Skip to main content

အလေးထားစောင့်ကြည့်ရမည့် တတိယလှိုင်း

ဒေါက်တာဇင်ဇေယျာဝင်း

ကိုဗစ်-၁၉ နဲ့ လက်ရှိကမ္ဘာ ၂၀၂၁ ခုနှစ် ဇွန်လ ၂ ရက်နေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးပေါင်း သန်း ၂၀၂၀ ခန့်၊ တစ်နည်းအားဖြင့် ကမ္ဘာ့လူဦးရေရဲ့ ၂၆ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်အပြည့် ထိုးပြီးကြောင်း သိရှိရပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပိုးတွေ့လူနာသစ် အရေအတွက်ဟာ မတ်လဆန်းက ပြန်တက်လာခဲ့တာ မေလဆန်းပိုင်းမှာ အမြင့်ဆုံးရောက်ခဲ့ပါတယ်။ အခု ပြန်ကျလာပြီဆိုပေမယ့် မတ်လဆန်း မတိုင်ခင် အခြေအနေကို ပြန်မရောက်သေးပါဘူး။

၂၀၂၁ ခုနှစ် ဇွန်လ ၄ ရက်နေ့အထိ ရရှိတဲ့ အချက်အလက်တွေအရ ရောဂါဖြစ်ပွားသူ ၁၇၄ သန်းကျော်၊ သေဆုံးသူ ၃ ဒသမ ၇ သန်းကျော် ရှိကြောင်း သိရပါတယ်။ ဒီအရေအတွက်တွေဟာ တရားဝင်ထုတ်ပြန်ချက်တွေအပေါ်မှာ အခြေခံထား တာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ တစ်ဝန်း ကိုဗစ်-၁၉ ကြောင့် အမှန်တကယ် သေဆုံးသူ အရေအတွက်ဟာ လက်ရှိစာရင်းဇယားတွေ ထက်သုံးဆလောက်ပိုများနိုင်တယ်လို့ မကြာသေးခင်က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇွန်လ ၄ ရက်နေ့ အထိ ထုတ်ပြန်ချက်တွေအရ အမေရိကန် ပြည်ထောင်စုမှာ ရောဂါကူးစက်ခံရသူ ၃၄ သန်းကျော်၊ သေဆုံးသူ ခြောက်သိန်းကျော်ရှိပြီး ထိပ်ဆုံး မှာရှိနေပါတယ်။

အိန္ဒိယလှိုင်းရဲ့ ရိုက်ခတ်မှု

ဒုတိယနေရာက အိန္ဒိယနိုင်ငံမှာ တစ်ရက်တည်း ပိုးတွေ့လူနာသစ် ငါးသောင်းကျော်၊ သေဆုံးသူ ၇၃၁ ဦးရှိပြီး စုစုပေါင်း ရောဂါကူးစက်ခံရသူ ၂၈ သန်းကျော်၊ သေဆုံးသူ သုံးသိန်းလေးသောင်း ကျော်သွားပြီဖြစ်ပါတယ်။ လူတစ်သိန်းကျော်ဟာ မကြာသေးခင် တစ်လအတွင်းမှာ သေဆုံးခဲ့တာပါ။ တကယ်တော့ အိန္ဒိယဆိုတာ ကမ္ဘာပေါ်မှာ ကိုဗစ်ကာကွယ်ဆေးအများဆုံး ထုတ်နေတဲ့ Serum Institute of India ကုမ္ပဏီအခြေစိုက်တဲ့နေရာ ဖြစ်ပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးထိုးပြီးတဲ့ အရေအတွက်ဟာ လူဦးရေပမာဏနဲ့ယှဉ်ရင် အလွန်နည်းနေသေးပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်အထိ အိန္ဒိယနိုင်ငံအတွင်း လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးကြောင်း၊ နှစ်ရာခိုင်နှုန်းခန့်သာ နှစ်ကြိမ် အပြည့်ထိုးနှံပြီးကြောင်း သိရပါတယ်။ ဒီအချက်ကြောင့်လည်း အိန္ဒိယနိုင်ငံရဲ့ ကပ်ရောဂါအခြေအနေဟာ ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေအပေါ် အကြီးအကျယ် ထိခိုက်စေလျက်ရှိပါတယ်။ မတ်လအတွင်း အိန္ဒိယ နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု တစ်ဟုန် ထိုးတိုးတက်လာချိန်ကစပြီး နိုင်ငံအစိုးရအနေနဲ့ ပြည်တွင်းထုတ် ကာကွယ်ဆေးတွေ နိုင်ငံတကာကို တင်ပို့မှု ရပ်ဆိုင်းခဲ့ပါတယ်။ ဒီကာကွယ်ဆေးတွေထဲမှာ ကုလသမဂ္ဂရဲ့ အထောက်အပံ့နဲ့ ဖြန့်ချိပေးမယ့် ဝင်ငွေအလယ်အလတ်နဲ့ နည်းပါးတဲ့နိုင်ငံတွေအတွက် ကာကွယ်ဆေးတွေ ပါဝင်ပါတယ်။

စိုးရိမ်ဖွယ်ရာ ဗီဇပြောင်းမျိုးကွဲတွေ

ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတဲ့ SARS-Cov-2 ဗိုင်းရပ်စ်အပါအဝင် ဗိုင်းရပ်စ်တွေ မျိုးပွားတိုင်း မျိုးဗီဇပြောင်းလဲမှု (mutation) အနည်းနဲ့အများ ပါဝင်လာတာ သဘာဝဖြစ်ပါတယ်။ အဲဒီလို mutation တွေ တစ်ခု သို့မဟုတ်တစ်ခုထက်ပိုပြီး ပိုင်ဆိုင် ထားတဲ့ ဗိုင်းရပ်စ်တွေကို မျိုးကွဲများ (variants) လို့ ခေါ်ပါတယ်။ မူလဗိုင်းရပ်စ်မျိုးရင်းထက် ကူးစက်နိုင်စွမ်း (ပျံ့အား) သို့မဟုတ် ရောဂါပိုမိုပြင်းထန်နိုင်စွမ်း (ပြင်းအား) ပိုများတဲ့ မျိုးကွဲတွေကို စိုးရိမ်ဖွယ်ရာ မျိုးကွဲတွေ (Variantsof concerns) အဖြစ်သတ်မှတ်လေ့ရှိပါတယ်။

လက်ရှိအနေအထားမှာ စိုးရိမ်ဖွယ်ရာ မျိုးကွဲ လေးခုရှိပြီး အဲဒါတွေကတော့ ယူကေမှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က စတွေ့တဲ့ B.1.1.7 မျိုးကွဲ၊ တောင်အာဖရိကမှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကစတွေ့တဲ့ B.1.351 မျိုးကွဲ၊ ဘရာဇီးမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက် နေ့က စတွေ့တဲ့ P.1 မျိုးကွဲနဲ့ အိန္ဒိယမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၅ ရက်နေ့က စတွေ့တဲ့ B.1.617.2 မျိုးကွဲတို့ဖြစ်ကြပါတယ်။

၂၀၂၁ ခုနှစ်မေလ ၃၁ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ယူကေမျိုးကွဲကို Alpha တောင် အာဖရိက မျိုးကွဲကို Beta ဘရာဇီးမျိုးကွဲကို Gamma နဲ့ အိန္ဒိယမျိုးကွဲကို Delta ဆိုပြီး အမည်ပေးခဲ့ပါတယ်။

ပိုးစတင်တွေ့တဲ့ နိုင်ငံဒေသတွေကို အစွဲပြုပြီးအမည် ပေးတာကို ရှောင်ရှားဖို့နဲ့ သာမန်လူတွေ နားလည် လွယ်ဖို့ အခုလိုလုပ်ဆောင်ခဲ့တာလို့ တာဝန်ရှိသူတွေ ကဆိုပါတယ်။ လက်ရှိအနေအထားမှာ ကမ္ဘာ တစ်ဝန်း Alphaကွဲက နိုင်ငံ ၁၆၀ ရောက်ရှိနေပြီး အများဆုံး ပျံ့နှံ့နေပါတယ်။ Gamma မျိုးကွဲက ၁၁၃ နိုင်ငံမှာ ပျံ့နှံ့နေပြီး Beta မျိုးကွဲကတော့ ၆၄ နိုင်ငံ နဲ့ Deltaမျိုးကွဲကတော့ ၆၂ နိုင်ငံအထိ ရောက်ရှိနေပါပြီ။ ဗိုင်းရပ်စ်မျိုးကွဲတွေရဲ့ ဝိသေသ လက္ခဏာတွေ သုတေသနတွေ့ရှိချက်တွေအရ Alpha မျိုးကွဲ ဟာ မူလမျိုးရင်းထက် ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိပိုကူးစက်နိုင်ကြောင်း သိရပါတယ်။ အလားတူပဲ Gamma နဲ့ Beta မျိုးကွဲတို့ဟာ ပဋိပစ္စည်းတွေကို ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ချက်အရ စိုးရိမ် ဖွယ်ရာ မျိုးကွဲလေးခုလုံးဟာ ရောဂါကူးစက်မှုမြန်ကြောင်း၊ ဒါပေမယ့် ရောဂါပြင်းထန်စေမှုနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ သက်သေပြနိုင်တာမရှိ သေးကြောင်း၊ Delta မျိုးကွဲရဲ့ တခြားဝိသေသ လက္ခဏာတွေကို လေ့လာနေဆဲဖြစ်ပြီး ကျန်မျိုးကွဲ သုံးခုကတော့ ဆေးရုံတက်ရောက်ရမှုနဲ့ ရောဂါ ပြင်းထန်စေမှု၊ သေဆုံးမှုများတာမျိုး ဖြစ်နိုင်ကြောင်း သိရပါတယ်။

ရောဂါဖြစ်ပြီးသူတွေမှာ ပြန်ကူးစက်ခံရမှု (Reinfection) နဲ့ပတ်သက်လို့ Gamma မျိုးကွဲက ဖြစ်နိုင်ခြေများကြောင်း ပြောထားပါတယ်။ သုတေသန တွေ့ရှိချက်တွေအပေါ် သုံးသပ် ခန့်မှန်းချက်တွေ အရ Pfizer ကာကွယ်ဆေးက Alpha မျိုးကွဲကို ရောဂါဖြစ်ပွားမှုကနေ ၉၁ ရာခိုင်နှုန်း၊ ကူးစက်မှု ကနေ ၈၆ ရာခိုင်နှုန်း ကာကွယ်နိုင်ပြီး Astrazeneca က ၇၄ ရာခိုင်နှုန်းနဲ့ ၅၂ ရာခိုင်နှုန်း၊ Sputnik-V က ၉၂ ရာခိုင်နှုန်းနဲ့ ၈၁ ရာခိုင်နှုန်း၊ Covaxin က ၇၈ ရာခိုင်နှုန်းနဲ့ ၆၉ ရာခိုင်နှုန်း၊ Sinopharm က ၇၃ ရာခိုင်နှုန်းနဲ့ ၆၅ ရာခိုင်နှုန်းကာကွယ်နိုင်ကြောင်း သိရပါတယ်။ ကပ်ရောဂါလှိုင်းသစ်တွေကြားက နိုင်ငံတွေ အင်္ဂလန်နိုင်ငံမှာ ရောဂါကူးစက်ပျံ့နှံ့မှုဟာ မေလနောက်ဆုံးပတ်အတွင်း နှစ်ဆတက်လာခဲ့ပြီး နိုင်ငံအတွင်း အများဆုံးပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ဟာ အရင်လို Alpha မျိုးကွဲမဟုတ်တော့ဘဲ Delta မျိုးကွဲဖြစ်နေကြောင်း သိရပါတယ်။ ဒါကြောင့် နိုင်ငံတစ်ဝန်း လာမယ့် ဇွန်လ ၂၁ ရက်နေ့မှာ ရောဂါကာကွယ်ရေး ထိန်းချုပ် ကန့်သတ်မှုတွေ အားလုံး ဖြေလျှော့ပေးဖို့ စီစဉ်ထားတာကို ပြန်လည်သုံးသပ်လျက် ရှိပါတယ်။ စင်ကာပူနိုင်ငံမှာ ဇွန်လ ၃ ရက်နေ့ က လူထုအတွင်း ကူးစက်ပျံ့နှံ့မှုကြောင့် ပိုးတွေ့ လူနာသစ် ၃၅ ဦးရှိခဲ့ပြီး နှစ်ဦးဟာ ဘယ်ကကူးစက် မှန်း မဖော်ထုတ်နိုင်ဘူးလို့ သိရပါတယ်။

အင်ဒိုနီးရှားမှာ မေလ ၁၅ ရက်နေ့က ပိုးတွေ လူနာသစ် ၂၃၈၅ ဦးရှိခဲ့ပြီး နှစ်ပတ်အကြာမှာတော့ ၆၅၆၅ ဦးအထိ နှစ်ဆကျော် မြင့်တက်ခဲ့ပါတယ်။ မကြာသေးခင်က အင်ဒိုနီးရှားကျန်းမာရေး ဝန်ထမ်း ၄၂ ဦးဟာ အိန္ဒိယပြန် သင်္ဘောသားတွေဆီက တစ်ဆင့် Delta မျိုးကွဲ ကူးစက်ခံခဲ့ ရတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာလည်း မေလ ၂၇ ရက်နေ့က ပိုးတွေ့ လူနာသစ် ၂၄၅၅ ဦးနဲ့ သေဆုံးသူ စံချိန်တင် ၄၁ ဦး ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ Alphai Beta နဲ့ Delta မျိုးကွဲ သုံးခုလုံး ပျံ့နှံ့နေပြီး အများစုဟာ Alpha မျိုးကွဲ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် မကြာသေးခင်က ထိုင်းနိုင်ငံကို ခရီးသွားပြီး ပြန်လာသူတွေမှာ ဗိုင်းရပ်စ်မျိုးကွဲအသစ်တစ်ခု တွေ့ရှိခဲ့ရာ C.36.3 လို့ အမည်ပေးခဲ့ပြီး လက်ရှိမှာ ဒီမျိုးကွဲကို စောင့်ကြည့်ရမယ့်မျိုးကွဲစာရင်း (Variants under investigation) မှာ ထည့်သွင်းထားကြောင်း သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ မကြာသေးခင်ကပဲ တစ်ရက် တည်းမှာ ပိုးတွေ့လူနာသစ် ၅၃၁၀ နဲ့ သေဆုံးသူ ၁၅၀ ကျော်ရှိခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ တစ်လလောက်အတွင်း လူပေါင်း ငါးသောင်းကျော်ကူးစက်ခံခဲ့ရပြီးတစ်ရက်တည်းမှာ လူ ၄၄ ဦး စံချိန်တင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံမှာတော့ လွန်ခဲ့တဲ့တစ်လလောက် ကတည်းက Delta မျိုးကွဲကို စတွေ့ခဲ့ပြီး ရောဂါ ကူးစက်မှုတွေ များပြားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ချက်အရ ပိုးတွေ့ လူနာအသစ် ၉၀၂၀ နဲ့ သေဆုံးသူ ၉၈ ဦး စံချိန် တင်ခဲ့ပြီး အစိုးရက ဇွန်လကစပြီး နှစ်ပတ် အသွားအလာ ကန့်သတ်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာလည်း ပိုးတွေ့ လူနာ သစ် ၇၇၀၃ ဦး၊ သေဆုံးသူ ၁၂၆ ဦး ရှိခဲ့ပြီး ထပ်မံ စံချိန်တင်ခဲ့ပါတယ်။ ဒါ့အပြင် ဗီယက်နမ်နိုင်ငံမှာ မကြာသေးခင်က Alpha နဲ့ Delta မျိုးကွဲအစပ် ဗိုင်းရပ်စ်ကို တွေ့ရှိရကြောင်း ကြေညာခဲ့ပါတယ်။ ဗီယက်နမ်အစိုးရဟာ မေလ ၃၁ ရက်နေ့ကစပြီး ဟိုချီမင်းမြို့ကို နှစ်ပတ်အကြာ အသွားအလာ ကန့်သတ်မှု အမိန့် ထုတ်ပြန်လိုက်ပြီး မြို့လူဦးရေ ကိုးသန်းကို ရောဂါ ရှိ၊ မရှိ အမြန်ဆုံးစစ်ဆေးဖို့ ပြင်ဆင်နေပါတယ်။

တစ်ကမ္ဘာလုံးအတွက် အချက်ပေးခေါင်းလောင်းသံတွေ တကယ်တော့ ဒီနိုင်ငံတွေရဲ့ အခြေအနေတွေဟာ တစ်ကမ္ဘာလုံးအတွက် တုန်လှုပ်စရာ အချက်ပေးခေါင်းလောင်းသံတွေ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဗိုင်းရပ်စ်မှာ နယ်နိမိတ်သတ်မှတ်ချက်မရှိ၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျားမမရွေး၊ အသက်အရွယ်မရွေး ကူးစက်ပျံ့နှံ့နိုင်၊ သေဆုံးနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဒီကပ်ရောဂါက ကမ္ဘာ့ နိုင်ငံတစ်ခုကနေ တခြားနိုင်ငံတွေဆီ ဘယ်လောက်အထိ မြန်မြန်ဆန်ဆန် ကူးစက်ပျံ့နှံ့နိုင်တယ်ဆိုတာ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

အထူးသဖြင့် စာရေးသူတို့နိုင်ငံလို အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ အိမ်နီးချင်းနိုင်ငံအဖို့ ဘယ်လောက်ဂရုစိုက် စောင့်ကြည့်ကာကွယ်ဖို့ လိုမလဲဆိုတာ ဆိုဖွယ်ရာမရှိပါဘူး။ ကိုရိုနာ ဗိုင်းရပ်စ်ပိုးရဲ့ မျိုးဗီဇပြောင်းလဲမှုဟာ မျှော်လင့်ထားပြီးသား ဖြစ်ပေမယ့် မိမိတို့နိုင်ငံ၊ ဒေသပြည်သူလူထုအကြား ဗိုင်းရပ်စ်မျိုးကွဲ ဝင်ရောက်ကူးစက် ပျံ့နှံ့နိုင်မှုကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ အရေးကြီးလှပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံဒေသ အသီးသီးဟာ မျိုးကွဲဗိုင်းရပ်စ်တွေရဲ့ ကူးစက်ပျံ့နှံ့မှုကို မျက်ခြည်မပြတ် စောင့်ကြည့်နေဖို့လိုကြောင်း၊ အဲဒီလိုမှမဟုတ်ရင် မိမိတို့လက်ရှိ ကာကွယ်ဆေးတွေနဲ့ မကာကွယ်နိုင်တဲ့မျိုးကွဲတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ သတိပေးခဲ့ပါတယ်။

နောက်ဆုံးကျည်ဆန် ကိုဗစ်-၁၉ ကို ကာကွယ်တားဆီးရာမှာ ကာကွယ်ဆေးဟာ နောက်ဆုံး ကျည်ဆန်ပါ။ ကာကွယ်ဆေးထိုးခြင်းကြောင့် ပြည်သူ့ကျန်းမာရေးနဲ့ တစ်ဦးချင်း အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်တာ ထင်ရှားလှပါတယ်။ ကမ္ဘာ တစ်ဝန်း ဆင်းရဲချမ်းသာမရွေး ကာကွယ်ဆေး ရရှိနိုင်ရေးဟာ လတ်တလောပျံ့နှံ့နေတဲ့ ကပ်ရောဂါ အတွက် အရေးတကြီးလိုအပ်ချက် ဖြစ်ပါတယ်။ လူများများ ကာကွယ်ဆေး ထိုးပြီးလေ၊ ရောဂါပိုး ကူးစက်ပျံ့နှံ့မှု နည်းလေ၊ ဗိုင်းရပ်စ်တွေမျိုးဗီဇပြောင်းဖို့ အခွင့်အလမ်း နည်းလေ ဖြစ်ပါတယ်။

မျိုးကွဲတွေ များများမပျံ့နှံ့ခင် ကာကွယ်ဆေး ထုတ်လုပ်မှု အရှိန်မြှင့်တင်ပြီး ကာကွယ်ဆေးတွေ အလျင်အမြန် ဖြန့်ချိထိုးနှံဖို့ရာ အလွန်အရေးကြီး လျက်ရှိပါတယ်။ အထူးသဖြင့် ကူးစက်နိုင်ဖို့ အခွင့် အလမ်းပိုများသူတွေ၊ ကူးစက်ခံရရင် အသက် အန္တရာယ်များတဲ့သူတွေ၊ လူအများအပြားနဲ့ ထိတွေ့ နေရသူတွေကို ဦးစားပေးကာကွယ်နိုင်မှ ကမ္ဘာ တစ်ဝန်း မျိုးကွဲတွေ ကူးစက်ပျံ့နှံ့မှုကို ကာကွယ် တားဆီးနိုင်မှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေက မျိုးကွဲတချို့ကို အပြည့်အဝ မကာကွယ်နိုင်ရင်တောင် ကာကွယ်ဆေးထိုးနှံမှုစီမံချက်တွေကို အရှိန်အဟုန် နဲ့ လုပ်ဆောင်သွား ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေရဲ့ အန္တရာယ် မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်နေ့က စပြီး စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်နဲ့ ချင်း ပြည်နယ်တွန်းဇံမြို့နယ် ကျီခါးမြို့တွေမှာ အစုလိုက်ရောဂါ ဖြစ်ပွားမှုတွေနဲ့အတူ ပိုးတွေ့ လူနာ အရေအတွက် ရုတ်တရက် မြင့်တက်လာခဲ့ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဇွန်လ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ လူ ၁၇၇၈ ဦးကို ဓာတ်ခွဲစစ်ဆေးရာမှာ ပိုးတွေ့သူ ၂၁၂ ဦးရှိပြီး ပိုးတွေ့ ရာခိုင်နှုန်း စံချိန်တင် ၁၁ ဒသမ ၉ ရာခိုင် နှုန်းရှိကြောင်း စိုးရိမ်ဖွယ်သိရပါတယ်။

အခုလိုရုတ်တရက် ပိုးတွေ့နှုန်းမြင့်တက်လာမှုကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မေလ ၂၇ ရက်နေ့မှာ ချင်းပြည်နယ် တွန်းဇံမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် တို့ကို လည်းကောင်း၊ ဇွန်လ ၄ ရက်နေ့မှာ တီးတိန်မြို့နယ်၊ ဖလမ်းမြို့နယ်၊ ထန်တလန်မြို့နယ်၊ ဟားခါးမြို့နယ် တို့ကိုလည်းကောင်း Stay at Home သတ်မှတ်ခဲ့ပါ တယ်။ ကျိုင်းတုံ၊ ကလေး၊ တာချီလိတ်၊ ထားဝယ်၊ မြိတ်နဲ့ ကော့သောင်းမြို့တွေကို ပျံသန်းတဲ့ ပြည်တွင်း လေကြောင်း ခရီးစဉ်တွေကိုလည်း မေလ ၂၉ ရက်နေ့ ကနေ ဇွန်လ ၈ ရက်နေ့အထိ ရပ်နားခဲ့ ပါတယ်။ အလေးထားစောင့်ကြည့်ရမည့် တတိယလှိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေ နဲ့ လတ်တလောရောဂါပိုးတွေ့ လူနာများလာမှုတွေဟာ မျိုးကွဲတွေ ဝင်ရောက်ကူးစက် ပျံ့နှံ့မှုကြောင့် ဟုတ်၊ မဟုတ် သိနိုင်ဖို့ ကူးစက်မှုများနေတဲ့နေရာ၊ ဒေသတွေက ဓာတ်ခွဲနမူနာ တွေမှာ မျိုးဗီဇအသေးစိတ် စစ်ဆေးရှာဖွေမှု (Genome sequencing) ကို အမြန်ဆုံး လုပ်ဆောင်လျက် ရှိပါတယ်။ ဒါ့အပြင် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးမှာ လူတွေရဲ့ ပြုမူလှုပ်ရှား သွားလာမှုကလည်း အရေးကြီးလှပါတယ်။

မိမိတို့အနေနဲ့ ရောဂါကာကွယ်ရေးနည်းလမ်း တွေကို အလေးမထား၊ ပေါ့ဆမှုတွေ၊ သွားလာ လှုပ်ရှားမှုတွေကို အချိန်မီ မထိန်းချုပ်နိုင်မှုတွေကြောင့် ဒုတိယလှိုင်းမှာ အကြီးအကျယ် ထိခိုက်ခဲ့ရ တာ မမေ့သင့်ပါဘူး။ လက်ရှိအချိန်ထိ သုတေသန တွေ့ရှိချက်တွေအရ မျိုးကွဲတွေ ပျံ့နှံ့မှုကို ကာကွယ် ထိန်းချုပ်ဖို့ ရောဂါကာကွယ်ရေးအစီအမံတွေ၊ ရောဂါ ရှာဖွေစစ်ဆေးတဲ့ နည်းလမ်းတွေ၊ ဆေးဝါး ကုသမှုတွေကို ပြောင်းလဲပြင်ဆင်လုပ်ဆောင်ဖို့ မလိုအပ်သေးကြောင်း သိရပါတယ်။ ဒါကြောင့် မိမိတို့အနေနဲ့ လက်ရှိရောဂါ ကာကွယ်ရေးနည်းလမ်းတွေဖြစ်တဲ့ လက်ခဏခဏ ဆေးတာ၊ နှာခေါင်းစည်းတပ်တာ၊ လူစုလူဝေး ရှောင်တာ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေတာ တွေကိုပဲ ဆက်လက်အလေးထားလုပ်ဆောင်သွား ရမှာဖြစ်ပါတယ်။ ဒါမှသာ မိမိနိုင်ငံအနေနဲ့ မျိုးကွဲ တွေရဲ့ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးနိုင်ပြီး တတိယလှိုင်းကို အောင်မြင်စွာကျော်ဖြတ်နိုင်မှာ ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ်။ ။