ငယ်အိပ်မက်များ
ချစ်စွာသောတူမောင် ရွှင်လန်းချမ်းမြေ့ပါစေ ... နိဒါန်း
ကလေးငယ်ဘဝမှာတော့ မသိနားမလည်သေးဘူးပေါ့။ အိပ်မက် ကလေးတွေ ရှိခဲ့ကြတာပေါ့။ ဒီစိတ်ကူးယဉ် အိပ်မက်လေးတွေဟာ တကယ်ဖြစ်လာနိုင်သလား၊ ဖြစ်မလာနိုင်ဘူးလား မစဉ်းစားပါဘူး။ အိပ်မက်ဆိုတာ အိပ်မက်ပဲ။ ကလေးအတွေးမှာ အိပ်မက်ဟာ ဆေး ရောင်စုံ ပန်းချီကားချပ်ကြီးတစ်ခုအဖြစ် ကြည့်လို့လှနေတာပဲ။ မိမိ ဘာသာကျေနပ် ကြည်နူးနေတတ်တာပဲလေ။ ဟုတ်တယ်မဟုတ်လား။
အိပ်မက်
အိပ်မက်တွေဟာ လက်တွေ့နယ်ပယ်မှာ လွင့်ပြယ် ပျောက်ကွယ် သွားတာ များပါတယ်။ အများအားဖြင့်ပေါ့ကွယ်။
ငယ်ငယ်က အိပ်မက်တွေအတိုင်း တကယ်တမ်း အမှန်ဖြစ်လာတဲ့ သူတွေလည်း ရှိကောင်းရှိမယ်။ တစ်ရာတစ်ယောက်၊ တစ်ထောင် တစ်ယောက်၊ တစ်သောင်းတစ်ယောက် အလွန်နည်းပါတယ်၊ ရှား တယ်လို့ ထင်မိတယ်။
ကလေးဘဝအိပ်မက်တွေ တကယ်ဖြစ်လာတဲ့ လူဆိုတာ အကြောင်းကြောင်း ပေါင်းဆုံပြီး ဖြစ်ပေါ်ရတာနဲ့ တော်တော် ကံကောင်းတဲ့လူလို့ ပြောရမှာပါ။ အေးဗျာ အဲသည်အထဲမှာ ဦးဦးပါခဲ့ တယ်ဗျား။
စစ်ကြောင်း
တို့ရွာမှာ စစ်ကြောင်းတစ်ကြောင်း ချီတက်လာပြီး တစ်ရက်မှာ စခန်းချတယ်။ လေ့ကျင့်ရေးလုပ်ရင်း ချီစစ်ဆင်တဲ့ ခြေမြန်တပ်ရင်း တစ်ရင်းက ဦးဦးတို့ရွာမှာ တစ်ညနေ ခဏတာစခန်းချ။ ထမင်းစား၊ ချက်ပြုတ်ပြီး သူ့လမ်းကြောင်းအတိုင်း ဆက်လက်ချီတက်သွားပါ တယ်။ စစ်သားတွေ ကြည့်ရမြင်ရ အားကျစရာဟေ့။
သေနတ်
ကျည်ဆန်အိမ်ကောက်ကောက်ကြီးနဲ့ ဘရင်းဂန်းဆိုတဲ့ သေနတ် ကြီးလည်းပါတယ်။ ဒါနဲ့ တော်တော်လေးသလားဗျ ဆိုပြီး ဦးဦးက ရဲဘော်ဆီခွင့်တောင်းပြီး ဆွဲမ ကြည့်တယ်။ သံတုံးသံခဲ မဟုတ်လား။ လေးလိုက်တာဗျာ။ ဟဲဟဲသေနတ်ကို ကိုင်ဖူးတယ်ကွ။ ဘရင်းဂန်းကြီး ငါ မ ဖူးခဲ့တယ်ဆိုပြီး လို့မဆုံး၊ ပျော်တပြုံးပြုံး။
သေနတ်လက်ဖြောင့်တဲ့ ရဲဘော်တစ်ယောက်က ထန်းပင်ထိပ်ဖျား နီးပါးမြင့်တဲ့ တမာပင် ကိုင်းမှာရှိတဲ့ ပုတ်သင်ညိုတစ်ကောင်ကို ရိုင်ဖယ် နဲ့ ပစ်ပြတယ်။ ဒိန်းဟိန်းဟိန်းဆိုတဲ့ သေနတ်သံကြီးဟာ မိုးချုန်းသံ အလားပါပဲ။ အံမယ် မှန်တယ်ဗျ။ ပုတ်သင်ဟာ ဗိုက်ပွင့်ထွက်ပြီး မြေကြီးပေါ်ပြုတ်ကျလာတယ်။ တော်တယ်ကွာ။
စစ်ဗိုလ်အလုပ်
ဒီလိုဆရာတွေ၊ ရဲဘော်တွေကို အမိန့်ပေးအုပ်ချုပ်ရတဲ့ စစ်ဗိုလ် အလုပ်ကို အလွန်ဖြစ်ချင်တယ်ကွာ။ ငါကြီးရင် စစ်ဗိုလ်လုပ်မယ်။ ၁၉၆၂ ခုနှစ်မှာ အပျော်တမ်းကင်းထောက် တပ်ဖွဲ့ဝင်ဖြစ်ခဲ့တဲ့ ကျောင်း သားလေးဟာ စစ်ရေးပြ၊ ရှေ့ကြည့်၊ သတိ၊ ညာလှည့်၊ အမြန်လျှောက် စတဲ့လေ့ကျင့်ခန်းတွေ လုပ်နေပြီ၊ ၁၉၇၂ခုနှစ်မှာ ဗိုလ်သင်တန်းဆင်းပြီး တပ်မတော်(ကြည်း) ခြေလျင်တပ်ရင်းတစ်ရင်းမှာ တပ်စုမှူး အရာရှိ တစ်ဦးဖြစ်လာပြီ။ ဆယ်နှစ်အတွင်းမှာပဲ ကလေးတစ်ယောက်ဟာ လူကြီးတာဝန်ဆီ လက်တွေ့ရောက်ရှိသွားတာပေါ့ကွယ်။ ဆယ်နှစ်ကာလဆိုတာ ဘာမှမကြာလိုက်သလိုပါပဲမောင်။ အရွယ်အလျောက် တိုင်းပြည်ချစ်စိတ် ပေါ်ပေါက်ဖွံ့ဖြိုး လာတာပါပဲ။
အဖေ့လို
အိပ်မက်တစ်ခုတောင် လက်တွေ့ဘဝမှာ အကောင်အထည်ပေါ် လာဖို့ရာ တကယ်တော့ လွယ်တာမဟုတ်ဘူး။ ဦးဦးကတော့ စိတ်ကူးယဉ်တာ တော်တော်လောဘကြီးခဲ့တယ်ဆိုမလား။ ကျောင်းဆရာလည်း ဖြစ်ချင်သေးတယ်။ စာသင်ရတာ ဝါသနာပါတယ်။ အဖေက ကျောင်းဆရာလေ။
အဖေဟာ စာအသင်အပြကောင်းတဲ့ ဆရာတစ်ဦးအဖြစ် အနီးအနားဝန်းကျင်မှာ ထင်ရှားကျော်ကြားတယ်။ အဖေ့ဘဝကို အားကျ တယ်။ အဖေဟာ မိမိရဲ့ အနီးကပ်ဆုံး စံနမူနာပြ ရုပ်ပုံမဟုတ်လား။
အဖေ့လို လူချစ်လူခင်များတဲ့ အများလေးစားကြည်ညိုခံရတဲ့ ဆရာ တစ်ယောက် ဘဝရောက်ချင်တယ်။
ကျောင်းဆရာ
တကယ်ဖြစ်ချင်လို့လားတော့ မသိ။ စာကို ကြိုးစား၏။ ၁၉၉၀ ပြည့်နှစ်မှာ စစ်ဦးစီး တက္ကသိုလ်သင်တန်းတက်ခဲ့တာ စစ်နည်းဗျူဟာ ဘာသာရပ်များမှာ အမှတ်တွေက ကောင်းတဲ့အပြင် စစ်ဘက်စာတမ်း၊ ကွပ်ကဲမှုလေ့လာချက်စာတမ်းနဲ့ ဟောပြောပို့ချဘာသာရပ် တွေမှာ ရမှတ်က အထူးကောင်းနေသတဲ့။ ၁၉၉၁ မှ ၁၉၉၅ အထိ ငါးနှစ်တိတိ စစ်ဦးစီးတက္ကသိုလ်မှာ နည်းပြဗိုလ်မှူးကြီးတာဝန်ကို ထမ်းဆောင်ပြီး သင်ကြားပြသ ပို့ချခဲ့ရပါရဲ့။ ဒါကြောင့် တပည့်မရှား။ သင်ယူဆည်းပူးသွားတဲ့ သင်တန်းသားမိတ်ဆွေတွေ နှစ်ရာကျော်နဲ့ ခင်မင်ရင်းနှီးခဲ့ ရတယ်။
စာရူးပေရူး
အရူးအမူးအဖြစ်ချင်ဆုံးက စာရေးဆရာဘဝ။ ငယ်ငယ်ထဲက စာဂျပိုး၊ ရှုမဝ၊ မြဝတီ၊ နဝဒေး၊ သွေးသောက်၊ ပေဖူးလွှာ၊ ယုဝတီ၊ တိုင်းရင်းမေ မဂ္ဂဇင်းဂျာနယ်အမျိုးမျိုးကို တစ်မျက်နှာမှ မကျန်ရအောင် ဖတ်၊ တစ်ပိုဒ်မှ မကျန်အောင် ဖတ်၊ တစ်ကြောင်းမှ မကျန်အောင်ဖတ်၊ ဇဝန၊ ကြပ်ကလေး၊ သော်တာဆွေ၊ ဟာသဝတ္ထုတွေ သိမ်းကျုံးဖတ်။ တစ်ယောက်တည်းရယ်။
စာဂျပိုး
ရွှေဥဒေါင်း၊ဒဂုန်ရွှေ့များ၊ ဓူဝံ၊ နတ်နွယ်၊ မောင်သက်နောင်၊ မိုးဝေ၊ စုံထောက်ဝတ္ထုတွေ၊ ဘာသာပြန်တွေ ဖတ်။ မောင်နေဝင်း၊ မင်းကျော်၊ ကျော်အောင်၊ အောင်လင်း၊ ဗန်းမော်တင်အောင်၊ ရန်ကုန်ဘဆွေ၊ တက္ကသိုလ်ဘုန်းနိုင်၊ ခင်ဆွေဦး၊ ခင်နှင်းယုဝတ္ထုတွေ ထွက်သမျှ မကျန်ရအောင် ပိုက်စိပ်တိုက်၍ ဖတ်။ ထွက်လာသမျှ ဈေးထောင့်ရှိ ကိုလိမ္မော် စာအုပ်အငှားဆိုင်နှင့် ဈေးအတွင်းက ကိုအုန်းမောင်နှင့် ညီများ စာအုပ်အငှားဆိုင်မှ တစ်အုပ်မှ မလွတ်အောင်ဖတ်။ ဖတ်ခ တစ်ရက်ဆယ်ပြား။ သုံးကျပ်တန် မူဝံ၏ ဝတ္ထု၊ နတ်နွယ်၏ ဝင်္ကပါလို အထူစားကြီးမျိုးဆိုမှ တစ်ရက် ဆယ့်ငါးပြား။ (မုန့်ဟင်းခါးတစ်ပွဲစာ) မုန့်ဟင်းခါးမစား။ ဘာမုန့်ပဲသရေစာမျှ မစား။ ရသမျှ မုန့်ဖိုးကို စာအုပ်ချည်းသာ ငှားပြီးဖတ်သကို၊ ကြိုက်တာဆို ကူးထား။ သဘောကျလျှင် အခါခါဖတ်၊ အချို့စာအုပ်ထဲက ဝါကျတွေဆိုလျှင် အလွတ်ရနေပါရော။
“သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် ” တက္ကသိုလ်ဘုန်းနိုင်၏ ဝတ္ထုထဲမှ စာသားများ။
ရန်ကုန်ဘဆွေ၏ “ချစ်ဇနီးသို့” စာအုပ်ထဲမှ စာပိုဒ်များ။ သူငယ်ချင်းတွေကို ရွတ်ဆိုပြလျှင် သူတို အံ့အားသင့်ကြတယ်။ ဖတ်၍ ကောင်းလို့ ဖတ်ရင်း ဖတ်ရင်း ပါးစပ်ထဲသို့ အလိုလိုရောက်လာတာပဲ။
စာရူးပေရူးအဖြစ် ရှစ်တန်းကျောင်းသား ၁၉၆၁ - ၆၂ မှစ၍ စာအုပ်တွေကို အဖော်လုပ်ရင်း ဖတ်တာ၊ ကူးတာ။ ကြိုက်တာတွေကို သူငယ်ချင်းများသို့ ပြန်ပြောရတာ။ စာဂျပိုးမှန်းမသိ ဖြစ်လာတာပဲ တူမောင်ရာ။
စာရေးဆရာ
အထက်တန်းကျောင်းသားဘဝမှာ မိမိအဖြစ်ချင်ဆုံးသော စိတ်ကူးယဉ် အိပ်မက်ကတော့ စာရေးဆရာ။
ကဗျာဆရာ ဇော်ဂျီနှင့် မင်းသုဝဏ်တို့ကို အထူးအားကျနေလေရဲ့။ ကဗျာတွေ ရေးသလား မမေးနဲ့။ ရာသီဖွဲ့၊ ပန်းဖွဲ့၊ အလှဖွဲ့၊ အချစ်ဖွဲ့၊ ဗလာစာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ်ကုန်သတဲ့။ ကဗျာဆရာတော့ မဖြစ်ခဲ့။ ဆောင်းပါးတွေရေးတဲ့ ဆောင်းပါးရှင်လေးဖြစ်လာပါရဲ့။ ၁၉၆၄ လောက်က မက်တဲ့အိပ်မက် ၁၉၈၄ ခုနှစ်၊ အောက်တိုဘာလမှာ မိုးဝေမဂ္ဂဇင်းနဲ့ ဇွဲသတ္တိဂျာနယ်တို့တွင် ဆောင်းပါးတစ်ပုဒ်စီ စတင်ပါလာပြီ။
နိုဝင်ဘာ၊ ဒီဇင်ဘာတို့မှာ သောင်းပြောင်းထွေလာနဲ့ ရှုမဝမဂ္ဂဇင်း များမှာလည်း ပါလာကြပြန်ပြီ။ နှစ်ပေါင်း ၂၀တိတိမနေမနားတရွေ့ရွေ့နဲ့ ချဉ်းကပ်ပြီး နီးသည်ထက်နီးအောင် ကြိုးစားခဲ့တာ။ ဟောဗျာ... မိမိရဲ့ ငယ်စဉ်ဘဝ အိပ်မက်ဆိုတာ တကယ်အကောင်အထည်ပေါ်လာ ပါလေရော။ ၁၉၈၄ မှ ယခု ၂၀၀၂ အထိ ၁၈ နှစ်ကာလလုံးမှာလည်း မရပ်မနား ထပ်၍ထပ်၍ ကောင်းသထက်ကောင်းအောင် မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်ရင်း ဆည်းပူးသင်ယူနေဆဲပဲ။ မတိုးတက်ဘဲ ဘယ် နေမှာလဲ။ မနားမနေ ဖတ်နေ၊ ရေးနေတာ လေ့ကျင့်ခန်း မဟုတ်လား။ မသိတာတွေ သိလာတယ်လေ။ မရှိတာတွေ ရှိလာတယ်။ ငယ်စဉ်ကအိပ်မက်က ပီသကြည်လင် လာတယ်။
နီးလာပြီ
စာရေးဆရာဖြစ်ခါနီးပေပြီ။ ဆောင်းပါးပေါင်းချုပ် စာအုပ်တွေ ၃၅ အုပ်တော့ရှိခဲ့ပြီ။ သို့သော် စာပေမြတ်နိုးသူ၊ စာပေဝါသနာရှင်လို့ပင် မိမိကိုယ်ကို ထင်သေးတယ်။ ဂန္ထဝင်မှာ စံတင်လောက်တဲ့ ဝတ္ထုဖြစ်စေ၊ သုတေသနကျမ်း ဖြစ်စေ၊ ခိုင်ခိုင်မာမာ ခမ်းခမ်းနားနား စာအုပ်ကောင်းတွေ ရေးချင်သေးတယ်။ သာမန်ညောင်ည စာရေးဆရာမည်ကာမတ္တ မဖြစ်ချင်ဘူးလေ။ စာဖတ်ပရိသတ်ကိုကြီးကြီးမားမားမွန်မွန်မြတ်မြတ် ကျေးဇူးဆပ် အကျိုးပြုချင်တဲ့ တကယ့်စာရေးဆရာကြီးမျိုး ဖြစ်ချင်တာ။ အိပ်မက်၊ အိပ်မက်။ ဘာပြောပြော တရွေ့ရွေ့နဲ့တော့ နီးလာပါပြီ။
ငယ်အိပ်မက်
စစ်ဗိုလ်ဖြစ်ချင်ခဲ့တယ် ငယ်ငယ်က။ ဒုတိယဗိုလ်မှူးကြီးအထိ တပ်မတော်(ကြည်း)မှာ ၂၇ နှစ် စစ်မှု ထမ်းခဲ့တယ်။ ကျေနပ်တယ်။
ကျောင်းဆရာ ဖြစ်ချင်ခဲ့တယ်၊ငယ်စဉ်က။ စစ်ဦးစီးတက္ကသိုလ်မှာ ဦးစီးတာဝန်၊ စစ်နည်း ဗျူဟာခံစစ်၊ ကွန်မန်ဒိုစစ်ဆင်ရေး၊ ပျောက်ကြား စစ်ဆင်ရေးတွေ တာဝန်ခံပို့ချခဲ့ရတယ်။ အထူးအမှတ်ရစရာ မှတ်တိုင် က “ကွပ်ကဲမှုနဲ့ ကြီးကြပ်ခြင်း” စာတမ်းနဲ့ “ဖွဲ့စည်းပုံရေးဆွဲနည်း” စာတမ်းတို့ကို အင်္ဂလိပ်ဘာသာကျမ်း များစွာဖတ်ပြီးရေးသားပြုစုခဲ့ရာ ကျောင်းမှာ ပြဋ္ဌာန်းချက်နဲ့ ကိုးကားစရာအဖြစ် ကျန်ရစ်ခဲ့ခြင်းပါ။ သုတေသနနဲ့ စာပေပို့ချခြင်းမှာ များစွာပျော်မွေ့ကြည်နူးခဲ့ရပါ တယ်။ ဆရာဘဝပေါ့ကွယ်။
ဘဝတစ်ခုမှာ အိပ်မက်သုံးခုစလုံး အကောင်အထည်ပေါ်ဖို့ဆိုတာတော့ ခဲယဉ်းတယ်ပေါ့နော်။ သို့သော် ဦးဦးကတော့ တိုင်းကျိုးပြည်ပြု၊ လူသားအကျိုးပြု ကလောင်တစ်ချောင်းဖြစ်အောင် အဆက်မပြတ် ကြိုးစားအားထုတ်ပြီး နောက်ဆုံးပိတ်အိပ်မက်ကို လက်ဝယ်ပိုင်ဆိုင်ရအောင် ဇွဲနပဲနဲ့ ဆက်လက်ကြိုးစားဆဲကွယ့်။ အိပ်မက် အကောင်အထည်ပေါ်လာဖို့ဆိုတာ တစိုက်မတ်မတ် အဆက်မပြတ် အားထုတ်နေရတယ်။ အောင်မြင်မှာ သေချာတယ်ဆိုတဲ့ ယုံကြည်ချက် ခိုင်မြဲရတယ်။
အကောင်းမြင်
“အမြဲတမ်း အကောင်းမြင်အတွေးများ ရှိပါစေ” ဆိုတဲ့ ရယ်ဂျီနာ | ဟီလ် Regina Hill ဆိုသူရဲ့ ကဗျာမှ အလွန်နှစ်သက်စရာကောင်းတဲ့ စာပိုဒ် လေးခုကို ဘာသာပြန် ကူးယူဖော်ပြရင်း နိဂုံးချုပ်ကြစို့။
May You Always Have Positive Thoughts
* May every day of your life bring your fresh hopes for tomorrow - because hope gives all of us our reason for trying
* May each new day bring a feeling of excitement, joy, and a wonderfulsence of expectation. Expect the best, and you'll get it.
* May you remember the good times and forget the sorrow and pain, for the good times will remind you of how special you life has been.
* May you experience all the good things in life - the happiness of realizing you dream, the joy of feeling worthwhild, and the satisfaction of knowing on you'ver succeeded.
Regina Hill
* သင့်ဘဝရဲ့ နေ့စဉ်တိုင်းမှာမနက်ဖြန်ရဲ့ မျှော်လင့်ချက်သစ်တွေ ဆောင်ကြဉ်းလာပါစေ။ ဘာကြောင့်ဆို မျှော်လင့်ချက်က ကျွန်ုပ်တို့ အားလုံးကို ကြိုးစားနေဖို့ အကြောင်းပြချက် ပေးလို့လေ။
* နေ့သစ်တိုင်းဟာ ရန်ခုန်ရတဲ့ ဝမ်းမြောက်ရွှင်မြူးခြင်းနဲ့ မျှော်လင့်ခြင်းရဲ့ အံ့သြဖွယ်ရာ အနှစ်သာရတို့ကို ဆောင်ကြဉ်း လာပါစေ။ အကောင်းဆုံးကို မျှော်မှန်းရင် အကောင်းဆုံးကို ရလာတတ်တယ်။
* သာယာတဲ့ အချိန်လေးတွေကို သတိရပြီး ဝမ်းနည်းထိခိုက်ခဲ့ ရတာတွေကို မေ့ပျောက်နိုင်ပါစေ။ ဘာကြောင့်လဲဆိုတော့ သာယာတဲ့အချိန်တွေဟာသင့်ဘဝမှာ ဘယ်လောက်ထူးခြား ကောင်းမွန်ခဲ့တယ်ဆိုတာ သတိပေးနေလိမ့်မယ်လေ။
* ဘဝမှာ အကောင်းဆုံးဆိုတဲ့ အရာအားလုံးကို သင်ဆုံတွေ့ပါစေ။ အိပ်မက်တွေအားလုံး အကောင်ထည်ဖော်နိုင်လို့ ခံစား ရတဲ့ ပျော်ရွှင်မှု၊ လူဖြစ်ရကျိုးနပ်ပေတယ်လို့ ကြည်နူးမှု၊ အောင်မြင်လာခဲ့ပါကလားလို့ခံစားရတဲ့ အားရမှုတွေ ပြည့်ဝပါစေ ...။
ချစ်စွာသော ချစ်နိုင်(စိတ်ပညာ)
ရောင်စုံအိပ်မက်များစာအုပ် (အခြားစာရေးဆရာများနှင့်)
၂၀၀၂ခုနှစ်
ချစ်နိုင်(စိတ်ပညာ)