေတ်မီ နည်းပညာများ လိုအပ်သလို ပြည်သူများနှင့် ဒေသခံတိုင်းရင်းသားများ၏ မိရိုးဖလာ ဗဟုသုတ၊ အသိပညာနှင့် အတွေ့အကြုံများကိုလည်း ပူးပေါင်းအသုံးချဖို့ လိုအပ်ပါသည်။
သစ်ပင်ကို နှစ်စဉ်စိုက်
မြန်မာနိုင်ငံတွင် မုတ်သုံလေစတင်ဝင်ရောက်သည့် ယခု ဇွန်လမှ စတင်ကာ မုတ်သုံလေ ထွက်ခွာခြင်းမပြုမီ ကာလအတွင်း နှစ်ရှည်သစ်ပင်စိုက်ပျိုးရန် အကောင်းဆုံးအချိန်ဖြစ်သည့် အတွက် လူတစ်ဦးလျှင် တစ်နှစ်ကို သစ်ပင်တစ်ပင်စိုက်ပျိုးသည့် အလေ့ကျင့်ကောင်းဖြင့် စတင် ရမည်ဖြစ်သည်။ မိမိပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြည်နေပါက မိမိစိတ်ကို အေးချမ်းစေသလို အများကိုလည်း လန်းဆန်းအေးချမ်း စေမည် ဖြစ်သည်။ သစ်ပင်စိုက်ပျိုးခြင်းသည် ငွေကြေး ကုန်ကျမှု သက်သာသည့်အပြင် အကျိုးကျေးဇူးများစွာကို ရရှိစေသည်။ သစ်တော ဦးစီးဌာန အနေဖြင့်လည်း ဒေသအလိုက်ဖြစ်ထွန်းသည့် ပျိုးပင်များကို စိုက်ပျိုးနိုင်ရန် အခမဲ့ပေးဝေလျက် ရှိပြီး သစ်ပင်တစ်ပင် ရှင်သန်ဖြစ်ထွန်းလာပြီဆိုလျှင် သက်ရှိလောကအားလုံးကိုလည်း အကျိုး ဖြစ်ထွန်း စေမည်မှာ မလွဲဧကန်ဖြစ်သည်။
ဤသို့ဆိုလျှင် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးသည် သစ်တောသစ်ပင်ကို ချစ်ခင်မြတ်နိုးသည့် စိတ်ဖြင့် မြန်မာ့သစ်တော ထိန်းသိမ်းရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းတွင် အသိစိတ်ဓာတ်ရှိရှိ ဖြင့် ပါဝင်ဆောင်ရွက်ကြဖို့လိုပြီး သစ်တောပြုန်းတီးစေမည့် လုပ်ရပ်များကိုလည်း၊ တစ်ဦးချင်း စီက ရှောင်ကြဉ်ကြရမည်ဖြစ်သည်။ သက်ဆိုင်ရာအစိုးရနှင့် တာဝန်ရှိအဖွဲ့အစည်း အသီးသီးက လည်း စိုက်ပျိုးပြီး သစ်ပင်များရှင်သန်မှုအတွက် လေ့လာဆန်းစစ်ခြင်း၊ ကြီးသွားပြီးသည့် သစ်ပင်များကို ထိခိုက်မှုမှ ကာကွယ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက် စေသည့် လုပ်ရပ် များကို ထိရောက်စွာအရေးယူခြင်းတို့ ပြုလုပ်ရန် လိုအပ်ပါသည်။ မြန်မာ့သစ်တောများ သက်ရှည်ရှင်သန်ဖို့အတွက် ပြည်သူ၊ အစိုးရ၊ အဖွဲ့အစည်းများ ဟန်ချက်ညီညီဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူကာ ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်ကြရေး တိုက်တွန်းရေးသား လိုက်ရပေသည်။ ။
မောင်သိဒ္ဓိ