ယခုအချိန်သည် အကောင်းဆုံးအချိန်
(၃-၆-၂၀၂၁ မှအဆက်)
မျှော်လင့်ချက်၏ အကျဉ်းသားများ
ဘဝနှင့်ပတ်သက်၍ ဝမ်းနည်းစရာအကောင်းဆုံး အတွေ့အကြုံ တစ်ရပ်မှာ “သူလို၊ သူမလိုသာကျော်နိုင်မယ်၊ ခုန်နိုင်မယ်၊ ဆိုနိုင်မယ်။ ပြေးနိုင်မယ်၊ ကနိုင်မယ်၊ တွေးနိုင်မယ်၊ စူးစိုက်နိုင်မယ်ဆိုရင် " ဆိုပြီး အသံပျောက်သွားတတ်သည့် ကိစ္စမျိုးဖြစ်သည်။ ပြောချင်သည်မှာ အကယ်၍သာ တစ်စုံတစ်ယောက်၏စွမ်းအားမျိုး ကျွန်တော့်မှာရှိခဲ့ လျှင် ကျွန်တော်က ဘာမလုပ်နိုင်စရာရှိသလဲဟု ဆိုလိုချင်ကြသည်။ “ဒီမှာ မိတ်ဆွေ၊ ကျွန်တော်ပြောချင်သည်မှာ ခင်ဗျားမှာရှိပြီးသား စွမ်းအားများကို အသုံးမချခဲ့လျှင် အခြားတစ်စုံတစ်ယောက်၏ စွမ်းအားများဖြင့် ခင်ဗျာဝါကောက်သည့်အလုပ်မျိုးကိုပင် လုပ်နိုင် မည်မဟုတ်ပေ။” ခင်ဗျားကိုယ်ခင်ဗျားလှည့်စားနေခြင်းသာဖြစ်ပြီး ထိုသို့လုပ်ခြင်းသည် ရိုးသားမှုမရှိခြင်းလည်းဖြစ်သည်။ ခင်ဗျားသာ ဂရုမစိုက်လျှင် အမေရိကန်ပြည်ထောင်စုမြို့ကြီးတိုင်းတွင် တွေ့ရ တတ်သည့် မျှော်လင့်ချက်၏အကျဉ်းသားများထဲက တစ်ယောက် ဖြစ်နေလိမ့်မည်။ ဤမျှော်လင့်ချက်၏ အကျဉ်းသားများသည် တစ်နေ့နေ့တွင် သူတို့ လမ်းဆက်လျှောက်သွားသည့်အခါ၌ သူတို့ အတွက် အနဂတ်ကြီးတစ်ခုလုံးပါသည့် သေတ္တာတစ်လုံးကိုသော် လည်းကောင်း၊ အိတ်တစ်အိတ်ကိုသော်လည်းကောင်း ခလုတ်တိုက်မိ လိမ့်မည်ဟု မျှော်လင့်နေတတ်သူများဖြစ်ကြသည်။ ချက်ချင်းချမ်းသာ သွားအောင်တစ်ခုခုကလုပ်ပေးလိမ့်မည်ဟု မျှော်လင့်နေတတ်ကြသူ များလည်း ဖြစ်သည်။
ပင်လယ်ဆိပ်ကမ်းများ၌ ကမ်းကခွာရဲဘဲ ဖြစ်နေသူများကို လည်း ခင်ဗျားအနေဖြင့် မြင်နိုင်သည်။ သူတို့သည်လည်း မျှော်လင့် ချက်၏ အကျဉ်းသားများပင် ဖြစ်သည်။ တစ်ယောက်ယောက်၏ စွမ်းအားမျိုး၊ ပါရမီမျိုးကို အမြဲဆုတောင်းကာ စိတ်ကူးယဉ်အိပ်မက် မက်နေကြသူများ ဖြစ်သည်။ အမှန်မှာ အောင်မြင်ရန်အတွက် လိုအပ်သည့် စွမ်းအားများကခင်ဗျားမှာရှိနှင့်နေပြီးသား ဖြစ်သည်။ ဘဝနှင့်ပတ်သက်သည့် ဇာတ်လမ်းများအရခင်ဗျားမှာရှိနေသည့်အရာ ကို အသုံးချခဲ့လျှင်နောက်ထပ်သုံးစရာများရလာမည်။ ထိုအရာများကို ခင်ဗျား အသုံးမချလျှင် အလိုလိုဆုံးရှုံးသွားရလိမ့်မည်။
ဟောဒီမှာ လူတွေ
နိုင်ငံတကာသို့ ခရီးသွားလာနေပြီး သံသယဖြစ်စရာကိုယ်ကျင့် သီလများနှင့် ပျော်စရာများ၊ စိတ်ဝင်စားစရာများ ပြည့်နှက်နေသည့် နေချင်ဖွယ်ရာဘဝကို ပိုင်ဆိုင်သည့်သူများသည် တကယ်တော့ လူချောတွေမဟုတ်ကြပေ။ ကျွန်တော်၏ရှုထောင့်က ပြောရလျှင် တကယ်ချောသည့် သူများသည် ဘဝပေါင်းစုံမှ ပေါ်ထွက်လာကြပြီး အကြောသေရောဂါမှအစ မျက်မမြင်ရောဂါအဆုံး ခံစားနေကြရသည့် သူများ၌ပင် လူချောတွေရှိသည်။ သူတို့သည် ရှုံးနိမ့်သူ၏ ခြေတော့ ဖြစ်မှုကိုလက်မခံဘဲ ပျော်ရွှင်သောဘဝနှင့် နေသားကျနေသော ပုဂ္ဂိုလ်များဖြစ်လာကြသည်။ သူတို့သည် လူတန်းစားပေါင်းစုံ၊ သား အရောင်မျိုးစုံကိုကိုယ်စားပြုသည်။ သူတို့၏ပညာအဆင့်အတန်းကို ကြည့်လျှင် သုံးတန်းမှ ပါရဂူဘွဲ့အထိရှိကြသည်။ မယုံနိုင်စရာ ခန္ဓာ ကိုယ်ချို့ယွင်းချက်များ၊ အားနည်းချက်များရှိပါလျက်နှင့်အောင်မြင် နေသည့်ပုဂ္ဂိုလ်များကို ကြိမ်ဖန်များစွာ တွေ့ဖူးသည်။ သူတို့၏ ဇာတ်လမ်းများသည် ကျွန်တော်တို့ တွေ့ရသမျှ အလှပဆုံးဇာတ်လမ်း များ ဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်များသည် ချို့ယွင်းချက်မရှိကြဘဲ လူဆို သည်မှာ ရယူပြီးမြောက်ရန်အတွက် ဒီဇိုင်းဆွဲထားခြင်း၊ အောင်မြင်ရန် အတွက် တည်ဆောက်ထားခြင်း၊ ကြီးမြတ်ရန် မျိုးစေ့များ ပိုင်ဆိုင် ထားခြင်းသာဖြစ်သည်ကို ခြွင်းချက်မရှိ ယုံကြည်ကြသူများ ဖြစ်သည်။
ဤအယူအဆကို ခင်ဗျားလက်ခံကျင့်သုံးသည့်အခါ မည်သည့် ပြဿနာအတွက်မဆို အခြားသူများအား အပြစ်တင်စရာမလိုတော့ကြောင်းကို ရှာဖွေတွေ့ရှိလာမည်။ တိုတိုပြောရလျှင် ခင်ဗျားအနေဖြင့် ကိုယ်ပိုင်စွမ်းဆောင်ရည်ရှိသည့်၊ ကူညီနိုင်သည့်လက်များကို အမြဲတမ်း ရှာဖွေတွေ့ရှိနေသဖြင့် ခင်ဗျား၏လမ်းကြောင်းပေါ်သို့ ရောက်ရှိ နေနိုင်သည်။ လုပ်ငန်းခွင်ထဲ၌ ကျွန်တော်သည် မကြာခဏဆိုသလိုပင် မအောင်မြင်သည့်သူများကို တွေ့မြင်ရသော်လည်း မအောင်မြင်နိုင်သည့် သူများကိုမူတစ်ခါမျှ မတွေ့ဖူးပါ။ယခုအချိန်မှစ၍ ခင်ဗျား အခြေအနေ၊ ခင်ဗျား၏အနာဂတ်တို့သည် စွမ်းဆောင်ရည်ရှိသော ခင်ဗျား၏ လက် အတွင်း၌သာ ရှိသည်ဆိုသည့်အချက်ကိုလက်ခံရန် အကြံပြုလိုပါသည်။
မင်းအနာတ်မင်းလက်ထဲမှာ
ကျွန်တော်ပြောချင်သည့်အချက်ကို ရှင်းလင်းရန်အတွက် ပုံပြင် တစ်ခုက အထောက်အကူပြုပါလိမ့်မည်။ အီတလီနိုင်ငံ ဗင်းနစ်စ်မြို့ကို မိုးထားသည့် တောင်ကုန်ထိပ်တစ်ခု၌ ပါရမီရှင် အဘိုးကြီးတစ်ယောက် နေသည်။ ဒဏ္ဍာရီအရဆိုလျှင်သူ့ကိုမေးသည့် မည်သည့်မေးခွန်းကိုမဆိုနိုင်သူဖြစ်သည်။ ရပ်ထဲရွာထဲရှိ ကလေးနှစ်ယောက်က အဘိုးအိုကို အရူးလုပ်လိုသဖြင့် ငှက်ကလေးတစ်ကောင်ဖမ်းပြီး အိမ်ခေါ်သွားကြ သည်။ ကလေးတစ်ယောက်ကငှက်ကလေးကို လက်ထဲတွင်ကိုင်ထားပြီး အဘိုးကြီးကို “ထိုငှက်မှာ အရှင်လော၊ အသေလော”ဟုမေးသည်။ အဘိုးကြီးကတုံ့ဆိုင်းနေခြင်းမရှိဘဲ “သား...ငါကငှက်ဟာ အရှင်လို့ ဆိုလျှင်မင်းက ငှက်ကိုသတ်လိုက်မှာပေါ့။ ငါက ငှက်အသေလို့ဆိုလျှင် မင်းက လွှတ်ပေးလိုက်မှာပေါ့။ မင်းရဲ့လက်ထဲမှာ သေခြင်း၊ ရှင်ခြင်း ဆိုတာ ရှိနေတာပဲသားရယ်”ဟု ဖြေလိုက်သည်။ အလားတူပင် ဤ အကြောင်းကို ခင်ဗျားကိုလည်းပြောပြချင်ပါသည်။ ဆုံးရှုံးမှုမျိုးစေ့များ ကိုသော်လည်းကောင်း၊ ကြီးကျယ်မြင့်မြတ်သော အလားအလာများကို သော်လည်းကောင်း ခင်ဗျား၏က်ထဲ၌ပင် ကိုင်ဆောင်ထားပါသည်။ ခင်ဗျာ၏လက်များသည် စွမ်းဆောင်ရည်ရှိသောလက်များ ဖြစ်ကြပါ သည်။ သို့သော် ထိုလက်များကို မှန်ကန်သည့်အလုပ်များကို လုပ်ဆောင် ရန်နှင့် ခင်ဗျားရရှိအောင် ကြိုးစားနိုင်သည့် ဆုလာဘ်များကို ရယူရန် အတွက် အသုံးပြုရပါလိမ့်မည်။
ကျွန်တော်တစ်ယောက်တည်း ပစ်မထားခဲ့ပါနဲ့
ဤစာအုပ်တစ်အုပ်လုံးတွင် ပုံပြင်ပေါင်းများစွာကို ကျွန်တော် ပြောပြပါမည်။ အဘယ်ကြောင့်ဆိုသော် ဘ၀ဆိုသည် မှာလည်း ဆက်စပ်နေသည့် ပုံပြင်တစ်ပုဒ်သာ ဖြစ်ပါသည်။ ခင်ဗျာ၏ အာရုံ
စိုက်မှုကို ရရှိရန်နှင့် ခင်ဗျားကိုယ်တိုင် လမ်းလျှောက်နိုင်ရန်အတွက် ကျွန်တော်တတ်နိုင်သမျှ နည်းလမ်းတို့ကို အသုံးပြုပါမည်။
အကြောင်းမှာ ရှင်းပါသည်။ ခင်ဗျားအနေဖြင့် တစ်မိနစ်လျှင် စာလုံးပေါင်း ၂၀၀မှ ၄၀၀ အထိဖတ်နိုင်ပြီး ခင်ဗျ၏စိတ်ကတစ်မိနစ် လျှင်စာလုံးပေါင်း ၈၀၀ မှ ၁၈၀၀အထိလည်ပတ်လှုပ်ရှားနိုင်သည်။ အများအားဖြင့် ဖြစ်လေ့ဖြစ်ထရှိသည်မှာ ကွက်လပ်များကြားထဲ၌ တစ်ခုနှင့်တစ်ခု ဆက်စပ်မှုမရှိသည့် အတွေးစထောင်ပေါင်းများစွာ တို့ကို ဖြည့်စွက်လေ့ရှိကြသည်။ ခင်ဗျား တစ်နေ့တာတွေ့ကြုံရသည့် အတွေ့အကြုံများ ခြားနားမှုရှိသလိုခင်ဗျား၏စာဖတ်မှု၊ လေ့လာမှု သဘောထားတို့ကလည်း ပြောင်းလဲနိုင်ပါသည်။ ခင်ဗျား၏စိတ် ဘယ်လိုတွေးတောသည်၊ ဘာကြောင့် လှည့်လည်သည်ကို ခင်ဗျား အနေဖြင့် အလွယ်တကူ နားလည်နိုင်ပါသည်။ စာမျက်နှာပေါင်းများစွာ ကို ဖတ်ပြီးသည့်နောက်တွင် ဘာမျှမမှတ်မိဘဲလည်း ဖြစ်နိုင်ပါသည်။ ဥပမာအနေဖြင့် ပြောရလျှင် ဤစာအုပ်ကိုဖတ်နေစဉ် ခင်ဗျားက ကျွန်တော့်ကို ခဏတစ်ဖြုတ်ထားခဲ့ပြီး အကြိမ်ပေါင်းများစွာ ထွက်မှာသွားနိုင်ပါသည်။ နေရာတကာသို့ ခင်ဗျားရောက်ရှိပြီး ကလေးတွေ စာသင်တာကို နားထောင်ခြင်းအစ၊ ဈေးရောင်းတာအပါအဝင်၊ ဘောလုံးပွဲကြည့်ခြင်းနှင့် ကိုယ်လက်သန့်စင်ခြင်းအထိ အစစအရာရာ ကို ခင်ဗျားလုပ်နိုင်သည်။ မယုံလျှင်ခင်ဗျားဖတ်ပြီးသားစာတစ်မျက်နှာကို ပြန်လှန်ပြီး သေသေချာချာပြန်ဖတ်ကြည့်ပါ။ ပထမအကြိမ် ဖတ်စဉ်က မတွေ့ခဲ့သည့်အတွေးအခေါ်များ၊ အကြံဉာဏ်များ၊ စကားလုံးများကို ခင်ဗျားတွေ့ရပါလိမ့်မည်။ ထိုသို့တွေ့ရသည့်အတွက် ခင်ဗျား၏ အသိဉာဏ်ကို စော်ကားရာ မရောက်ပါ။ တကယ်တော့ ခင်ဗျားတော်လေ၊ ထိုသို့ ဖြစ်ရန်များလေ ဖြစ်ပါသည်။ ခင်ဗျားအနေဖြင့် ရည်မှန်းချက်ကြီးမားလေအနာဂတ်ကာလတွင် အလားတူ ဖြစ်တတ် သည့် ကိစ္စရပ်ပေါင်းများစွာကို လျှော့ချရန်အတွက် ကြိုးစားရလေ ဖြစ်ပါလိမ့်မည်။ ကျွန်တော့်အနေဖြင့် ခင်ဗျား ဤစာပိုဒ်ကို ဖတ်နေစဉ် အချိန်၌ ခရီးတစ်ခုခုထွက်မနေရန် မျှော်လင့်ပါသည်။ တကယ်တော့ ကျွန်တော်က ပြီးခဲ့သည့် စာပိုဒ်နှစ်ပုဒ်ကို ပြန်ဖတ်ဖို့ ပြောလိုခြင်း ဖြစ်ပါသည်။
ခင်ဗျားအနေဖြင့် ခရီးတိုများထွက်တတ်သည်ကို သိထားခြင်း အားဖြင့် ခင်ဗျားစိတ်ဝင်စားသည့်အချက်များကို လိုင်းကားထားရန် ကျွန်တော် စောစောပိုင်းက အကြံပေးသည်ကိုတန်ဖိုးထားလက်ခံဖို့ လွယ်လိမ့်မည်ထင်ပါသည်။ ခင်ဗျားအနေဖြင့် ထိုအတွေးအခေါ်များ၊ အကြံဉာဏ်များကို မှတ်စုစာအုပ်ထဲ၌ ချရေးထားလျှင် ခင်ဗျားသည် စိတ်မပါလက်မပါသော စာဖတ်သူတစ်ယောက်မဟုတ်ဘဲ တက်တက် ကြွကြွစာဖတ်သူတစ်ယောက် ဖြစ်လာပါလိမ့်မည်။ ဤနည်းအားဖြင့် ပြန်လည်သုံးသပ်ရာတွင်လည်း အထောက်အကူပြုပါလိမ့်မည်။ ပြန်လည်ဖတ်ရှုခြင်း၊ သတင်းစကားများကို ပြန်လည်သုံးသပ်ခြင်း တို့မှာ အထူးအရေးကြီးပါသည်။ အမေရိကန်ပြည်ထောင်စုရှိ ထိပ်တန်းတက္ကသိုလ်များ၏ လေ့လာချက်အရဆိုလျှင် အကြောင်းအရာသစ်တစ်ခုကို ပထမအကြိမ် ဖတ်ရှုသည့်အခါတွင် နောက်နှစ်ပတ် အကြာ၌ နှစ်ရာခိုင်နှုန်းခန့်ကိုသာ မှတ်မိကြောင်း လေ့လာတွေ့ရှိ ထားကြသည်။ ထိုအကြောင်းအရာကိုပင် ခြေက်ရက်ဆက်တိုက် ဖတ်ထားခဲ့လျှင် နှစ်ပတ်ကြာသည့်အခါ၌ ၆၂ ရာခိုင်နှုန်း မှတ်မိနိုင် သည်။ ထို့ထက်အရေးကြီးသည့်ကိစ္စရှိပါသေးသည်။ သတင်းစကား တစ်ခုတည်းကိုပင်လျှင် အကြိမ်ပေါင်းများစွာတွေ့ရှိလျှင် ထိုကိစ္စနှင့် ပတ်သက်၍ လက်တွေ့လုပ်ဆောင်ရန်အတွက် အလားအလာ ပိုများပါသည်။ ထိုသို့ ခင်ဗျားကိုယ်တိုင်ကလက်တွေ့ဆောင်ရွက်ရန်သည် ကျွန်တော်၏ ရည်ရွယ်ချက်ပင် ဖြစ်ပါသည်။ တကယ်တော့ အမှန်တကယ်ဆောင်ရွက်မှုများကသာလျှင် လေ့လာမှု၏ပြယုဂ်ဖြစ်ပါသည်။ အလုပ်မပါသော ယုံကြည်မှုသည် အသေကောင်နှင့်တူသည် ဟူသော ဆိုရိုးစကားကဲ့သို့ပင် လက်တွေ့ဆောင်ရွက်မှုမပါသော လေ့လာဆည်းပူးမှုသည်လည်း လေ့လာဆည်းပူးမှုဟု မဆို နိုင်ပါ။
(ဆက်လက်ဖော်ပြပါမည်။)
(ခင်မောင်ညို (ဘောဂဗေဒ)၏ “ထိပ်ဆုံးမှာတွေ့ကြမယ်” စာအုပ်မှ “ယခုအချိန်သည် အကောင်းဆုံးအချိန်” ဆောင်းပါးကို စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ စာတည်း)
ခင်မောင်ညို(ဘောဂဗေဒ)