နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ
ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိဒါန်း ၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ပြည်ထောင်စု အဆင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့်ဆင့်တွင် ဝန်ထမ်းအမျိုးအစားအလိုက် သတ်မှတ်ထားရှိသည့် ရာထူးအသီးသီး၌ တာဝန်ထမ်းဆောင်လျက်ရှိကြသော နိုင်ငံ့ဝန်ထမ်းများသည် တည်ဆဲ ဥပဒေများနှင့်အညီ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ သတ်မှတ် ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၌ ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အတတ်ပညာရပ်ဆိုင်ရာပြည့်စုံပြီး ဘက်လိုက်မှု ကင်းရှင်းသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်မှု၊ ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်စုံရန်လိုအပ်ပါသည်။ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းပြီး အဂတိလိုက်စားမှု ကင်းစင်ရမည့်အပြင် မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန် များကို ထမ်းဆောင်ရာတွင် လိုအပ်သည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်းများနှင့်လည်း ပြည့်စုံရန်လိုအပ်ပါသည်။ ၂။ ထို့အတူ မိမိတို့အား ပေးအပ်ထားသည့် တာဝန်၊ ဝတ္တရားများနှင့်အညီ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာ၌ တာဝန်ကျေပွန်စွာထမ်းဆောင်မှု၊ ရိုးဖြောင့်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်ဆောင်ရွက်မှု၊ သာတူညီမျှမှု၊ တန်းတူညီတူရှိမှု၊ ဘက်လိုက်ခြင်းကင်းမှု စသည့်အချက်များနှင့်ပြည့်စုံပါက ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသည့် နိုင်ငံ့ဝန်ထမ်းကဏ္ဍတစ်ခု ပေါ်ထွန်းလာမည်ဖြစ်ပါသည်။ ၃။ ဤနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်များသည် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ၂၊ ပုဒ်မခွဲ(င) အရတပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိပါ။ ၄။ ဤနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက်များသည် ယခင်ပြဋ္ဌာန်းထားရှိသော နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ တွင် ကျင့်သုံးလျက်ရှိသော စံနမူနာကောင်းများကို အခြေခံ၍ နိုင်ငံ့ ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ တာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်း ရေးဆွဲခဲ့ခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းတိုင်း သိရှိလိုက်နာ စောင့်ထိန်းရမည့် အဓိကစံတန်ဖိုးများပင် ဖြစ်ပါသည်။ ၅။ သို့ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းများသည် သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်း၊ ဝန်ထမ်းအမျိုးအစားအလိုက် လုပ်ငန်းသဘာဝအလျောက် သတ်မှတ်ထားသည့် ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာရမည့်အပြင် ဤနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးသတ်မှတ်ချက် များကိုလည်း စောင့်ထိန်းလိုက်နာရမည် ဖြစ်ပါသည်။ အခန်း(၁) ရည်ရွယ်ချက် ၆။ ဤနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများသတ်မှတ်ရ ခြင်း၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်- (က) ပြည်သူများအပေါ် ပိုမိုထိရောက်ကောင်းမွန်သည့်ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရေးအတွက် စဉ်ဆက် မပြတ် ဆန်းသစ်တီထွင်ဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ပေါ်ထွက်လာစေရန်၊ ( ခ ) နိုင်ငံ့ဝန်ထမ်းများထံမှ ပြည်သူများ မျှော်လင့်သည့်ပွင့်လင်းမြင်သာမှု၊ လုပ်ငန်းကျွမ်းကျင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ယုံကြည်အားထားရမှုများ တိုးမြင့်လာစေရန်၊ ( ဂ ) နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူများအပေါ် ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးအတွက် အထက်အောက် ဆက်ဆံရေး၊ တန်းတူဆက်ဆံရေး အဆင်ပြေချောမွေ့ စေမှုနှင့် အပြန်အလှန်ယုံကြည် စေမှု တည်ဆောက်ရန်အတွက် အလုပ်ဌာန ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်ရန်၊ (ဃ) ပြည်သူများကိုဝန်ဆောင်မှုပေးရာတွင် ခွဲခြားဆက်ဆံမှု၊ ဘက်လိုက်မှုမရှိဘဲ တရားမျှတစွာ ဆောင်ရွက်ပေးခြင်း အားဖြင့် ကတိကဝတ် ခိုင်မာသော နိုင်ငံ့ဝန်ထမ်းကဏ္ဍ ဖြစ်ပေါ်လာစေရန်၊ (င) နိုင်ငံ့ဝန်ထမ်းများသည် မိမိအားပေးအပ်ထားသည့် တာဝန်နှင့်ဝတ္တရားများကို ထမ်းဆောင်ရာတွင် ပြည်သူနှင့်ဆက်ဆံရာ၌ဖြစ်စေ၊ အဖွဲ့အစည်းအတွင်းနှင့် အဖွဲ့ အစည်းအချင်းချင်း ဆက်ဆံရာ၌ဖြစ်စေ၊ ဆုံးဖြတ်ချက် များ ချမှတ်ရာ၌ဖြစ်စေ၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ထက်မြက်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သစ္စာရှိမှု၊ ယုံကြည် အားထားရမှု၊ သမာသမတ်ကျမှု၊ ဆက်ဆံရေးပြေပြစ်မှုနှင့် အဂတိကင်းရှင်းမှုတို့ရှိခြင်းအားဖြင့် နိုင်ငံ့ဝန်ထမ်းကဏ္ဍမြင့်မားလာစေရန်၊ (စ) အများပြည်သူနှင့်သက်ဆိုင်သော သဘာဝအရင်းအမြစ်နှင့် ရုပ်ပိုင်းဆိုင်ရာအရင်းအမြစ်များကို ရေရှည်တည်တံ့ ခိုင်မြဲအောင် တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်သွားရန်၊ (ဆ) ကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးသတ်မှတ်ချက်များကို နိုင်ငံ့ ဝန်ထမ်းများက လိုက်နာခြင်းအားဖြင့် ပြည်သူများ အားလုံး ပါဝင်မှုရှိသော၊ တန်းတူညီမျှမှုရှိသော ခိုင်မာ အားကောင်းသည့် ဒီမိုကရေစီအသိုက်အဝန်းတစ်ရပ် ဖြစ်ပေါ်လာစေရန်။ အခန်း(၂) နိုင်ငံ့ဝန်ထမ်းများထားရှိရမည့်စံတန်ဖိုးသတ်မှတ်ချက်များ ၇။ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့် အခြားသော အဖွဲ့ အစည်းဆိုင်ရာ ကျင့်ဝတ်များသည် နိုင်ငံ့ဝန်ထမ်းကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။ အဖွဲ့အစည်းအလိုက် ချမှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် လုပ်ဆောင် ချက်များ၊ ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ် စံတန်ဖိုးများသည် ဝန်ထမ်းများကို များစွာအထောက်အကူ ပြုပါသဖြင့် အောက်ပါနိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်စံတန်ဖိုးသတ်မှတ်ချက် များနှင့်အညီ လိုက်နာဆောင်ရွက်ရပါမည်- (က) ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများ ဖြစ်ရန် ကတိကဝတ်ပြုခြင်း၊ ( ခ ) လုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိကျမှန်ကန် မြန်ဆန် ထိရောက်စွာ ဆောင်ရွက်ခြင်း၊ ( ဂ ) ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိခြင်း၊ (ဃ) ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့် ယုံကြည်ထိုက်ခြင်း၊ ( င) ထူးချွန်ပြောင်မြောက်မှုနှင့် အတတ်ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိခြင်း၊ (စ) အားလုံးပါဝင်၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိခြင်း၊ (ဆ) ဘက်လိုက်မှုကင်းခြင်း၊ အဂတိကင်းရှင်းခြင်း၊ တရားမျှတစွာဆောင်ရွက်မှုရှိခြင်း၊ (ဇ) ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်း။ အခန်း(၃) ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရန် ကတိကဝတ်ပြုခြင်း ၈။ နိုင်ငံ့ဝန်ထမ်းများသည်- (က) ပြည်သူများ၏အကျိုးစီးပွားကို ရှေးရှု၍ အလေးထား ဆောင်ရွက်ရမည်။ ( ခ ) သဘာဝသယံဇာတအရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှု (ဂ) ပြည်သူများ၏ လိုအပ်ချက်ကို မဆိုင်းမတွ တုံ့ပြန် ဖြည့်ဆည်းပေးနိုင်ရေးနှင့် တန်းတူညီမျှမှုရှိစေရေးတို့ အတွက် ပြည်သူ့ဝန်ဆောင်မှုစံနှုန်းများ မြင့်မားစေရေးတို့ကို ဆောင်ရွက်ရမည်။ (ဃ) လူမျိုး၊ ဘာသာ၊ အဆင့်အတန်း၊ ကျား/မ ခွဲခြားမှုမရှိဘဲ ပြည်သူများ၏ လုပ်ငန်းကိစ္စရပ်များဆောင်ရွက်ရာတွင် စာနာမှု၊ ပြည်သူကို ရိုသေလေးစားမှုနှင့်အတူ အချိန်မီ ပြီးစီးရေး အလေးထားဆောင်ရွက်ရမည်။ (c) ပြည်သူများ၏ ယုံကြည်မှုကို ရရှိစေရန်နှင့် အနာဂတ် မျိုးဆက်သစ်များအတွက် စံပြဖြစ်နေစေရန် မိမိ၏ပြုမူ ဆောင်ရွက်ချက်များကို ကောင်းမွန်သော ရလဒ်ရရှိရေး သုံးသပ်စဉ်းစားဆောင်ရွက်ရမည်။ ( စ) နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွားအတွက် ကောင်းမြတ်သည့် စိတ်စေတနာ၊ ကိုယ်ကျင့်တရားတို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည်။ (ဆ) ပြည်သူ့အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေမည့် အပြုအမူ များကို ရှောင်ကြဉ်ရမည်။ အခန်း(၄) လုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိကျမှန်ကန် မြန်ဆန်ထိရောက်စွာ ဆောင်ရွက်ခြင်း ၉။ နိုင်ငံ့ဝန်ထမ်းများသည်- (က) ဝန်ထမ်းအချင်းချင်း၊ ဌာနအဖွဲ့အစည်းအချင်းချင်း ထိရောက်စွာချိတ်ဆက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ရမည်။ (ခ) ပေးအပ်သောတာဝန်နှင့်ဝတ္တရားများကို လိုလားစွာဖြင့် ထိုးထွင်းကြံဆ၍ အချိန်နှင့်တစ်ပြေးညီ မှန်ကန် ပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ ( ဂ ) မိမိလုပ်ငန်းတာဝန်နှင့် နှီးနွယ်ဆက်စပ်နေသည့်ပညာရပ်ဆိုင်ရာ နယ်ပယ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်။ (ဃ) လုပ်ငန်းတာဝန်များကို အမှားအယွင်းမရှိစေရန် တိကျ သေချာစွာ အလေးအနက်ထားဆောင်ရွက်ရမည်။ အခန်း(၅) ဆန်းသစ်တီထွင်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိခြင်း ၁၀။ နိုင်ငံ့ဝန်ထမ်းများသည်- (က) နိုင်ငံတော်နှင့် အဖွဲ့အစည်း၏ တိုးတက်ရေးကိုရှေးရှု၍ အရည်အချင်းပြည့်ဝနေစေရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူး မှတ်သားနိုင်စွမ်းရှိရမည်။ ( ခ ) မိမိတို့၏ လုပ်ငန်းခွင်အတွေ့အကြုံများနှင့် အတတ်ပညာပိုင်းဆိုင်ရာ ဗဟုသုတများကို ပြန်လည်မျှဝေပေးနိုင်စွမ်း ရှိရမည်။ (ဂ) မိမိအဖွဲ့အစည်းအတွက် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ရှိရမည့်အပြင် ခေတ်နှင့်လျော်ညီသည့် အတတ်ပညာနှင့် ဆန်းသစ်တီထွင်နိုင်သည့် အတွေးအခေါ်ရှိရမည်။ (ဃ) လုပ်ငန်းခွင်အခက်အခဲများကို သမားရိုးကျမဟုတ်ဘဲ ထိရောက်လျင်မြန်သော နည်းလမ်းကောင်းများဖြင့် အောင်မြင်စွာ ကြံဆဖြေရှင်းနိုင်စွမ်းရှိရမည်။ (c) နက်ရှိုင်းကျယ်ပြန့်စွာထိုးထွင်းသိမြင်ပြီး စဉ်းစားတွေးခေါ် ဆောင်ရွက်နိုင်စွမ်းရှိရမည်။ ( စ ) ဖြတ်ထိုးဉာဏ်ကောင်း၍ ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိရမည်။ (ဆက်လက်ဖော်ပြပါမည်)