Skip to main content

ငြိမ်းချမ်းရေး သစ်တောများ - ဒို့ ညီအစ်ကိုများ အတူတကွတည်ထောင်ကြစို့လား

 

ဒေါက်တာသောင်းနိုင်ဦး (သစ်တောသုတေသန)

 

▲ သစ်တောသယံဇာတများ ▲

သစ်တောများက အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများမှာ ငွေကြေးဖြင့် တန်ဖိုးမဖြတ်နိုင်အောင် သက်ရှိလောက အတွက် အဖိုးတန်လှသည်။ တစ်နည်းအားဖြင့် သစ်တောများပြုန်းတီးခြင်းနှင့် မြေသယံဇာတများ အဆင့်အတန်းကျဆင်းခြင်းသည် လူသားများ၏ ကြွယ်ဝချမ်းသာမှုနှင့် လူနေမှုအဆင့်အတန်းများအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေပါသည်။ သက်ရှိများအတွက် အလွန်အရေးပါသည့် ရေသယံဇာတ၊ အစားအစာရရှိမှု၊ ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများအပေါ် ဆိုးကျိုးများသက်ရောက်စေသည်။ ထို့ကြောင့် သစ်တောများပြုန်းတီးခြင်းနှင့် မြေသယံဇာတ အဆင့်အတန်း ကျဆင်းခြင်းသည် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၏ အခြေခံအကျဆုံး အကြောင်းအရင်းများထဲမှ တစ်ခုအပါအဝင် ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

▲ ပဋိပက္ခများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ▲

သစ်တောများပြုန်းတီးခြင်းနှင့် မြေသယံဇာတ အဆင့်အတန်းကျဆင်းခြင်းသည် ပဋိပက္ခများနှင့် မငြိမ်မသက်ဖြစ်နေသော နေရာဒေသ များတွင် အဖြစ်အများဆုံးသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခု ဖြစ်သည်။ မငြိမ်းချမ်းသောနေရာ၊ ပဋိပက္ခနေရာဒေသများ တိုးလာသည်နှင့် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးမှုလည်း များပြားလာတတ်သည်။ ဒေသခံပြည်သူများက နောက်ဆက်တွဲ ဆိုးကျိုးများကို ခါးသီးစွာ ရင်ဆိုင်ခံစားကြရသည်။ ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေး ကွန်ဗင်းရှင်း (UNCCD) (ICCD/COP (14)/ MISC.1) အဆိုအရ ကမ္ဘာ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်း (၁.၈ ဘီလီယံ) ခန့်သည် ပဋိပက္ခဖြစ်နေသော နေရာများတွင် နေထိုင်နေကြရသည်ဟု ဆိုသည်။ အချိန်ကာလကြာမြင့်လာသော ပဋိပက္ခများသည် သစ်တောများ ပြုန်းတီးခြင်း၊ မြေသယံဇာတများ အဆင့်အတန်းကျဆင်းခြင်း၊ ဂေဟစနစ် များ ပျက်စီးခြင်းကို ပိုမိုဖြစ်ပေါ်စေပြီး ဒေသခံပြည်သူ များ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအပေါ် ဆိုးကျိုးများ သက်ရောက်စေသည်။ သစ်တောများမှ ရရှိနေသည့် သစ်၊ ထင်း၊ ဝါး၊ အစားအစာ၊ ရေနှင့် အခြေခံလိုအပ်ချက်များရရှိနိုင်မှုလည်း လျော့ပါးဆုံးရှုံးသွားသည်။ ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်စေပါသည်။

ပဋိပက္ခလွန်ကာလများတွင်လည်း စနစ်တကျထိရောက်စွာ အုပ်ချုပ်နိုင်ခြင်းမရှိသဖြင့် (သို့မဟုတ်) အားနည်းသဖြင့် မြေနှင့် ပတ်ဝန်း ကျင် ဆုတ်ယုတ်ပျက်စီးမှုအန္တရာယ် တိုးပွားလာမည့်အလားအလာ ပိုမိုများပြားသည်။ သစ်တောပြုန်းတီးမှု၊ သစ်တောနှင့် မြေအတန်း အစား ကျဆင်းမှုများ ပိုမိုဆိုးရွားစွာ ဆက်တိုက်ဖြစ်ပေါ်လာတတ်ပါသည်။

ထို့ကြောင့် အဆိုပါနေရာဒေသများတွင် သစ်တောထိန်းသိမ်းရေး၊ မြေဆီလွှာထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် အလွန်အရေးတကြီး လိုအပ်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများ တိုးပွားလာပြီး ဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။

ပဋိပက္ခဖြစ်ပေါ်နေသော နေရာဒေသများ၏ နယ်နိမိတ်၊ အစပ်၊ ကြားနေရာဒေသများတွင် ရှိနေသော သစ်တောသယံဇာတများ၊ ရေ၊ မြေ၊ တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ၊ သဘာဝနယ်မြေများကို နှစ်ဦးနှစ်ဖက် နားလည်စွာဖြင့် ထိန်းသိမ်းခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းနိုင်သည်။ တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးအတွက် ပတ်ဝန်းကျင် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (သို့မဟုတ်) ငြိမ်းချမ်းရေးသစ်တောများအဖြစ် သတ်မှတ်ကာ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်ရန် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

▲ သစ်တောထိန်းသိမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ▲

နှစ်ဦးနှစ်ဖက် နားလည်မှုရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ရည်မှန်းချက်ပန်းတိုင်များ ပြည့်မီနိုင်ပါသည်။ တိုင်းရင်းသားညီအစ်ကို အချင်းချင်း ဘုံအကျိုးစီးပွားအတွက် သစ်တောထိန်းသိမ်းရေး ပူးပေါင်း ဆောင်ရွက်မှုမှသည် နိုင်ငံအချင်းချင်း ငြိမ်းချမ်းရေး သစ်တောများ ပူးပေါင်း တည်ထောင်ထားရှိခြင်းဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ပိုမို တိုးတက်အောင် ဆောင်ရွက်နိုင်ကြ သည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။ ဥပမာအားဖြင့် ၁၉၉၉ ခုနှစ်တွင် တည်ထောင်ခဲ့သော အီကွေဒေါနှင့် ပီရူးနိုင်ငံတို့ နှစ်နိုင်ငံပူးတွဲ တည်ထောင်ထားသော Cordillera del Condor Peace Park (Ecuador–Peru) ကို နမူနာယူနိုင်ပါသည်။ အဆိုပါ ငြိမ်းချမ်းရေး ဥယျာဉ်ကို အကြောင်းပြုပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက် သည်ဟုဆိုသည်။ ငြိမ်းချမ်းရေးနှင့် နှစ်နိုင်ငံအငြင်းပွား မှုများကိုသာမက ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များကိုပါ ထည့်သွင်းစဉ်းစားပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ ငြိမ်းချမ်းရေးသစ်တောများသည် နှစ်နိုင်ငံသာမက နိုင်ငံအတွင်း ပဋိပက္ခ ဖြစ်ပေါ်နေ သောနေရာများတွင် နှစ်ဦးနှစ်ဖက် နားလည်မှုရှိစွာဖြင့် အစပြု ဆောင်ရွက်နိုင်သည်။ အကျိုးကျေးဇူးများစွာလည်း ရရှိနိုင်မည်ဖြစ်သည်။ ပဋိပက္ခလွန်ကာလများတွင် နှစ်ဦးနှစ်ဖက် သဘောတူညီချက်များ ရယူလျက် ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်မည်ဆိုပါက သားရွှေအိုး ထမ်းတာမြင်ရသည့်နှယ် ဘက်စုံအကျိုးကျေးဇူးများ ခံစားရရှိနိုင်မည် ဖြစ်သည်။

▲ ငြိမ်းချမ်းရေးသစ်တောများနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ ▲

ငြိမ်းချမ်းရေးသစ်တောများသည် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှုတိုးပွားနိုင်ခြင်းနှင့် ယုံကြည်မှုတည်ဆောက် နိုင်ခြင်း အလားအလာကောင်းများစွာရှိသည်။ အကျိုးဆက်စပ်ပတ်သက်သူများ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို အထောက်အကူ ပြုနိုင်ခြင်း၊ ဂေဟစနစ်များအား ပြန်လည်တည်ထောင်နိုင်ခြင်း၊ ကာကွယ်နိုင်ခြင်း စသည့် ထင်သာမြင်သာ ရှိသည့် အကျိုးကျေးဇူးများရနိုင်မည် ဖြစ်သည်။ အဆင့်အသီးသီး၊ အလွှာအသီးသီး ဆက်ဆံရေးတိုးတက် ကောင်းမွန်လာပြီး ဖြစ်ပေါ်နေသော ပြဿနာများ၊ ပဋိပက္ခများကို ဖြေရှင်းရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်သည်။ အရေးကြီးသည်မှာ အကောင်အထည်ဖော်ဆောင်ရွက်မည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရန်နှင့် သစ်တောများနှင့် မြေသယံဇာတများကို ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုစနစ်များ၊ စဉ်ဆက်မပြတ် စီမံအုပ်ချုပ်မှုစနစ်များ၊ ထိရောက်စွာ အုပ်ချုပ်နိုင် သည့်စံများ ချမှတ်ထားရှိ ရန်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ထိရှလွယ်သော ပဋိပက္ခ အခြေအနေများကို ကျော်လွှားနိုင်၍ ငြိမ်းချမ်းရေးကို အထောက်အကူပြု ခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ခြင်း အသီးအပွင့်များ ခံစားနိုင်မည်ဖြစ်သည်။

သစ်တောများ တည်ထောင်ခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (SDGs) ကိုလည်း အလွန်အထောက်အကူ ပြုလျက်ရှိသည်။ ဥပမာ ပန်းတိုင်(၁) ဆင်းရဲမွဲတေမှုပပျောက်ရေး၊ ပန်းတိုင်(၂) စားနပ်ရိက္ခာ ဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရေး၊ ပန်းတိုင် (၆) ရေကောင်းရေသန့်ရရှိရေးနှင့် ရေအရင်းမြစ် စနစ်တကျစီမံခန့်ခွဲရေး၊ ပန်းတိုင်(၇) စွမ်းအင် ဖူလုံရေး၊ ပန်းတိုင် (၁၁) လုံခြုံစိတ်ချပြီး ခံနိုင်ရည်ရှိသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော မြို့ပြများ၊ လူများအခြေချနေထိုင်ရာ ဒေသများအဖြစ် ဆောင်ရွက်ရေး၊ ပန်းတိုင်(၁၃) ရာသီဥတုပြောင်းလဲမှုလျှော့ချရေးစသည့် ပန်းတိုင်များ အောင်မြင်စေရန်အတွက်လည်း သစ်တောသစ်ပင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးပါလှသည်။

အထူးသဖြင့် ငြိမ်းချမ်းရေးသစ်တောများသည် ပန်းတိုင် ၁၅ “မြေပြင်ပေါ်ရှိသက်ရှိများ” နှင့် ပန်းတိုင် ၁၆ “ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် ခိုင်မာတောင့်တင်းသော အဖွဲ့အစည်းများ” တို့ကို တိုက်ရိုက်အထောက် အကူပြုနိုင်မည်ဖြစ်သည်။ အစိုးရ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊ ဌာနေတိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လူငယ်များမကျန် အကျိုးဆက်စပ်ပတ်သက်သူများ ပါဝင်အကောင်အထည်ဖော်နိုင်ပါက ပိုမိုအောင်မြင်နိုင်မည် ဖြစ်သည်။

အထူးသဖြင့် သစ်တောများ ပူးပေါင်းထိန်းသိမ်းမှုမှတစ်ဆင့် နိုင်ငံရေး တင်းမာမှုများ လျှော့ချခြင်းနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတို့အတွက် အထောက်အကူပြုနိုင်ပါသည်။ ထာဝရငြိမ်းချမ်းရေးကြိုးပမ်းမှု လုပ်ငန်းစဉ်များကို အထောက်အကူ ပြုနိုင်ပါသည်။ ငြိမ်းချမ်းရေးသစ်တောများကို တည်ထောင်ရာတွင် အောက်ဖော်ပြပါ သက်ရောက်မှုများ ဖြစ်ပေါ်စေရန် ရည်မှန်းဆောင်ရွက်နိုင်ပါသည် -

(က) နှစ်ဦးနှစ်ဖက် အငြင်းပွားမှုများ၊ တင်းမာမှုများ လျှော့ချနိုင်ရန်၊ နှစ်ဦး နှစ်ဖက် နားလည်မှု၊ စိတ်ချယုံကြည်မှုများနှင့် လုံခြုံမှုများ တိုးပွားလာစေရန် ရည်မှန်းဆောင်ရွက်နိုင်ပါသည်။

ဥပမာအားဖြင့် သစ်တောများထိန်းသိမ်းခြင်းနှင့် သစ်တောများ ပြန်လည်တည်ထောင်ခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊ အတွေ့အကြုံဗဟုသုတများ၊ အတွေးအမြင်များ ဖလှယ်ခြင်း၊ အကျိုးဆက်စပ်ပတ်သက်သူများ ပူးပေါင်းပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲများ၊ အစည်းဝေးများ၊ သင်တန်းများ ကျင်းပခြင်း၊ အပြန်အလှန် လည်ပတ်လေ့လာနိုင်ရန် စီစဉ်ခြင်းဖြင့် နှစ်ဦးနှစ်ဖက် နားလည်မှု၊ စိတ်ချယုံကြည်မှုများနှင့် လုံခြုံမှု များ တိုးပွားလာစေနိုင်ပါသည်။

( ခ ) သစ်တောများနှင့် မြေသယံဇာတများကို စဉ်ဆက်မပြတ် စီမံအုပ်ချုပ်ခြင်း၊ သစ်တောများထိန်းသိမ်းခြင်းနှင့် သစ်တောများ ပြန်လည် တည်ထောင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ရည်မှန်းဆောင်ရွက်နိုင်ပါသည်။

ဥပမာအားဖြင့် သစ်တောများနှင့် မြေသယံဇာတများ ထာဝစဉ်တည်တံ့စေရန်အတွက် သင့်လျော်သည့် စီမံအုပ်ချုပ်မှုစနစ်၊ မဟာဗျူဟာ နှင့် စီမံကိန်းများ ရေးဆွဲချမှတ်ဆောင်ရွက်ခြင်း၊ သစ်တောများနှင့် မြေသယံဇာတများ ထာဝစဉ်တည်တံ့စေရန်အတွက် ရည်မှန်းချက်များ ပူးတွဲချမှတ်ခြင်းနှင့် ပြုပြင်ပြောင်းလဲမှုစီမံကိန်းနှင့် အစီအစဉ်များ ပူးတွဲရေးဆွဲအကောင်အထည် ဖော်ခြင်း၊ ပြုပြင် ပြောင်းလဲမှုစီမံကိန်းနှင့် အစီအစဉ်များ အကောင်အထည်ဖော်နိုင်ရန် လိုအပ်သော ရန်ပုံငွေကြေး အရင်းအမြစ်ကို ပူးတွဲကြိုးပမ်း ရှာဖွေခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့်လည်း နှစ်ဦးနှစ်ဖက် နားလည်မှု၊ စိတ်ချယုံကြည်မှုများ နှင့် လုံခြုံမှုများ တိုးပွားလာစေနိုင်ပါသည်။

( ဂ ) သစ်တောများအပါအဝင် သဘာဝသယံဇာတများကို စဉ်ဆက်မပြတ် စီမံအုပ်ချုပ်ခြင်းနှင့် အတန်းအစား ကျဆင်းနေသော မြေများကို ပြန်လည် ကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံရန်၊ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးရန်နှင့် ပတ်ဝန်းကျင် ဂေဟစနစ်များ ပိုမိုကောင်းမွန်လာစေရန် ရည်မှန်းဆောင်ရွက်နိုင်ပါသည်။

ဥပမာအားဖြင့် သစ်တောနှင့် မြေသယံဇာတ စဉ်ဆက်မပြတ် စီမံအုပ်ချုပ်ခြင်းဆိုင်ရာ နည်းစနစ်များ၊ နည်းလမ်းများ၊ ချဉ်းကပ်မှုများကို အသုံးပြုခြင်းဖြင့် မြေ၏ ထုတ်လုပ်မှုစွမ်းရည်၊ ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားစေခြင်း၊ အမျိုးသမီးများ၊ လူငယ်များ၊ ကလေးများနှင့် ထိခိုက်ခံစားနိုင်မှု အများဆုံး၊ အစားအစာလုံခြုံစိတ်ချရမှုမရှိသော လူများအတွက် မြေများနှင့် အခြားထုတ်လုပ်မှုဆိုင်ရာ သယံဇာတများ အလွယ်တကူ လက်လှမ်းမီနိုင်စေရန် ဆောင်ရွက်ခြင်း၊ ရာသီဥတုပြောင်းလဲမှု ပြဿနာများ နှင့် သဘာဝဘေးအန္တရာယ်များ ထိခိုက်ခံနိုင်မှုလျှော့ချခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဖက်နားလည်မှု၊ စိတ်ချယုံကြည် မှုများနှင့် လုံခြုံမှုများ တိုးပွားလာစေနိုင်ပါသည်။

သစ်တောသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲအခြေအနေ၊ ခရီးသွား လုပ်ငန်းအလားအလာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများပေါ်မူတည်ပြီး နှစ်ဦး နှစ်ဖက် ဘုံစိတ်ဝင်စားမှု ၊ သဘောတူညီမှုတို့အပေါ် အခြေခံလျက် ငြိမ်းချမ်းရေးသစ်တောများ၊ ဥယျာဉ်များ တည်ထောင်ခြင်း အတွက် အောက်ဖော်ပြပါ စီမံကိန်းများ၊ အစီအစဉ်များ ရေးဆွဲအကောင်အထည် ဖော်နိုင်ပါသည်-

ထာဝစဉ်တည်တံ့သော သစ်တောများနှင့် မြေသယံဇာတ စီမံအုပ်ချုပ်ခြင်း၊ သစ်တောများ ပြန်လည်တည်ထောင်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ တည်ထောင်ခြင်း၊

ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်း၊ ပြည်သူအခြေပြု သဘာဝနယ်မြေများ ထိန်းသိမ်းခြင်း၊ ရေသယံဇာတများနှင့် ရေဦး ရေထွက်၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းခြင်း၊

သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းလုပ်ငန်းအမျိုးမျိုး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ သစ်တောမြေယာ ရှုခင်း ပြန်လည် တည်ထောင်ခြင်း၊ ဆေးဖက်ဝင်ပင်ဥယျာဉ် များတည်ထောင်ခြင်း၊ သစ်မျိုးစုံဥယျာဉ်တည်ထောင်ခြင်း၊ ရုက္ခဗေဒဥယျာဉ် တည်ထောင်ခြင်း၊

သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ခြင်း၊ သစ်တောဂေဟစနစ်နှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို အခြေခံလျက် ပြည်သူလူထုကျန်းမာရေးနှင့် စိတ်ချမ်းသာ ပျော်ရွှင်မှုအတွက် သဘာဝအခြေခံအပန်းဖြေစခန်းများ တည်ထောင်ခြင်း၊

သစ်တောများနှင့် မြေသယံဇာတများ စဉ်ဆက်မပြတ် စီမံအုပ်ချုပ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်များမြှင့်တင်ရေး အတွက် နှစ်ဦးနှစ်ဖက်မှ အကျိုးဆက်စပ် ပတ်သက်သူများ၊ ဒေသခံပြည်သူများအား သင်တန်းများပေးခြင်း၊ အောင်မြင် နေသော သစ်တောထိန်းသိမ်း ရေးလုပ်ငန်းများဆီသို့ အပြန် အလှန် လေ့လာရေးစေလွှတ်ခြင်း၊

▲ ငြိမ်းချမ်းရေး သစ်တောများ - ဒို့ ညီအစ်ကိုများ  အတူတကွ တည်ထောင်ကြစို့လား▲

“သစ်ပင် သစ်တောများသည် ဖွံ့ဖြိုးတိုးတက်မှုအားလုံး၏ ဗဟိုချက်” ဖြစ်သည်ဆိုသည့် စကားနှင့်အညီ ဖွံ့ဖြိုးမှုလုပ်ငန်းတိုင်းတွင် သစ်တော ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အမြော်အမြင်ကြီးစွာဖြင့် ထည့်သွင်းစဉ်းစား၊ ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်သည်။ သစ်တောသစ်ပင် စိုက်ပျိုးခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများသည် သက်ရှိလောက တစ်ခုလုံးကို အကျိုးပြုသဖြင့် လူသားတိုင်းနှင့် သက်ဆိုင်သည်။

မည်သည့် နေရာဒေသမဆို၊ မည်သည့်ပြဿနာ ပဋိပက္ခဖြစ်စေကာမူ သက်ရှိလောကအတွက် အကျိုးပြုနေသော သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းလုပ်ငန်းကို ဘုံအကျိုးစီးပွားအတွက်၊ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက် များအတွက် သစ်တောသစ်ပင်များကို ကာကွယ်ကြသင့်သည်၊ စုပေါင်း ထိန်းသိမ်းနိုင်ရန် စဉ်းစားဆောင်ရွက်သင့်သည်။ နည်းလမ်းများ ရှာဖွေ လျက် သစ်တောထိန်းသိမ်း ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ငြိမ်းချမ်းရေးသစ်ပင်များ၊ ငြိမ်းချမ်းရေးသစ်တောများ တည်ထောင်လျက် သက်ရှိလောကကို အကျိုးပြုနိုင်အောင် ကြိုးပမ်းသင့်သည်။ ငြိမ်းချမ်းရေးသစ်တောများကို အကြောင်းပြု၍ စစ်မှန်သော ငြိမ်းချမ်းရေးဆီသို့ ဆက်လက်ချီတက်နိုင်မည်ဆိုလျှင် ပိုမိုစိမ်းလန်းစိုပြည် သော၊ ကျန်းမာ​သော၊ ပျော်ရွှင်ဖွယ်ကောင်းသော စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်နေသော မြို့ပြများ၊ ပြည်နယ်များနှင့် တိုင်းဒေသကြီးများကို အနာဂတ်မျိုးဆက်သစ်များအတွက်ကို လက်ဆင့်ကမ်း အမွေပေးနိုင်မည် ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

 

(ကိုးကား။ UNCCD ၏ ၁၀-၉-၂၀၁၉ ရက်စွဲဖြင့် ဖြန့်ဝေသည့် Land Degradation Neutrality (LDN) အောက်တွင် ဆောင်ရွက်မည့် Peace Forest Initiative (PFI) ICCD/COP(14)/MISC.1 ကို ကိုးကားပြီး ရေးသားကြောင်း ဖော်ပြအပ်ပါသည်။)

 

၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ  ၉  ရက်