ငယ်ဘဝက အမှတ်တရ ဖြစ်ခဲ့ရတဲ့ မြန်မာ့အသံ
ပြီးခဲ့တဲ့ ဇန်နဝါရီနောက်ဆုံးအပတ်က တစ်ညမှာမြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ကနေ တေးပြုစာဆို အဆိုတော် ရုပ်ရှင်မင်းသား တွံတေးသိန်းတန်ရဲ့ ပုံရိပ်နဲ့အတူ သီချင်းတွေကိုပါ ထုတ်လွှင့်ပေးလိုက်လို့ ကိုယ်နှစ်သက်ခဲ့ရသူကို အလွမ်းပြေသလိုရှိသွားကာ ငယ်ဘဝကို သတိရလိုက်မိပါတယ်။
ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖျော်ဖြေရေးဆိုတာ ဓာတ်ရှင်ရယ်။ ဓာတ်စက်ရယ်၊ ရေဒီယိုရယ် ဒါလောက်ပဲရှိတာပါ။ အငြိမ့်တို့၊ ဇာတ်တို့ဆိုတာကလည်း တစ်နှစ်တစ်ခါဘုရားပွဲအချိန်ရောက်မှ ကြည့်ရတာပါ။ ဓာတ်ရှင်ဆိုတာ ခုအခါမှာ ရုပ်ရှင် (The Cinema, The pictures, The movies) လို့ သူသူ ငါငါ ခေါ်နေကြတဲ့ ဖျော်ဖြေမှုကို ပြောတာပါ၊ ဓာတ်စက် (Grammophone) ဆိုတာကတော့ ဓာတ်ပြားပေါ်အပ်သွားတင်ပြီး ဖွင့်ရတဲ့စက်တစ်မျိုးပါ။ နှောင်းခေတ်လူငယ်တွေ မြင်ဖူးကြမယ်မထင်ပါဘူး။
ရေဒီယိုဆိုတာကလည်း အခုခေတ်လို ခပ်သေးသေး၊ ခပ်ကျစ်ကျစ် (Compact) မဟုတ်သေးပါဘူး။ မီးသီးရေဒီယိုကြီးတွေပါ။ အဲဒီတုန်းက မီးသီး ရေဒီယိုကြီးတွေဟာ ဖွင့်တဲ့ခလုတ်ကို နှိပ်လိုက်ပေမယ့် အသံကချက်ချင်း ထွက်လာတာ မဟုတ်ပါဘူး။ အခုခေတ် set of Box တွေလိုပဲ၊ အတွင်းက အီလက်ထရွန်နစ်ပစ္စည်းတွေ အစုံအလုပ်လုပ်ပြီဆိုမှ အသံထွက်လာတာပါ။ ခဏလောက်တော့ သည်းခံစောင့်ကြရပါတယ်။
ကလေးတွေ သဘောကျကြ
မီးသီးဆိုတာ ဒီကနေ့ လူနေအဆောက်အအုံတွေမှာ အလင်းရောင်ရဖို့ တွန်းတဲ့မီးလုံးတွေ မဟုတ်ပါဘူး။ မီးစာကြိုး (Filament)၊ ပလိပ်ပြား (Plate) နဲ့ ဂရစ်(Grid)တို့ပါတဲ့ မီးလုံးတွေပါ။ အသံဖမ်းစက်၊ အသံလွှင့်စက်နဲ့ အသံသွင်းစက်တွေမှာ သုံးရတာပါ။ နောက်ပိုင်းဝင်လာတဲ့ မီးသီးရေဒီယိုတချို့မှာ အီလက်ထရွန်နစ်ပစ္စည်းတွေ အလုပ်လုပ်ပုံကိုပြတဲ့ မော်နီတာ မီးအစိမ်းဝိုင်းလေးတွေ ရေဒီယိုကိုယ်ထည် တပ်လာပါတယ်။ အဲဒီမီးအစိမ်းဝိုင်းလေးက ခလုတ် ဖွင့်ဖွင့်ချင်း အပြည့်လင်းတာမဟုတ်ပါဘူး။ စက်ဝိုင်းပုံ တဖြည်းဖြည်းချင်း လင်းလာပြီး အစိမ်းရောင်အပြည့် လင်းသွားပြီဆိုမှ ရေဒီယိုက အသံစထွက်လာတော့တာပါ။ အဲဒီ မီးစိမ်းဝိုင်းလေးကို မှော်မျက်လုံး (Magic Eye) လို့ ခေါ်တယ်လို့ မှတ်သားရဖူးပါတယ်။ မှောင်နေတဲ့အခန်းထဲမှာ ရေဒီယို ဖွင့်ထားရင် အဲဒီမီးစိမ်းလေးက သိပ်လှလို့ကလေးတွေ သဘောကျကြပါတယ်။
ကိုယ်ကြိုက်တဲ့ မင်းသား မင်းသမီးတွေရဲ့ ရုပ်နဲ့အသံကို ကြားချင်၊ မြင်ချင်တယ်ဆိုရင် ဓာတ်ရှင်သွားကြည့်မှ မြင်ရကြားရပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က ဓာတ်ရှင်တစ်ခါကြည့်ဖို့အရေး လွယ်လှတာတော့ မဟုတ်ရပါဘူး။ ဒန်ရေချိုင့်တို့၊ စားစရာတို့ကိုကြိမ်ခြင်းကြီးနဲ့ အပြည့်ထည့်ပြီးမှ မိသားစုလိုက် သွားကြည့်ကြရတာပါ။ အိမ်ကနေသွားရတာကလည်း ခြေကျင်ဆိုတော့ တော်တော်နဲ့မကြည့်ဖြစ်တာ များပါတယ်။
ဘုရားပွဲတို့၊ အလှူမင်္ဂလာဆောင်တို့ ရှိတဲ့အခါမှာဆိုရင်တော့ ဓာတ်စက်သံကို ကြားရပါတယ်။ ဓာတ်စက်ကနေ သီချင်းသံ၊ ဇာတ်ထုပ်ဇာတ်လမ်းသံ။ ဆိုင်းသံတွေကြားရပါတယ်။ ဒါပေမယ့်ဓာတ်စက်ဖွင့်တဲ့ဦးလေးကြီးဖွင့်တာကိုပဲ နားထောင်ရတာပါ။ သည်တော့ကာ ဘယ်ဓာတ်ပြားကို ဖွင့်မယ်ဆို တာကြိုမသိရလို့၊ ကိုယ်မနှစ်သက်တာဖွင့်လည်း သည်းခံနားဆင်ရတာပါပဲ။ မကြားချင်လို့လည်း မရဘူးလေ။ အော်လန်ကြီးကို သစ်ပင်ထိပ်ဖျားခွဆုံကြားမှာ တင်ထားပြီး ဖွင့်တာကိုး။
လွမ်းမိပါသေး
ရေဒီယိုကတော့ ဖွင့်လိုကဖွင့်၊ ပိတ်လိုကပိတ် လိုသလိုလုပ်လို့ရတာရယ်။ တစ်ကိုယ်တည်း အေးအေးချမ်းချမ်းနားဆင်လို့ရတာရယ် အဲဒီအားသာချက် တွေကြောင့် ရေဒီယိုကိုပိုနှစ်သက်ပြီး စွဲလမ်းမိခဲ့ပါတယ်။ ကျွန်တော် အလယ်တန်းကျောင်းသားအရွယ်တုန်းက ရေဒီယိုအသံလွှင့်တဲ့ မြန်မာ့အသံရဲ့ တစ်လတာ အစီအစဉ်တွေ၊ လွှင့်မယ့်သီချင်းစာသားတွေ၊ ဆိုမယ့် အဆိုတော်တွေရဲ့ ဓာတ်ပုံတွေပါတဲ့ စာအုပ်စာစောင်တွေ ထွက်ပါတယ်။ ဦးလေးတွေ ဝယ်ဖတ်လို့ ကြည့်ရပါတယ်။ ကိုယ်တွေကြိုက်တဲ့ အဆိုတော် သီချင်းလာတဲ့နေ့ဆိုရင် ဦးလေးတွေမသိအောင် ဂီတစာစောင်ကိုယူ၊ ရေဒီယိုက သီချင်းလာရင် မောင်နှမတွေ စာစောင်ထဲက သီချင်းစာသားတွေကြည့်ပြီး လိုက်ဆိုခဲ့ကြတာကိုလည်း လွမ်းမိပါသေးတယ်။
အဲဒီတုန်းက မြန်မာ့အသံတစ်ခုတည်းပဲ ပြည်တွင်းမှာအသံလွှင့်လုပ်ငန်း လုပ်တာပါ။ လှိုင်းတို (Short Wave; Sw) နဲ့ လှိုင်းလတ် (Median Wave; MW) နှစ်မျိုးပဲလွှင့်နိုင်ခဲ့တာပါ။ အသံလွှင့်ရုံနဲ့ နီးတဲ့အရပ်ကတော့ လှိုင်းလတ်မိတာနဲ့ ဖမ်းလို့ရကာ ရပ်ဝေးဒေသတွေကတော့ လှိုင်းတိုမီတာနဲ့ ဖမ်းပြီး နားထောင်ကြရတာပါ။
ဇာတိချက်ကြွေ ပခုက္ကူကနေ မန္တလေးသွားချင်ရင် မော်တော်စီး ရေကြောင်းခရီးအတိုင်း မြင်းခြံသွား၊ မော်တော်ဆိပ်ကနေ မြို့ထဲကို မြင်းလှည်းစီး၊ ကားဂိတ်ရောက်တဲ့အခါ အလှည့်ကျထွက်တဲ့ ဘတ်စ်ကားကြီးစီးပြီး မန္တလေးကို ခရီးဆက်ရတာပါ။ အချိန်များကြီးကြာလှပါတယ်။ ဒါပေမယ့် မန္တလေးထုတ် ဟံသာဝတီသတင်းစာကတော့ ပခုက္ကူပြန်ကြားရေး စာကြည့်တိုက်ကို နံနက် ၁၀ နာရီလောက်ဆိုရင် နေ့ချင်းရောက်ပြီ။ ရန်ကုန်ထုတ် သတင်းစာတွေကတော့ နေ့ချင်းပေါက် မရောက်ခဲ့ပါဘူး။
ပျော်စရာကောင်းလှ
ကျောင်းပိတ်ရက်တွေဆိုရင် ပြန်ကြားရေးစာကြည့်တိုက်ကို နံနက် ၁၀ နာရီသာသာလောက် ရောက်အောင်သွားပြီး ဟံသာဝတီသတင်းစာကို ရအောင်ဦးရပါတယ်။ ကိုယ့်လက်ထဲ သတင်းစာရောက်လို့ ဟိုဖတ်ဒီဖတ် လုပ်နေတုန်း ၁၁ နာရီမတ်တင်းက်တဲ့အခါ ရေဒီယိုကနေ အဲဒီနေ့ဖတ်စရာ မှတ်စရာ အခန်းကဏ္ဍလွှင့်ပါတော့တယ်။ ခေါင်းကြီးလား၊ ဆောင်းပါးလား၊ မမှတ်မိတော့ပါ။ ဟံသာဝတီသတင်းစာ အလှည့်ရောက်တဲ့အခါ ရေဒီယိုသံကို နားထောင်လိုက်၊ သတင်းစာထဲက စာသားတွေနဲ့တိုက်ကြည့်လိုက်နဲ့ လုပ်ရတာကိုက ပျော်စရာကောင်းလှပါတယ်။
ရန်ကုန်မှာကျောင်းနေခဲ့တုန်းက ကျောင်းပိတ်ရက်ရောက်ရင် စံရိပ်ငြိမ်ကနေ မြို့ထဲသွားတဲ့အခါ အမှတ် (၈) လိုင်း၊ ဟီးနိုး(BD 15 Z)ဘတ်စ်ကားကြီးကို စီးဖြစ်ပါတယ်။ ဟီးနိုး(BM 401) ဘတ်စ်ကားလေးတွေထက်ကျယ်ပြီး ဘေးဘီကိုကြည့်လို့ရသလို ဘတ်စ်ပြေးတဲ့လိုင်းကလည်း ပြည်လမ်းအတိုင်းဖြစ်လို့ စီးဖြစ်တာပါ။ အမှတ်(၈) လိုင်းကားကြီးက မြန်မာ့အသံ အသံလွှင့်ရုံကြီး၊ ရှေ့ကနေဖြတ်ပြီး သွားပါတယ်။ အသံလွှင့်ရုံကြီးရှေ့ ဖြတ်တဲ့အခါတိုင်း၊ အကြိမ်ကြိမ် လှမ်းကြည့်ဖြစ်ခဲ့ပါတယ်။
အဆောက်အအုံပေါ်က ကောင်းကင်ကြိုးတိုင်ကြီးမှာ “ပြည်သူ့အတွက် မြန်မာ့အသံ” ဆိုတဲ့ စာသားကို အစိမ်းရောင်၊ အနီရောင် နီယွန်မီးချောင်းတွေနဲ့ စာလုံးဖော်ထားတာကို မြင်ရပါတယ်။ အသံလွှင့်ပုံ၊ ဆိုင်းအဖွဲ့ ဖျော်ဖြေပုံ၊ သီချင်းသွင်းပုံ၊ ဇာတ်လမ်းထုတ်လွှင့်ပုံတွေကို သိချင်မြင်ချင်လို့ ဆယ်ကျော်သက်ဘဝမရိုးမရွ ဖြစ်ခဲ့ရတာ အကြိမ်ကြိမ်ပါ။
“ခေတ်မီသူတိုင်း ပင်လယ်ငါးစားကြသည်” ဆိုတဲ့တစ်ခေတ်တစ်ခါက ဆောင်ပုဒ်လိုပဲ “ကျောင်းပြီးသူတိုင်း တွဲဖက်ကျောင်းတွေမှာ အလုပ်ဝင်ကြသည်” လို့ ဆိုရမယ်ထင်ပါတယ်။ အဲဒီခေတ်က လူငယ်တွေ အစိုးရအလုပ် တစ်ခုခုရဖို့ဆိုတာ မလွယ်လှပါဘူး။ အဲဒီအချိန်မှာ အလျှိုအလျှိုဖွင့်ခွင့်ရတဲ့ တွဲဖက်ပညာသင်ကျောင်းတွေမှာ လိုနေတဲ့ဆရာဆရာမ အင်အားကို လူငယ်တွေကဖြည့်ပေးပါတယ်။ ကျွန်တော်လည်းအဲဒီခေတ်လူငယ်ထဲက လူငယ်တစ်ယောက်ဖြစ်လို့ ပေါက်မြို့နယ် လက်ပံတိုရေနံမြေသွားတဲ့ ကားလမ်းဘေးက ရွာငယ်တစ်ရွာရဲ့ တွဲဖက်ကျောင်းမှာ အလုပ်ဝင်ဖြစ်ခဲ့ပါတယ်။
၁၉၇၀ ပြည့်လွန်နှစ်တွေကပါ။ အလုပ်အကိုင်လည်းရှား၊ အသုံးအဆောင် ပစ္စည်းတွေလည်း ရှားဆိုတော့ ကျွန်တော့်မှာ ကျောက်တစ်လုံးမှမပါတဲ့ No-866 စက်ကြမ်းသံပတ်ပေး လက်ပတ်နာရီလေးပဲရှိပါတယ်။ နာရီက သွားလိုက်၊ ရပ်လိုက်နဲ့ဆိုတော့ အချိန်မှန်တယ်လို့ကို မရှိလှပါဘူး။ ရေဒီယိုကနေ ရွာစား စိန်ဗိုလ်တင့်ရဲ့ သတင်းအဖွင့်တီးလုံးလာတဲ့အခါတိုင်း နာရီပြန်တိုက်ရတာကလဲ အမောပါပဲ။
အဲဒီကာလကရွာတွေမှာ “ကြက်တွန်သံဗဟိုပြုပြီး အချိန်နာရီမှတ်တဲ့ ဓလေ့”ပျောက်သွားပါပြီ။ ရေဒီယိုက အချိန်အတိအကျလာတဲ့ “မြန်မာ့အသံကို ဗဟိုပြုလို့” အချိန်နာရီ မှတ်ကြပါတော့တယ်။ နံနက်စောစော အုန်းမောင်းခေါက်သံလို အဖွင့်တီးလုံးသံကြားကြရင် နံနက် ၇ နာရီထိုးပြီဆိုတာ သိကြပြီ။ မိဘတွေက လုပ်စရာကိုင်စရာတွေ ဇယ်ဆက်သလို လုပ်နေကြတုန်း ကလေးတွေက ကျောင်းသွားဖို့ပြင်ကြပြီ။ မနက် ၈ နာရီထိုးလို့ ရေဒီယိုက “ဒင်- ဒင် - ဒင့်-ဒင်...ဒင်” ဆိုတဲ့နာရီထိုးသံနဲ့အတူ ကျွန်တော်ကျောင်းက ကျောင်းတက် ခေါင်းလောင်းသံကြားရပါပြီ။
ကျွန်တော် အဲဒီရွာကလေးရောက်တော့ ထရန်စစ္စတာ ရေဒီယိုတွေ ပေါ်နေပါပြီ။ အရွယ်ကတော့ သိပ်မကျစ်သေးပါဘူး။ ဈေးသည်တွေ၊ အိမ်ရှင်မတွေ ငါးကျပ်သားအလေးလုပ်လေ့ရှိတဲ့ Size D နေရှယ်နယ် ဓာတ်ခဲကြီးတွေ ထည့်သုံးရတာဆိုတော့ အရွယ်ကခပ်လတ်လတ်ပဲရှိပါသေးတယ်။ ရွာထဲက အိမ်တချို့ရဲ့ ထုပ်တန်းတွေပေါ်မှာ၊ ယာတောကထန်းရွက်၏အမိုးစွန်းတွေမှာ ရေဒီယိုလေးတွေ တွေ့နေရပါပြီ။
မြန်မာ့အသံကိုပဲ အားကိုးခဲ့ရ
ရွာမှာနေရတာဆိုတော့ ဖတ်စရာသတင်းစာမရှိ၊ လေ့လာစရာ စာအုပ်က မစုံဆိုတော့ မြန်မာ့အသံကိုပဲ အားကိုးခဲ့ရပါတယ်။ ဒါကြောင့်မို့လည်း ရတဲ့လစာထဲကနေ ခြစ်ချတ်စုထားတဲ့ ငွေကလေးနဲ့ ဆင်သမားတစ်ယောက် ပြန်ရောင်းတဲ့ ဂျပန်လုပ်နေရှင်နယ်ပန်နာဆိုးနစ် R 207 ထရန်စစ္စတာရေဒီယို အဟောင်းလေးဝယ်ဖြစ်ခဲ့ပါတယ်။ ကျောင်းချိန်မရှိတဲ့အခါဆိုရင် အချိန်ပြည့် လိုလိုရေဒီယိုလေးကိုပဲ အဖော်ပြုနေမိခဲ့ပါတယ်။
ကျေးလက်အငွေ့ပါတဲ့ တွံတေးသိန်းတန်ရဲ့ သီချင်းတွေကိုတော့ ကျေးလက်က ပြည်သူတွေ အကြိုက်ဆုံးပေါ့။ ကျွန်တော်လည်းရွာမှာနေတာ အသားကျလာတော့ ကျေးလက်ဘဝထင်ဟပ်လှတဲ့ တွံတေးသိန်းတန်ရဲ့ သီချင်းတွေကို ကြိုက်မှန်းမသိ ကြိုက်မိခဲ့ပါတယ်။
ကျေးလက်နေပြည်သူတွေကို အသိဉာဏ်တံခါးဖွင့်ပေးတာက မြန်မာ့အသံရဲ့ ထုတ်လွှင့်ချက်တွေပါ။ ရွာမှာ ညစာစားလို့ သောက်လို့ပြီးတဲ့အချိန် “လယ်သမားနဲ့ လယ်သမားအရေး” ကဏ္ဍလာပြီဆိုရင် ရေဒီယိုလေးနားမှာ ဝိုင်းဖွဲ့ထိုင်ပြီး နားထောင်ကြပြီ။ ပြီးရင်ရွာလယ်တိုက်က ဖိုးသာအောင်တို့ ပျဉ်ထောင်အိမ်ကြီးမှာစုကြပြီး လက်ဖက်ရည်ကြမ်း ဝိုင်းဖွဲ့ကာစိုက်ပျိုးရေး အကြောင်းဆွေးနွေးကြ၊ ငြင်းကြ၊ ခုန်ကြ အားရစရာကောင်းလှပါတယ်။ မြန်မာ့အသံရဲ့ ပညာပေးကဏ္ဍ ထုတ်လွှင့်ချက်တွေကြောင့် လယ်သမား၊ ယာသမားတွေ စိုက်ပျိုးသုတတိုးပွားလာတာကို မျက်ဝါး ထင်ထင် မြင်ခဲ့ရပါတယ်။
အသံလွှင့်လုပ်ငန်းအကြောင်း အကြမ်းဖျင်းပြောရမယ်ဆိုရင် ၁၉၃၇-၁၉၄၂ ကာလဟာ အင်္ဂလိပ်ခေတ် အသံလွှင့်လုပ်ငန်းကာလ ဖြစ်ပါတယ်။ ၁၉၄၂-၁၉၄၅ ကတော့ ဂျပန်ခေတ်အသံလွှင့်လုပ်ငန်းကာလပေါ့။ ၁၉၄၅ ခုနှစ် ဧပြီ ၂၂ ရက်မှာ ဂျပန်တပ်တွေက ရေကူးမှာရှိတဲ့သူတို့ရဲ့ အသံလွှင့်စက်တွေကို ဖျက်ခဲ့ပြီးထွက်သွားကြလို့ ဂျပန်အသံလွှင့်လုပ်ငန်း တစ်စခန်းရပ်ခဲ့ပါတယ်။
၁၉၄၅ ခုနှစ်မှာ ပြန်ဝင်လာတဲ့မဟာမိတ်တပ်တွေနဲ့အတူ အရှေ့အာရှ တောင်ပိုင်းစစ်ဌာန၊ စိတ်ဓာတ်စစ်ဆင်ရေးဌာနခွဲ တစ်ခုလည်းပါလာပြီး ရန်ကုန် ရေဒီယို (Rangoon Radio) အသံလွှင့်လုပ်ငန်း လုပ်ကြပြန်ပါတယ်။ အစကတော့ မဟာမိတ်တပ်တွေအတွက် အဓိကထား ထုတ်လွှင့်တာဖြစ်လို့ ဗမာဘာသာထက် အင်္ဂလိပ်ဘာသာအစီအစဉ်က ပိုများပါတယ်။ ၁၉၄၆ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဘုရင်ခံအတိုင်ပင်ခံအဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ကက်စ်ဘီ အုပ်ချုပ်ရေးကနေ မြို့ပြဆိုင်ရာအစိုးရကို လွှဲပြောင်းပေးလိုက်တဲ့အခါ အသံလွှင့်ရုံကလည်း မြို့ပြဆိုင်ရာ အစိုးရလက်အောက် ရောက်သွားပါတော့တယ်။
၇၅ နှစ်တောင် ကြာခဲ့ပါပြီ
အဲဒီအချိန်မှာ ဘီဘီစီနဲ့အောလ်အိန္ဒိယအသံလွှင့်ဌာနတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ပိဋကတ်တိုက်မှူး ဦးခင်ဇော် အိန္ဒိယကနေပြန်ယူလာခဲ့တဲ့ မြန်မာ့ခေတ်ဟောင်း ဓာတ်ပြားအချပ် ၅၀၀ ကျော်ကို အသုံးပြုပြီး ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ ဗမာ့အသံ (Burma Broadcasting Service; BBS) ဆိုတဲ့အမည်နာမနဲ့ မြန်မာတို့ရဲ့ အသံလွှင့်လုပ်ငန်းကို စဖွင့်နိုင်ခဲ့တာပါ။ ခုဆိုရင် ၇၅ နှစ်တောင် ကြာခဲ့ပါပြီ။
ကျွန်တော်တို့ကလေးဘ၀တုန်းက မြန်မာ့အသံက ဆန်းသစ်တီထွင် ထုတ်လွှင့်ခဲ့တဲ့ ကမ္ဘာ့ဂီတ၊ ရှုထောင့်တစ်ကွေ့မှ အတွေ့ အကြုံ၊ သောတရှင်အတွက် ပြန်ကြားချက်၊ လူငယ်ကဏ္ဍ၊ သိရိဂေဟာ၊ အသံတွက်ဆောင်းပါး၊ ရေဒီယိုဆရာဝန် စတဲ့ကဏ္ဍစုံကို တစ်ခုတစ်မျိုးမရိုးရအောင် နားဆင်ခဲ့ရတာ ကိုသတိရပြီး ဒီကနေ့တိုင်အောင် လွမ်းဆွတ်နေဆဲပါ။
မြန်မာ့အသံက အဲဒီလိုဆန်းသစ်တီထွင်ထုတ်လွှင့်ခဲ့တာဟာ တကယ်တော့ လွယ်လှတာ မဟုတ်ပါဘူး။ စနစ်အမျိုးမျိုး၊ ခေတ်အမျိုးမျိုးမှာ ချမှတ်ထားတဲ့ မူဘောင်တွေထဲကနေ လုပ်ခဲ့ကြရတာပါ။ ဘယ်လို အခက်အခဲတွေပဲကြုံကြုံ မပြုဘဲဆက်ပြီးတီထွင်ခဲ့လို့ အသံလွှင့်ဇာတ်လမ်းတွေဆိုရင် ရုပ်ရှင်မင်းသား၊ မင်းသမီးတွေပါ အသံနဲ့ဝင် သရုပ်ဆောင်လာကြပါတယ်။ ဘ၀ကြေးမုံ ဇာတ်လမ်းစုံ၊ ဟဒယရွှင်ဆေး၊ ယနေ့နားဆင်ဖွယ်ရာဆိုတဲ့ အခန်းကဏ္ဍတွေကလည်း အမှတ်ရစရာတွေပါပဲ။ ရုပ်ရှင်သီချင်း၊ စုံတွဲသီချင်း၊ ဆိုင်းအဖွဲ့၊ ကွက်စိပ်၊ ရုပ်သေးနဲ့သူ့လက်သံကဏ္ဍတွေလည်း လွှင့်ခဲ့ပါသေးတယ်။ သတင်းဦး သတင်းထူးသိချင်ရင် ည၈ နာရီသတင်းနားဆင်ရင် ဦးဦးဖျားဖျား၊ ပြည့်ပြည့် စုံစုံသိရပါပြီ။ ပြည်တွင်း သတင်းကြေညာချိန်က ၁၅မိနစ် အတိအကျဆိုတော့ အချိန်ပေး နားထောင်မနေရပါဘူး။
သတင်းကြေညာသူတွေ၊ ကဏ္ဍအလိုက်ဖတ်တဲ့သူတွေဟာ ဗျဉ္ဇနဗုဒ္ဓိ ဆယ်ပါးနဲ့အညီ ဖတ်ကြတာမို့ နားထောင်ရတာ ရှင်းခနဲရှိလို့ အဓိပ္ပာယ်ကို တိတိကျကျသိရပါတယ်။ သမ္ဗန္ဓ(ပုဒ်စပ်သံ)၊ ဂဝတ္တိတ (ပုဒ်ဖြတ်သံ)၊ ဝိမုတ္တ (သံဖွင့်)၊ ဒီဃ(သံရှည်)၊ ရဿ(သံတို)၊ ဂရု(သံလေး)၊ လဟု(သံပေါ့)၊ ဓနိတ (သံတင်း)၊ သိထိလ(သံလျော့)နဲ့ နိဂ္ဂဟိတ(သံနှိပ်)ဆိုတဲ့ ဆယ်ပါးနဲ့အညီ ဌာန်ကရိုဏ်းကျ ဖတ်ကြတာပါ။
ဆရာတော်ရှင်မဟာရဋ္ဌသာရကလည်း စာဖတ်နည်းကို ကိုးခန်းပျို့ ပိုဒ်ရေ ၂၃၉ မှာ မိန့်တော်မူခဲ့ပါတယ်။ “ပုဒ်စပ်ချောမြေ့၊ သန္ဓေခြားဖြတ်၊ သံလွှတ်ဖွင့်ဆို၊ ရှည်တိုလေးပေါ့။ တင်းလျော့နိဂ္ဂဟိတ်၊ အစိတ်အပြာ၊ အင်္ဂဆယ်ခု၊ ဖတ်မှုမကျမ်း၊ နားမချမ်းမှု၊ တတ်စွမ်းသောလျောက်၊ မကောက်မငင်၊ မသင်ပြင်ပဲ၊ မဖင့်နွှဲနှင့်” လို့ ညွှန်ပြထားတာပါ။ စာဖတ်တဲ့အခါ ပုဒ်တွေကို ချောအောင်၊ စပ်နေတဲ့ပုဒ်တွေကို ပိုင်းခြားအောင် ဖတ်ရမယ်။ အသံကိုဖွင့်လွှတ်၊ ရှည်ရှည်၊ တိုတို၊ လေးလေး၊ ပေါ့ပေါ့။ တင်းတင်း၊ လျော့လျော့ ဖတ်ရမယ်။ နှိပ်ပြီးဖတ်ရမယ်လို့ ဖတ်နည်းစနစ် မိန့်တော်မူတာပါ။ မြန်မာ့အသံရဲ့ ကဏ္ဍအလိုက် ထုတ်လွှင့်ချက်တွေကို ဖတ်တဲ့သူတိုင်း ဆရာတော်ရဲ့ မိန့်ဆိုချက်နဲ့အညီ လိုက်နာခဲ့ကြတယ် လို့လည်း ဆိုနိုင်ပါတယ်။
အဲဒီလို ဋ္ဌာန်ကရိုဏ်းကျ ဖတ်နိုင်အောင်လို့ အပြောစကားကို ကြိုရေးကြရတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လည်း “အပြောစကားပြေအစ အသံလွှင့်လုပ်ငန်းက” လို့ဆိုရင် မှားမယ်မထင်ပါဘူး။ အခုဆိုရင် ပုံနှိပ်မီဒီယာတွေမှာ အပြောစကားတွေ များလာတာကို တွေ့နေရပါပြီ။
နောက်ပြီး ကျွန်တော်လေးစားအားကျမိတာ ရှိပါသေးတယ်။ မြန်မာ့အသံက ပုဂ္ဂိုလ်တွေ ယေဘုယျသုံးစကားလုံးနဲ့ ဝိသေသသုံးစကားလုံးတွေ ကြွယ်ဝတာကိုပါ။ ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝကဆိုရင် ကိုယ်ကြည့်နေတဲ့ စာထဲကဝေါဟာရကို ဘယ်လိုအသံထွက် ရမယ်လို့ မသိရင် မြန်မာ့အသံကိုနားထောင်ပြီးမှ အသံထွက်အမှန်သိအောင် လုပ်ခဲ့ရတာပါ။ အသံထွက်ပါတဲ့ မြန်မာအဘိဓာန် (အကျဉ်းချုပ်)ငါးတွဲကို မြန်မာစာအဖွဲ့က ၁၉၇၁ ခုနှစ်က စပြုစုခဲ့ပြီး ၁၉၈၀ ပြည့်နှစ်ရောက်မှ စထုတ်ခဲ့တာကြောင့်ပါ။ခရီးဆောင်မြန်မာအဘိဓာန်ကိုတော့ ၁၉၉၉ ခုနှစ် နှစ်ကုန်ပိုင်းမှ ထုတ်ခဲ့တာပါ။
မြန်မာ့အသံရဲ့ အမှတ်ရစရာတွေကို ပြောရမယ်ဆိုရင် ဒီစာတစ်ပုဒ်နဲ့ပြီးမှာ မဟုတ်ပါဘူး။ ငယ်ဘဝက သိပ်ကိုရောက်ဖူးချင်လှတဲ့ မြန်မာ့အသံ အသံလွှင့်ရုံကြီးထဲကို ဇရာပိုင်းရောက်မှ ဝင်ခွင့်၊ လေ့လာခွင့်ရခဲ့ပါတယ်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝိုင်းတော်သားတွေ နေပြည်တော်ကို ပြောင်းခါနီး အချိန်ကပါ။ ကျိုက္ကဆံဆရာစံခန်းမမှာ ကျင်းပတဲ့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုဦးစီး အစည်းအဝေးကြီးတက်ခဲ့တုန်းက လေ့လာရေးခရီးစဉ်တစ်ခုအနေနဲ့ အသံလွှင့်ရုံ အဆောက်အအုံထဲ ဝင်ခွင့်၊ လေ့လာခွင့် ရခဲ့တာပါ။ စတူဒီယိုအေမှာ ဧည့်ခံပြီးရှင်းပြပါတယ်။ စတူဒီယို ဘီ၊ စီ၊ ဒီ၊ အီး၊ အက်ဖ်၊ ဂျီနဲ့အိပ်ချ်တို့မှာ သူ့ကဏ္ဍနဲ့သူအသံသွင်းတာ တွေ့ရပါတယ်။ အသံ ထိန်းစက်ခန်းမကြီး (Master Control Room) နဲ့ အသံသွင်းစက်ခန်းမ (Recording Room) တွေကိုလည်း တွေ့ခဲ့ရပါတယ်။ အသံသွင်းစက်ခန်းမထဲမှာ ဂျာမနီလုပ် Neumann ဓာတ်ပြားခုတ်စက်ကြီးနှစ်လုံးရှိတယ်လို့လဲ သိခဲ့ရပါတယ်။ နောက်ပြီး တိပ်ကြိုးခွေအသံကူးစက် (Duplicating Machine) ကြီးတွေလည်း ရှိသေးတယ်ဆိုပဲ။ အသံလွှင့်ဇာတ်လမ်းထုတ်လွှင့်ပုံ၊ ရုပ်မြင်သံကြားထုတ်လွှင့်ပုံတွေကို လက်တွေ့သရုပ်ပြလို့ ဗဟုသုတလည်း ရခဲ့ပါတယ်။ ကျွန်တော့်ဆန္ဒလည်း ပြည့်ခဲ့တယ်လို့ ဆိုရပါမယ်။
ငယ်စဉ်ဘဝက မရောက်ခဲ့ရတဲ့ မြန်မာ့အသံ အသံလွှင့်ရုံကြီးထဲကို ဘဝရဲ့ တစ်ဆစ်ချိုး ဇရာအရွယ်ရောက်မှ လေ့လာခွင့်ရခဲ့ပြီမို့ တစ်ကိုယ်တည်းကျေနပ် ကြည်နူးခဲ့ရတာကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုဂုဏ်ပြု အစီအစဉ်တွေ ကြည့်လိုက်ရတိုင်း ပြန်ပြောင်းသတိရလို့ နေမိပါတော့တယ်။ ။
ရည်ညွှန်းကိုးကား
မြန်မာနိုင်ငံစာရေးဆရာအသင်းဝင်အမှတ် - ၃၁၆၁
ဦးကျော်ညိန်း(မာတလိ)၏ နှစ် ၃ဝ မြန်မာ့အသံ(စာပေဗိမာန်-၁၉၇၉)
ဆူးငှက်၏သိကြရဲ့လား မြန်မာသံမြန်မာစကား
(မြန်မာ့အလင်း ၂၈-၆-၂၀၁၅)
စန္ဒကူး(ယဉ်ကျေးမှု)၏ ဂရုပြုစရာ မြန်မာစကားလုံး အသံထွက်စနစ်
(ရတနာပုံ ၈-၅-၂၀၁၈)
ဂျာလေး(ယောမြေ)