Skip to main content

ပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံအားပေးကူညီမှု

ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံအားပေးကူညီမှုသည် အဖွဲ့အစည်း၊ အုပ်စုတစ်စု၊ အစိုးရတစ်ဖွဲ့၊ နိုင်ငံတစ်နိုင်ငံ၊ ပြည်သူနှင့်သက်ဆိုင်သည့် အဖွဲ့အစည်း များ၊ အသင်းများနှင့် လူပုဂ္ဂိုလ်များ၏ အောင်မြင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်တံ့မှုများကို များစွာအထောက်အပံ့ ဖြစ်စေနိုင်သည့် အနေအထား တစ်ခုဖြစ်ကြောင်းကို ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းနှင့် ကျော်ကြားသည့် လူပုဂ္ဂိုလ်တို့၏ ဘဝအတွေ့အကြုံများကို လေ့လာကြည့်ပါက မြင်တွေ့ရမည်ဖြစ်ပါသည်။

မိမိရည်မှန်းသည့် ကိစ္စရပ်သည် ပြည်သူလူထုနှင့် သက်ဆိုင်ပါက ၎င်းတို့၏ တစ်ခဲနက် ထောက်ခံ အားပေးကူညီမှုသည် အရေးပါသဖြင့် ယင်းကို ပိုင်ပိုင်နိုင်နိုင်ရရှိအောင် လုပ်ဆောင်သင့်သည့် အရာတစ်ခု ဖြစ်ပေသည်။

ထောက်ခံအားပေးကူညီမှုကိုရရှိအောင် မည်သို့လုပ်ဆောင်ရမည်နည်းကို မလေ့လာမီ စာလုံးနှစ်လုံး ပေါင်းစပ်ထားသည့် ယင်းစကားလုံး၏ အဓိပ္ပာယ် တစ်ခုချင်းကို ဂဃနဏ သိရန်လိုအပ်ပေမည်။ ပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံအားပေးကူညီမှုဆိုသည့် စကားရပ်မှာ ပြည်သူလူထုဆိုသည့် စကားလုံးနှင့် တစ်ခဲနက် ထောက်ခံအားပေးကူညီမှုဆိုသည့် စကားလုံးနှစ်လုံး ပေါင်းစပ်ထားသည် ကို တွေ့ရမှာ ဖြစ်ပါသည်။

ပြည်သူလူထုဆိုသည်မှာ နေရာဒေသအနှံ့အပြားတွင် ကျဲပြန့်စွာ နေထိုင်ကြပြီး အချင်းချင်း မသိကျွမ်းသူများလည်း ပါဝင်သည့် လူထုကြီးကိုဆိုသည်။ ပြည်သူလူထုဆိုသည်မှာ မတူကွဲပြား သည့် သဘောထားအမြင်များရှိကြပြီး နေရာဒေသများစွာတို့တွင် ကျဲပြန့်စွာနေထိုင်သည့် လူပုဂ္ဂိုလ် တစ်ဦးချင်း ပါဝင်သည့်လူအုပ်စုကိုဆိုသည်ဟု လူမှုပညာရှင် အန်ဒါဆင် (Anderson) နှင့် ဖရက်ဒရစ်ဘီပတ်ကား (Frederick B Parker) တို့က အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြပါသည်။

အားပေးထောက်ခံမှုဆိုသည်မှာ ကာယအား၊ ဉာဏအားဖြင့် စိတ်ရောကိုယ်ပါ ပါဝင်လုပ်ဆောင်ခြင်း ကို ဆိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုလိုပါသည်။

ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံအားပေးကူညီမှုဆိုသည်မှာ

နေရာဒေသအနှံ့အပြားတွင် ကျဲပြန့်စွာနေထိုင်ကြပြီး အချင်းချင်း မသိကျွမ်းသူများလည်း ပါဝင်သည့် လူထုကြီးက ကာယအား၊ ဉာဏအားဖြင့် စိတ်ရောကိုယ်ပါ အားတက်သရော တစ်ခဲနက် ပါဝင် လုပ်ဆောင်ခြင်းဟု အဓိပ္ပာယ် ဖွင့်ဆိုလိုပါသည်။

ပြည်သူလူထု၏တစ်ခဲနက် ထောက်ခံအားပေးကူညီမှုကို မည်သို့ရရှိအောင် ဆောင်ရွက်မည်နည်း။ ပြည်သူလူထု၏တစ်ခဲနက်ထောက်ခံ အားပေးကူညီမှုကို ရရှိအောင် လုပ်ဆောင်မှုမှာ လွယ်ကူသော အလုပ် မဟုတ်ပေ။ လူတစ်ဦးတစ်ယောက်၊ လူတစ်စုက မိမိကို ထောက်ခံအား ပေးလာအောင် လုပ်ရန် အချိန်၊ လုံ့လ၊ ဝီရိယ၊ ဇွဲ၊ သည်းခံမှု၊ စဉ်းစား ချင့်ချိန်နိုင်မှု၊ အတတ်ပညာနှင့် ကိုယ်ရည်ကိုယ်သွေး အစရှိသည်တို့ မိမိတွင်ရှိနေရန် လိုအပ်ပါသည်။ သို့သော် ကျယ်ပြန့်လှသော ပြည်သူလူထု၏ တစ်ခဲနက် ထောက်ခံအားပေးကူညီမှုကိုရရှိအောင် လုပ်ဆောင်ရာတွင် ယင်းထက် မကသော ဆောင်ရွက်မှုများကို အထူးဂရုပြု ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါသည်။

လုပ်ဆောင်သင့်သည်နည်းလမ်းများ ပြည်သူတို့၏ နှလုံးသားနှင့်စိတ်ကို သိမ်းကျုံးအနိုင်ယူနိုင်ခြင်း

ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံအားပေးကူညီမှုကို ရရှိအောင်လုပ်ရာတွင် ပြည်သူတို့၏ နှလုံးသားနှင့် စိတ်ကိုသိမ်းကျုံးအနိုင် ယူနိုင်ခြင်းသည် အရေးကြီး သော အခြေအနေတစ်ခု ဖြစ်ပါသည်။ ပြည်သူတို့၏ နှလုံးသားနှင့်စိတ်ကို သိမ်းကျုံးအနိုင်ယူနိုင်ဖို့ သိမ်းသွင်းစည်းရုံးမှုကို လုပ်ဆောင်ရပါမည်။ သိမ်းသွင်းစည်းရုံးခြင်းသည် မရှိမဖြစ်လိုအပ်သည့် ကျွမ်းကျင်စွာ တတ်မြောက် ရမည့် ပညာတစ်ခုဖြစ်ပါသည်။ ပြည်သူများက မိမိနောက်ကို လိုက်ပါရမည်ကို လက်ခံယုံကြည် လာခြင်းသည် သူတို့၏ နှလုံးသားနှင့် စိတ်ကို သိမ်းကျုံးအနိုင် ယူနိုင်သည့် ထိရောက်သော ခေါင်းဆောင်မှုကောင်းပင် ဖြစ်ပါသည်။

လွှမ်းမိုးခြင်းနှင့် မတူဘဲ သိမ်းသွင်းစည်းရုံးရာတွင် ရာထူးနှင့် အာဏာတို့အပေါ်တွင် မူမတည်၊ အတင်းအကျပ် အနိုင်အထက်ပြုကာ သဘောတူညီမှုကို ရယူခြင်းမျိုး မဟုတ်ဘဲ မိမိသဘောထား အမြင်၏ တရားနည်းလမ်းကျ၍ အမြော်အမြင်ရှိမှုကို ပြည်သူများက သိရှိလက်ခံလာအောင် လုပ်ဆောင်ခြင်းသာ ဖြစ်ပါသည်။ သိမ်းသွင်းစည်းရုံးရာတွင် ပါဝင်သည့် အချက်များမှာ ပရိသတ်ကို ဆန်းစစ်ခြင်း၊ ကျွမ်းကျင်မှု၊ ရိုးသားမှုနှင့် လူထုက ချစ်ခင်လေးစားခြင်းခံရမှုတို့ ပါဝင်သည့် အရင်း အမြစ်/အခြေခံ အရည်အချင်းများရှိနေခြင်း ၊ မိမိအကျိုး စီးပွား/ လိုလားချက်ကို လိုက်ပါလာအောင် ဆွဲဆောင်နိုင်ခြင်း၊ ရှင်းလင်းပြတ်သားသည့် သတင်းစကားကိုပေးခြင်း၊ ပေးလိုသည့် သတင်း စကား၏ အကြောင်းအရာနှင့်တည်ဆောက်ပုံ ကောင်းမွန်ခြင်း၊ အချိန်ကိုက်ညီခြင်းနှင့် အကြောင်း အရာနှင့် ဆီလျော်ခြင်း၊ ပရိသတ်ပါဝင်လာစေခြင်း၊ ပါဝင်ဆောင်ရွက်လာစေရန် စေ့ဆော် အကြံပေးခြင်းနှင့် ဆွဲဆောင်စည်းရုံး စကားပြောဆိုခြင်းတို့ ပါဝင်သည်။

ထို့အပြင် လူအများကို သိမ်းသွင်းစည်းရုံးနိုင်ရန် အောက်ပါအခြေအနေများကို ရှေးဦးစွာ လုပ်ဆောင် ရပါမည်

(၁) ကောင်းမွန်သောဆက်ဆံရေးထူထောင်ခြင်း၊

(၂) မိမိရည်မှန်းချက်ကို မိမိကိုယ်တိုင် ရှင်းလင်းပြတ်သားစွာ သိရှိထားရန် လိုအပ်ခြင်း၊

(၃) ရည်ရွယ်ထားသည့် ပရိသတ်တို့၏နေရာမှနေပြီး ခံစားနားလည်ပေးခြင်း၊

(၄) လူမှုဆက်ဆံရေးစိတ်ပညာကိုအသုံးပြုခြင်း။

ကောင်းမွန်သော ဆက်ဆံရေးထူထောင်ခြင်း

“အကြောင်းအရာနှင့် တင်ဆက်ပုံထက် မိမိက ပြည်သူနှင့်ဆက်ဆံရေးကို ကောင်းမွန်စွာ ထူထောင် လုပ်ဆောင်နိုင်သည့် အရည်အချင်းသည်သာ ပြည်သူတို့၏ နှလုံးသားနှင့် စိတ်ကို သိမ်းကျုံးရယူနိုင် မည့် အခြေခံသဘောတရားဖြစ်ပါသည်။ ယင်းသို့ရယူနိုင်ပါက သူတို့၏ အားပေးထောက်ခံမှုကို ပိုင်ပိုင်နိုင်နိုင်ရရှိမည် ဖြစ်ပါသည်။ ဆက်စတိန် ဆာလစ်ကရူ (Sebastian Salicru) က  ခြိမ်းခြောက်မှုနဲ့ အန္တရာယ်တွေကို တွေ့ကြုံရင်ဘယ်တော့မှမတွန့်ဆုတ်ပါနဲ့၊ ရိုးဖြောင့်စွာ လုပ်ဆောင်ပါ၊ ကတိတည်ပါ။ မိမိမှန်သည်ဟု ယူဆသည်ကို ပြောပါ။ ဒါဆို အခြားသူများက မိမိနောက်သို့ လိုက်ပါလာပါမယ်။ ကြင်နာတတ်မှု၊ စာနာထောက်ထားတတ်မှု၊ ကောင်းမွန်သော အပြုအမူနဲ့ သဘောကောင်း ရည်မွန်မှုတွေ ဖော်ပြနိုင်တဲ့သူနောက်ကို ပြည်သူတွေက လှိုက်လှိုက် လှဲလှဲ လိုက်ပါသွားကြလိမ့်မယ်” ဟု ပြောခဲ့ပါသည်။

ကောင်းမွန်သော ဆက်ဆံရေးထူထောင်နိုင်ရန် မိမိဆက်ဆံရေး ထူထောင်လိုသည့် လူအများ ပြည်သူများ၏ သဘောထားအမြင်များ မည်သို့ရှိသည်ကို သိရန်လည်း အရေးကြီးပါသည်။

မိမိရည်မှန်းချက်ကို မိမိကိုယ်တိုင် ရှင်းလင်းပြတ်သားစွာ သိရှိထားရန် လိုအပ်ခြင်း

ဆက်ဆံရေးကို ကောင်းမွန်စွာထူထောင်ပြီးပါက နောက်တစ်ဆင့် ဆောင်ရွက်ရမည့်ကိစ္စမှာ မိမိလုပ်လိုသည့် သိစေလိုသည့် အကြောင်းအရာကို ရှင်းရှင်းလင်းလင်းရှိစေရန် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ဂျူလီယက် အဲရစ်ဆန် (Juliet Erickson) က “အခြားသူများကို မိမိက သိမ်းသွင်း စည်းရုံးခြင်း၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိရမည်။ ၎င်းတို့အား မည်သည့်အရာကို လုပ်စေလိုသနည်း၊ သို့မဟုတ် တွေးစေလိုသနည်း၊ အဘယ့်ကြောင့်ထိုသို့လုပ်စေ တွေးစေလိုရ သနည်းဆိုသည်ကို ရှင်းရှင်းလင်းလင်းသိရန် လိုအပ်သည်” ဟု မိန့်ဆိုခဲ့ပါသည်။ သုတေသန တွေ့ရှိချက်များအရ မိမိဖြစ်လိုသည့် ကိစ္စများကို လက်ဝယ်ပိုင်ပိုင် ရရှိသွားသူများမှာ မိမိဖြစ်လိုသည့် အဆိုပါကိစ္စရပ်များကို အသေးစိတ်အလေးထား ဆောင်ရွက်တတ်သူများသာဖြစ်ကြောင်း လေ့လာ သိရှိရပါသည်။

ရည်ရွယ်ထားသည့် ပရိသတ်တို့၏ နေရာမှနေပြီး ခံစားနားလည်ပေးခြင်း

ပြည်သူတို့၏ နှလုံးသားနှင့် စိတ်ကို သိမ်းကျုံးအနိုင်ယူနိုင်ရန် ၎င်းတို့၏ အနေအထားကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ မိမိပြောသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ပြည်သူ (သို့) ပရိသတ်က သဘောကျထောက်ခံသည့်စိတ်ဖြစ်စေဖို့ မိမိကသူတို့နှင့် သင့်တော်ကိုက်ညီသည့် အကြောင်း အရာများကို ကြိုတင် ပြင်ဆင်ရန် အထူးလိုအပ်ပါသည်။ တစ်နည်းအားဖြင့် မိမိပရိသတ်၏ အနေအထားကို ကြိုတင်သိရှိခြင်းပင်ဖြစ်ပါသည်။ ဖိလစ်ပါဒေဗီးစ် (Philippa Davies) က “သင့်အနေဖြင့် အခြားသူတစ်ဦး၏ဘဝထဲ ခဏလောက်နေကြည့်ပြီး ထိုသူ၏နေရာမှနေကာ သူ၏ခံစားမှုများနှင့် အမြင်များကို ခံစားကြည့်သင့်သည်” ဟု ရေးသားခဲ့ပါသည်။

ထိုစကားမှာ မှန်သည်ဟု ဆိုချင်ပါသည်။ သို့မှသာ အခြားသူများ တွေ့ကြုံနေသည့် အနေအထား များကိုသိရှိပြီး မိမိဘက်ပါလာအောင် မည်သို့မည်ပုံ သိမ်းသွင်း စည်းရုံးနိုင်မည်ကို ကြိုတင်ပြင်ဆင် နိုင်မည် ဖြစ်ပါသည်။ ဤနေရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်တစ်ခုမှာ မိမိရည်ရွယ်သည့် သူ/ပရိသတ် မည်မျှ များပြားသည့်အပေါ် မူတည်ကာ မိမိလုပ်ဆောင်ရမည့် လုပ်ငန်းပမာဏ အနည်းအများကွာခြားနိုင်သလို သူတို့၏အတွေးအမြင်များကို မည်သည့်အရာများက ပုံဖော်ပေး နေသည်ဆိုသော အချက်များကိုလည်း ထည့်သွင်းစဉ်းစားကာ လုပ်ဆောင်ရမည်ဖြစ်ပါသည်။

လူမှုဆက်ဆံရေးစိတ်ပညာကို အသုံးပြုခြင်း

သူတစ်ပါး၏ နှလုံးသားနှင့် စိတ်ကို သိမ်းကျုံးအနိုင်ယူနိုင်ရန် စမ်းသပ်ပြီး အောင်မြင်သော နည်းလမ်းတစ်ခုမှာ ဆုံးရှုံးမှုကို မလိုလား မနှစ်မြို့သည့်စိတ်ကို တိုးပွားလာအောင် ဆွပေးခြင်းပင် ဖြစ်ပါသည်။ အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်မှုများအရ မိမိ မပိုင်ဆိုင်ရသေးသော မရရှိသေးသော အရာများ- ဥပမာ အချိန်၊ ငွေ၊ အကျိုးစီးပွား၊ သိက္ခာ - များ လက်လွှတ်သွားနိုင်သည့် အလားအလာများကြောင့် ဖြစ်ပေါ်လာသည့် စိုးရိမ်စိတ်ထက် မိမိပိုင်ဆိုင်ထားသည့် အလားတူ အရာများ -ဥပမာ အချိန်၊ ငွေ၊ အကျိုးစီးပွား၊ သိက္ခာ - များ ဆုံးရှုံးမည့် အလားအလာများကြောင့် ဖြစ်ပေါ်လာသည့် စိုးရိမ်စိတ်ကို နိုးဆွရသည်ကပို၍ လွယ်ကူကြောင်း တွေ့ရှိရသည်။ မိမိ၏အစီစဉ်ကို လက်မခံပါက သူတို့ဘက်က ဆုံးရှုံးနိုင်သည့် အခြေအနေကိုသိခြင်းအားဖြင့် မိမိလိုရာဘက်ကို ပါလာ နိုင်သည့် အနေအထားကို ဖြစ်စေနိုင်ပါသည်။

လူအများ/ ပြည်သူများ၏ သဘောထားအမြင်သည် မိမိဖြစ်စေလိုသည့် သဘောထားအမြင် ဖြစ်လာစေရန် လုပ်ဆောင်ခြင်း

လူအများ/ ပြည်သူများ၏ သဘောထားအမြင်သည် မိမိဖြစ်စေလိုသည့် သဘောထားအမြင် ဖြစ်လာစေရန်လုပ်ဆောင်ခြင်းမှာ လွယ်ကူသောကိစ္စမဟုတ်ပေ။ လူအများ၏ သဘောထားအမြင်၏ အဓိပ္ပာယ်နှင့်ပတ်သက်၍ ပညာရှင်များစွာက အမျိုးမျိုးဖွင့်ဆိုကြသည်ကို တွေ့ရှိရသည်။

လူအများ၏ သဘောထားအမြင်ဆိုသည်မှာ လူတစ်ဦးချင်းစီ၏ သဘောထားနှင့် ယုံကြည်မှုများ စုပေါင်းထားခြင်းဟူ၍ လည်းကောင်း၊ အကြောင်းကိစ္စများ၊ အဖြစ်အပျက်များနှင့် ကိုယ်ရည် ကိုယ်သွေးများနှင့်ပတ်သက်ပြီး လူအများတွင်ရှိသည့် သဘောထား အမြင်များနှင့် တန်ဖိုးထားမှုများ ဟုလည်းကောင်း၊ လူအများစု၏ထောက်ခံမှုကို ရရှိသည့်အပြင်၊ လူနည်းစုကလည်း မဆန့်ကျင်ဘဲ အားလုံးအကျိုးရှိစေနိုင်သောအရာဟု ထင်မြင်ထားရှိသည့် သဘောထား အမြင်ဟုလည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။

လူအများနှင့်ဆက်ဆံရေး မထူထောင်ခင် သူတို့၏သဘောထား အမြင်များကို မိမိက ကြိုတင်သိရှိ နားလည်ပါမှ ပြုပြင်ပြောင်းလဲရန် လိုအပ်သည့် အမြင်များကို ပြောင်းလဲနိုင်ရန် ဆောင်ရွက်ရမည့် အသေးစိတ်အစီစဉ်များကို ချမှတ်ကာ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ဤနေရာတွင် အလေးထား တင်ပြလိုသည်မှာ လူအများပြည်သူများ၏ သဘောထားအမြင်သည် လူအများ၏ ကောင်းကျိုးကို ဖြစ်ထွန်းစေသော၊ ဆင်ခြင်တုံတရားပါသောနှင့် ယုတ္တိတန်သောသဘောထား အမြင်များသာဖြစ်ပြီး အဖျက်သဘောဖြစ်စေခြင်း၊ မကောင်းမှုကို ဖြစ်စေခြင်း၊ ကိုယ်ကျင့်တရားနှင့် ဆန့်ကျင်သည့် လုပ်ရပ်များကို ဖြစ်စေခြင်း စသည့်သဘောထားအမြင်များကို ဆိုခြင်းမဟုတ်သည်ကို နားလည် သိရှိရန် အထူးအရေးကြီးပေသည်။

ယနေ့ခေတ်အခါတွင် လူအများ ပြည်သူများ၏ သဘောထားအမြင်နှင့် သမားရိုးကျအမြင် (အမှန်အမှားကို ပဓာနမထားဘဲ ယုံကြည်နေသည့် အမြင်) ကို လူအများစုက ခွဲခြားသိမြင်မှု အားနည်းလာမှုအပေါ် နိုင်ငံရေးအမြတ်ထုတ်ကာ သွေးထိုးလှုံ့ဆော်မှုများနှင့် ဆူပူအုံကြွမှုများ ဖန်တီးပြီး လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး မတည်ငြိမ်အောင် လုပ်ဆောင်နေသည်ကို တွေ့မြင်နေရသည့်အတွက် လူအများပြည်သူများ၏ သဘောထားအမြင် ကောင်းမွန်စွာဖြစ်ထွန်းရေး ကို လုပ်ဆောင်ရန် လိုအပ်လှသည်ကို တွေ့ရှိရပါသည်။

သမားရိုးကျအမြင်နှင့် ပတ်သက်၍ ရှင်းပြသင့်သည်ဟု ယူဆပါသည်။ သို့မှသာ လူအများပြည်သူ များ၏ သဘောထားအမြင်နှင့် သမားရိုးကျအမြင်တို့ ကွာခြားပုံကိုကောင်းစွာ သိရှိနိုင်မည် ဖြစ်ပါ သည်။ သမားရိုးကျအမြင်ဟူသော စကားလုံးကို ခေတ်သစ်အသုံးအနှုန်းအဖြစ် စီးပွားရေးပညာရှင် John Kenneth Galbraith ဆိုသူက ၁၉၅၈ ခုနှစ်တွင် ထုတ်ဝေသည့် သူ၏ The Affluent Society စာအုပ်တွင် ဖော်ပြခဲ့ပါသည်။ သမားရိုးကျအမြင်၏ အသွင်လက္ခဏာများကို နေ့စဉ် လူမှုဘဝ၏ ရှုထောင့်အမျိုးမျိုးတွင် ထင်ရှားစွာ တွေ့မြင်ရပါသည်။ ယင်းတို့မှာ -

(၁) မေးခွန်းပြန်လည်မမေးဘဲ အကြောင်းအရာဖြစ်စဉ်တို့ကို လက်ခံလိုက်ခြင်း၊

(၂) မိမိက တွေ့မြင်လိုသည့်/ရရှိလိုသည့် မျှော်မှန်းချက် အခြေအနေနှင့် ကိုက်ညီသည့် သတင်း အချက်အလက်အပေါ်မေးခွန်းထုတ်လိုမှု မရှိခြင်း၊

(၃) လူအများစုက မှန်သည်ဟု ထင်မြင်နေသည့်အကြောင်းအရာ တစ်စုံတစ်ခုအပေါ် မိမိကလည်း မှန်သည်ဟု လိုက်ပါယုံကြည်နေခြင်း၊

(၄) လူအများစု၏ သဘောထားအမြင်သည်သာ မှန်သည်ဟုလက်ခံခြင်း၊

(၅) အကြောင်းအရာတစ်စုံတစ်ခုကို ကျိုးကြောင်းဆီလျော်သည်ဟု ထင်မြင်သည့်အတွက် ယင်းသည်မှန်ရမည်ဟု ထင်မြင်ခြင်း၊

(၆) ရိုးရာအစဉ်အလာအရ (သို့) အာဏာအမိန့်အရ အကြောင်းအရာ တစ်စုံတစ်ခုကို မှန်သည်ဟု လက်ခံခြင်း။

မိမိအနေဖြင့် အကြောင်းအရာ / တစ်စုံတစ်ခုကို သေချာစွာ မစဉ်းစားဘဲ ချက်ချင်းလက်ခံ လိုက်သည်နှင့် တစ်ပြိုင်နက် မိမိသည် သမားရိုးကျအမြင်က ဦးဆောင်သည့်အတိုင်း လိုက်ပါ လုပ်ဆောင်မည့် အနေအထားသို့ ရောက်ရှိနေမည်ဖြစ်ပါသည်။ အဆိုပါ အတွေးအမြင်များကို လက်ခံ လိုက်ပါက သတိပြုရမည့် အရေးကြီးသည့် အချက်မှာ ယင်းတို့သည် မှန်ကန်တိကျ၍ လက်ခံခြင်း မဟုတ်သည်ကို သိရှိထားရန် လိုအပ်ပါသည်။

သိပ္ပံနည်းကျတွေ့ရှိချက်မျိုးမဟုတ်သော အယူအဆများ၊ အယူအစွဲများ၊ ပါးစပ်ရာဇဝင်များ၊ အယူအဆအမှားများ (သို့) မှားယွင်းသည့် သုတေသနတွေ့ရှိချက်များ ၊ မိမိလိုရာကို ပုံဖော်နိုင်ရန် အမှားအမှန် အကြောင်းအရာများ တမင်ရောထွေးထည့်သွင်း ဖန်တီးထားသည့် သုတေသန တွေ့ရှိချက် များ၊ မှန်ကန်တိကျမှု အားနည်းသော်လည်း အကြောင်းအရာများကို ထပ်ခါတလဲလဲ ပြောနေတတ်/ဖော်ပြသည့်အတွက်ကြောင့် ကြားပါများ၊ မြင်ပါများ၍ ယဉ်ပါးလာကာ သမားရိုးကျ အမြင် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။

သမားရိုးကျအမြင်ကို ပြုပြင်ပြောင်းလဲလာအောင် လုပ်ဆောင်ရာတွင် ဖြည်းဖြည်းချင်း လုပ်ဆောင်ရ ပါသည်။ ယင်းသို့လုပ်ဆောင်ရာတွင် သမားရိုးကျအမြင် မည်သို့စတင်ဖြစ်ပေါ် လာရသနည်း၊ မည်သည့် အကြောင်းအရင်းက ယင်းသမားရိုးကျအမြင်ကို မှန်သည်ဟု ထင်မြင်စေသနည်း၊ ယင်း သမားရိုးကျအမြင်နှင့် ဆန့်ကျင်သည့် အထောက်အထား၊ အချက်အလက်များ ရှိ/မရှိ တို့ကို သုတေသနပြု လေ့လာကာ တွေ့ရှိချက်များကို လူအများသိရှိစေရန် ချပြဆွေးနွေးမှုများ လုပ်ဆောင် ရပါမည်။

ယင်း သမားရိုးကျအမြင်နေရာတွင် အစားထိုးမည့် အခြားအတွေးအမြင်များ မှန်ကန်တိကျမှု ရှိစေရန် ရှာဖွေဖော်ထုတ်မှုများကို လုပ်ဆောင်ထားရှိရပါမည်။ အဆိုပါ အစားထိုးမည့် အခြားအတွေး အမြင်များနှင့် ပတ်သက်၍ အခြားသင့်တော်သည့်သူများကို တိုင်ပင်ကာ အကြံဉာဏ်များ၊ သဘောထားများနှင့် အတွေးသစ်များကို ရယူသင့်ပါသည်။ သို့သော် အမှားအမှန်ကို သိရှိရန် အထောက်အထား ခိုင်မာစွာဖြင့် ယင်းသမားရိုးကျအမြင်ကို တန်ပြန်ထောက်ပြ သော်လည်း၊ ယင်း သမားရိုးကျအမြင်ကိုသာ မှန်သည်ဟု စွဲကိုင်နေကြသည်ကိုလည်း တွေ့မြင်ရတတ်ပါသည်။ ထို့ကြောင့် အများပြည်သူများအကြား သမားရိုးကျအမြင် ဖြစ်ပေါ်နေခြင်းထက် ဉာဏ်နှင့်ယှဉ်သည့် ပြည်သူများ၏ သဘောထားအမြင်များ ဖြစ်ပေါ်လာစေရန် လုပ်ဆောင်ရမည်ဖြစ်သည်။

လူအများ၊ ပြည်သူများ၏ သဘောထားအမြင်များကို မည်သည့်အရာများက လွှမ်းမိုးပုံဖော်ကြ သနည်း။ လွှမ်းမိုးပုံဖော်ကြသည့် အရာများမှာ အသက်အရွယ်၊ ကျားမ၊ ဝင်ငွေ၊ ဝါသနာ၊ လူမျိုး၊ ကိုးကွယ်ရာ ဘာသာ၊ အလုပ်အကိုင်၊ နိုင်ငံရေးစရိုက်၊ စီးပွားရေးအခြေအနေ၊ ပြည်သူနှင့် သက်ဆိုင် သည့် အကြောင်းအရာ၊ ပြည်သူ့ဆက်ဆံရေးနှင့် မီဒီယာ အစရှိသည်တို့ဖြစ်ပါသည်။ မတူညီသော အသက်အရွယ်၊ မတူညီသောအခြေအနေများကြောင့် သဘောထားအမြင်များ မတူကွဲပြားနိုင်သော်လည်း လူမှုအသိုက်အဝန်းတစ်ခု၏ နိုင်ငံရေးစရိုက်သည် လူအများပြည်သူများ၏ သဘောထား အမြင်ကို ဖော်ဆောင်ရာတွင် အရေးပါသော အခြေအနေတစ်ခုဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)

ဒေါက်တာ သီတာတင်