အခမဲ့ ကူလီထမ်းခြင်း၏အကျိုး
ဦးဖိုးကျား
လွန်ခဲ့သော ခြောက်နှစ်ခန့်က ကျွန်ုပ်သည် မြို့ငယ် တစ်ခုသို့ အမျိုးသားကျောင်းစစ်ရန် သွားရ၏။ ၎င်းတို့မြို့ သို့ မီးရထားဆိုက်လျှင် ကျွန်ုပ်၏ သူငယ် ချင်း သပိတ်မှောက် ကျောင်းသားဟောင်းဆရာ ကြီးသည် လာ၍ကြိုနေသည်ကို တွေ့ရ၏။ ဘူတာ အနီးတွင် ကပ်၍ ကျွန်ုပ်၏ရင်းနှီးသော မိတ်ဆွေ တစ်ယောက်နေသည်ကို ခဏမျှ တွေ့လိုသည်နှင့် သူငယ်ချင်းဆရာကြီးအား ကျွန်ုပ်၏ပစ္စည်းများနှင့် သွားနှင့်ရန်ပြောဆိုလွှတ်လိုက်၏။ အဆိုပါ ဘူတာ အနီးရှိ မိတ်ဆွေနှင့် စကားစမြည်ပြော၍ အတန်ကြာ ပြီးနောက် ဆရာကြီးအိမ်သို့ သွားတော့မည်ဟု ဘူတာအနီးကပင် ဖြတ်၍လာခဲ့ရာ -
ဘူတာရုံအတွင်း၌ သပ်ရပ်စွာဝတ်ဆင်၍ သနားကမား သူငယ်ကျောင်းသားရွယ်တစ်ယောက် ကို တွေ့မြင်ရ၏။ ၎င်းမှာ တစ်ယောက်တည်းလိုပင် ကျန်ရစ်ခဲ့ရာ မျက်နှာမကြည်မသာ တစ်စုံတစ်ယောက် ကို သို့မဟုတ် တစ်စုံတစ်ရာကို မကျေမချမ်း စိတ်လက်ဆိုးနေဟန်ရှိ၍တဖျစ်တောက်တောက်နှင့် ဟိုလျှောက်သည်လျှောက် ပြုနေသည်ကိုတွေ့ရ၏။ ကျွန်ုပ်သည်လည်း မနေတတ်သည်နှင့် -
“မောင်-ဘာဖြစ်လို့လဲ” “ဟာ-မပြောပါနဲ့ဗျာ၊ ကောလိပ်ကျောင်းပိတ် လို့ ပြန်လာတယ်၊ အိမ်ကိုစာရေးထားတာ ဘယ်သူမှ လည်း လာမကြိုကြဘူး၊ အခုဒီမှာခွကျနေတာပေါ့”
“နေပါဦးမောင်ရဲ့ ၊ ဘယ်သူမှ လာမကြိုလည်း ဘာအပန်းကြီးသလဲ၊ အိမ်က ဘယ်လောက်ဝေးလို့လဲ"
“အိမ်မပါဘူး၊ ဟိုဈေးနားတွင်ပဲ”
“အဲဒါဖြင့်လည်း မောင်ရယ်၊ ကိုယ့်ဟာကိုယ် သွားလိုက်ကရော့ပေါ့။ လူလာမကြိုကော၊ ကိုယ့် အိမ်ကိုယ်ပြန်တာပဲ”
“ဟာ-ခင်ဗျားကြီး၊ တယ် ခွကျတာကိုး၊ (ကျွန်ုပ်ကိုပါ စိတ်ဆိုးသွားဟန်တူသည်) အိမ်နီးပေမယ့် စီးသွားစရာ လာနေကျမြင်းလှည်း ကလေး တစ်စီးဟာလည်း မရလိုက်ဘူး၊ ပြီးတော့ ဒီမှာရေအိတ်တစ်လုံးနဲ့ ကူလီတွေလည်း မရှိတော့ဘူး၊ ဘယ့်နှယ်လုပ်မလဲဗျ”
ကူလီလိုသည်ဆိုသော သားရေအိတ်ကို ကြည့်လိုက်ရာ အရှည် တစ်တောင်တစ်မိုက်ခန့်၊ အနှံ တောင်ဆုပ် လောက်မျှသာရှိသော သားရေ အိတ် ဖြစ်နေ၏။ ထိုအခါ ကျွန်ုပ်ကပင် -
“ကဲ-မောင်၊ ဒီသားရေအိတ်အတွက်ဖြင့် ဝန်လေးမနေပါနဲ့၊ ကျုပ်ပဲ ဆွဲခဲ့ပါမယ်၊ ကဲ သွားသာသွားပါတော့”
ထိုအခါမှ သူငယ်သည် မျက်နှာအတန် ကြည်လာပြီးလျှင် “အဲဗျာ၊ သွားရင်းလာရင်း ဆွဲခဲ့ပါ တော့၊ ကျွန်တော် ကူလီခပေးပါ့မယ်”ဟု ဆိုလေ၏။
ကျွန်ုပ်သည် ကူလီအကြောင်းကို တစ်စုံတစ်ရာ ပြန်မပြောဘဲ သားရေအိတ်ကိုသာ ကောက်ယူ၍ သက်သက် သာသာပင်ဆွဲကာ ထိုသူငယ်နှင့် မြို့တွင်း ဘက်သို့ လျှောက်လာခဲ့ကြ၏။
စာဖတ်သူအားရန် ကျန်သေးသည်၊ ကျွန်ုပ် သည် ခရီးသွားသည့်အခါ အေးအေးချမ်းချမ်း သွားတတ်သည်နှင့် ထိုအခါက ပိုးကြားပေါက်လုံချည် အနွမ်းကိုဝတ်၍ ပင်နီရှပ်အင်္ကျီ တစ်ပတ်နွမ်းကို လက်ပင့်လက်လိပ်၍ မျက်နှာသုတ်ပဝါကို ခေါင်းတွင် ထူထူပတ်ကာ ဝတ်ဆင်လျက်ရှိ၏။ ဖိနပ်မှာလည်း ဝိန်းတန်းဖိနပ်မျှသာ ဖြစ်၏။ သို့ကြောင့်လည်း ထို သူငယ်သည် ကျွန်ုပ်အား “ကူလီ”ရန် အားမနာ ခြင်း ဖြစ်ဟန်တူသည်။
နှစ်ယောက်သားလာခဲ့ကြရာ ကျွန်ုပ်ကစ၍ -
“မောင်-ကောလိပ်ကျောင်းမှာနေတာ ဘယ် အတန်းရောက်ပြီလဲ”
“အင်္ဂလိပ်လို၊ ဆီနီယာ-ထိုင် အက်စီ (I.Sc) ခေါ်တယ်။ ဗမာလိုတော့ ဟိုဒင်း အဲ ၁၂ တန်း ဆိုပါ တော့ဗျာ”
“ဟင်-ရောက်လှပါပကော၊ နို့ နေပါဦးမောင်ရဲ့ ၊ အဲဒီ ၁၂ တန်း ရောက်တော့ ဘာတွေ သင်ရသလဲကွဲ"
“အများကြီးပါဗျာ၊ အထူးကတော့ အက်ဒ် တန်းစ်ဒ်-အင်္ဂလိပ် (Advanced English) ဆိုတာ သင်ရတယ်ဗျ”
“မောင့်ဟာက အင်္ဂလိပ်လိုကိုး၊ ဗမာလိုလည်း ပြောဦးမှပေါ့”
“ဗမာလို မလွယ်ဘူးဗျ နေဦး နေဦး၊ ဟိုဒင်း ... အဲ၊ ရှေ့ရောက်သော ခဲ ပိုမို၍ဖြစ်သော ဟာ-ဒါလည်း မဟုတ်သေးပါဘူးလေ၊ ဟိုဒင်း လွယ်လွယ်ဆိုကြပါ စို့ဗျာ၊ သိပ်ခက်တဲ့ အင်္ဂလိပ်စာ ဆိုပါတော့”
“အင်း အင်း၊ ကောင်းပါရဲ့၊ နို့မြန်မာစာများကာ မသင်ရဘူးလားကွဲ”
“ဘာမီး (စ်)လား၊ ခင်ဗျာ မြန်မာစာ ဘာခက် လို့လဲဗျ။ ကျွန်တော်တို့ ကောလိပ်မှာ အရေးတကြီး မသင်ပါဘူး၊ စာမကြည့်ဘဲနဲ့ ပ(စ်)(Pass) နိုင်ပါတယ် ဗျာ အလကား အသုံးလည်း မကျလှပါဘူး”
“ဒါဖြင့် သည့်ပြင်ကော ဘာများသင်ရသေး သလဲ"
“သည့်ပြင်တစ်ခုက ခယ်မစ်စတြီ (chemistry) ဆိုတာသင်ရတယ် အဲဒါက မြန်မာလို ရှိမယ်မထင်ပါ ဘူး၊ ဟိုဒင်းဆိုပါတော့ဗျာ ဓာတ်ခွဲပညာဆိုပါတော့၊ ဘယ်အရာ တစ်ခုဟာ ဘယ်ဓာတ် ဘယ်ဓာတ်များ ပေါင်းစပ်ပြီး ဖြစ်နေ တယ်ဆိုတာတွေလည်း ပါတယ် ဗျ။ ဥပမာဗျာ ရေဆိုတဲ့ဓာတ်ဟာ ဘယ်ဓာတ် | ဘယ်ဓာတ်များ ပေါင်းစပ် လို့ ဖြစ်တယ်ဆိုတာ သိရတယ်ဗျ"
“အို-တယ်နေရာကျပါလား၊ ပြောစမ်းပါဦး မောင်ရယ်၊ ရေထဲမှာ ဘာတွေ ဘာတွေ ပါသတဲ့လဲ"
“ရေ ဆိုတာ၊ အိတ်ချ်-တူးဆို (H,၀) ဆိုတဲ့ ဓာတ်တွေကို ပေါင်းစပ်ထားတာဗျ”
“မောင့် အိတ်ချ်-တူးဆိုကို ဗမာလိုပြောဦးမှ ပေါ့ကွဲ -
“ဟာ-ဘယ်မှာ အကုန်လုံးကို ခင်ဗျာ ဗမာ စကားတွေနဲ့ ပြောနိုင်မလဲ ခင်ဗျာ ဗမာစကားက လည်း အင်မတန်ဆင်းရဲတယ်၊ ဒီလို အထက်တန်း စကားကြီးတွေကို ဘာသာပြန်ဖို့ရှိမယ်မဟုတ်ဘူးဗျ။ ဒီတော့ အကြမ်းပဲမှတ်ထား၊ အိတ်ချ်က နှစ်ဆ၊ အိုက တစ်ဆ၊ အဲဒါနှစ်ခုရောရင် ရေဖြစ်တာပဲ”
“အဲလေ ဆိုပါတော့၊ ဒီတော့ အိတ်ချ်"က ဘာ “အို”က ဘာဆိုတာလဲ ပြောဦးမှပေါ့”
“ဟာ-ခင်ဗျားတယ်အမေးအမြန်းထူတဲ့လူကြီးပဲ။ ဒါတွေဟာ ဓာတ်သဘောတွေ ခင်ဗျားတို့ကိုပြော လည်း နားလည်မှာမဟုတ်ဘူး၊ အဲဒီတော့ အဲဒီ အင်္ဂလိပ်စာလုံး နှစ်လုံးပေါင်းရင် ရေဖြစ်တယ်ဆိုတာ သာ မှတ်ထားပါဗျ”
“နေပါဦး မောင်ရဲ့၊ မောင်အင်္ဂလိပ်စာလုံးတွေ မပေါ်ခင်က ရေရှိနှင့်တယ်မဟုတ်လား၊ မောင့် အင်္ဂလိပ်စာလုံး နှစ်လုံးရှိမှပဲ ရေဖြစ်ရတော့မလား”
“ဪ-တယ် ခက်ပါလား၊ ဒါက သင်္ကေတ အမှတ်အသားဗျ။ အဲဒီစာနှစ်လုံးရဲ့ အရှည်အဓိပ္ပာယ် ရှိသေးတယ်၊ သိရဲ့လား၊ အဲဒီအဓိပ္ပာယ်အရှည်ကို ကျွန်တော် နုတ်ဘုတ် (note book) ထဲမှာ မှတ်ထား တယ်။ အခု ပါးစပ်ထဲမှာတော့မရဘူး၊ ပြီးတော့လည်း ဗျာ၊ ကျွန်တော်တို့ဆရာက အဓိပ္ပာယ်ပြောတာ မရှင်း ပါဘူး၊ ကျွန်တော်တို့နားလည်အောင် မပြောတတ် ဘူးဗျ။ ဒီဆရာတွေဟာ အလကားပါဗျာ”ဟု ဆရာကို လွှဲချပြီး သူ့ဇာတ်ကိုသူ မြန်မြန်သိမ်းလိုက်လေ သတည်း။
မောင်တို့ကောလိပ်မှာ စားရပုံက ဘယ်လို လဲကွဲ ”
“မှတ် ထား ဆရာကြီး၊ ကောလိပ် ဆိုတာကို ရောက်ဖူးမှ လူဖြစ်ကျိုးနပ်တာ အနေအစားအကုန် လုံး အထက်တန်း အညွန့်စားချည်းပဲမှတ်ထား၊ တစ်ခါတည်း နယူးလိုက်ဖ် (new life)ကို ရောက်သွား တာပဲသိရဲ့လား”
“အဲအဲ.ဘာတဲ့၊ နရူးရူး)အလိုက်ခံရသလား၊ ဟို ရောက်ရင်”
“အောင်မယ်၊ ဒါ့ ဆရာကြီး၊ ဒါသရော်စရာ မဟုတ်ပါဘူး၊ ခင်ဗျားကြီးတို့ဟာ ပညာလည်းမတတ်၊
ယဉ်ကျေးတဲ့ အင်္ဂလိပ်စကားတွေလည်း နားမလည်။ ဒါကြောင့် ခင်ဗျားတို့ ဗမာတွေ ခွကျနေတာ သီရဲ့
လား၊ နယူးလိုက်ဖ်ဆိုတာ အင်္ဂလိပ်စကား အသစ် အသက်၊ အနေအစားအသစ်တစ်မျိုး ဆိုလိုတယ်။ ကြည့်လေး နေရတာက ကျွန်တော် တောမြို့ ကလေး မှာ ဆယ်တန်းမှာနေရတုန်းက သူဆင်းရဲသား၊ ကုန်သည်သား သူကြီးသားဆိုသလို သာမညလူတွေ နဲ့သာ တွေ့ရတာကလားဗျ။ ဟိုကောလိပ်ကျတော့ အနည်းဆုံး မြို့အုပ်သား၊ ဝန်ထောက်များ၊ အရေး ပိုင်သား၊ မင်းကြီးသားဆိုသလို အထက်တန်းစား တွေ ချည်းကလားဗျ။ အဲလေ ဆင်းရဲသားရဲ့ သားသမီးလည်း နည်းနည်းပါးပါးတော့ ရှိတာပေါ့။
ဘာဖြစ်ဖြစ် ကျွန်တော်တော့ အထက်တန်းစားနဲ့မှ ရွေးပေါင်းတာပဲ၊ ကုန်ကုန်ပြောမယ်ဗျာ ဖိနပ် တောင် ကြည့်ပါလား၊ ကျွန်တော် တောမြို့ ကလေး မှာနေတုန်းက ၁ဝ ကျပ်တန်၊ ၁၅ ကျပ်တန် အထက် ပိုမစီးရဘူး၊ ခုတော့ ဟော ၂ဝ ကျပ်တန် အောက် မစီးရဘူးဗျ”
“နေပါဦး၊ ၂၀ ကျပ်တန်အောက် မစီးရတာက မောင်တို့ ကောလိပ်မှာ ဥပဒေလုပ်ထားလို့လား"
“ဘယ်က ဥပဒေလုပ်ထားရမှာလဲဗျ၊ ခင်ဗျား ကြီးလည်း တော်တော် အတာပဲ၊ ဟိုမှာ အထက် တန်းစားတွေနဲ့ ပေါင်းရတာဗျ။ ခင်ဗျား ၁၀ ကျပ် တန် အစုတ်တွေနဲ့ မဖြစ်ဘူးဗျ။ လူထဲမတိုးဘူးဗျ။ သိရဲ့လား၊ အခု ကျွန်တော်စီးထားတဲ့ ၂၀ ကျပ် ၂၅ ကျပ်တန်တောင်မှ လူထဲဝင်နိုင်ရုံရှိသေးတယ်။ သိရဲ့ သား၊ ၃ဝ ကျပ်တန် ၄၀ ကျပ်တန် စီးနိုင်မှ ဖိနပ်ကို လူဝိုင်းကြည့်တာဗျ”
“ဟင်-မောင်တို့ကောလိပ်က လူအဖိုးတန် တာ အရေးမကြီး၊ ဖိနပ်အဖိုးတန်တာ အရေးကြီး သလို နေပါကလား”
“တယ်-ခင်ဗျားကြီး အင်မတန် နံသေးတာ ကိုး၊ တော်ပါဗျာ၊ ကောလိပ်ဆိုတာ၊ ကြားဖို့ ဖို့၊ လူပေါ်လူလုပ်ဖို့ သိရဲ့လား၊ အစစအရာရာ အထက်တန်းချည်းပဲ သွားရ၊ စားရ၊ နေရတယ်။ ကြည့်ပါလား ကျွန်တော်ဟာ ကောလိပ်ကိုအသွား အပြန် စက်ကင်းကလပ်စ်ဆိုတဲ့ ဘိုစီးတွဲမှ စီးတယ်၊ ခင်ဗျားတို့စီးတဲ့ တတိယတန်းဆိုတဲ့ ဆင်းရဲ သားတွဲကို ဘယ်တော့မှ မစီးဘူး၊ အဲဒီစက်ကင်း ကလပ်စ်ဆိုတာ ခင်ဗျားတို့ ဆင်းရဲသားတွဲတွေလို သစ်သားခုံနဲ့ ညစ်ပတ်ပြီး ကြမ်းပိုးကိုက်တာ မဟုတ်ဘူး၊ သိရဲ့လား၊ ဆိုဖာဆိုတဲ့ မွေ့ရာတစ်မျိုး ကို ခင်းထားတယ်။ အောက်က စပရိန်ထည့်ထား တယ်၊ ပြီးတော့ ဓာတ်မီးတွေ၊ ပန်ကာတွေ၊ မှန်တွေ၊ ရေတွေ စုံလို့ပါပဲဗျာ၊ တစ်ခါလောက် ခင်ဗျားတို့ကို စေချင်တယ်၊ တစ်ခါတည်း လျှာလည်သွားမှာပဲ။ ပြီးတော့ အဲဒီဘိုစီးတွဲအခက ခင်ဗျား တို့ ဆင်းရဲသား တွဲ အခရဲ့ သုံးဆပေးရတယ်၊ သိရဲ့လား၊ အဲလေ တချို့ ပိုက် ဆံသားတွေဟာ ပိုက်ဆံ ပေါလို့ပေတဲ့ ဘိုစီးတွဲနဲ့ သူတို့နဲ့ တခြားစီပါဗျာ၊ ဟောကျုပ်တို့လို အင်္ဂလိပ်စာတတ်တဲ့ ကောလိပ် ကျောင်းသားလည်း ဖြစ်ရမယ်၊ စတိုင်ကျကျ လှလှပပဝတ်ဆင်ရမယ်၊ ကျွန်တော့်ဘိုဆံထောက် ကို ကြည့်စမ်း၊ လိမ်းထား တာ ဆီရိုးရိုးမဟုတ်ဘူး၊ ဟို ဘိလပ်တို့၊ အမေရိကန်တို့ကလာတဲ့ ဆီမွှေးတို့စမက်တစ်တို့ကိုသာ လိမ်းတယ်၊ ပြီးတော့ ပေါင်ဒါဆိုတဲ့ အမွှေးမှုန့်တို့၊ ကတ္တီပါရည်တို့ အဲဒါမျိုး တွေကို လိမ်းလို့၊ အဲဒီလို လှလှပပ ကျကျနနနဲ့မှ ဘိုစီးတွဲနဲ့တော်တာဗျ။ ခင်ဗျားတို့ တောသားကြီးတွေ တော့ အလကားပါဗျာ၊ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာဆိုသလိုမနေဘူးလား”
“မောင်ရယ်၊ မောင့်ဘိုစီးတွဲ မစီးရချင်နေပါစေ တော့၊ ယောက်ျားဖြစ်လျက်သားနဲ့ သနပ်ခါး မျက်နှာ ချတွေတော့ မလိမ်းမဆင်ဝံ့ဘူးမောင်ရဲ့ "
“အလို ခင်ဗျားကြီး အတော်လာပါကလား၊ ဒါလောက် ပြောနေတာတောင် သဘောမပေါက်သေး ဘဲကို၊ ခင်ဗျားတို့ ဗမာတွေ မကြီးပွားတာ အဲဒီလို ခေတ်မမီ ခေတ်မဆန်တာတွေကြောင့်ပဲ နားလည်ရဲ့ လား"
အကျွန်ုပ်သည်လည်း ပြုံးရယ်၍သာ နေလိုက် ၏။ ထိုသို့ နှစ်ယောက်သားလာခဲ့ရာ အိမ်အနီးသို့ ရောက်လာလေ၏။ အိမ်သို့ဝင်လျှင် ၎င်းသူငယ်၏ အဓိ၊ အစ်မ၊ နှမများနှင့်တူသော မိန်းမတစ်စုက စုဝိုင်း၍ “ဟော-ငါ့သား ကလေး ပြန်လာပြီ၊ ဟာမောင်သောင်း ပြန်လာပြီ၊ ဟော-ကိုကိုပြန်လာပြီ၊ အမေလည်း အခုပဲ မင့်ဆီကစာကိုရတယ်။ ရရချင်း အဝတ်အစားလဲပြီး အခုဘူတာဆင်းမလို့ပဲ။ မင်းစာ က နောက်ကျနေတာကိုးဘွဲ့”
မောင်သောင်းမှာ များစွာစိတ်ဆိုး မျက်နှာဖြင့် “ဟာဗျာ၊ ဒဲမစ် (damn it) ခင်ဗျားကြီးတို့ ဒီလိုချည်းပဲ၊ စာကို ကဗျာကယာ ပေးရတာဗျူး ရရချင်း ဆင်းလာပြီးရောပေါ့။ ကတဲ-လှချင်လိုက်ကြတာ၊ တယ်ထိုအခါ အစ်မကြီးဖြစ်ပုံရသူက “မဟုတ်ဘူးကွဲ မောင်သောင်းရဲ့ ၊ မင်းပဲလိုတယ်၊ သံကြိုးရိုက်လိုက်ပါ လား၊ ကတဲ ပိုက်ဆံကလေး သုံးမတ် တစ်ကျပ်ကို ဂရုစိုက်လို့"
“မဟုတ်ဘူး မမရဲ့ ၊ တနင်္ဂနွေနေ့ကျနေလို့၊ အားဂျင်းဖီးစ် နှစ်ဆပေးရမယ်သိရဲ့လား၊ ပြီးတော့
ပိုက်ဆံလည်း မပိုဘူး၊ ဟိုဒင်းရွေးရ၊ ဒီဒင်းရွေးရနဲ့”
နှမငယ်ကဝင်တဲ့၍ “အဟုတ်သားပဲ ကိုကို့မှာ ဘယ်တော့မှ ပိုက်ဆံ ပိုပိုမိုမို မသုံးရဘူး၊ ပိုက်ဆံ မှာလိုက်ရင် ဟောဟို ဖေဖေက ဝင်ဝင်ပြီး များတယ် ဘာတယ်နဲ့ ကိုင်း ခုတော့ ဘယ့်နှယ်နေသေးသလဲ။ ကိုကို ခြေကျင် လျှောက်လာရတော့ ကောင်းသေးရဲ့ လား”ဟု ဝမ်းနည်းပက်လက်နှင့် ငိုမဲ့မဲ့ပြောလေ သည်။
ခေါင်းရင်းခန်းတွင် ကုပ်၍ ထိုင်နေရှာသော အဘိုးကြီးက ၎င်းအဓိတစ်စုကို ကြည့်၍ မဲ့လိုက် သည်ကို ကျွန်ုပ်မြင်လိုက်သဖြင့် ၎င်းသားအတွက် အိမ် တွင် ရှေးရိုးအဘိုးကြီးက တစ်ဖက်၊ ခေတ်ဆန်သော သားအမိ တို့ကတစ်ဖက်ဖြစ်နေကြသည်ကို ကျွန်ုပ် ရိပ်မိလိုက်လေ၏။
ကျွန်ုပ်မှာလည်း ခေါင်းက မျက်နှာသုတ်ပဝါကို ခပ်အုပ်အုပ်ပတ်ကာ သားရေအိတ်ကို အိမ်ပေါ်တွင် ချ၍ အမှတ်မဲ့ထွက်သွားမည်ဟု လှည့်လိုက်ရာ အမယ်ကြီးကမြင်၍“ဟဲ့- ကူလီပေးကြဦးလေ"ဟု ဆိုမှ မောင်သောင်း သည် ပိုက်ဆံနှိုက်ကာ “ ဟုတ်ပါရဲ့၊ ဟောဒီဆရာကြီးရှိလို့၊ နို့မဟုတ်ရင်အခက်ပဲ"ဆိုပြီး | ပိုက်ဆံတစ်မူး ကျွန်ုပ်m အား ပေးလေသည်။ ကျွန်ုပ်က “အို-နေပါစေ၊ ကျုပ်လည်း ခရီးကြုံတာနဲ့ ကူဆွဲလာ တာပါနေပါစေ” ဆိုပြီး ထွက်ခဲ့၏။ ထိုအခါ အစ်မကြီး ဆိုသူက “ထို-ဒီမှာဦးကြီးရဲ့ (ထိုအခါ ကျွန်ုပ်က ပြုံး၍ ပြန်လှည့်ကြည့်လိုက်ရာ) ဟာ-ဟုတ်ပေါင် မောင်ကြီး ရဲ့ ၊ ဟာ-ဟုတ်ပေါင် ဒီမှာ ကိုဟိုဒင်းရဲ့၊ ပိုက်ဆံယူသွား ပါလေ”ဟုဆိုကာ ပိုက်ဆံလိုက်၍ပေး၏။ ကျွန်ုပ်ကား လွတ်အောင် သုတ်သုတ်ထွက်ခဲ့၏။
ထိုအခါညီမငယ်က ရယ်၍ “မမက လောလိုက် တာ၊ ဦးကြီးရဲ့ တဲ့၊ လူကြည့် တော့ဖြင့် မမနဲ့ရွယ် တူလောက် ရှိတယ်၊ ပြီးတော့ ကိုဟိုဒင်းတဲ့။ ဟိုက ပြီးသွားတာမြင်လိုက်ကဲ့လား” ဆိုသည်တွင် အစ်မ ကြီးက “ဘာလဲ ကောင်မလေးက တော်တော်ရွှင်၊ နှင်တယ်ထတယ်” ဟု ကြိမ်းမောင်းသံကို သုံး ကြားလိုက်ရလေ၏။
ကျွန်ုပ်၏ သူငယ်ချင်း ဆရာကြီးအိမ်သို့ရောက်၊ ညစာစား၊ နောက်နေ့ကျောင်းစစ်ရ၏။ ၎င်းညနေ တွင် ဆရာကြီး က ကျောင်းဥက္ကဋ္ဌ အိမ်တွင် ထမင်း စားဖိတ်ထားကြောင်း အခြားကော်မတီ သုံးလေး ယောက်ကိုလည်း ဖိတ်ထား ကြောင်းပြောဆို၍ နှစ်ယောက်သား ရေမိုးချိုး အဝတ်အစားလဲကာ ထွက်ခဲ့ကြ၏။
ကျွန်ုပ်မှာ ယခုသော် ပိုးသားလုံချည် အင်္ကျီနှင့် တကွ ခေါင်းပေါင်းပေါင်း၍ အတန် သပ်သပ်ရပ်ရပ် ရှိသွားလေ၏။ ယခုအနေ မောင်သောင်းသာမြင်ရပါ လျှင် “ကူလီ" ငှားရန် အားနာဖွယ်ရှိ၏။
လာခဲ့ကြရာ မောင်သောင်းတို့ အိမ်လမ်းသို့ ရောက်လေသဖြင့် ထိတ်ခနဲဖြစ်သွား၏၊ စိတ်မလုံ သည်နှင့် “အခု သွားမှာ ဘယ်အိမ်ကိုလဲ"ဟု ဆရာ ကြီးအားမေးရာ ခပ်လှမ်းလှမ်းရှိ မောင်သောင်းတို့ အိမ်ကိုပင် ပြလေသတည်း၊ ကျွန်ုပ်က “ဟိုက်-ခွကျ ကုန်ပြီ"ဟု လွှတ်ခနဲဆို၏။ ဆရာကြီးကကြည့်၍ “ဟေ့လူ ဘာဖြစ်တာလဲမင်း"
“ဟာ-ဘာမှမဖြစ်ပါဘူး၊ သွးသာသွားပါ ကွယ်” ဆို၍ ဘာဖြစ်ဖြစ်ဟု စိတ်တင်း၍ လိုက်ခဲ့ရ အိမ်သို့ ရောက်ကြ လျှင် လှမ်းကြည့်လိုက်ရာ မောင်သောင်းကို ရုတ်တရက်မြင်လိုက်ရ၏။ မောင်သောင်းသည် ကျွန်ုပ်ကို မှတ်မိပုံရ၏။ ရုတ်တရက် အခန်းတွင်းသို့ ခပ်သုတ်သုတ်ဝင်သွားလေ၏။ မောင်သောင်း၏ အဓိ၊ အဖ၊ အစ်မ စသည် တို့ကား ကျွန်ုပ်ကို မှတ်မိပုံမရချေး ကျွန်ုပ် “ကူလီ" ဘဝနှင့် ရောက်စဉ်က အဝတ်အစား ညစ်ထပ်ထပ် နှင့် မျက်နှာကို မျက်နှာသုတ်ပဝါဖြင့် ခပ်အုပ်အုပ် ပတ်စည်းထားသောကြောင့် လည်းကောင်း၊ အိမ်သားအားလုံးတို့မှာ မောင်သောင်းကိုသာ ဝိုင်း၍ ဂရုစိုက်ကြသောကြောင့်လည်းကောင်း ကျွန်ုပ်ကို မမှတ်မိခြင်းဖြစ်ရ၏။
(ဆက်လက်ဖော်ပြပါမည်)