ပြည်သူကို နမူနာကောင်းပြသူများသာ ဖြစ်သင့်ပါသည်
အနုပညာရှင်တို့၏ အဆို၊ အငို၊ အပြောတို့သည် ပရိသတ်တို့၏ စိတ်နှလုံးကို ဆွဲဆောင်ညို့ယူ သိမ်းသွင်းနိုင်သည့်အတွက် အနုပညာသည် လူ၏ စိတ်ကိုလှုပ်ရှားစေနိုင်သော ပညာဟု ဆိုရမည် ဖြစ်သည်။ စိတ်ကူးဉာဏ်စွမ်းဖြင့် စေတနာ အလျောက် ဖန်တီးရသောပညာဖြစ်ပြီး အနုပညာ ၏ အစွမ်းကြောင့် ခံစားရသူ၌ ရသဖြစ်ပေါ်ရာ အနုပညာကို ရသပညာဟုလည်း ခေါ်နိုင်ပေမည်။ ထို့အတူ ပြည်သူချစ်သော အနုပညာရှင်တို့၏ ဝတ်စားဆင်ယင်ပုံ၊ ဆံပင်အထားအသိုမှအစ အပြု အမူအနေအထိုင်တို့ကို ပြည်သူတို့က အတုယူ လိုက်ပါလုပ်ဆောင်ခဲ့သည်မှာ ရှေးယခင် ခေတ် အဆက်ဆက်ကပင် ဖြစ်သည်။ ရုပ်ရှင်မင်းသား ကျော်ဆွေ၏ စီးကရက် သောက်သည့်စတိုင်ကို ကြိုက်နှစ်သက်သည့် အတွက် ထိုခေတ်လူငယ်တို့သည် ကျော်ဆွေပုံစံ အတိုင်း ဟန်ပန်လုပ်ကာ စီးကရက်သောက်ခဲ့ကြ သည်။ တင်တင်မူ၊ မေရှင်စသည့် ပြည်သူချစ်သော အနုပညာရှင်တို့သည် ထဘီအထက်ဆင် အပြားကြီး ဝတ်ဆင်သည့်အခါ အမျိုးသမီးထုသည် ထဘီ အထက်ဆင် အပြားကြီးပေါ်အောင် ချုပ်လုပ် ဝတ်ဆင်သည့်ခေတ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ ။ တစ်ဖန် ဝင်းဦး၏ နှုတ်ခမ်းမွေးထားသည့်ပုံစံ၊ စကားပြောသည့်အခါ ညုတုတု ခရာတာတာ ပြောသည့် ဟန်ပန်ကလည်း ထိုခေတ်က လူငယ်ထု အကြားတွင် ရေပန်းစားခဲ့ကာ ဝင်းဦးစတိုင် အတိုင်း အမျိုးသားတို့ နှုတ်ခမ်းမွေးထားခဲ့ကြသည်။ ထို့ပြင် ရုပ်ရှင်မင်းသမီး စန္ဒာ၏ဆံပင်ပုံစံကိုလည်း ကြိုက်နှစ်သက်သဖြင့် စန္ဒာပုံဟုဆိုကာ အမျိုးသမီး တို့ ဆံပင်ပုံစံထားခဲ့ကြသည်။ ။ ထို့အတူ ကျော်ဟိန်းက အင်္ကျီကျပ်ကျပ်၊ ဘောင်းဘီကျပ်ကျပ်ဝတ်သည့်အခါ ထိုပုံစံအတိုင်း လူငယ်တို့က အတုယူဝတ်ဆင်ခဲ့ကြသည်။ ရုပ်ရှင် ထဲတွင် မင်းသမီးတို့ လုံချည်တိုတို ဝတ်လျှင် လုံချည်တိုတို၊ ရင်ဖုံးအင်္ကျီဝတ်လျှင် ရင်ဖုံးအင်္ကျီ စသည်ဖြင့် ရုပ်ရှင်မင်းသား၊ မင်းသမီးတို့၏ ဝတ်စား ဆင်ယင်ထုံးဖွဲ့မှု၊ ပြောဆိုလုပ်ကိုင်မှုတို့သည် ပရိသတ်တို့အပေါ် လွှမ်းမိုးနိုင်ခဲ့သည်။ နှလုံးသားကို ညှို့ယူဖမ်းစားနိုင်သောပညာ ထို့ကြောင့် အနုသုခုမရုပ်ရှင်ကို ပြည်သူများ၏ နှလုံးသားကို ညှို့ယူဖမ်းစားနိုင်သောပညာ၊ တစ်နည်းဆို လျှင်ပြည်သူများအားဆွဲဆောင်စည်းရုံး နိုင်သော အတတ်ပညာဟု ဆိုကြခြင်းဖြစ်သည်။ မိဘဆရာသမားနှင့် နီတိကျမ်းထဲမှဆုံးမစကားထက် ရုပ်ရှင်ဇာတ်ကားတစ်ကား၊ ဝတ္ထုစာအုပ်တစ်အုပ် ထဲမှ စကားတစ်ခွန်းသည် သေသည်အထိ ပရိသတ် ရင်ထဲကို လွှမ်းမိုးငြိတွယ်သွားတတ်ကြသည်။ သို့မို့ကြောင့် ပြည်သူချစ်သော အနုပညာရှင် များသည် ပြည်သူများ၏ရှေ့ဆောင်လမ်းပြ စံနမူနာကောင်းပြသူများ ဖြစ်သင့်သည်။ ပြည်သူ၏ စိတ်နှလုံးကို လွှမ်းမိုးနိုင်သော၊ စည်းရုံးနိုင်သော ရုပ်ရှင်သည် ပြည်သူအတွက် အမြဲထာဝရဖြစ်နေရန်၊ တိုင်းပြည်အကျိုး၊ ပြည်သူအကျိုးကို ဆောင်နိုင်ရန် မှာ ရုပ်ရှင်အနုပညာသမားတို့ စွမ်းဆောင်ရမည့် တာဝန်လည်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် စီးပွားရေးကို အခြေပြုသော ရုပ်ရှင်လောက (ဟောလိဝုဒ်)၊ အနုပညာကို အခြေပြုသော ရုပ်ရှင် လောက (ဥရောပရုပ်ရှင် လောက)၊ ယဉ်ကျေးမှုကို အခြေပြုသော ရုပ်ရှင် လောက (အာရှရုပ်ရှင်လောက) စသည်ဖြင့် အကြမ်း ဖျင်း ပိုင်းခြားနိုင်သည်။ အနုပညာလှုပ်ရှားမှုများ အထူးသဖြင့် ဒီမိုကရေစီနိုင်ငံအချို့ရှိ အနုပညာ ရှင်တို့သည် နိုင်ငံတော်၏သစ္စာကို စောင့်သိရိုသေ ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစားခြင်းနှင့် ဥပဒေများအား လိုက်နာခြင်း၊ အခွန်ပေးဆောင်ခြင်း၊ မဲပေးရာတွင် ရိုးသားမှုရှိခြင်း၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် ဆန္ဒထက်သန်စွာ ပါဝင်ဆောင်ရွက် ခြင်း၊ အခြားသော တာဝန်ဝတ္တရားများကို လိုက်နာခြင်းစသည့် နိုင်ငံသားတစ်ယောက် လိုက်နာစောင့်ထိန်း ရမည့် ကျင့်ဝတ်များ နှင့်ချိန်ထိုးကာ အနုပညာလှုပ်ရှား မှုများကို ဆောင်ရွက်လေ့ရှိကြသည်။ ။ ၁၉၂၀ ပြည့်နှစ်က စတင်ခဲ့သည့် မြန်မာ့ရုပ်ရှင် သည် နယ်ချဲ့ဆန့်ကျင်ရေး၊ နိုင်ငံလွတ်မြောက်ရေး နှင့် ဖက်ဆစ်တော်လှန်ရေးစသည့် သမိုင်းကြောင်း တစ်လျှောက် ထင်ရှားသည့် အမျိုးသားလှုပ်ရှားမှုများ တွင် တာဝန်ကျေစွာပါဝင်ခဲ့သည်။ ဂျီစီဘီအေအသင်းကြီး၏ ဗြိတိသျှနယ်ချဲ့ ဆန့်ကျင်ရေးနှင့်အမျိုးသားလွတ်မြောက်ရေးလုပ်ငန်း များအတွက် ဦးဆောင်မှု အရှိန်အဟုန်မြင့်မားနေချိန် ၁၉၂၂ ခုနှစ်တွင် သရုပ်ဆောင် ဒါရိုက်တာ ဦးဘတင်က “သုဓမ္မစာရီဖြတ်ထုံး” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ သည်။ ထိုဇာတ်ကားတွင် မန္တလေးနန်းတော်နှင့် မြန်မာ့ဘုရင်ညီလာခံကို ထည့်သွင်းရိုက်ကူးခြင်းကြောင့် မြန်မာနိုင်ငံကို အဓမ္မသိမ်းပိုက်၍ ဘုရင်နှင့် မိဖုရားအား ဖမ်းဆီးခေါ်ဆောင်သွားသည့်အဖြစ်ကို သတိရကာ မျိုးချစ်စိတ်ဓာတ်နှင့် နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ် ပိုမိုပြင်းထန်လာစေခဲ့သည်။ မျိုးချစ်စိတ်ဓာတ်များ ထို့အတူ ၁၉၃၁ ခုနှစ်တွင် ဒါရိုက်တာဦးညီပု က “ရွှေနှင်းဆီ” ရုပ်ရှင်ကားကို ရိုက်ကူးခဲ့သည်။ ထိုဇာတ်ကားတွင် အင်္ဂလိပ်တို့၏တတိယကျူးကျော် စစ်ပွဲမြင်ကွင်းများကို ရိုက်ကူးပြီး ဇာတိမာန်ထက်သန် အောင် လှုံ့ဆော်နိုင်ခဲ့သည်။ ထို့ပြင် ၁၉၃၇ ခုနှစ်တွင် ဦးတင်မောင်က “အောင်သပြေ” ရုပ်ရှင်ဇာတ်ကား တွင် သီပေါမင်းပါတော်မူပုံမြင်ကွင်းများကို အသေး စိတ်ရိုက်ကူးပြသခဲ့ရာ ရဲရဲတောက် မျိုးချစ်စိတ်ဓာတ် များ ဖြစ်ပေါ်လာစေခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင်ထုတ်လုပ်သူ၊ ဒါရိုက်တာနှင့် သရုပ်ဆောင် မောင်မောင်စိုးက ရွှေစွန်ညိုဝတ္ထုကို “ရည်းစားဓားပြ” အမည်ဖြင့် ရိုက်ကူးခဲ့သည်။ နယ်ချဲ့ ဆန့်ကျင်ရေးကို သားစဉ်မြေးဆက်တိုင် အကောင် အထည်ဖော်ခဲ့ပုံကို ရိုက်ကူးထားခဲ့ရာ တစ်မျိုးသား လုံးသူ့ကျွန်ဘဝမှ လွတ်မြောက်ရေးကိုအားပေးသည့် ဇာတ်ကားတစ်ခုအဖြစ်ပရိသတ်တို့အသည်းစွဲခဲ့သည်။ ခေတ်အဆက်ဆက်၌ အနုပညာရှင်တို့သည် အမျိုးသားလှုပ်ရှားမှုများတွင် တိုင်းရင်းသားပြည်သူ များနှင့်အတူ မိမိတို့ကျွမ်းကျင်ရာ တစ်ထောင့် တစ်နေရာမှ တာဝန်သိစွာ၊ သတ္တိရှိစွာ ပူးပေါင်းပါဝင် ခဲ့ကြသည်။ အနုပညာရှင်တို့သည် စိတ်နှလုံးသားနူးညံ့ သူများဖြစ်သော်လည်း တိုင်းပြည်နှင့်လူမျိုးအတွက် ဟုဆိုလျှင် သမိုင်းစဉ်တစ်လျှောက် ကျရာအခန်း ကဏ္ဍမှ တာဝန်ကျေခဲ့ကြသည်သာ ဖြစ်သည်။ ဘာသာယဉ်ကျေးမှု၊ စာပေနှင့် ဓလေ့ထုံးတမ်း များ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြု လုပ်ငန်းများ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေး လုပ်ငန်းများ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး လုပ်ငန်း များတွင် အနုပညာရှင်တို့သည်မိမိတို့ တတ်ကျွမ်းသည့် အနုပညာဖြင့် တစ်ထောင့်တစ်နေရာမှ အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ခဲ့ကြသည်မှာ သမိုင်း အထောက်အထားများက သက်သေထူလျက်ရှိသည်။ ကျင့်ဝတ်နှင့် စံနှုန်းများ သို့သော် မျက်မှောက်ကာလတွင် အနုပညာရှင် အချို့၏ ကျင့်ဝတ်နှင့် စံနှုန်းများသည် ပါတီစွဲ၊ မရှိဘဲ ပရော်ဖက်ရှင်နယ်မဆန်စွာ တိုင်းပြည် တည်ငြိမ်မှုပျက်ပြားအောင် သွေးထိုးလှုံ့ဆော်နေ ကြသည်။ နိုင်ငံတော်မှ မတရားအသင်း ကြေညာထား သည့် CRPH နှင့် NUG တို့ကို အားပေးထောက်ခံပြီး အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်ရန်၊ ၎င်းတို့၏ ထင်ပေါ်ကျော်ကြားမှုကို အသုံးချပြီး ပြည်သူလူထုကို ဆွဲဆောင်စည်းရုံးရန် လှုံ့ဆော်နေ ကြသည်ကိုလည်း စိုးရိမ်ဖွယ် တွေ့မြင်လာရသည်။ ၎င်းတို့ကို ချစ်ခင်အားပေးနေသည့် ပရိသတ် များသည် အမှားကိုအမှန်ထင်ကာ နိုင်ငံရေးဖြစ်စဉ် များကို ထဲထဲဝင်ဝင် နားလည်မှုမရှိဘဲ ပါဝင်လာ ကြသည်။ အေးချမ်းစွာ ဆန္ဒပြမှုများမှသည် အကြမ်းဖက်လုပ်ရပ် များအထိ မကြောက်မလန့် လုပ်ဆောင်လာသည်ကို တွေ့မြင်ရသည်။ ။ အနုပညာရှင်များသည်လည်း နိုင်ငံသားဖြစ် သည့်အတွက် နိုင်ငံသားတစ်ယောက်၏ အခွင့် အရေးဖြစ်သည့် ကိုယ်ပိုင်အယူအဆ၊ နိုင်ငံရေး အမြင်၊ ခံယူချက်ရှိနိုင်သော်လည်း မိမိ၏ အနုပညာကို ချစ်ခင်အားပေးသည့် ပရိသတ်များကို ပါတီ တစ်ခု၏ လွှမ်းမိုးမှုဖြင့် ဘယ်လိုနိုင်ငံရေးအမြင်မျိုး ရှိသင့်သည်ဆိုသော လွဲမှားသည့် လမ်းညွှန်မှုများ ကို မပြုလုပ်အပ်ပေ။ သာမန်ပြည်သူတစ်ဦး၊ နိုင်ငံရေးသမားတစ်ဦး ၏သွေးထိုးလှုံ့ဆော်မှုထက် ပရိသတ်ရာထောင်ချီ သည့် အနုပညာ ရှင် တစ်ဦး၏ နိုင်ငံချစ်စိတ်မရှိမှု၊ ထင်ရာစိုင်း၊ လိုရာဆွဲပုံဖော်မှုကြောင့် သက်ရောက် မှုအတိမ်အနက်သည် များစွာကွာခြားလှရာအနုပညာရှင်များအနေဖြင့် မျိုးချစ်စိတ်၊ နိုင်ငံ ချစ်စိတ်ဖြင့် လမ်းကောင်းလမ်းမှန်ကိုသာ ရှေးရှု နိုင်သူ၊ ပြည်သူလူထုကို နမူနာကောင်း ပြနိုင်သူများ ဖြစ်သင့်ပါကြောင်း။ ။ ကိုထွန်းခင်