Skip to main content

တောင်တန်း-မြေပြန့် တန်းတူညီမျှ ပြည်ထောင်စုပန်းတိုင်

မျက်မှောက်ကာလ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အန္တိမရည်မှန်းချက်ပန်းတိုင်မှာ အေးချမ်း သာယာပြီး တိုးတက်အောင်မြင်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ခိုင်မာစွာ တည်ဆောက်ရေးပင်ဖြစ်သည်။ ဤပန်းတိုင်သည် တိုင်းရင်းသား ပြည်သူအားလုံး၏ မျှော်လင့်ချက် ပန်းတိုင်လည်း ဖြစ်သည်။ ပန်းတိုင်သို့ တက်လှမ်းနိုင်ရေးအတွက် လိုအပ်ချက်များမှာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီရှင်သန်ရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးနှင့် ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရန်အတွက် ပြောင်းလဲသင့်သည်တို့ကို ပြုပြင်ကြရမည်ဖြစ်သည်။

မျှော်မှန်းထားသည့် ပြည်ထောင်စုပန်းတိုင်သည် (၂၁) ရာစုခေတ် ပြည်ထောင်စုကြီး၏ ပကတိလိုအပ်ချက် ဖြစ်၍ ပန်းတိုင်သို့ တက်လှမ်းနိုင်ရေးအတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရပါမည်။ ၂၀ ရာစုခေတ်က ဗြိတိသျှနယ်ချဲ့ထံမှ လွတ်လပ်ရေး ရရှိရန်အတွက် ကြိုးပမ်းကြရာ၌ တောင်တန်း-မြေပြန့် တန်းတူညီမျှ အခွင့်အရေးရရေးကို ကြွေးကြော်ကာ တောင်းဆိုခဲ့ကြပါသည်။ စည်းလုံးညီညွတ်မှု၊ လူထုညီညွတ်မှုဖြင့် တစ်ခဲနက် အရေးဆိုခဲ့ကြပါသည်။ ထိုစဉ်က တိုင်းရင်းသား ပြည်သူ လူထုတစ်ရပ်လုံး၏ မျှော်မှန်းချက်မှာ လွတ်လပ်ရေး ပန်းတိုင်ဖြစ်ပါသည်။ လွတ်လပ်ရေးအတွက် စည်းလုံး ညီညွတ်ရေးသည်သာ အဓိကဖြစ်ပါသည်။

မျက်မှောက်ကာလ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို အကောင်အထည်ဖော်ရာတွင် တောင်တန်း-မြေပြန့် တန်းတူညီမျှ အခွင့်အရေးရရေးသည် အရေးကြီးသည့်အချက်ဖြစ်သည်။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီရေးတို့သည် တစ်ခုနှင့်တစ်ခု ကြောင်းကျိုးဆီလျော်စွာ ဆက်စပ်ဖြစ်ပေါ်နေသည်။ ယင်းတို့သည် တိုင်းရင်းသားပြည်သူများအတွက် အရေးကြီးသော အချက်များဖြစ်သည်။ ၂၀၂၁ ခုနှစ် နိုင်ငံ တကာနှစ်သစ်ကူးနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ကြီး တည်ဆောက်ရာမှာ အစလည်းဖြစ်၊ အဆုံးလည်းဖြစ်၊ အလယ်ဗဟိုလို့လည်း ဆိုနိုင်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းတွေကို ဘယ်အခါမှမရပ်တန့်ခဲ့ပါဘူး။ အခြေအနေလိုအပ်ချက်တွေအရ ပြောင်းသင့်တာပြောင်း၊ ပြုပြင်သင့်တာပြုပြင်ပြီးတော့သာ ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ဘုံရည်မှန်းချက်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး ကတည်းက ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးခဲ့သည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ မငြိမ်းချမ်းမှုများကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ နှေးကွေးနေရသည်။ အထူးသဖြင့် ပြည်နယ်အချို့တွင် မငြိမ်းချမ်းသောရလဒ်များကို တိုင်းရင်းသားပြည်သူများ ယနေ့ထက်တိုင် ကြုံတွေ့ခံစားနေရသည်။ တိုင်းရင်းသားပြည်သူများ နေထိုင်ရာ တောင်တန်းဒေသအချို့တွင် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျ နေသည်မှာ ကြာခဲ့ပြီ။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးအားနည်း နေလျှင် ဒီမိုကရေစီရှင်သန်ရေးမှာလည်း အားလျော့ နေမည်ဖြစ်သည်။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီရေး အားကောင်း ရှင်သန်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြုပြင်ပြောင်းလဲသင့်သည်တို့ကို ပြောင်းလဲနိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေသည်။

လူဦးရေ သန်း ၅၀ ကျော်ရှိသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးတွင် တိုင်းရင်းသားလူမျိုးစု အများအပြား မှီတင်းနေထိုင်ကြသည်။ အချို့က တိုင်းပြည်၏ အတွင်းပိုင်းတွင် နေထိုင်ကြသည်။ အချို့က မြေပြန့်များတွင် နေထိုင်ကြသည်။ အချို့က တောင်တန်းဒေသများနှင့် အစွန်ပိုင်းတွင် နေထိုင်ကြသည်။ သူတို့သည် အကွဲကွဲအပြားပြား နေထိုင်ကြသော်လည်း တစ်စိတ်တစ်ဝမ်းတည်း အေးအေးချမ်းချမ်း နေထိုင်လိုကြသည်။ တောင်တန်း-မြေပြန့်၊ အတွင်း-အစွန် မကွဲပြားဘဲ တန်းတူညီမျှ အခွင့်အရေးများဖြင့် မျှမျှတတနေထိုင်လိုကြသည်။ တိုင်းရင်းသား ပြည်သူများ၏ အဆိုပါဆန္ဒများကိုဖြည့်ဆည်းပေးနိုင်ရေး တစ်ခုတည်းသောပန်းတိုင်မှာ တိုးတက်အောင်မြင်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးပင်။ အဆိုပါ ရည်မှန်းချက် အောင်မြင်ရေးအတွက် ဦးစားပေးကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရပါမည်။

တန်းတူညီမျှရေး

နယ်ချဲ့လက်အောက်သို့ နှစ်တစ်ရာကျော် ရောက်ရှိခဲ့စဉ်က ကိုလိုနီနယ်ချဲ့တို့သည် မြန်မာပြည်ရှိ တိုင်းရင်းသား ပြည်သူများအား ပညာရေး၊ စီးပွားရေး၊ လူမှုရေး မညီမမျှ ဖြစ်အောင် ဖန်တီးခြယ်လှယ်ခဲ့သောကြောင့် လူမျိုးစု အသီးသီးတို့ လူနေမှုအဆင့်အတန်း ကွဲပြားခဲ့ရသည်။ ပြည်ထောင်စုကြီး တစ်ခုလုံးအနေဖြင့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အဆင့်အတန်းနိမ့်ကျခဲ့ရသည်။ ထို့အပြင် ပြည်နယ်များ၏ အခြေအနေမှာ ပြည်မနှင့် အလှမ်းကွာမှုများ ဖြစ်ပေါ်ခဲ့သည်။ လွတ်လပ်ရေးမရမီက ပြည်နယ်နှင့် ပြည်မ တန်းတူညီမျှရရှိရေးကို ကြိုးပမ်းခဲ့သလို လွတ်လပ်ရေးရရှိပြီးသောအခါ ပြည်နယ်နှင့်ပြည်မ တန်းတူညီမျှ ဖွံ့ဖြိုးရေးကို ကြိုးပမ်းခဲ့ကြသည်။ တန်းတူ ညီမျှ ဖွံ့ဖြိုးရန်အတွက် ဦးစားပေးဖြေရှင်းကြရမည်မှာ ငြိမ်းချမ်းရေးဖြစ်သည်။ ငြိမ်းချမ်းမှ ဖွံ့ဖြိုးမည်။ ဖွံ့ဖြိုးမှ ဒီမိုကရေစီ ရှင်သန်ခိုင်မာမည်ဖြစ်သည်။

ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီရှင်သန်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြုပြင်ရမည့်အချက် များရှိသည်။ ယနေ့ ပြည်သူ့အစိုးရသည် ယင်းတို့ကို မျက်ခြည်အပြတ်မခံဘဲ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်နေသည်။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးသည် တစ်ပြိုင်တည်းလိုအပ်သဖြင့် တူယှဉ်တွဲကာ ဖော်ဆောင်နေသည်။ ပြည်နယ်နှင့်ပြည်မ အခြေအနေအဝဝတို့ ညီမျှမှု ရှိစေရေးအတွက် ပြည်သူ့အစိုးရက ပြည်နယ်များဖွံ့ဖြိုးရေးကို အားသွန်ကာ ကြိုးပမ်းပေးခဲ့သည်။ လက်တွေ့ မြင်တွေ့နေရပြီဖြစ်၍ ချီးကျူးထောမနာ ပြုသင့်သော အပြုအမူနှင့် စေတနာများဟုဆိုရမည်။ မည်သည့်ဘက်၌ မည်သို့အားပေးအားမြှောက်ပြု ဖြည့်ဆည်းပေးခဲ့မှု များကို သက်သေသက်ကာယနှင့် ဂဃနဏ ပြနိုင်ပါသည်။

ငြိမ်းချမ်းရေး

ပြည်ထောင်စုသားများကြားတွင် လွတ်လပ်ရေးရပြီး ယနေ့အထိ ဖြစ်ပေါ်နေသည့်မတူညီသည့် အယူအဆများ၊ သဘောထား အမြင်များကြောင့် မေတ္တာတရားများ ဆိတ်သုဉ်းပြီး တောက်လောင်ခဲ့ရသော ဒေါသမီး၊ မောဟမီး၊ စစ်မီးများ လောင်မြိုက်ခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာပြီဖြစ်သည်။ ထို့ကြောင့် ငြိမ်းအေးမှုများကို လောင်ကျွမ်းစေသည့် အဆိုးသံသရာမှ လွတ်မြောက်စေ နိုင်သော အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုများကို တည်ဆောက်ကြသည်။ ပြည်သူ့အစိုးရ စတင်တာဝန် ယူသည့် ၂၀၁၆ ခုနှစ်တွင် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ကို ထူထောင်ခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ အစည်းအဝေးကို စတင်ကျင်းပခဲ့သည်။ ယင်းတို့သည် ငြိမ်းချမ်းရေးခြေလှမ်းအစ ဖြစ်သည်။

ငြိမ်းချမ်းရေးကို ဆောင်ရွက်ရာ၌ အခက်အခဲများနှင့် စိန်ခေါ်မှုများ ကြုံတွေ့ရသော်လည်း လမ်းကြောင်းပျောက်မသွားအောင် ကြိုးပမ်းဖော်ဆောင်နေ ကြသည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကြောင့် အခက်အခဲများ ကြီးမားစွာကြုံတွေ့ရသော်လည်း မလျှော့သောဇွဲလုံ့လဖြင့် ဆောင်ရွက်ခဲ့ကြသောကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကြီးအထိ အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ နိုင်ငံရေးအနှစ်သာရပြည့်ဝသည့် သဘောတူ စာချုပ်များကို ဆွေးနွေးဖက်များအားလုံး ကျေကျေနပ်နပ် လက်မှတ်ရေးထိုးကြသည်။ ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များ၊ အဆင့်လိုက် အကောင် အထည်ဖော်မှုများ ချမှတ်နိုင်ခဲ့သည်။ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သည်။

ယခုအခါ ၂၀၂၀ ပြည့်နှစ်အလွန် ၂၀၂၁ ခုနှစ်မှ ရှေ့ဆက်သွားရမည့်လမ်းကြောင်းများ အထင်အရှား မြင်တွေ့နေရပြီ။ အဆင်သင့်ရှိနေပြီ။ ပဲ့ကိုင်ထိန်းကျောင်း ဖော်ဆောင်မည့် ပြည်သူ့အစိုးရသည်လည်း နောက်ထပ် ငါးနှစ် (၂၀၂၁-၂၀၂၅) ကာလတွင် လက်တွေ့အသက်ဝင် အကောင်အထည်ဖော်ရန် အဆင်သင့်ဖြစ်နေပြီ။ ယခုအခါ ၂၀ ရာစု “ပင်လုံစာချုပ်” ချုပ်ဆိုခဲ့သည်မှာ (၇၅) နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။ ၂၀၂၂ ခုနှစ် တွင် “စိန်ရတု ပြည်ထောင်စုနေ့” သို့ ရောက်မည်ဖြစ်သည်။ ထိုနှစ်တွင် ပြည်ထောင်စု၏ပန်းတိုင်ကို အတူတကွ ဆက်၍ လျှောက်လှမ်းနိုင်မည့် အရှိန်အဟုန်ကို စုပေါင်း အားဖြင့် တွန်းတင်ရမည်။ အခိုင်အမာ အထင်အရှား မြင်နေရသည့် အားတက်ဖွယ်ရာ အခြေအနေတစ်ရပ်သို့ ရောက်ရှိစေမည့် ရည်မှန်းချက်များ ဆက်လက် ချမှတ်ကြမည်။ ၂၀၂၀ ပြည့်နှစ်အလွန်တွင် ငြိမ်းချမ်းရေးတည်ဆောက်မှုအသစ်နှင့် အလားအလာကောင်းများ ရှိနေသည်။

လျှပ်စစ်ဓာတ်အား

၂၀၂၁ ခုနှစ် ပြည်ထောင်စုနေ့သို့ ရောက်ရှိတော့ မည်ဖြစ်သည်။ ယခုနှစ်သည် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်၍ စိန်ရတုပြည်ထောင်စုနေ့ အကြို ကာလဖြစ်သည်။ စိန်ရတုပြည်ထောင်စုနေ့တွင် ပြည်နယ်-ပြည်မ တန်းတူညီမျှဖြစ်စေမည့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီရေးအတွက် ရောင်နီလင်းလက် မျှော်လင့်ချက်များ ရှိလာပြီဖြစ်သည်။ ပြည်ထောင်စုကြီးဖွံ့ဖြိုးရေးအတွက် ပြည်သူ့အကျိုးပြုကိစ္စများအနက် လမ်းပန်းဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံများ ကောင်းမွန်အောင် တည်ဆောက်ရေးနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးလင်းရေးတို့သည် ပြည်နယ်-ပြည်မ တန်းတူညီမျှရေးတွင် အဓိကကျသည့် ကဏ္ဍများဖြစ်သည်။

ပြည်သူ့အစိုးရ နိုင်ငံ့တာဝန် စတင်ယူစဉ်အချိန်က တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိမှု ၃၄ ရာခိုင်နှုန်း သာရှိပြီး ယနေ့အချိန်အခါတွင် တစ်နိုင်ငံလုံး၏ ၅၇ ရာခိုင်နှုန်းနီးပါး လျှပ်စစ်ဓာတ်အား ရရှိနေပြီဖြစ်သည်။ ထို့အပြင် ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်းကျော် လျှပ်စစ်ဓာတ်အားရရှိအောင် ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားမည်ဟု ပြည်သူ့အစိုးရက အသိပေးထားသည်။ လက်ရှိတွင် မြို့ပြများအားလုံးတွင် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိနေပြီး ကျေးလက်ဒေသများ မီးလင်းရေး ကို ဆောင်ရွက်ပေးနေသည်။

ကျန်းမာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍတွင် ကျန်းမာရေးအသုံးစရိတ် များကို နှစ်စဉ်မြှင့်တင်ဆောင်ရွက်ပေးနေပြီး ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုကို တစ်နိုင်ငံလုံး လွှမ်းခြုံ ဆောင်ရွက်ပေးနေသည်။ ထို့အပြင် လူတိုင်းလက်လှမ်းမီ နိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှု Universal Health Coverage ရရှိရေးကိုလည်း ပြည်သူ့အစိုးရက ကတိကဝတ်ပြုထားသည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍတွင် အဘက်ဘက်၌ ဦးစားပေးအထူးမြှင့်တင် ဆောင်ရွက်နေသည်။ လာမည့် ငါးနှစ်တာကာလအတွင်း ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ လိုအပ်သည့် ဆေးဝါးများကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေသည်။

ထို့အပြင် နိုင်ငံတကာအဆင့်မီ ဆေးရုံများ၊ ဆေးခန်းများတွင် ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ နည်းပညာများ တိုးတက်မြင့်မားလာရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အဆင့်မြှင့်တင်ပြီး ပြည်ပထွက်ငွေ လျှော့ချနိုင်ရေးအတွက် ကျန်းမာရေး အထောက်အကူပြု လုပ်ငန်း နယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှုများ တစ်ရှိန်ထိုး တိုးတက်လာရေး အထူးအစီအမံများ ချမှတ်ဆောင်ရွက် သွားမည်ဟု သိရသည်။ လက်ရှိတွင် ပြည်သူများ ရောဂါ ကပ်ဘေး ကင်းဝေးစေရန် ကာကွယ်ဆေးထိုးလုပ်ငန်းစဉ် ကို စနစ် တကျဆောင်ရွက်ပေးသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးကို နိုင်နိုင်နင်းနင်းဆောင်ရွက်ပေးသည်။ ကျန်းမာရေးကဏ္ဍသည် တစ်နိုင်ငံ လုံး လွှမ်းခြုံစောင့်ရှောက်မှုပေးနိုင်သည့် ပြည်သူ့ ကျန်းမာရေးစစ်စစ် ဖြစ်လာခဲ့သည်။

စီးပွားရေးကဏ္ဍ

မျက်မှောက်ကာလ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ တွင်လည်း ကိုဗစ်-၁၉ ကိုအကြောင်းပြု၍ ပုံစံသစ်များ ပြောင်းလဲဆောင်ရွက်နေသည်။ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုဒဏ်ကို သက်သာစေရန်အတွက် ကိုဗစ်-၁၉ ထိခိုက်မှုသက်သာရေးစီမံချက် (CERP) စီမံချက်ကို ရေးဆွဲပြီး စီမံချက်တွင်ပါရှိသည့် လုပ်ငန်းစဉ်များကို အမြန်ဆုံး အကောင်အထည်ဖော်နေသည်။ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်နစ်နာကြသည်မှာ အားလုံး လိုလိုပင်။ နိုင်ငံအတွင်း အလုပ်လက်မဲ့ဖြစ်ကြသည် မှာလည်း တစ်ပုံတစ်ပင်ပင်။ ယင်းထိခိုက်မှုဒဏ်ချက်များကို သက်သာစေရန်အပြင် တစ်ဆင့်ရိုက်ခတ်မှုဒဏ်ခံ ရသည့် မြန်မာ့စီးပွားရေး ပြန်လည်နိုးထလာစေရန် အထူး လိုအပ်လာသည်။

ထို့ကြောင့် မြန်မာ့စီးပွားရေးထိခိုက်မှုကို တွန်းလှန်လွန်မြောက်နိုင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) မူကြမ်းကို နိုင်ငံတော်အစိုးရက ရေးဆွဲခဲ့သည်။ စီမံချက်တွင်ပါဝင်သည့် ကာလလတ် လုပ်ငန်းစဉ်များအနက် အမြန်ဆုံးသိသာနိုင်သည့် လုပ်ငန်းစဉ်များကို ရွေးချယ်ပြီး အကောင်အထည်ဖော်မည်။ MERRP သည် စီးပွားရေး ကဏ္ဍကို ပိုမိုဇောင်းပေးထားပြီး စီမံချက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက်ပါ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင် မည်ဖြစ်သည်။

များမကြာမီတွင် ပြည်တွင်း၊ ပြည်ပဖက်စပ်ရင်းနှီး မြှုပ်နှံမှုများကို အကောင်အထည်ဖော်မည့် အခြေခံ အဆောက်အအုံများ ဖြစ်ပေါ်လာနိုင်အောင် ဆောင်ရွက်နေသည်။ ယခုဘဏ္ဍာနှစ်တွင် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ ရှိသည့် အတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (MIPP)အရ ယခုနှစ်မျှော်မှန်းချက်၏ ၉၈ ရာခိုင်နှုန်းနီးပါး ရရှိပြီ ဖြစ်သည်။ ကိုဗစ်-၁၉ ကာလနှင့် အလွန်ကာလတွင် ကိုဗစ် ကြောင့် ထိခိုက်နစ်နာမှုများကို ကုစားနိုင်ရေးအတွက် စီးပွားရေးပြန်လည်ဦးမော့လာအောင် ကြိုးပမ်းအားထုတ်ရေးသည် အရေးကြီးသည်။ ဘဏ္ဍာရေးကို ဖြည့်ဆည်းပေးပြီး ပုဂ္ဂလိကကဏ္ဍကို ပိုမိုတွန်းအားပေးကြမည်ဖြစ်သည်။

ပညာရေးကဏ္ဍ

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် အရေးပါသော ရင်းနှီးမြှုပ်နှံမှုမှာ ပညာရေးဖြစ်သည်။ ပညာရေးကဏ္ဍ တိုးတက်ရေးသည် ရေရှည်လုပ်ငန်းဖြစ်သည်။ နိုင်ငံတော်က ခေတ်နှင့်လျော်ညီသည့် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသည်။ အသက်မွေးဝမ်းကျောင်း ပညာရေးကို ချဲ့ထွင်အားပေးသည်။ လူငယ်လူရွယ်များ အလုပ်အကိုင် ရရှိရေးနှင့် ဘဝလုံခြုံစိတ်ချရေးသည် အရေးကြီးသည်။ နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေမည့် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆောင်ရွက်သွားမည့်အပြင် ပုဂ္ဂလိကပညာရေးကိုလည်း အားပေးသွားမည်။ ပညာရေး မှရရှိမည့် အဓိကစွမ်းအားမှာ ရင်ဆိုင်ရမည့် ပြဿနာများကို အကောင်းဆုံးဖြေရှင်းနိုင်မည့်လမ်း၊ ထိုလမ်းကို ရှာဖွေလျှောက်လှမ်းနိုင်မည့် အရည်အချင်းများဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ ကြောင့် ပညာရေးကဏ္ဍတွင်လည်း စိန်ခေါ်မှု ကြီးကြီးမားမား တွေ့နေရသည်။ လူငယ်များ၏ ပညာရပ်ဝန်း ပြတ်တောက်မသွားအောင်၊ ကိုဗစ်-၁၉ အလွန်တွင် အားကောင်းသည့် ပညာရပ်ဝန်းဖြစ်ပေါ်လာ အောင် ကြိုးပမ်းလျက်ရှိသည်။

၂၀၂၁ ခုနှစ်နှင့် နောင်လာမည့်နှစ်များတွင် မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်အောင် ကြိုးပမ်းအားထုတ်ပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည့် နိုင်ငံသူ၊ နိုင်ငံသား များဖြစ်အောင် အကောင်အထည် ဖော်နေသည်။ နိုင်ငံတော်၏ အန္တိမပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးဆီသို့ မဖြစ်မနေ ကြိုးပမ်းလျှောက်လှမ်းနေသည်မှာ ပြည်နယ်-ပြည်မ တန်းတူညီမျှ အခွင့်အရေး ရစေလိုသောကြောင့် ဖြစ်သည်။ မျက်မှောက်ကာလတွင် ပြည်နယ်များသည် ယခင်နှင့်မတူ သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာသည်။ နောင်တွင်လည်း ယခုထက်မက တိုးတက်လာဦးမည်။

၂၀ ရာစုကာလက တောင်တန်း-ပြည်မ တန်းတူညီမျှ လွတ်လပ်ရေးရရှိရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခိုင်အမာတည်ဆောက်ကာ ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ ၂၁ ရာစုတွင် တောင်တန်း-ပြည်မ တန်းတူညီမျှ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးရေးအတွက် စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ဝိုင်းဝန်း ကြိုးပမ်းတည်ဆောက်ကြရမည် ဖြစ်သည်။

ဤသို့ အဘက်ဘက်တွင် အားသွန်ခွန်စိုက်မြှင့်တင်ကြိုးပမ်းပေးခြင်းဖြင့် မဝေးလှသောကာလတွင် ပြည်နယ်-ပြည်မ၊ တောင်တန်း-မြေပြန့် နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး တူညီမျှတသည့် ပန်းတိုင်ဖြစ်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးသို့ အမှန်တကယ်ရောက်ရှိလာမည်ဟု (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြု၍ ရေးသား တင်ပြလိုက်ပါသည်။ ။

မောင်ငြိမ်းအေး