Skip to main content

အလေးပြုပါတယ်… ဗိုလ်ချုပ်

ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သည်။ ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိနေမည်ဆိုပါက ၎င်း၏အသက်မှာ ၁၀၅ နှစ်ပြည့်မည်ဖြစ်သည်။ သေတစ်နေ့ မွေးတစ်နေ့ပါကွာဟု အရပ်ထဲတွင် ပြီးစလွယ် ပြောဖြစ်ကြသော်လည်း ဗိုလ်ချုပ်နှင့် ပတ်သက်၍မူ မြန်မာပြည်သူလူထုအားလုံးက အလေးအမြတ်ထားကြသည်။ မထား၍လည်းမဖြစ်။ ဗိုလ်ချုပ်သည် သာမန်လူတစ်ဦးမဟုတ်။ နိုင်ငံတော်၏ လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သူ။ မြန်မာပြည်သူအားလုံး၏ ကျေးဇူးရှင် တစ်နည်းအားဖြင့်ဆိုသော် ယောက်ျားအာဇာနည် ရဲဘော်သုံးကျိပ်ဝင်တစ်ဦး။ အဆိုပါပုဂ္ဂိုလ်မျိုး၏ မွေးနေ့ကို ကျွန်တော်တို့ အလွယ်တကူ မေ့မထားရက်ကြ။ အမြဲတမ်းအမှတ်ရပြီး ဂုဏ်ပြုထောမနာပြုနေခဲ့ကြရသည်။ ဤကား အာဇာနည်ပုဂ္ဂိုလ်တို့အတွက် လူအများက လိုလိုလားလား၊ ချစ်ချစ်ခင်ခင် ဆောင်ရွက်ပေးရသည့် လမ်းကြောင်း ပါပေတည်း။

ဗိုလ်ချုပ်သည် ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် နေ့တွင်မွေးဖွားခဲ့ပြီး ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ လူတိုင်းမွေးဖွားပြီး သေဆုံးရသည်မှာ မဆန်းသော်လည်း ဗိုလ်ချုပ်မှာ အရွယ်ကောင်းတုန်း တစ်ပါးသူ၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ ရသဖြင့် ဆန်းသည်။ မြန်မာပြည်သူတို့အတွက် ယူကျုံးမရဖြစ်ကြရသည်။ ထိုအချိန်က မြန်မာပြည်သည် လွတ်လပ်ရေး မရသေး။ လွတ်လပ်ရေးအတွက် ကျားကုတ်ကျားခဲ ကြိုးပမ်းနေရဆဲ အချိန်ကာလဖြစ်သည်။ ထိုစဉ်က ဗိုလ်ချုပ်ကွယ်လွန်သွားခြင်းသည် နိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ရသည်။

▲ မြန်မာပြည် လွတ်လပ်ရေးရယူပေးရန် ▲

ဗိုလ်ချုပ်မွေးဖွားခဲ့မှုသည် သူ့ကျွန်ဘဝကျရောက်နေခဲ့သော မြန်မာပြည်အတွက် တန်ဖိုးကြီးမားခဲ့သည်။ တက္ကသိုလ်ကျောင်းသားထု အတွက် စံပြပုဂ္ဂိုလ်ဖြစ်ခဲ့သကဲ့သို့ တပ်မတော်အတွက်မူ တပ်မတော်ကို စတင်တည်ထောင်သူ (Founder) တစ်ယောက်ဖြစ်သည်။ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးအတွက်မူ သူ့ကျွန်ဘဝမှ လွတ်မြောက်လာစေရန် သက်စွန့်ကြိုးပမ်းပေးခဲ့သည့် ကျေးဇူးရှင် တစ်ယောက်ဟုဆိုလျှင်လည်း မမှား။ ယခင်ကလည်းဖြစ်သည်။ ယခုလည်းဖြစ် နေဆဲ၊ နောင်တွင်လည်း ဖြစ်နေဦးမည်။ မြန်မာနိုင်ငံ ၏လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းသည် ဗိုလ်ချုပ်၏ဘဝ သမိုင်းနှင့်ထပ်တူနီးပါး ကျခဲ့လိမ့်မည်ထင်သည်။ ဗိုလ်ချုပ်မွေးဖွားလာခဲ့မှု သည် မြန်မာပြည်လွတ်လပ်ရေး ရအောင်ယူပေးရန် သက်သက်လိုဖြစ်နေခဲ့သည်။ ဗိုလ်ချုပ်သည် ဤကမ္ဘာမြေကြီးအတွက် တာဝန်ကျေပွန်ခဲ့သော လူသားတစ်ဦးဟု ဆိုချင်ပါသည်။

ဗိုလ်ချုပ်အပေါ် ကျွန်တော်တို့ပြည်သူများက ပေးဆပ်ရန် ကျေးဇူးကြွေးများစွာတင်နေ၏။ ဗိုလ်ချုပ်၏ကျေးဇူးကို ကျေအောင် မည်ကဲ့သို့ ဆပ်ကြမည်နည်း။ ကျေးဇူးတရားကို သိသူ၊ သူတစ်ပါး၏ကျေးဇူးကို အောက်မေ့သတိရသူသည် မင်္ဂလာတရားတော်နှင့်အညီ နေထိုင်သူဟု မြတ်စွာဘုရားက ဟောကြားခဲ့၏။ ကျွန်တော်တို့ သတိရအောက်မေ့နေရုံနှင့် မပြီးသေး။ တမလွန်မှ ဗိုလ်ချုပ်ကျေနပ် အောင် လုပ်ပြကြဖို့ လိုသေးသည်။ ဗိုလ်ချုပ်ချမှတ်ခဲ့သော လမ်းစဉ်များကို လိုက်ပါအကောင်အထည်ဖော် လုပ်ဆောင်ကြခြင်းဖြင့် ဗိုလ်ချုပ်ကို အလေးပြုကြမည်။ သူပြော ခဲ့သလို သူမြင်ချင်ခဲ့သော နိုင်ငံတော်ကိုတည်ဆောက်နေလျှင် တမလွန်မှ ဗိုလ်ချုပ် ဝမ်းသာနေပါ လိမ့်မည်။ ကျွန်တော့်အနေဖြင့် ဗိုလ်ချုပ်ကို ဝမ်းသာစေချင်သည်။ ဗိုလ်ချုပ်၏မွေးနေ့နှင့် ကျဆုံးခဲ့သောနေ့တို့ကိုရောက်တိုင်း ပြည်သူလူထုတစ်ရပ်လုံးက တမ်းတ၊ သတိတရရှိခဲ့ကြ၏။ ပျော်ပွဲ ရွှင်ပွဲများ၊ အခမ်းအနားများကို စည်စည်ကားကား ကျင်းပခဲ့ကြ၏။ တစ်ရက်တည်းဖြင့် ပွဲပြီးမီး သေ မဖြစ်စေလို။

မိဘများက မိမိတို့၏ သားငယ်၊ သမီးငယ်များကို ညအိပ်ရာဝင်ပုံပြင်များ ပြောပြကြရာ ရံဖန်ရံခါ ဗိုလ်ချုပ်အကြောင်းကို ပြောပြသင့် သည်။ စာဖတ်တတ်သည့် အရွယ်ရောက်ရှိလာသောအခါ ဗိုလ်ချုပ်အကြောင်းနှင့် ပတ်သက်သည့်စာပေမှတ်တမ်းများ ဖတ်ရှုနိုင်အောင် ဆောင်ရွက်ပေးနိုင်သည်။ ပြောနေရင်း၊ ဖတ်လာရင်းဖြင့် ကလေးများ၏စိတ်ထဲတွင် ဗိုလ်ချုပ်လိုမျိုးဖြစ်လာချင်စိတ်များ ကိန်းအောင်းလာနိုင်သည်။ အာဇာနည်ဆိုသည်မှာ ဘယ်လိုစိတ်ဓာတ်မျိုးရှိသူ၊ အများအကျိုးအတွက်ဆိုလျှင် မည်ကဲ့သို့အသက်စွန့်၍ ပေးဆပ်ရမည်ဆိုသည်တို့ကို သိရှိလာမည်။ ငယ်ရွယ်သူတို့၏ စိတ်ဘဝင်ဝယ် ဗိုလ်ချုပ်သည် စံပြုပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ် လာကြလိမ့်မည်။ မိဘများအနေဖြင့်လည်း ဗိုလ်ချုပ်အကြောင်းကို မိမိတို့သားသမီးများထက် ပိုမိုသိရှိအောင် လေ့လာထားရန် အကြံပြု လိုပါသည်။

▲ ဗိုလ်ချုပ်စိတ်ဓာတ်ရှိသူ လူငယ်များ ပေါ်ထွန်းနိုင်▲

ကျောင်းတွင်လည်း ဆရာ၊ ဆရာမများက မိမိတို့ အတန်းထဲမှ ကလေးများကို အရွယ်အလိုက် ဗိုလ်ချုပ်နှင့် ပတ်သက်သည့် အကြောင်း များ၊ အတ္ထုပ္ပတ္တိတို့နှင့်ပတ်သက်၍ ကဗျာရွတ်ခြင်း၊ ပုံတူဆွဲခြင်း၊ စာစီစာကုံးရေးသားခြင်း၊ ကျပန်းစကားပြောခြင်းတို့အပြင် ဗိုလ်ချုပ် မိန့်ခွန်းပြောပြိုင်ပွဲများကို ကျင်းပပေးနိုင်ပါသည်။ ယခုလည်း ကျင်းပပေးနေသည်ကို တွေ့ရသဖြင့် ဝမ်းသာရပါသည်။ ထို့အပြင် ဝေဖန်စဉ်းစားတွေးခေါ်ခြင်း (Critical Thinking) အပိုင်း၌ တိုးတက်ကောင်းမွန်လာစေရန်အတွက် အုပ်စုလိုက်ဖြစ်စေ၊ တစ်ဦးချင်း ဖြစ်စေ ဗိုလ်ချုပ်တို့ခေတ်က အဖြစ်အပျက်များအပေါ် အခြေခံသည့်သင်ခန်းစာများဖော်ထုတ်၍ ကလေးများကို စဉ်းစား တွေးခေါ် စေခြင်း၊ မေးခွန်းများ အပြန်အလှန်မေးမြန်းစေခြင်းတို့ကို ကျောင်းတွင် ဆောင်ရွက်ပေးနိုင်ပါသည်။ ဤနည်းအားဖြင့်လည်း ဗိုလ်ချုပ်လို လူငယ်များကိုမွေးထုတ်ပေးနိုင်သကဲ့သို့၊ ဗိုလ်ချုပ်စိတ်ဓာတ်ရှိသူ လူငယ်လူရွယ်များ အများအပြားပေါ်ထွန်း လာနိုင်ပါ သည်။

▲ လူငယ်များဖြင့် အနာဂတ်တိုင်းပြည်တည်ဆောက် ▲

အတန်းလိုက် ကျောင်းသင်ခန်းစာများတွင် ဗိုလ်ချုပ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ထည့်သွင်း ဖော်ပြ၍ ဆရာ၊ ဆရာမများ သင်ကြားပေးနိုင်အောင် စီစဉ်ပေးရန် လိုအပ်ပါမည်။ ဤနည်းအားဖြင့် ဗိုလ်ချုပ်လိုစိတ်ဓာတ်ရှိသော အနာဂတ်ဗိုလ်ချုပ် အလောင်း အလျာများကို ရှာဖွေစုဆောင်းနိုင်ပါသည်။ ဗိုလ်ချုပ်လိုစိတ်ဓာတ်ရှိသော လူငယ်များဖြင့် အနာဂတ်တိုင်းပြည်ကို တည်ဆောက်ကြလျှင် မြန်မြန်ဆန်ဆန်နှင့် ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်၏။ ဒီမိုကရေစီစနစ်ဖြင့် ခရီးထွက်နေသော မြန်မာနိုင်ငံသည် ဗိုလ်ချုပ်လို လူမျိုးချည်းဆိုပါက ပို၍ခရီးတွင် ပါလိမ့်မည်။ ကျွန်တော်တို့နိုင်ငံသည် နယ်ပယ်နေရာ အသီးသီးတွင် ဖွံ့ဖြိုးမှုနောက်ကျကျန်လျက် ရှိသည်မှာ ပကတိအရှိတရားဖြစ်ပါသည်။ လူတိုင်းလူတိုင်းက သူ့နေရာနှင့် သူကြိုးစား လုပ်ကိုင် ကြမှသာ တော်ကာကျပါမည်။ လမ်းလျှောက်နေ၍ မရတော့၊ အပြေးတက်ကြရပါတော့မည်။ အပြေးတက်နိုင်ဖို့ သက်လုံကောင်းဖို့ လိုပါသည်။ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရန် လိုအပ်သကဲ့သို့ စိတ်ဓာတ် ကောင်းဖို့လည်း အရေးကြီးပါသည်။ အခြားစိတ်ဓာတ်မျိုးမလိုပါ။ ဗိုလ်ချုပ် စိတ်ဓာတ်မျိုးသာလိုပါသည်။

လူတိုင်းလူတိုင်း မိမိတို့တာဝန်ကို ကျေပွန်ဖို့လိုပါသည်။ ဒီမိုကရေစီနိုင်ငံသား တစ်ယောက်အနေဖြင့် တာဝန်ယူလိုစိတ်ရှိရပါမည်။ ခေတ်စနစ်နှင့်အညီ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲနေထိုင် တတ်ရပါမည်။ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ရှိရပါမည်။ တစ်ကိုယ်ကောင်းမဆန်ဘဲ အများအတွက် ဦးစားပေး စဉ်းစားလုပ်ဆောင်ကြရပါမည်။ တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် တိုင်းပြည်တည်ဆောက်၍မရ။ ကောင်းသောသူများစွာ လိုအပ်ပါသည်။ ညီညီ ညွတ်ညွတ်ဖြင့် စုပေါင်းအင်အားကို အသုံးပြု၍ ဝိုင်းတွန်းမည်ဆိုပါက ဗိုလ်ချုပ်မျှော်မှန်းခဲ့သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကြီး ပေါ်ထွန်းလာရန်မှာ သိပ်မခက်ခဲ လှပါ။

▲ ဗိုလ်ချုပ်အတွက် မွေးနေ့လက်ဆောင် ▲

ဗိုလ်ချုပ်မွေးနေ့မရောက်မီ တိုင်းရင်းသားပြည်သူ အားလုံးက ဗိုလ်ချုပ်ကို ကတိကဝတ်များ ပေးကြဖို့လိုမည်ထင်ပါသည်။ မိမိတို့ အချင်းချင်းရန်မဖြစ်ကြတော့ပါ။ သင့်မြတ်အောင် နေထိုင်ကြပါမည်။ ပြည်သူလည်း ပြည်သူအလျောက်၊ အစိုးရဝန်ထမ်းလည်း အစိုးရ ဝန်ထမ်းအလျောက် မိမိတို့အလုပ်ကို တာဝန်ယူ၊ တာဝန်ခံသော စိတ်ဓာတ်ဖြင့် လုပ်ဆောင်ကြပါမည်။ ရေသာခို အချောင်လိုက်ချင်သည့် စိတ်ဓာတ်များ ယနေ့မှစ၍ စွန့်လွှတ်ပါတော့မည်။ ဒီမိုကရေစီ နိုင်ငံသားများပီပီ အများပြည်သူနှင့်ဆိုင်သော နေရာများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ ဖျက်လိုဖျက်ဆီး ပြုလုပ်ခြင်း၊ ဆေးလိပ်သောက်ခြင်း ၊ မြန်မာ့ယဉ်ကျေးမှု နှင့် သွေဖည်သော အပြုအမူများ ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ပါမည်။ နိုင်ငံတော်သို့ ပေးသင့်ပေးထိုက်သော အခွန်အခများကို မပျက်မကွက်ပေးသွင်းသွားပါမည်။ ငြိမ်းချမ်းရေးအတွက် လက်ချင်းဆက်၍ အားကျိုးမာန်တက် ဆောင်ရွက်သွားပါမည် စသည်၊ စသည်ဖြင့် ဗိုလ်ချုပ်မွေးနေ့မှာ ပြည်သူ များက အထက်ပါကတိသစ္စာများကို ဗိုလ်ချုပ်အတွက် မွေးနေ့လက်ဆောင်အဖြစ် ပေးလိုက်ကြ ရင် မကောင်းပေဘူးလား။

မြန်မာပြည်သူတို့၏ တည်တံ့သော ကတိသစ္စာများကို တမလွန်က ဗိုလ်ချုပ်ကြားခဲ့သော် သူလည်းဝမ်းသာ ကျေနပ်နေပေလိမ့်မည်။ တစ်ခုတော့ရှိသည်။ ကွယ်လွန် သွားပြီးသော ဗိုလ်ချုပ်ကို ကျွန်တော်တို့ မလိမ်မိဖို့၊ မညာ မိဖို့တော့လိုသည်။ ၂၀၂၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅) နှစ်မြောက်မွေးနေ့မှာ တိုင်းပြည်အတွက် လိုအပ်သော ကတိသစ္စာများနှင့်အတူ ပြည်သူအားလုံးက ဗိုလ်ချုပ်ကို လေးလေးစားစားဖြင့် အလေးပြုလိုက်ကြအောင် ……။

တိုက်မောင်း

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ  ၁၀  ရက်