Skip to main content

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုင်းရင်းသားအစီအစဉ်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့သည် မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား၏   (၇၅)နှစ်မြောက်   စိန်ရတု နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင်   မြန်မာ့အသံဟုဆိုလျှင်  ကလေးလူကြီးကအစ   မသိသူမရှိကြပါ။   ရေဒီယိုရှိလျှင် (သို့) ရေဒီယိုမှ ထုတ်လွှင့်ချက်များကို ကြားလိုက်ရလျှင် မြန်မာ့အသံနှင့် ရင်းနှီးပြီးသားဖြစ်နေကြသည်။ သတင်းစာကို နေ့စဉ်မဖတ်ရလျှင်  မနေနိုင်သူ  အများအပြားရှိသကဲ့သို့ ရေဒီယိုကို  တစ်နေ့နားမထောင်ရလျှင်  မနေနိုင်သူများ ကျွန်တော်တို့နိုင်ငံတွင်   အများအပြားရှိနေကြသည်။ ဤမျှအထိ  သောတရှင်များကို  စွဲမက်ဖမ်းစားနိုင်သော မြန်မာ့အသံ (ဝါ) ယနေ့  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ လုပ်ငန်းဆောင်တာများကို ပြည့်ပြည့်စုံစုံ သိရှိသူနည်းပါး ကြပါမည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင်

(၁) အသံလွှင့်ဌာနခွဲ၊

(၂) ရုပ်မြင်သံကြားဌာနခွဲ၊

(၃) စက်မှုဌာနခွဲ၊

(၄) စီမံဌာနခွဲ၊

(၅) ရုပ်မြင် (အင်္ဂလိပ်) ဌာနခွဲ (MITV) ဟု ဌာနခွဲငါးခု   ရှိသည့်အနက်   တိုင်းရင်းသားအစီအစဉ်သည်

အသံလွှင့်ဌာနခွဲ၏ ဌာနစိတ်တစ်ခုဖြစ်သည်။  ဤဌာနစိတ်တွင်

(၁) ကချင် အစီအစဉ်၊

(၂) ကယား အစီအစဉ်၊

(၃) စကောကရင် အစီအစဉ်၊

(၄) ပိုးကရင် အစီအစဉ်၊

(၅) ချင်း အစီအစဉ်၊

(၆) မွန် အစီအစဉ်၊

(၇) ရခိုင် အစီအစဉ်၊

(၈) ရှမ်း အစီအစဉ်တို့ပါဝင်သည်။

နိုင်ငံတော်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အမြဲမပြတ် တည်ဆောက်လျက်ရှိရာ တိုင်းရင်း သားအစီအစဉ်အနက်မှ   ရှမ်းဘာသာ  အစီအစဉ်နှင့် စကောကရင်အစီအစဉ်တို့ကို  လွတ်လပ်ရေးကြိုးပမ်းစဉ်ကပင် အသံလွှင့်စေခဲ့ပြီး    လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင်လည်း  ဖော်ပြပါ အစီအစဉ်များအပြင် ကချင်ဘာသာ  အစီအစဉ်၊    ပိုးကရင် အစီအစဉ်၊ ချင်းဘာသာ အစီအစဉ်တို့ဖြင့် သတင်းများကို တစ်ပတ် လျှင် တစ်ကြိမ်၊ မွန်ဘာသာ အစီအစဉ်နှင့် ရခိုင်ဘာသာ အစီအစဉ်တို့ဖြင့် ဟောပြောချက်များကို တစ်ပတ်လျှင် တစ်ကြိမ် ၁၀ မိနစ်စီ တိုးချဲ့ထုတ်လွှင့်ခဲ့ကြောင်း ယင်းအစီအစဉ်များအတွက်   အသံလွှင့် သူ များမှာ   ဌာနမှခန့်ထားသော ဝန်ထမ်းများမဟုတ်ဘဲ ပြင်ပမှ ဘာသာစကား တတ်ကျွမ်းသူများက လာရောက်အသံလွှင့်ပေး ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အသံလွှင့်လုပ်ငန်းသည်      သမိုင်းနှင့်အတူ

ထက်ကြပ်မကွာ ပြောင်းလဲလာခဲ့သည်ဖြစ်ရာ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် အသံလွှင့်လုပ်ငန်း ပြုပြင်ပြောင်းလဲ တိုးတက်မှုများ ရှိခဲ့သည်။   ယင်းတို့အနက် ထင်ရှားသောပြောင်းလဲမှုတစ်ရပ်မှာ  ၁၉၄၆ ခုနှစ်   ဖေဖော်ဝါရီလ  ၁၅  ရက်နေ့မှစ၍   အမည်ထင်ရှား လူသိများခဲ့သော “ဗမာ့အသံဟူသော အသံလွှင့်ဌာန၏အမည်ကို “မြန်မာ့အသံဟု ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေစွာ   ပြောင်းလဲစေခဲ့သည်။   ထိုသို့  ပြောင်းလဲလာရုံသာမက  ပြည်တွင်းဆူပူမှု နှိမ်နင်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးအပြင် လွတ်လပ်ပြီး တရားမျှတသော အထွေထွေ ရွေးကောက်ပွဲကြီး  ကျင်းပပေးရန် ရည်မှန်းချက်ထားကာ  တပ်မတော်သားများနှင့်  နယ်စပ်ဒေသများအတွက် အသံလွှင့် ပေးရန်စီစဉ်ခဲ့ပြီး မြန်မာ့အသံ   တွဲဖက်အစီအစဉ်များကို   ၁၉၅၈   ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထုတ်လွှင့်နိုင်ခဲ့သည်။

တိုးချဲ့ထုတ်လွှင့်ခဲ့

ထိုအချိန်များတွင်  မြန်မာ့အသံမှ  တိုင်းရင်းသား လူမျိုးများအတွက်  ရှမ်းဘာသာ အစီအစဉ်၊  စကောကရင် ဘာသာအစီအစဉ်၊   ကချင်ဘာသာ   အစီအစဉ်များကို ထုတ်လွှင့်နေခဲ့ရာ  ၁၉၅၉  ခုနှစ်  စက်တင်ဘာလ ၁၅ ရက်နေ့တွင် ချင်းဘာသာအစီအစဉ်နှင့် မွန်ဘာသာ အစီ အစဉ်တို့ကို    တိုးချဲ့ထုတ်လွှင့်ခဲ့သည်။    ၎င်းအပြင် တိုင်းရင်းသားလူမျိုးတို့၏ အကျိုးကို ရှေးရှုလျက် ပအိုဝ်း ဘာသာ အစီအစဉ်နှင့်  လားဟူဘာသာ  အစီအစဉ်တို့ကို တစ်ဘာသာလျှင် ၁၀ မိနစ်စီ စတင်ထုတ်လွှင့်ပေးခဲ့သည်။ ထိုစဉ်က တာဝန်ထမ်းဆောင်ခဲ့သောသူများမှာ ရှမ်းဘာသာ အစီအစဉ်တွင် ဒေါ်လှထယ်၊ စကောကရင်ဘာသာ အစီအစဉ်တွင်  စောမုဒိခိုင်၊  ပိုးကရင်ဘာသာ အစီအစဉ်တွင် မန်းထွန်းကြိုင်၊     ကချင်ဘာသာ  အစီအစဉ်တွင် ဒေါ်အင်ဂျလင်းရွိုင်း၊  ချင်းဘာ သာ အစီအစဉ်တွင် ဒေါ်ဟန်နီကျော်ထွေး၊     မွန်ဘာသာ အစီအစဉ်တွင် ဒေါ်မိအုန်းကြည်၊    လားဟူဘာသာ   အစီအစဉ်တွင် ဦးအောင်တင်ဖြစ်ပြီး ရှမ်းဘာသာ အစီအစဉ် ဒေါ်မေသင်းရီ (ကမ္ဘောဇမေသင်းရီ)  တို့အား   ဖြည့်စွက်ခန့်ထားခဲ့ကာ ဒေါ်လှထယ် က   အစီအစဉ်ကြီးကြပ်ရေးမှူးတာဝန်ယူခဲ့ သည်။

နိုင်ငံတော်သည်   ဤဌာနအား   ပြန်ကြားပေးရန်၊ ပညာပေးရန်၊  ဖျော်ဖြေမှုပေးရန်ဟူသော  ဆောင်ပုဒ်နှင့်အညီ လူထု ဆက်သွယ်ရေး လုပ်ငန်းကို ဆောင်ရွက်စေခဲ့ရာ စည်းလုံးညီညွတ်ရေးကို    ရှေးရှုလျက်  ၁၉၆၅  ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ မှစ၍ ကယားဘာသာ အစီအစဉ်ကို စတင်ထုတ်လွှင့်ပေးခဲ့သည်။   မွန်၊ ပအိုဝ်းနှင့် လားဟူ အစီ အစဉ်တို့ကို ခေတ္တရပ်ဆိုင်း ထားခဲ့သည်။ ဤသို့အားဖြင့် ထိုစဉ်က ပြည်နယ်ငါးခုကို   ကိုယ်စားပြုသော ကချင်၊ ကယား၊ ကရင်၊ ချင်းနှင့်  ရှမ်းဘာသာ  အစီအစဉ်တို့ကို ထုတ်လွှင့်ပေးခဲ့ခြင်းဖြစ်သည်။  (ကယားအစီအစဉ် အသံထုတ်လွှင့်သူမှာ ဦးသေးရယ် ဖြစ်သည်။)

ပြည်သူ့အတွက် မြန်မာ့အသံဟူသော ဆောင်ပုဒ်နှင့်အညီ    လူထုဆက်သွယ်ရေးတာဝန်ကို    အမြဲမပြတ် ဆောင်ရွက်နေသော   မြန်မာ့အသံသည်  ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်  မြန်မာ့အသံ (၂၅) နှစ်မြောက် ငွေရတုသဘင်အခမ်းအနားကို ခမ်းနားသိုက်မြိုက် စွာ ကျင်းပနိုင်ခဲ့သည်။  ထို့ပြင်  မွန်ဘာသာ အစီအစဉ်နှင့် ရခိုင်ဘာသာ အစီအစဉ်တို့ကို ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်၊ မြန်မာ့အသံ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့မှစ၍ တိုးချဲ့ထုတ်လွှင့်စေခဲ့ပြီး    အသံလွှင့်ချိန်ကို   အစီ အစဉ် တစ်ဘာသာလျှင် မိနစ် ၃၀ စီ  တိုးချဲ့ထုတ်လွှင့်စေခဲ့သည်။ ၎င်းအပြင်  ၁၉၉၀  ပြည့်နှစ်    ဇန်နဝါရီလ  ၄ ရက်နေ့မှစပြီး တိုင်းရင်းသားအစီအစဉ်ကို နာရီလက်တံကဲ့သို့ အလှည့်ကျ ပြောင်းလဲသည့်စနစ်ဖြင့်  နေ့စဉ်ညနေ ၄ နာရီမှ  စတင် ထုတ်လွှင့်စေခဲ့ရာ  တိုင်းရင်းသားအစီအစဉ် အသံလွှင့်ချိန် သည် ည ၈ နာရီတိတိတွင် ပြီးဆုံးသွားခဲ့သည်။  ထို့အပြင် တိုင်းရင်းသားအစီအစဉ်ကို ၂၀၀၃ ခုနှစ်  ဇူလိုင်လ ၁၃ ရက်နေ့မှစပြီး အစီအစဉ် တစ်ဘာသာလျှင် ၁၅ မိနစ်တိုး၍ ၄၅ မိနစ် အစီအစဉ်ကို ထုတ်လွှင့်စေခဲ့ပြီး၊ အသံလွှင့်ချိန်ကို ညနေ ၄ နာရီအစား မွန်းလွဲ ၂ နာရီတွင်  စတင်ထုတ်လွှင့် စေခဲ့ရာ  အစီအစဉ်   ရှစ်ဘာသာ  အသံလွှင့်ချိန်သည် ည ရှစ်နာရီတွင် ပြီးဆုံးသွားခဲ့သည်။

နှစ်ကြိမ်ထုတ်လွှင့်ခဲ့

နိုင်ငံတော်သည် ၂၀၀၆ ခုနှစ်တွင်   မြို့တော်ကို  နေပြည်တော်ဟု သတ်မှတ်ပြီး အစိုးရဌာနရုံးများ ကိုလည်း နေပြည်တော်သို့   ပြောင်းရွှေ့အခြေစိုက်ခဲ့သည်ဖြစ်ရာ အသံလွှင့်ဌာနကိုလည်း    ၂၀၀၈  ခုနှစ်   မတ်လတွင် နေပြည်တော်   တပ်ကုန်းသို့    ပြောင်းရွှေ့စေခဲ့သည်။

တိုင်းရင်းသား အစီအစဉ်ကို  ၂၀၀၉ ခုနှစ်  မေလ ၁ ရက် နေ့မှစ၍ နေပြည်တော်  တပ်ကုန်းမှ စတင်ထုတ်လွှင့်စေခဲ့သည်။   တိုင်းရင်းသား အစီအစဉ် ရှစ်ဘာသာအပြင် “ဝဘာသာ အစီအစဉ်ကို တိုးချဲ့ထုတ်လွှင့်ခဲ့ရာ တစ်ဘာသာလျှင် ၄၅ မိနစ်စီဖြင့်  မွန်းလွဲ ၂ နာရီမှ ည ၈ နာရီ ၄၅ မိနစ်အထိ ထုတ်လွှင့်ပေးခဲ့သည်။  နေပြည်တော် တပ်ကုန်းမှ (50-KW)  လှိုင်းတိုစက်ဖြင့်  (50.71) မီတာ၊   (5919 KHz)  တို့မှ ထုတ်လွှင့်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစပြီး တိုင်းရင်းသားအစီအစဉ်ကို နံနက်ပိုင်း၊ မွန်းလွဲပိုင်းခွဲ၍ နှစ်ကြိမ်ထုတ်လွှင့်ခဲ့သည်။

၂၀၁၀   ပြည့်နှစ်   ဖေဖော်ဝါရီလ   ၁၂  ရက် (ပြည်ထောင်စုနေ့)တွင် မူလအစီအစဉ် ကိုးဘာသာရှိခဲ့ရာ မှ မင်းတပ်ချင်း၊ ကိုးကန့်၊ ကယန်း၊ ဂေခို၊ ဂေဘား အစီ အစဉ် ငါးခုကို တိုးချဲ့ထုတ်လွှင့်စေခဲ့ရာ အစီအစဉ် ၁၄ ခု အထိ တိုးတက်လာခဲ့သည်။   အသံလွှင့်ချိန်မှာ နံနက်  ၆ နာရီမှ မွန်းတည့် ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ည ၈ နာရီအထိ တစ်ကြိမ် ထုတ်လွှင့်ပေးခဲ့ခြင်းဖြစ် သည်။   ၎င်းပြင်  ပအိုဝ်းဘာသာအစီအစဉ်၊  ဓနုဘာသာ အစီအစဉ်နှင့် အနောက်ပိုးကရင်ဘာသာ၊ အရှေ့ပိုးကရင် ဘာသာအစီအစဉ်ဖြင့် တိုးချဲ့ထုတ်လွှင့်ခဲ့ရာ တိုင်းရင်းသား အစီအစဉ် စုစုပေါင်း ၁၇  ဘာသာထိရှိလာပြီး တစ်ဘာသာ လျှင် အသံလွှင့်ချိန်ကို  ၁ နာရီ မိနစ် ၃၀ ထိ သတ်မှတ်ထားရာ စုစုပေါင်း အသံလွှင့်ချိန်သည် ၂၅ နာရီ မိနစ် ၃၀ အထိဖြစ်သည်။

တိုင်းရင်းသား အစီအစဉ်မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိသော အသံလွှင့်အစီအစဉ်များမှာ

- တနင်္ဂနွေနေ့တွင်   သတင်း၊   ဇာတ်လမ်းပမာ နားဆင်စရာ၊  သောတရှင်ပေးစာများ၊  ဟဒယ ရွှင်ဆေး (ပြုံးပဒေသာ) အစီအစဉ်

- တနင်္လာနေ့တွင်    သတင်း၊    ဆောင်းပါး၊

ဆောင်ပုဒ်၊ တေးသီချင်းနှင့် ယဉ်ကျေးမှုကဏ္ဍ

- အင်္ဂါနေ့တွင် သတင်း၊ ရိုးရာပုံပြင်၊ အားကစား ကဏ္ဍ၊ တွေ့ဆုံဆွေးနွေးခန်း

- ဗုဒ္ဓဟူးနေ့တွင်   သတင်း၊    သောတရှင်လိုရာ၊ သုတပဒေသာကဏ္ဍ

- ကြာသပတေးနေ့တွင် သတင်း၊   ရိုးရာအစား   အစာ၊ Talk in line အစီအစဉ်

- သောကြာနေ့တွင် သတင်း၊ ကျန်းမာရေးကဏ္ဍ၊ တေးသီချင်း အစီအစဉ်

- စနေနေ့တွင် သတင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ်နှင့် ဖွံ့ဖြိုးဝေစည် အစီအစဉ်တို့ ကို ထုတ်လွှင့်ပေးလျက်ရှိသည်။  အချိန်ရလျှင် ရသကဲ့သို့ တွေ့ဆုံဆွေးနွေးခန်း (Interview)

အစီအစဉ်များကို ထုတ်လွှင့်ပေးရပြီး ပြည်သူလူထုအတွက်   အကျိုးရှိမည့်   အစီအစဉ်ကောင်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိ သရွေ့ ထုတ်လွှင့်ပေးလျက်ရှိသည်။

အသံလွှင့်လုပ်ငန်းသည်      ခေတ်ကာလနှင့် လိုက်လျောညီထွေ      ပြောင်းလဲလာခဲ့သည်ဖြစ်ရာ တိုင်းရင်းသား  အစီအစဉ်သည် လည်း မူလ ၁၅ မိနစ် အစီအစဉ်မှ မိနစ် ၃၀ အစီအစဉ်၊  ယင်းမှ  ၄၅ မိနစ် အစီအစဉ်၊ ယင်းမှ ၁ နာရီ အစီအစဉ်၊ ယခုအခါ ၁ နာရီ မိနစ် ၃၀ အစီအစဉ်တို့ကို   အသီးသီးတိုးတက်ပြောင်းလဲလာခဲ့ပြီးဖြစ်သည်။ မူလပြည်နယ်ကြီး ငါးခု ကိုယ်စားပြုအစီအစဉ် ငါးခုမှ အစီအစဉ် ရှစ်ခု၊ ယင်းမှ အစီအစဉ် ကိုးခု၊ အစီအစဉ် ၁၄ ခုမှ ယခုအခါ အစီအစဉ် ၁၇ ခုထိ  တိုးတက်လာခဲ့ပြီးဖြစ်သည်။  တာဝန်ထမ်းဆောင်သော    အမြဲတမ်းဝန်ထမ်းသည်   အစီအစဉ် တစ်ဘာသာလျှင် နှစ်ဦးမှ သုံးဦး၊ ယခုအခါ လေးဦးအထိ တိုးတက်လာခဲ့ပြီဖြစ်ရာ  နေ့စားဝန်ထမ်း  အပါအဝင် ဝန်ထမ်းဦးရေမှာ ၈၀ ကျော်ထိ  တိုးတက်လာခဲ့ပြီဖြစ်သည်။

ဝန်ထမ်းအင်အား  တိုးတက်လာသည်နှင့်အမျှ လုပ်ငန်းတာဝန်   တိုးတက်လာပြီဖြစ်ရာ   ယခုအခါ တိုင်းရင်းသားအစီအစဉ်တွင် လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦး၊ ဦးစီးအရာရှိ နှစ်ဦးတို့ဖြင့် တိုးတက်ခန့်ထား တာဝန်ထမ်းဆောင်လျက်ရှိကြသည်။

နိုင်ငံတော်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အမြဲလိုအပ်လျက်ရှိသည်ဖြစ်ရာ တိုင်းရင်းသားအစီအစဉ်သည် နိုင်ငံတော်၏ လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာမှ လူထုဆက်သွယ်ရေး မီဒီယာလုပ်ငန်းဖြင့် အထောက်အပံ့ဖြစ်စေရန် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း ဖော်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်

၁။ ဦးကျော်ညိန်း (မာတလိ)၊ နှစ် (၃၀)မြန်မာ့အသံ

၂။ ခေတ်အဆက်ဆက် မြန်မာ့အသံ

၃။ တိုင်းရင်းသား အစီအစဉ်မှ မှတ်တမ်းများ

လေးဝတီကျော်