နှစ်ခုစလုံး မသိကြသူများ
နံနက်မိုးလင်းပြီဆိုသည်နှင့် လူတိုင်းတစ်နေ့တာ လုပ်ငန်းဆောင်တာများကို စတင်ကြရသည်။ တကယ်တော့ လူတစ်ယောက်သည် နေ့စဉ် အသက်ရှင်သန်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေကြရပါသည်။ ထိုသို့ တစ်နေ့တာလုပ်ငန်းဆောင်တာများ ကို လုပ်ကိုင်ဆောင်ရွက်ခြင်းဆိုသည်မှာ တစ်စုံတစ်ခုကို ရွေးချယ်ရခြင်းများနှင့် မေးခွန်းများကို ရင်ဆိုင်အဖြေပေးနေရခြင်း ဖြစ်ပါသည်။
ကျွန်တော်တက္ကသိုလ်ကျောင်းသားဘဝက နှုတ်ဖြေ စာမေးပွဲတစ်ခုတွင် ဖြစ်ပါသည်။ စာစစ်သူက မေးသော မေးခွန်း၏အဖြေကို မသိသော ကြောင့် မှန်လိုမှန်း အဖြေတစ်ခုကို မှန်း၍ ဖြေလိုက်မိပါသည်။ ကျွန်တော်၏ အဖြေကိုကြားသောအခါ "You don't know two things.” (မင်းက အကြောင်းအရာ နှစ်ခုစလုံးကို မသိဘူး ပဲ) ဟု စာစစ်သူ ဆရာက ပြောပါသည်။ ဆရာသည် ကျွန်တော်ဖြေသော အဖြေကိုမှားသည်ဟု ရိုးရိုးလေး မှတ်ချက်မပြုဘဲ ပိုမိုလေးနက်စွာ “မင်းကအကြောင်း အရာနှစ်ခုစလုံး မသိဘူးပဲ” ဟု မှတ်ချက်ချခဲ့ပါသည်။
ဆရာ၏ဆိုလိုရင်းမှာ ကျွန်တော်သည် အမေးခံရသော မေးခွန်းနှင့်ပတ်သက်သည့် ဖြေဆိုရမည့်အကြောင်းအရာအဖြေကို သိရှိနားလည်ခြင်းမ ရှိသည့်အပြင် အဖြေထင်ပြီး လွဲမှားဖြေဆိုခဲ့သော အကြောင်းအရာနှင့်ပတ်သက်၍ လည်း သေသေချာချာနားလည်ခြင်းမရှိဟု ဆိုလိုခြင်း ဖြစ်ပါသည်။ မေးခွန်းတစ်ခုကို အဖြေတစ်ခုပေးလိုက်ခြင်းဖြင့် အကြောင်းအရာနှစ်ခု မသိကြောင်း ဖော်ပြလိုက်သလိုပင် ဖြစ်ပါသည်။
လွဲမှားနေမှုများ
ကျွန်တော်တို့ နေ့စဉ်အသက်ရှင်သန်နေရသော အချိန်များတွင်လည်း ထိုကဲ့သို့ လွဲမှားနေမှုများကို တစ်နည်းမဟုတ်တစ်နည်း ရင်ဆိုင်နေကြ ရပါသည်။ အကြောင်းအရာတစ်ခုအတွက် အမှန်ကို မသိနားမလည်သည့်အပြင် မှားနေသော အကြောင်းအရာတစ်ခုကို အမှန်ဟု ထင်မြင် ယုံကြည်နေတတ်သော ကိစ္စများ ရှိတတ်ကြပါသည်။ အလွန်ထိတ်လွန့်ဖွယ်ကောင်းသော အခြေအနေမျိုး ဖြစ်ပါသည်။
တစ်ရက်က မိတ်ဆွေအချို့နှင့် လက်ဖက်ရည်ဆိုင်ထိုင်ပြီး လက်ဖက်ရည်သောက်နေစဉ် ဆိုင်ရှေ့မှ အမျိုးသမီးကြီးတစ်ဦး ဖြတ်သွားသည်ကို တွေ့လိုက်ရပါသည်။ အမျိုးသမီးကြီးမှာ အဝတ်အစားခပ်နွမ်းနွမ်းကို ဝတ်ထားပြီး လက်ထဲတွင် တစ်စုံတစ်ခုပါပုံရသော ကြွပ်ကြွပ်အိတ် တစ်လုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဆိုင်ရှေ့မှ ဖြည်းဖြည်းချင်း ဖြတ်သွားနေပါသည်။ အတူတူထိုင်နေသော ဝိုင်းထဲမှ မိတ်ဆွေ တစ်ယောက်က ထိုအမျိုးသမီးကြီးကို ညွှန်ပြပြီး အဲဒီမိန်းမပေါ့ဗျာ စဉ်းစားဆင်ခြင်ဉာဏ်နည်းတော့ အခုဒုက္ခရောက်နေရပြီပေါ့။ တစ်နေ့တစ်လုံး ရွှေဥဒ္ဓပေးမည့်ငန်းကို မွေးထားရကောင်းမှန်းမသိဘူး။ မွေးမထားတဲ့အပြင် မောင်းထုတ်လိုက်သေးတယ်။ ပြီးတော့ အုတ်နံရံကို ခေါင်းနဲ့ ပြေး ဆောင့် တယ်။ ဒုက္ခရောက်တာပေါ့ဗျာဟု ပြောလေသည်။
အားလုံးက စိတ်ဝင်တစားဖြင့် အဖြစ်အပျက်ကို ဝိုင်းမေးကြပါတော့သည်။ ထိုအခါမှ စကားစသော မိတ်ဆွေက အကြောင်းစုံကိုပြောပြပါသည်။ လက်ဖက်ရည်ဆိုင် ရှေ့ကဖြတ်သွားသော အမျိုးသမီးကြီးတွင် သမီးတစ်ယောက် ရှိပါသည်။ အမေတစ်ခု သမီးတစ်ခုဖြစ်ပြီး သမီးဖြစ်သူကို အလွန်ချစ်သည်ဟု ဆိုသည်။ သမီးဖြစ်သူက အသက် ၂၀ ဝန်းကျင်အရွယ် ချောချောလှလှ၊ တောင့်တောင့်ဖြောင့် ဖြေဖြောင့်လေးဖြစ်ပါသည်။ ထိုမိန်းကလေးမှာ ငွေကြေးနှင့်ပတ်ဝန်းကျင်မှ ဆွဲဆောင်ဖြားယောင်းမှုကို ရှောင်လွှဲနိုင်ပုံမရဘဲ အသက် ၆၀ ကျော်အရွယ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးနှင့် တွေ့ပြီး အငယ်အနှောင်းဖြစ်သွားလေသည်။ မိခင်ဖြစ်သူက သူ့သမီးကို အဖေအရွယ် လူတစ်ယောက်၏ အငယ်အနှောင်း ဖြစ်နေခြင်း ကို လက်မခံနိုင်ဘဲ အမျိုးမျိုးတားဆီးခဲ့သည်ဟု ဆိုသည်။
နောက်ဆုံး တားမရသောအခါ စီးပွားရေးလုပ်ငန်းရှင်ကြီးအား သူ့သမီးကို ဖြားယောင်းသွေးဆောင်မှုဖြင့် အမှုဖွင့်ကာ တရားစွဲပါတော့သည်။ ထိုသို့ တရားစွဲသော်လည်း သမီးဖြစ်သူက စီးပွားရေးလုပ်ငန်းရှင်ကြီးဘက်တွင် ရပ်နေသောကြောင့် အမှုလုပ်မရ ဖြစ်သွားပါသည်။
နောက်ထပ်တစ်ခါ တစ်လင်တစ်မယားဥပဒေနှင့် တိုင်ပြန်ပါသည်။ ထိုအခါ စီးပွားရေးလုပ်ငန်းရှင်ကြီးမှာ တရားစွဲခံရပြီး တရားရုံးကို ရောက်သွားပါသည်။ တရားရုံးတွင် အမှုစစ်ဆေးသောအခါ သမီးဖြစ်သူမှာ အစစ်ဆေးခံရလေသည်။ ထိုသို့ အစစ်ဆေးခံရသောအခါ မိန်းကလေးက စီးပွားရေးလုပ်ငန်းရှင်ကြီးနှင့် အတူနေသည်မှာ နှစ်နှစ်ကျော်ပြီဖြစ်ကြောင်း သက်သေများရှိ၍ မငြင်းနိုင်ဘဲ ဝန်ခံရလေတော့ သည်။
သို့သော် မိန်းကလေးက ဆက်ပြောသည်မှာ သူတို့မှာ အတူနေကြသော်လည်း လင်မယားမဟုတ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်ကြီးနှင့် တစ်ခါအတူနေ၍ ဆက်ဆံပြီးတိုင်း သူက အခကြေးငွေရယူပါကြောင်း ထွက်ဆိုသည်။ ထိုအခါ စီးပွားရေးလုပ်ငန်းရှင်ကြီးမှာ တစ်လင်တစ်မယား ဥပဒေနှင့် တရားစွဲခံရခြင်းမှ ကွင်းလုံးကျွတ်လွတ်ပြီး ပြည့်တန်ဆာ ဥပဒေအရဒဏ်ငွေလောက်နှင့် အမှုပြီးသွားသည်ဟု ဆိုသည်။
ထိုကိစ္စကိုပြောပြသော မိတ်ဆွေက ဆက်ပြောသည်မှာ သူ့မိတ်ဆွေ စီးပွားရေးလုပ်ငန်းရှင်ကြီးမှာ အလွန်အစွမ်း ထက်ပြီး ပိုင်ရာဆိုင်ရာများကို အိတ်ထဲထည့်ထားနိုင်သူဖြစ်ကြောင်း၊ ဖြစ်လာသမျှပြဿနာများကို ငွေလမ်းခင်း၍ ဖြေရှင်းနိုင်သူဖြစ်ကြောင်း၊ အသက်ကြီးသော်လည်း မပျက်စီး သေးဘဲ မိန်းမငယ်ငယ်လေးကို ငွေပေး၍ ချုပ်ထားနိုင်သည်မှာ အတုယူစရာ အရည်အချင်းဖြစ်ကြောင်း၊ ထိုသူနှင့် မိတ်ဆွေဖြစ်ရသည်ကိုလည်း အလွန်ဂုဏ်ယူကြောင်း အားပါးတရ ပြောပြလေသည်။
မိန်းကလေး၏ မိခင်မှာ အလွန်စဉ်းစားဆင်ခြင်ဉာဏ် နည်းသောကြောင့် တရားစွဲခြင်း ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်ကြီးထံမှ ပေးစာကမ်းစာကို အေးအေးထိုင်စား နေသင့်ကြောင်း၊ ထိုသို့ အေးအေးထိုင်မစားဘဲ သူ့သမီးမှာ အဘိုးကြီး၏ မယားငယ်ဖြစ်ရလေခြင်းဟု မကျေမနပ်ဖြင့် ပြဿနာရှာသောကြောင့် နောက်ဆုံးတွင် သူပင် အမှုရှုံး၍ ပိုမွဲသွားရကြောင်း ဆက်ပြောပြပါသည်။
အကြောင်းအရာနှစ်ခုစလုံး
ထိုင်နားထောင်နေကြသူများကလည်း ပြောပြသော မိတ်ဆွေစကားကို ထောက်ခံရင်း မိန်းမောနေမိကြပါသည်။ ထိုမိတ်ဆွေများနှင့်အတူ မိန်းမောနေမိသော ကျွန်တော်၏ နားထဲတွင်တော့ ရုတ်တရက်ငယ်ငယ်က ကျွန်တော့်ဆရာပြောခဲ့သော “You don't know two things.” (မင်းက | အကြောင်းအရာနှစ်ခုစလုံးကို မသိဘူးပဲ) ဟူသော ဆုံးမစကားကို ကြားလိုက်မိပါသည်။
ကျွန်တော်တို့သည် လူ့ကျင့်ဝတ် လူ့ဂုဏ်သိက္ခာစံအရ တန်ဖိုးထားအပ်သောအရာများကို တန်ဖိုးထားရမည်ဆိုသည့် အဖြေကို မသိသည့်အပြင် ညစ်ပတ်စုတ်ပဲ့လူ့ကျင့်ဝတ်နှင့် သွေဖည်သော ဂုဏ်သိက္ခာကင်းမဲ့သော လုပ်ရပ်များကို အားကျအတုယူစရာဟုထင်သော အဖြေမှားကို လက်ခံထားမိသော နှစ်ခုစလုံးမသိကြသောသူများ ဖြစ်ကြပါသည်။
လမ်းလျှောက်ပြိုင်ပွဲတစ်ခုတွင် နာမည်ကြီးပြိုင်ပွဲဝင် တစ်ယောက်က အနိုင်ရပြီး ဗိုလ်စွဲပါသည်။ သူ၏ စံချိန်မှာ အလွန်ကောင်းပြီး အခြားပြိုင်ပွဲ ဝင်များ လိုက်မမီလောက်သော အနေအထားဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်ပါသည်။ ပြိုင်ပွဲ၏ အနိုင်၊ အရှုံးရလဒ်ကို ကြေညာသောအခါ ပြဿနာ ပေါ်လာပါတော့သည်။
အခြားသောပြိုင်ပွဲဝင်များက အနိုင်ရဗိုလ်စွဲသူကို ပထမ မရသင့်ကြောင်း ကန့်ကွက်ကြပါတော့သည်။ သူတို့ ကန့်ကွက်သော အကြောင်းပြချက် မှာ အနိုင်ရဗိုလ်စွဲသူမှာ လူအလစ်တွင် လမ်းမလျှောက်ဘဲ ပြေးခဲ့ကြောင်း စွပ်စွဲကြပါသည်။
ကျွန်တော်တို့ပွဲကြည့်ပရိသတ်များကတော့ ပထမရ ဗိုလ်စွဲသူမှာ စံချိန်တင် အပြတ်အသတ် အနိုင်ရထားခြင်း ဖြစ်သောကြောင့် ပြေးပြေး၊ မပြေးပြေး အနိုင်၊ အရှုံးရလဒ်ကတော့ အပြောင်းအလဲမရှိနိုင်ဟု ယုံကြည်ကြသည်။ ရလဒ်အရ အနိုင်ကအနိုင်ပဲဟု ထင်ကြသည်။
တကယ်တမ်း ကျွန်တော်တို့ လူအများစုသည် ကိစ္စ တစ်ခုကို စဉ်းစားရာတွင် ရလဒ်ကို အခြေခံ၍ အဓိက ထား စဉ်းစားတတ်ကြပါသည်။ ခရီးတစ်ခု ရောက်သွား သည်ကိုသာ စဉ်းစားပြီး ထိုခရီးကို မည်ကဲ့သို့ရောက်လာ သနည်းဟူသော အချက်ကိုမူ စဉ်းစားလေ့မရှိတတ်ကြပါ။
လမ်းလျှောက်ပြိုင်ပွဲတစ်ခုတွင် ပန်းတိုင်သို့အရင် ရောက်ရန်မှာ အရေးအကြီးဆုံးဖြစ်သည်မှာ မှန်သော် လည်း ထိုအဖြေက အမြဲမမှန်နိုင်ပါ။ လမ်းလျှောက်ပြိုင်ပွဲ တစ်ခုတွင် ပန်းတိုင်သို့ရောက်ရန် ပြိုင်ပွဲဝင်သူသည် အမှန် တကယ်လမ်းလျှောက်ဖို့ လိုပါသည်။
ပန်းတိုင်သို့ အရင်ရောက်ခြင်းသည် အရေးကြီးသလား၊ ပန်းတိုင်သို့မည်သည့်ပုံဖြင့် ရောက်လာခြင်းသည် အရေးကြီးသလား၊ နှစ်ခုစလုံးက အရေးကြီးသလားဟူသော မေးခွန်းများကို စဉ်းစားမိသောအခါ ကျွန်တော် | သည် ငယ်ငယ်က ဆရာဆုံးမခဲ့သော “You don't know two things.” (မင်းက အကြောင်းအရာနှစ်ခုစလုံးကို မသိဘူးပဲ) ဟူသော စကားကိုသာ ပြန်လည်ကြားယောင် နေမိပါသည်။
အဖြေမှန်ကို ကောင်းမွန်စွာ ရွေးချယ်ပေးနိုင်
ကျွန်တော်တို့နေ့စဉ်တစ်သက်တာကို အသက်ရှင်နေရချိန်တွင် တစ်စုံတစ်ခုကို ရွေးချယ်ရခြင်းများနှင့် မေးခွန်းများကို ရင်ဆိုင်အဖြေ ပေးနေရခြင်းများမှာ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့နေရမည်ဖြစ်ပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် အဖြေမှန်ကို ကောင်းမွန်စွာ ရွေးချယ်ပေးနိုင်ရန် အရေးကြီးပါသည်။ ကိုယ်ပေးမိသော အဖြေတစ်ခုအားဖြင့် ကျွန်တော်တို့သည် နှစ်ခု စလုံးမသိသောသူများ မဖြစ်အောင် ဆင်ခြင်ကြရမည် ဖြစ်ပါသည်။ ။
(၉-၂-၂၀၂၁ ရက်နေ့ထုတ် The Daily ELEVEN သတင်းစာတွင် ဖော်ပြခဲ့သည့်ဆောင်းပါးရှင် ကမ်လူဝေး ၏ "နှစ်ခုစလုံးမသိကြသူများ" ဆောင်းပါးကို Daily ELEVEN သတင်းစာအယ်ဒီတာအဖွဲ့ နှင့် ဆောင်းပါးရှင်တို့၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာတည်း)
ကမ်လူဝေး