“စနစ်ကျလယ်ယာ... ဇမန်းသာသို့”
“အမှန်အတိုင်းပြောရရင် လယ်ကို ဒီလိုစနစ်ကျ လယ်ယာမြေဖော်ထုတ်ဖို့ စပြီးပြောတုန်းက ကျွန်တော်တို့ လုံးဝသဘောမတူခဲ့ဘူး။ ဘယ့်နှယ့်ဗျာ ကျွန်တော်တို့ မိဘတွေရဲ့ လက်ငုတ်လက်ရင်း အမွေရခဲ့တဲ့ လယ်လေး ခြောက်ဧကကျော်ကျော် ရှိပေမယ့်လယ်ကွက်ပုံစံလေးက ကဗျာဆန်တယ်ဗျ။ မြန်မာပြည်မြေပုံနဲ့ ခပ်ဆင်ဆင်၊ အဲဒီတော့ ဒီလိုပုံစံ ကို ဖျက်ပစ်မယ်ဆိုတော့ ဘယ်သဘောတူပါ့မလဲ" အင်္ကျီအဖြူ၊ ကရင်လုံချည်အနီကို တိုတိုဝတ်ထားသည့် လယ်သမားကြီး ကိုလူမောင်က သူ့လယ်ကို စက်မှု လယ်ယာမှ စနစ် တကျလယ်မြေဖော်ထုတ်ဖို့ လာရောက်စည်းရုံးစဉ် သူ၏ခံစားချက်ကို ပြောပြ နေခြင်းဖြစ်သည်။ သည်နေ့မနက် ကျွန်တော်တို့အဖွဲ့ နေပြည်တော်မှ မနက် ၆ နာရီခွဲလောက်က ထွက် ခဲ့ကြသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုး မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာခဲ့ခြင်း ဖြစ်သည်။ ရေတာ ရှည်မြို့နယ်၊ သပြေတန်းကျေးရွာ အုပ်စု သပြေတန်းရွာ ကွင်းအမှတ်(၆၃၈)သို့ ကျွန်တော်တို့ မနက် ၇ နာရီခွဲသာသာတွင် ရောက်ရှိသည်။ တာလပတ်မိုးထားသည့် ယာယီမဏ္ဍပ်လေး အတွင်း သပြေတန်း ကျေးရွာမှတောင်သူဦးကြီးများနှင့် စက်မှုလယ်ယာမှ ဝန်ထမ်း များ ရောက်ရှိနေသည်။ လယ်ကွင်းထဲတွင် မျက်စိတစ်ဆုံး ဒိုဇာဖြင့် ကန်သင်းဖြိုသူကဖြို၊ တစ်ဧက ကွက် ဖော်ထုတ်သည့်စက်က ဖော်ထုတ်ဖြင့် ပျားပန်းခပ်မျှ လှုပ်ရှားနေကြသည်။
ရှင်းလင်းတင်ပြပြီးချိန် စက်မှုလယ်ယာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မှူးတို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြပြီးချိန်တွင် ကျွန်တော်က တက်ရောက်လာကြသည့် လယ်သမားကြီးများထဲမှ သွက်လက်ပုံရသည့် လယ်သမားကြီး ဦးလူမောင်ကို “ခင်ဗျားတို့ ဒေသခံလယ်သမားတွေကရော အခုလို စနစ်တကျလယ်ယာမြေ ဖော်ထုတ်ပေးတာကို ကြိုက်ရဲ့လား” မေးလိုက်သောကြောင့် ဦးလူမောင် က ဖြေကြားလိုက်ခြင်း ဖြစ်သည်။
“အခုတော့ရော သဘောတူသွားပြီလား” “သိပ်ပြီးသဘောတူတာပေါ့ဗျာ၊ သဘောတူရုံမက ကျေးဇူး တောင်အများကြီးတင်တယ်” ဦးလူမောင် က သွက်လက်စွာပြန်လည်ဖြေကြား လိုက်သည်။
“ဘာလို့ကျေးဇူးတင်တာလဲဆိုတော့ ဆရာကြီး စဉ်းစားကြည့်လေ ကျွန်တော့်လယ်က အတွင်းပိုင်း ရောက်တယ်။ မြေကမြင့်တယ်။ ကျွန်တော်တို့လယ် တွေက ကွာချောင်းဆည်ရေသောက်တွေလေ။ အဲ့ဒီတော့ ဆည်ရေပေးရင်ကျွန်တော့်လယ်ကိုတော်တော် နဲ့ ရေမရောက်ဘူး။ ဒီကြားထဲ ကုန်းမြင့်ပိုင်းဖြစ်နေတော့ သူများတွေရေလျှံမှ ကျွန်တော့်ဆီရေရောက် တာလေ”“အဲဒီတော့...............” ကျွန်တော်က စကား ထောက်ပေးလိုက်သည်။
“မြေနိမ့်တဲ့လူတွေက သူတို့လယ်ကနိမ့်ပြီး ရေများတော့ ရေတွေဖောက်ချတော့ ကျွန်တော့် လယ် မရောက်တော့ဘူးပေါ့။”
“အခုကျတော့ .................. “ဆရာကြီးစဉ်းစားကြည့်လေ အခုကျတော့ မြေကြီးကိုလည်း ညှိပေးတယ်။ ရေသွင်းမြောင်းတွေ လည်း ဖောက်ပေးတယ်” ဒီတော့ ဆည်ရေ လွှတ်လိုက်တယ်ဆိုရင် ကျွန်တော်တို့ ရေသွင်း မြောင်းဘေးမှာရှိတဲ့ လယ်ကွက်တွေအားလုံး ရေလည်းတစ်ပြိုင်တည်း အညီအမျှရတယ်။ ဟိုတုန်းကလိုရေကြောင့် စကားများရတာ၊ ရန်ဖြစ် ရတာ မရှိတော့ဘူး။ အဲ နောက်ပြီး.................. “ကဲ..နောက်ပြီး ဘာလဲ..ပြောပါဦး”
ကျွန်တော်တို့ရွာသားများ စကားမပြောလျှင် မပြော။ ပြောလျှင် ကွက်စိပ်ဆရာ ရှုံးလောက်သည်။
“အဲ နောက်ပြီး ကုန်ထုတ်လမ်းတွေ လုပ်ပေး ထားတော့ ကိုယ့်လယ်ကထွက်တဲ့ စပါး၊ ကိုယ်စိုက် ထားတဲ့ သီးနှံ၊ ကိုယ်ရိတ်သိမ်းပြီး ထုတ်ချင်တဲ့အချိန် ထုတ်လို့ရတယ်လေ။ ဟိုတုန်းကတော့ ကိုယ့်လယ် က စပါးရိတ်ပြီးတော့လည်း သူများလယ်ထဲ အဖြတ်မခံတော့ကန်သင်းရိုး တစ်လျှောက် ကွေ့ကွေ့ ကောက်ကောက်သယ်ရတာ ခရီးကလည်းဝေး၊ အလေအလွင့်ကလည်း များတယ်လေ" ။
“ခင်ဗျားပဲ စောစောကပြောတော့ လယ်ကွက် လေးက ကွေ့ကွေ့ကောက်ကောက်နဲ့ ကဗျာဆန် တယ်ဆို”
ကျွန်တော်က ဦးလူမောင်ပြောခဲ့သော စကားကို နှင်း၍ စလိုက်ခြင်းဖြစ်သည်။ “ဆရာကြီးရေ ကဗျာ ဆန်ဖို့ထက် ဒီဝိုင်းက အရေးကြီးတယ်ဗျ” ဦးလူမောင် က သူ၏လက်ညှိုးနှင့် လက်မကိုဝိုင်းပြုပြီး ငွေရဖို့ အရေးကြီးကြောင်း ပြောလာသည်။
“အေးဗျာ ဟုတ်ပါပြီ။ အဲ ဒါပေမယ့် ခင်ဗျား လယ်က ခြောက်ကဆို။ အခုလို အကွက်ချပြီးဖော် လိုက်တော့ ခင်ဗျားလယ်ဘယ်လောက်ဖြစ်သွားလဲ”
“အရင်တုန်းက ခြောက်ဧကလောက်ဆိုတာ မှန်းပြီးပြောတာဆရာကြီးရ။ လယ်က ကျယ်တဲ့ နေရာ ကျယ်၊ ကျဉ်းတဲ့နေရာ ကျဉ်းဆိုတော့ အတိအကျ ဘယ်ပြောလို့ရပါ့မလဲ။ မြေခွန် ကောက်တဲ့ လူတွေကခြောက်ဧကဆိုလို့ ခြောက်ဧက လိုက်ရတာ၊ မှန်မမှန် သူလည်းမသိဘူး။ ကိုယ်လည်း မသိဘူး။ အဆင် ပြေတဲ့မြေခွန်ကောက်တဲ့ဆရာဆိုရင်သဘောကောင်း ပြီး ငါးဧကဖိုးကောက်ရင် ငါးဧက ဖြစ်သွားတာ။ ( အမှန်ရှိတာမဟုတ်ဘူး။ အခုတော့ တစ်ဧကကွက်
ဖော်ထုတ်ထားတော့ အတိအကျသိရပြီ။ ကျွန်တော် တို့က အဲဒီလို တိကျတာကိုပဲကြိုက်တာ။ အမှန်ကို ပဲ ကြိုက်တာ”
“အင်း ဦးလူမောင်၊ ခင်ဗျားကတော့ ဒီစက်မှု လယ်ယာက ဆရာတွေရှေ့ အကောင်းတွေချည်း ပြောနေပါလား။ ဒါနဲ့ အခုလို အကွက်ကျကျ လယ် တွေဖော်ထုတ်၊ ရေသွင်းမြောင်း၊ ရေထုတ်မြောင်း၊ ကုန်ထုတ်လမ်းတွေဖောက်ပေးလိုက်တာ ပိုက်ဆံ ဘယ်လောက် ကုန်ကျသွားလဲသိလား”
ကျွန်တော်က မေးလိုက်ခြင်းဖြစ်သည်။ “အဲဒါတော့ ကျွန်တော်မသိဘူးလေ။ ဟိုဆရာ တွေ ပြောနေသံကြားတာတော့ တစ်ဧကကို ၁၅ သိန်းလောက် ကုန်တယ်လို့တော့ ကြားတာပဲ”
ဦးလူမောင်က မသိဘူးသာပြောသော်လည်း အနီးစပ်ဆုံးတော့ သူပြောနိုင်သည်။ “အဲဒီတော့ ခင်ဗျားလယ်ကို စနစ်ကျ လယ်ကွက်မဖော်ခင်တုန်း က ဘယ်လောက်တန်လဲ” “သိန်း ၃-၄ ဆယ်တော့ တန်တာပေါ့ ဆရာကြီးရဲ့ ” “အဲဒါဆိုရင် အခု ကျွန်တော်သိန်း ၅၀ ပေးမယ် ခင်ဗျား ရောင်းမလား"
“ဆရာကြီး သိန်း(၁၀၀)ပေးတောင် ကျွန်တော် မရောင်းဘူး။ အခုက ရေသွင်းလို့လည်း လွယ်တယ်။ စပါးထွက်ရင်လည်း သိမ်းလို့ပြုလို့ လွယ်တယ်။
ကုန်ထုတ်လမ်းက အသင့်ရှိနေပြီလေ။ မရောင်းပါ ဘူး ဆရာကြီးရယ်။ အိုစာမင်းစာ ဒီလယ်လေးပဲ | အားကိုးရမှာ”
ဦးလူမောင်က သူ့လယ်လေးကို မရောင်းရက် တော့။
“အဲဒီလိုဆိုရင် ခင်ဗျားလယ်လေးကို ငွေကုန် ကြေးကျခံပြီး ဖော်ထုတ်ပေးခဲ့တဲ့ နိုင်ငံတော်ကို ကျေးဇူးမတင်ဘူးလား”
“အဲဒါတော့မပြောနဲ့ ဆရာကြီးရေ သိပ်ပြီး | ကျေးဇူးတင်တာပေါ့။ ငွေအကုန်အကျခံပြီး ဖော်ထုတ်
ပေးတဲ့ နိုင်ငံတော်အစိုးရကိုရော၊ နေပူမိုးရွာမရှောင် | အပင်ပန်းခံပြီး ဖော်ထုတ်ပေးတဲ့ ဟောဒီစက်မှု လယ်ယာက ဆရာတွေကိုပါ လွှတ်ပြီး ကျေးဇူးတင် တာ”
ဦးလူမောင်က အားပါးတရပြောလိုက်ခြင်းဖြစ် သည်။ “ဆရာကြီး ကျွန်တော်တစ်ခုပြောချင်လို့ ပြောလို့ရမလား”
“ခင်ဗျားကလည်း စကားတွေ ဒီလောက်အများ ကြီး ပြောပြီးတာတောင် အခုမှ တစ်ခုပြော ချင်လို့ ဆိုပြီး ခွင့်တောင်းနေရသေးလား”ကျွန်တော်က ရင်းရင်းနှီးနှီးပြုံး၍ ပြန်လည် ပြောလိုက်ခြင်းဖြစ်သည်။
“အဲဒါဆိုရင် ကျွန်တော်ပြောမယ်နော်။ ကျွန်တော်တို့ နိုင်ငံတော်ကို ကျေးဇူးတွေအများကြီး တင်ချင်လို့ ဒီဧက ၁၀ဝ ပြီးရင် ကျွန်တော့်ယောက်ဖ တို့လယ်ဘက် နောက်ဧက ၁၀၀ လောက်ထပ်ပြီး ဖော်ထုတ်ပေးပါ အဲဒါပြောချင်တာ”
ဦးလူမောင်က ကျွန်တော့်မျက်နှာကို မျှော်လင့် တကြီးကြည့်၍ ပြောလာခြင်းဖြစ်သည်။
“ဒါကတော့ ဦးလူမောင်ရယ်။ ခင်ဗျားလည်း စဉ်းစားကြည့်ပေါ့။ ကျွန်တော်တို့နိုင်ငံမှာ ခင်ဗျားတို့ သပြေတန်းလိုကျေးရွာက ခြောက်သောင်းကျော် လောက်ရှိတာ။ ခင်များတို့ရွာကို ဧက ၁၀၀ ဖော်ထုတ်ပေးသလို ကျန်တဲ့ရွာတွေကိုလည်း
ဖော်ထုတ်ပေးရဦးမှာ။ အစိုးရနဲ့ ပြည်သူဆိုတာ မိဘနဲ့သားသမီးလိုပေါ့ဗျာ။မိဘကသားသမီးတွေကို
သာတူညီမျှအခွင့်အရေးပေးရသလို၊ အစိုးရကလည်း ပြည်သူတွေအပေါ် မျှမျှတတဆောင်ရွက်ပေးရတာ ပေါ့ဗျာ။ ခင်ဗျားလည်း သဘောပေါက်မှာပါ”
ကျွန်တော် စိတ်ရှည်ရှည်ထား၍ ရှင်းပြလိုက်ရ သည်။ “ကျွန်တော်က အစိုးရကို ထပ်ပြီးအများကြီး
ကျေးဇူးတင်ချင်လို့ပါ”ဦးလူမောင်ကမလျှော့၊ ပြီးဖြစ် မျက်နှာပေးဖြင့် ထပ်ပြီးကျေးဇူးတင်နေချင်သေး သည်။
ကျွန်တော်တို့အဖွဲ့ ဦးလူမောင်တို့လယ်သမား များအား နှုတ်ဆက်ပြီး ရေတာရှည်မြို့နယ်အတွင်းရှိ ဇမန်းသာရွာသို့ ထွက်ခဲ့ကြသည်။
ရန်ကုန်-မန္တလေးကားလမ်းဟောင်းမှ အရှေ့ ဘက်သို့ ကျောက်ခင်းလမ်းအတိုင်း လာခဲ့ကြခြင်း
ဖြစ်သည်။ နှစ်မိုင်ခန့်ဝင်မိလျှင် ကျောက်ရောမြေခင်း လမ်းတွင် လမ်းဘေးနှစ်ဖက်လုံးဖြူးထားပြီး ရောင်စုံအလံငယ်များ စိုက်ထားသည်။ လမ်းအတွင်း
ကျွန်တော်တို့ကား ဝင်လာခဲ့သည်။ ပေ ၁၀၀၀ ခန့် သွားပြီးသည့်အခါ ရွာတွင်းအိမ်ရှေ့တစ်နေရာတွင် မဏ္ဍပ်ထိုးထားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရွာသား အချို့က ကြိုဆိုနေကြသည်။ ကျွန်တော်တို့ မဏ္ဍပ်အတွင်း၌ နေရာယူပြီးသည့်အခါ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူးက ရှင်းလင်းတင်ပြခွင့်တောင်းပြီး စတင်၍ ရှင်းလင်းတင်ပြသည်။
စုစုပေါင်းလုပ်ငန်း ၅၂ခု “အဘတို့အခုရောက်နေတဲ့နေရာကရေတာရှည် မြို့နယ် ဇမန်းသာကျေးရွာဖြစ်ပါတယ်။ ကျွန်မတို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) လုပ်ငန်းအနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကနေ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်းမှာ ရေတာရှည် မြို့မှာရှိတဲ့ ကျေးရွာ ၅ ရွာမှာ လမ်းတံတား ၄၅ ခု၊ ကျေးလက်ရေပေးရေး သုံးခု၊ မီးလင်းရေး လေးခု အပါအဝင် စုစုပေါင်းလုပ်ငန်း ၅၂ ခု ဆောင်ရွက်နိုင် ခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေအတွက် ငွေကျပ် ၆၀၁ ဒသမ ၄၂၀၅ သန်း ကုန်ကျခဲ့ရာမှာ နိုင်ငံတော်က ငွေကျပ် သန်း ၅၂၀ ထောက်ပံ့ပေးခဲ့ပြီး ပြည်သူက ၈၁ ဒသမ ၄၂၀၅သန်း ထည့်ဝင်ခဲ့တာဖြစ်ပါတယ်။ အခု ဒီဇမန်းသာရွာ ရွာတွင်းလမ်း ကျောက်ရော မြေခင်းခြင်းလုပ်ငန်းဟာ အဲဒီလုပ်ငန်း ၅၂ ခုထဲက တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒီလမ်းလုပ်ငန်း
ဆောင်ရွက်တာကို ကျွန်မတို့ဌာနကကြီးကြပ်ရုံသာ ကြီးကြပ်ပေးခဲ့ပြီး ရွာကကျေးရွာဖွံ့ဖြိုးရေး ကော်မတီ က တာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတော့ ကော်မတီဝင်ထဲကတစ်ဦးက အဘကို ဆက်ပြီး ရှင်းပါမယ်” ။
ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးမှူးက အမျိုးသမီးဖြစ်သည်။ သူ၏တာဝန်ကို ရှင်းလင်းပြောကြားပြီး လမ်း ကော်မတီအဖွဲ့ဝင်တစ်ဦးကို ဖိတ်ခေါ်လိုက်သည်။
“ကျွန်တော့်နာမည် ဦးမိုးလွင်ပါ။ ဇမန်းသာ ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီဝင်ပါ။ ကျွန်တော်တို့ လမ်းကော်မတီမှာ အဖွဲ့ဝင် ၁၃ ဦးရှိပါတယ်။ ကျွန်တော်တို့အခု ကျောက်နဲ့ မြေကြီးရောခင်းပြီးတဲ့ လမ်းက ၁၂ ပေကျယ်ပြီး ပေ ၂၆၅၀ ရှည်ပါတယ်။ ဒု ကိုးလက်မရှိပါတယ်။ ဒီလမ်းအတွက်ကို ငွေကျပ် ၁၀ သန်းကုန်ကျပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက အဓိကကျခံခဲ့တာပါ။ ကျွန်တော်တို့ရွာက အလှူ ငွေနည်းနည်းပါးပါးပဲထည့်ပြီး အဓိကကတော့ လုပ်အားစိုက်ထုတ်တာပါ။”
ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဝင် ဦးမိုးလွင်က သူ့ကိုယ်သူ ဦးမိုးလွင်ဟုသာ ပြော သည်။ လူက လူငယ်ဖြစ်သည်။ ပညာတတ်ဖြစ်ပုံရ သည်။ သွက်လက်ချက်ချာသည်။ ။
“အေး ခင်ဗျားတို့ရွာကို ကျွန်တော်အတော်လေး သဘောကျတယ်။ လမ်းမှာ ဘေးနှစ်ဖက် ထုံးဖြူး ထားပြီး အိမ်တွေကလည်း သပ်ရပ်သန့်ရှင်းနေ တယ်။ အဲဒီတော့ အခုလို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနဲ့ ခင်ဗျားတို့ရွာကအဖွဲ့ ပေါင်းပြီး ဒီလမ်းကို လုပ်လိုက်တာ ပြီးမြောက် သွားတော့ ခင်ဗျားရင်ထဲ ဘယ်လိုခံစားရသလဲ။"
“ကျွန်တော်တို့အများကြီး ဝမ်းသာရပါတယ် ခင်ဗျား။ နိုင်ငံတော်က ငွေကျပ် ၁၀ သန်း လောက်
ထောက်ပံ့ပေးတာကြောင့် ကျွန်တော်တို့ရွာလယ် လမ်း ဒီလိုကောင်းကောင်းမွန်မွန်ဖြစ်သွားတာ။ အဲ ဒါပေမဲ့ ရွာလမ်းက မဆုံးသေးဘူးခင်ဗျား။
ပေ ၄၀၀ လောက်လိုသေးတယ်။ အဲဒီရွာလမ်းကို
တော့ ကျွန်တော်တို့ရွာကပဲ ငွေစုပြီး ဆက်လုပ်ပါမယ်။ ဒီလိုစိုက်ထုတ်ပြီး ထောက်ပံ့ပေးလို့ နိုင်ငံတော်နဲ့ | အဘတို့ဝန်ကြီးဌာနကို အထူးကျေးဇူးတင်ပါတယ်။
ကိုမိုးလွင် စကားကြောင့် ကျွန်တော်အတော် စိတ်ချမ်းသာသွားသည်။ အဲ ဒါပေမဲ့ အဘကို ကျွန်တော်တို့ ရွာသားတွေကိုယ်စား တစ်ခုတောင်းဆို ချင်ပါတယ်။ တောင်းဆိုခွင့်ပြုပါခင်ဗျား”
ကိုမိုးလွင်က ကျွန်တော့်ကိုကြည့်၍ ပြောလာ သဖြင့် “ပြော” ဟူသောသဘောဖြင့် ကျွန်တော် ခေါင်းတစ်ချက်ညိတ်လိုက်သည်။
“အဲဒါကတော့ အဘတို့တာထိပ်မှာကြည့်ခဲ့တဲ့ သပြေတန်းရွာမှာလို ကျွန်တော်တို့ ဇမန်းသာမှာ လည်း စက်မှုလယ်ယာကလုပ်ပေးတဲ့ စနစ်ကျ လယ်ယာဖော်ထုတ်ပေးဖို့ပါ။ အဲဒီလိုသာ လုပ်ပေးရင် ကျွန်တော်တို့ရွာသားတွေ သေချာပေါက်ချမ်းသာ လာမှာ"
ကိုမိုးလွင်စကားကြောင့် တက်ရောက်လာကြ သော တောင်သူကြီးများဘက် ကျွန်တော်လှည့် ကြည့် လိုက်သောအခါ တောင်သူကြီးများအားလုံး မျှော်လင့် ချက်ကြီးစွာဖြင့် ကျွန်တော်၏အဖြေကို စောင့်မျှော် နေကြသည်။
ကျွန်တော် မသိမသာ သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။
“ခင်ဗျားတို့ ဇမန်းသာရွာက စနစ်ကျလယ်ယာ ဖော်ထုတ်ပေးဖို့ တောင်းဆိုတာကြားရတော့ အများ ကြီးဝမ်းသာပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာန ကရော နိုင်ငံတော်ကပါ ကျေးလက်တောရွာတွေကို တိုးတက်စေချင်တယ်။ ဖွံ့ဖြိုးချမ်းသာစေချင်တာပါ။ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ နေပြည်တော်တို့၊ ရန်ကုန်တို့၊ မန္တလေးတို့ တိုးတက် နေရုံနဲ့ မရပါဘူး။ ကျေးလက်ဒေသတွေ ဖွံ့ဖြိုး တိုးတက်ဖို့က အဓိကပါ။
“အထူးသဖြင့် ဒီ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်မှာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းကို ကျေးရွာ ၃၅၄၀ ရွာမှာ တစ်ရွာကို ၁၀ သန်းနှုန်းနဲ့ စုစုပေါင်း ငွေကျပ် ၃၅၄၀၀ သန်း ထောက်ပံ့ပေးခဲ့ပါတယ်။ ကျန်တဲ့ ကျေးလက်ရေရှိရေး၊ ကျေးလက်မီးလင်းရေး၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ လူထုဗဟိုပြုစီမံ ကိန်း၊ မြစိမ်းရောင်စီမံကိန်း၊ ကျေးလက်အိမ်ရာ၊ ကျေးလက်အသက်မွေးဝမ်းကျောင်း အထောက် အကူပြုသင်တန်းအပါအဝင် လုပ်ငန်း ၁၃ ခု အတွက် နိုင်ငံတော်က ငွေကျပ်သန်းပေါင်း ၂၃၇၃၀ ထောက်ပံ့ပေးခဲ့ပါတယ်။
“အခုလို ဇမန်းသာကျေးရွာက နိုင်ငံတော် ထောက်ပံ့တဲ့လမ်း ၂၆၅၀ ပေ ရတာကို ပေ ၄၀၀ ကိုယ်ထူကိုယ်ထ ဆောင်ရွက်မယ်ဆိုတဲ့ စိတ်ဓာတ် မျိုးနဲ့ ကြိုးစားကြသလို ကျန်တဲ့ရွာ တွေကလည်း ကြိုးစားမယ်။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ သူဌေးကြီးတွေ ကျေးလက်စနစ်ကျ လယ်ယာ ဖော်ထုတ်ရေးအတွက် လှူဒါန်းကြမယ်၊ ကူညီ ကြမယ်ဆိုပါလျှင် ကျွန်တော်တို့နိုင်ငံက ကမ္ဘာမှာ မြန်မာရယ်လို့ အောင်မြင်လာမှာပါ။ “............................ ကျွန်တော်တို့လည်း ဇမန်းသာရွာ စနစ်ကျလယ်ယာ ဖော်ထုတ်ဖို့အတွက် နိုင်ငံတော်ကို ဆက်ပြီး တင်ပြပေးပါမယ်။”
ကျွန်တော်၏အဖြေကြောင့် လက်ခုပ်တီးသံ က တော်တော်နှင့် မစဲပါ။
“ဇမန်းသာရွာ စနစ်ကျလယ်ယာဖော်ထုတ် နိုင်ပါစေဟု ဆန္ဒပြုရင်း.............................။
မောင်အောင်