Skip to main content

COVID-19 နှင့် အခြေခံလူတန်းစားများအား ထောက်ပံ့မှု

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများကို သက်သာစေရေးစီမံချက်အတိုင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများသို့ ငွေကြေးနှင့် စားသောက်ကုန်ပစ္စည်းများ ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အလုပ်သမားများအပေါ် ဆိုးကျိုးသက်ရောက်မှု လျော့နည်းစေရေးနှင့်  အိမ်ထောင်စုများအပေါ် ဆိုးကျိုးသက်ရောက်မှု လျော့နည်းစေရေး ရည်မှန်းချက် ပန်းတိုင်များကို ချမှတ်ကာ COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုသက်သာစေရေး စီမံချက်ထားကာ ဆောင်ရွက်လျက်ရှိပါသည်။ တီထွင်ဆန်းသစ်သည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန် အားပေးမြှင့်တင်ဆောင်ရွက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ ပိုမိုအားကောင်းလာစေရန်  ဆောင်ရွက်ရေးများကိုလည်း ပန်းတိုင်ထားကာ COVID-19 ကြောင့် ပြည်သူများ စီးပွားရေးထိခိုက်မှု သက်သာစေရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါသည်။

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေး အတွက် ထိခိုက်မှုရှိနေသောလုပ်ငန်းများကို ငွေကြေးပံ့ပိုးမှု တိုးမြှင့်ပေးနိုင်ရေးလည်း ရည်မှန်းချက် ပန်းတိုင်ထားကာ ဆောင်ရွက်လျက်ရှိပါသည်။     အိမ်ထောင်စုများအပေါ် ဆိုးကျိုးသက်ရောက်မှု လျော့နည်းစေရန် ဆောင်ရွက်နိုင်ရေး ရည်မှန်းချက်ပန်းတိုင်အတွက်   နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အညီ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မီတာခလျှော့ချပေးခြင်းကို လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက    ပုံမှန်ဝင်ငွေမရှိသော   အခြေခံလူတန်းစား  အိမ်ထောင်စုများအား  ငွေကြေးနှင့်စားသောက် ကုန်ပစ္စည်းများ   ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။    မြန်မာနိုင်ငံတော်    ဗဟိုဘဏ်ကလည်း  အိမ်ထောင်စုများအပေါ်  တည်ရှိနေသော    ကြွေးမြီများကို   လျော့နည်းသက်သာစေရေး အတွက်လည်း  စီမံဆောင်ရွက် လျက်ရှိပါသည်။

အခြေခံလူတန်းစားများအား ထောက်ပံ့မှု

ပုံမှန်ဝင်ငွေမရှိသော        အခြေခံလူတန်းစား အိမ်ထောင်စုများအား     ငွေကြေးနှင့်    စားသောက် ကုန်ပစ္စည်းများ  ပံ့ပိုးနိုင်ရေးအတွက်    ထောက်ပံ့ငွေများကို COVID-19  ကာကွယ်၊ ထိန်းချုပ်၊   ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက       နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့်     COVID-19  ကာကွယ်၊ ထိန်းချုပ်၊   ကုသရေးကော်မတီသို့ တိုက်ရိုက်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။   ထိုမှတစ်ဆင့်   ခရိုင်/မြို့နယ်များသို့ထောက်ပံ့ငွေများခွဲဝေကာ သက်ဆိုင်ရာအိမ်ထောင်စုများ လက်ဝယ်သို့   ရောက်ရှိစေရေး  ထောက်ပံ့ပေးအပ်လျက်ရှိ ပါသည်။ အိမ်ထောင်စုပေါင်း  ၄၀၀၆၃၀၂ စုအား  အခြေခံ စားသောက်ကုန်များဖြစ်သည့်    ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နှင့်    အိမ်ထောင်စုပေါင်း  ၁၄၃၆၁၄၁ စုအား ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊  ပထမအကြိမ် အဖြစ်    အိမ်ထောင်စုပေါင်း   ၅၄၃၇၉၅၅  စုအား ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် အိမ်ထောင်စုပေါင်း ၅၄၇၆၀၀၃ စုအား ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ တတိယအကြိမ်အဖြစ် အိမ်ထောင် စုပေါင်း  ၅၆၉၃၄၀ စုအား    ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

ထို့ပြင်   စတုတ္ထအကြိမ်အဖြစ်   အိမ်ထောင်စုပေါင်း ၆၁၀၆၇၆၁ စုသို့ Stay at home တွင်    ကျရောက်သော အိမ်ထောင်စုများအတွက်     အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊  Stay at home ပြင်ပတွင်    ကျရောက်သော         အိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင်   ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် လည်းကောင်း    ထောက်ပံ့ပေးအပ်ခဲ့ပါသည်။    ယခုအခါ ၁၀၀ ရာခိုင်နှုန်းနီးပါး ဆောင်ရွက်ပြီးဖြစ်ပါသည်။ အဆိုပါ ထောက်ပံ့ငွေများအား     ပုံမှန်ဝင်ငွေမရှိသော   အခြေခံလူတန်းစားအိမ်ထောင်စုများသို့    လက်ဝယ်အရောက်   ထောက်ပံ့ပေးခဲ့ပါသည်။ အားနည်းချက်၊ အားသာချက်များစွာ ရှိခဲ့ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားချက်

အိမ်ထောင်စုများအား  ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍    ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း ၁၆-၁၁-၂၀၂၀ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏   ပြောကြားချက်ကို ၎င်း၏ Page မှတစ်ဆင့်တရားဝင်တင်ပြထားခဲ့ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က  “ထောက်ပံ့ချိန်တွင် အကြောင်းအမျိုးမျိုးကြောင့်   ကျန်ခဲ့တယ်ဆိုရင်   တိုင်စာဌာနမှာ   တိုင်ကြားနိုင်ကြောင်း၊  ရည်ရွယ်ချက်နှင့် ဘယ်သူ့ ကိုမှချန်ထားခဲ့မှာ  မဟုတ်ကြောင်း၊   ကျန်ခဲ့ရင်လည်း ပြန်ပြီးတော့ ထောက်ပံ့ပေးမှာဖြစ်ကြောင်း  ပြောကြားခဲ့ ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောကြားချက်နှင့်အညီ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်    ပြည်နယ်အစိုးရအဖွဲ့များ၏    တင်ပြချက်အရ စတုတ္ထအကြိမ်အတွင်း    ထပ်တိုးပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၂၀၁၁၀၉၅ စုအတွက် ငွေကျပ် ၅၅၇၂၁ ဒသမ ၁၄ သန်းကို   ထောက်ပံ့ရန် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး၏ ပြောကြားချက်

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ    ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကျန်ရှိခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားရှိခဲ့သည့် ညွှန်ကြား ချက်များတွင်   မြို့နယ်အဆင့်တိုင်ကြားစာ  ဖြေရှင်းရေး ဌာနများကို   ၁၆-၁၁-၂၀၂၀ ရက်နေ့က    စတင်ဖွဲ့စည်း ဆောင်ရွက်ထားရန်နှင့်   ဆက်သွယ်ရမည့်  တယ်လီဖုန်းများကို ပြည်သူအများ   သိရှိစေရေးအတွက်   ထုတ်ပြန်ဆောင်ရွက်သွားရန် ညွှန်ကြားခဲ့ပါသည်။ ထို့ပြင် မြို့နယ်များ၏ ဆောင်ရွက်မှုအခြေအနေများကို  ခရိုင်အဆင့်က အနီးကပ်ကြီးကြပ်ပြီး ကူညီဖြေရှင်း ဆောင်ရွက်ပေးရန်နှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အသီးသီးသို့ တင်ပြဆောင်ရွက်သွားရန်   ညွှန်ကြားခဲ့ပါသည်။  ဖြေရှင်းဆောင်ရွက်မှု အခြေအနေများကို သက်ဆိုင်ရာနယ်မြေအလိုက် သတင်းများထုတ်ပြန်ပြီး ပြည်သူများကို အသိပေးရန်  ညွှန်ကြားခဲ့ ပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး၏  လမ်းညွှန်မှာကြားချက်အတိုင်း   နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိသော   အခြေခံလူတန်းစားများကို ငွေကြေး ထောက်ပံ့ရာတွင်   အမှန်တကယ်   ရသင့်ရထိုက်သည့် အိမ်ထောင်စုများအနေဖြင့် သတ်မှတ်ထောက်ပံ့ငွေအတိုင်း မရရှိပါက     ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်များတွင်   တိုင်ကြားစာဖြေရှင်းရေးဌာနများအား ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။   အဆိုပါ   ဌာနများ၏ ဖုန်းနံပါတ်များသို့   ရုံးချိန်အတွင်း  ဆက်သွယ်တိုင်ကြား နိုင်ပါသည်။ မြို့နယ်အလိုက်ဆက်သွယ်ရမည့် ဖုန်းနံပါတ် များကို   အများပြည်သူသိရှိစေရေးအတွက်   ဝန်ကြီးဌာန Facebook Page   ဖြစ်သည့်    Ministry Of Union Government Office မှတစ်ဆင့်   အသိပေးကြေညာပြီး ဖြစ်ပါသည်။

တိုင်ကြားစာများ

နေပြည်တော်ကောင်စီ၊   တိုင်းဒေသကြီး/ပြည်နယ်အလိုက်  ပုံမှန်ဝင်ငွေမရှိသော   အခြေခံလူတန်းစားများအား ငွေကြေးထောက်ပံ့နိုင်သည့်       ကိစ္စနှင့်ပတ်သက်၍ တိုင်ကြားစာ   ဖြေရှင်းရေးဌာနတွင်   ၂၄-၁၁-၂၀၂၀ ရက်နေ့အထိ   တိုင်ကြားစာစုစုပေါင်း   ၆၀၀၀၀ နီးပါး လက်ခံရရှိခဲ့ပါသည်။ တိုင်ကြားစာများကို  စိစစ်ရာတွင် ထောက်ပံ့ကြေးငွေရရှိလို၍   တိုင်ကြားခြင်း၊ ထောက်ပံ့ ကြေးပေးရာတွင် မှန်ကန်မှုမရှိ၍    တိုင်ကြားခြင်း၊   ယခင် ထောက်ပံ့ကြေးပေးရာတွင်    ပါဝင်ပြီး   ယခုထောက်ပံ့ ကြေးပေးရာတွင်   ပါဝင်မှုမရှိ၍ တိုင်ကြားခြင်း၊   ထောက်ပံ့ ကြေးပေးအပ်ရန်   အိမ်ထောင်စု စာရင်းကောက်ယူရာတွင်   ကျန်ရှိသဖြင့် တိုင်ကြားခြင်းဖြစ်ကြောင်း  စိစစ်တွေ့ရှိရပါသည်။  ထို့ပြင် ထောက်ပံ့ကြေးပေးအပ်ရန်  အမည်စာရင်းတွင်    ပါဝင်သော်လည်း   ထောက်ပံ့ပေးအပ်ခြင်းမပြုဘဲ   အခြားသူများအား     အမည်လွှဲအသုံးပြု၍    ပေးအပ်ခြင်းကြောင့်    တိုင်ကြားခြင်း၊   နိုင်ငံတော်မှပေးအပ်သော  စားသောက်ကုန်နှင့်   ငွေများအား ရရှိရန်အတွက် အမည် စာရင်းထည့်သွင်းပေးပါရန်  တိုင်ကြားခြင်းတို့ကိုလည်း     စိစစ်တွေ့ရှိရပါသည်။ ငွေကြေးထောက်ပံ့ရာတွင်   ပွင့်လင်း မြင်သာမှုမရှိ၍ တိုင်ကြားခြင်းနှင့်  ထောက်ပံ့ကြေးငွေ တစ်ကြိမ်တစ်ခါမျှ မရရှိ၍  တိုင်ကြားခြင်းမျိုးလည်း  စိစစ်တွေ့ရှိရပါသည်။ ၎င်းအပြင် နိုင်ငံတော်က ထောက်ပံ့ကြေး လေးကြိမ်ပေးအပ်ခဲ့သော်လည်း  ထောက်ပံ့ကြေး နှစ်ကြိမ်သာရရှိပြီး   တတိယအကြိမ်နှင့် စတုတ္ထအကြိမ်မရရှိ၍ တိုင်ကြားခြင်းမျိုးလည်း စိစစ်တွေ့ရှိရပါသည်။  တိုင်ကြားစာများကို  မြို့နယ်၊ ခရိုင်များက  ဖြေရှင်းဆောင်ရွက်လျက်ရှိပြီး     သက်ဆိုင်ရာ   အစိုးရအဖွဲ့အသီးသီးသို့  အချိန်နှင့်တစ်ပြေးညီ    တင်ပြဖြေရှင်းဆောင်ရွက်လျက် ရှိပါသည်။  ဖြေရှင်းဆောင်ရွက်မှု အခြေအနေများကို သက်ဆိုင်ရာနယ်မြေအလိုက်     သတင်းထုတ်ပြန်ပြီး ပြည်သူများကို  အသိပေးရန်   စီစဉ်ဆောင်ရွက်လျက်ရှိ  ပါသည်။

နေပြည်တော်၊   တိုင်းဒေသကြီးနှင့်  ပြည်နယ်များအလိုက်   ပုံမှန်ဝင်ငွေမရှိသော    အခြေခံလူတန်းစား အိမ်ထောင်စုများအား  ငွေကြေးထောက်ပံ့ပေးအပ်ခဲ့မှု နှင့်ပတ်သက်၍   ၁၆−၁၁−၂၀၂၀  ရက်နေ့မှ  စတင်၍ မြို့နယ်အလိုက်  တိုင်ကြားစာဌာနများ ဖွင့်လှစ်ထားရှိပြီး ဖြစ်ရာ အမှန်တကယ်ရသင့်ရထိုက်သည့် အိမ်ထောင်စုများ အနေဖြင့်    သတ်မှတ်ထောက်ပံ့ငွေအတိုင်း   မရရှိပါ၍ တိုင်ကြားထားရှိမှုများအပေါ်   ဖြေရှင်းဆောင်ရွက်လျက် ရှိရာ ၃၁−၁၂−၂၀၂၀  ရက်နေ့အထိ  တိုင်ကြားစာပေါင်း ၂၁၆၈၄၈ ခုကို လက်ခံရရှိပြီး အားလုံးကို စိစစ်ဖြေရှင်းပြီး ဖြစ်ပါသည်။    တိုင်ကြားစာအားလုံးအနက်   တိုင်ကြားစာ ၁၉၁၆၈၀ မှာ      အချက်အလက်စုံလင်သည့်အတွက် ဖြေရှင်းပြီးဖြစ်ပါသည်။    တိုင်ကြားစာ ၂၅၁၆၈ ခုမှာ မှန်ကန်မှုမရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

အားသာချက်များ

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ   ပုံမှန်ဝင်ငွေမရှိသော     အခြေခံလူတန်းစားများအား ထောက်ပံ့ငွေပေးအပ်ခဲ့ရာတွင်  အားသာချက်များကိုလည်း တွေ့ရှိခဲ့ရပါသည်။   COVID-19  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်  ဗဟိုကော်မတီက ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နှင့်   ငွေကြေးထောက်ပံ့ပေးခဲ့မှုကြောင့် COVID-19 ကာလတွင် သာမန်လက်လုပ်လက်စား ပြည်သူများသည်    တစ်နေ့ဝင်ငွေဖြင့်  တစ်နေ့ရပ်တည်နေရသောကြောင့်    စားဝတ်နေရေးအထိုက်အလျောက်  အဆင်ပြေမှု ရရှိခဲ့ပါသည်။   အများပြည်သူများ   အခက်အခဲရှိချိန်တွင် တတ်စွမ်းသမျှ      ကူညီစောင့်ရှောက်မှု ပေးခဲ့သဖြင့် နိုင်ငံတော်အစိုးရအပေါ် ပြည်သူတို့၏ အားကိုးယုံကြည်မှု ပိုမိုမြင့်မားလာစေခဲ့ပါသည်။

အလုပ်အကိုင်ရှားပါးမှုကြောင့်  ဖြစ်ပေါ်လာနိုင်သည့် ခိုး၊ ဆိုး၊ လု၊ နှိုက် မကောင်းမှုများ   လျှော့ချနိုင်ခဲ့ပါသည်။ အခြေခံလူတန်းစားများအနေဖြင့်   နေအိမ်ပြင်ပသို့  ဝင်ငွေ သွားရောက်ရှာဖွေမှုနည်းပါး၍ Stay at home သတ်မှတ် ချက်နှင့်အညီ   ဖြစ်စေသည့်အတွက်   COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို အထိုက်အလျောက် ကာကွယ်မှုဖြစ် စေပါသည်။  အခြေခံလူတန်းစားများအား ထောက်ပံ့ကြေး ပေးအပ်ခြင်း လေးကြိမ်တိုင်ရှိခဲ့ပြီးဖြစ်ပါသဖြင့်  COVID-19 ကာလအတွင်း     စီးပွားရေးကျပ်တည်းမှုအခြေအနေမှ အထိုက်အလျောက် ရုန်းထွက် နိုင်ခဲ့ပါသည်။

စာရင်းကောက်ယူရေးပူးပေါင်းအဖွဲ့

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ   ပုံမှန်ဝင်ငွေမရှိသော    အခြေခံလူတန်းစားများအား ထောက်ပံ့ငွေပေးအပ်ခဲ့ရာတွင်  အားနည်းချက်များလည်း အထိုက်အလျောက် တွေ့ရှိခဲ့ရပါသည်။   ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်းရှိ     ပုံမှန်ဝင်ငွေမရှိသော      အခြေခံ လူတန်းစားစာရင်းကောက်ယူရန်အတွက်    COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက် ရက်စွဲပါစာဖြင့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနဦးစီး၍   မီးသတ်ဦးစီးဌာန၊   လူမှုဝန်ထမ်း ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရပ်မိ/ရပ်ဖ အဖွဲ့ဝင်များပါဝင်သော    စာရင်းကောက်ယူရေး  ပူးပေါင်း အဖွဲ့နှင့်   စာရင်းကောက်ခံပြုစုရန်   ညွှန်ကြားခဲ့ပါသည်။ စာရင်းကောက်ယူရာတွင် လူတန်းစားရွေးချယ်သတ်မှတ်ရာ၌ တစ်နေရာနှင့်တစ်နေရာ လူတန်းစားရွေးချယ်ရန် စံသတ်မှတ်ချက်အပေါ်   နားလည်မှုလွဲမှားခြင်းကြောင့် အားနည်းချက်များ ရှိခဲ့ပါသည်။

အားနည်းချက်များ

စာရင်းကောက်ယူရန်   အချိန်ရရှိမှုအပေါ်မူတည်၍ အိမ်ထောင်စုများကျန်ရှိခြင်း၊ စာရင်းလွဲမှားမှုများရှိခြင်း၊ COVID-19 ရောဂါဖြစ်ပွားမှု ကြာရှည်လာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများ၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန်   ခက်ခဲလာပြီး   ဝင်ငွေနည်းပါး လာသဖြင့် ထောက်ပံ့ငွေရလိုသူ ပိုမိုများပြားလာကြောင်း ကိုလည်း လေ့လာတွေ့ရှိရပါသည်။ အခြေခံလူတန်းစား အိမ်ထောင်စုများအား စာရင်းပြုစုတင်ပြနိုင်ရေး ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်သော   ပြည်သူများအား အစည်းအဝေးခေါ်ယူချပြနိုင်ခြင်း      မရှိမှုတို့ကြောင့် ထောက်ပံ့ပေးအပ်ခဲ့သည့်အပေါ်  ပြည်သူလူထုတချို့က အထင်အမြင်လွဲမှားမှုတချို့ ရှိခဲ့ပါသည်။

အသေးစားလုပ်ငန်း       လုပ်ကိုင်လျက်ရှိသော အိမ်ထောင်စုများမှာလည်း COVID-19 ရောဂါ ဖြစ်ပွားသည့် ကာလကြာရှည်လာသည်နှင့်အမျှ လုပ်ငန်းများရပ်ဆိုင်းရခြင်းကြောင့် ယခင်ကအဆင်ပြေစွာ လုပ်ကိုင်လျက်ရှိသော အိမ်ထောင်စုအနည်းငယ်မှာလည်း ထပ်မံထောက်ပံ့ရန် လိုအပ်ခဲ့ပါသည်။

အခြေခံလူတန်းစား      အိမ်ထောင်စုများသည် အခြေတကျနေထိုင်မှု မရှိသူများ(ကျူးကျော်)နှင့် အိမ်ငှား နေထိုင်သူများ များပြားပြီး  အတည်တကျနေထိုင်မှုများ မရှိသည့်အတွက်   ထောက်ပံ့ငွေများ   ပေးအပ်ရန် စာရင်း ဇယားများ  ကောက်ယူပြုစုရာ၌ အခက်အခဲများရှိခဲ့ပါသည်။ အချို့မှာ   အိမ်ထောင်စုဇယားရှိလျှင်    ထောက်ပံ့ငွေ ရရှိမည်ဟုထင်မြင်နေခြင်းနှင့် မှတ်ပုံတင်ရှိလျှင် ထောက်ပံ့ ငွေရရှိမည်ဟု ထင်မြင်နေခြင်းများလည်းရှိပါသည်။  ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အကြိမ်ကြိမ် ထောက်ပံ့နေသည့်အတွက်   အခြေခံလူတန်းစားများ မဟုတ်သော အိမ်ထောင်စုများကလည်း   ရပိုင်ခွင့်ပေးရမည်ဟု  တင်ပြတောင်းခံလာခြင်းမျိုးလည်း တွေ့ရပါသည်။

ဆင်းရဲချမ်းသာ ကွာခြားမှုနည်းပါးခြင်း

အိမ်ထောင်စုစာရင်းများ ကောက်ယူရာတွင် အချိန်တိုကာလအတွင်း  အမြန်ကွင်းဆင်း  ကောက်ယူရသဖြင့် အိမ်ထောင်စုများကျန်ရှိနေခြင်း၊  အချို့ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ဆင်းရဲ၊ ချမ်းသာ ကွာခြားမှုနည်းပါးသည့် အတွက် စာရင်းကောက်ယူရာတွင် အခက်အခဲများရှိခဲ့ခြင်း တို့ကြောင့် ထောက်ပံ့ငွေမရရှိသည့် အိမ်ထောင်စုများက တင်ပြတိုင်ကြားမှုများ၊   တရားစွဲဆိုမှုများ   ရှိနေသည့်အတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများသည် မလိုလားအပ်သော ပြဿနာများကို  ဖြေရှင်းဆောင်ရွက်နေရပါသည်။

ပြည်ပပြန်အလုပ်သမားများ၊ စက်ရုံ/အလုပ်ရုံများ ပိတ်သဖြင့်   နေရပ်သို့ပြန်လာသူ  အလုပ်လက်မဲ့ဖြစ်သူများ ကြောင့်    အခြေခံလူတန်းစားဦးရေ   တိုးတက်လာပြီး အချိန်မီစာရင်းမတင်ပြနိုင်သဖြင့်      ထောက်ပံ့ပေးရန် ပျက်ကွက်မှုတချို့လည်း  ရှိခဲ့ပါသည်။ ယခင်စံသတ်မှတ်ချက်များ၌ မပါဝင်သည့် လယ်ယာခြံမြေပိုင်ဆိုင်ထားသည့် တောင်သူများကလည်း သီးနှံဖြစ်ထွန်းမှုမရှိခြင်း  စျေးနှုန်းကောင်း မရခြင်းတို့ကြောင့် ကျပ်တည်းမှုများ ပေါ်ပေါက် လာကြသဖြင့် အများနည်းတူ ထောက်ပံ့ငွေရရှိလိုခြင်း တို့ကိုလည်း ကြုံတွေ့ခဲ့ရပါသည်။

ထောက်ပံ့ငွေ စုစုပေါင်း ၅၆၈ ဒသမ ၆၄ ဘီလီယံ

စုစုပေါင်းအိမ်ထောင်စု   ၆ ဒသမ ၁  သန်းခန့်ကို   ငွေကျပ်  ၅၆၈ ဒသမ ၆၄  ဘီလီယံကို   လေးကြိမ်ခွဲ၍   ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထပ်မံ၍လည်း   စတုတ္ထ အကြိမ် ထောက်ပံ့ခြင်းတွင်  ထပ်တိုးအိမ်ထောင်စုများ အတွက် ငွေကျပ် ၅၅ ဒသမ ၇၂ ဘီလီယံ ထပ်မံထောက်ပံ့ ပေးရန်   စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။  ထိုကဲ့သို့ ထောက်ပံ့ပေးခြင်းသည် COVID-19 ကြောင့်  စီးပွားရေး ထိခိုက်မှု  သက်သာစေရေးအတွက် စနစ်တကျစီမံချက်ထား  ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းစီမံချက်ကို  အကောင် အထည်ဖော်ရန် မဟာဗျူဟာ (၁၀)ချက်ကို  ချမှတ်ခဲ့ပါ သည်။  မဟာဗျူဟာ(၁၀)ချက်ကို   ဆောင်ရွက်ရမည့် အစီအစဉ်(Action Plans) (၃၆) ချက်ကိုလည်း  ဌာန ဆိုင်ရာအသီးသီးက  အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိနေပါသည်။

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး မဟာဗျူဟာ (၁၀) ချက်

မဟာဗျူဟာ (၁၀) ချက်တွင်  ငွေကြေးဆိုင်ရာပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်း၊ ပုဂ္ဂလိက ကဏ္ဍရှိ လုပ်ငန်းများအပေါ် သက်ရောက်မှုများ လျော့နည်းစေခြင်းများ ပါဝင်ပါသည်။ ၎င်းအပြင် ဘဏ်လုပ်ငန်းကဏ္ဍအပေါ် ဆိုးကျိုးသက်ရောက်မှုများ   လျော့နည်းစေပြီး   ရင်းနှီးမြှုပ်နှံမှု  မြှင့်တင်ခြင်း၊ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ခြင်း   မဟာဗျူဟာများ လည်း ပါဝင်ပါသည်။

အလုပ်သမားများအပေါ်   ဆိုးကျိုးသက်ရောက်မှု လျော့နည်းစေရန် ဆောင်ရွက်ခြင်း၊ အိမ်ထောင်စုများအပေါ် ဆိုးကျိုးသက်ရောက်မှု လျော့နည်းစေရန် ဆောင်ရွက်ခြင်း နှင့် တီထွင်ဆန်းသစ်သည့် ထုတ်ကုန်များ  ထုတ်လုပ်နိုင်ရန် အားပေးမြှင့်တင်ဆောင်ရွက်ခြင်း  မဟာဗျူဟာကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။  ထို့အပြင် COVID-19 ကြောင့်   စီးပွားရေးထိခိုက်မှု   သက်သာစေရေးအတွက် စီမံချက်ရေးဆွဲရာတွင်   ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုကောင်းမွန်လာစေရေးအတွက် အစိုးရအသုံးစရိတ်များနှင့်   စည်းမျဉ်းဆိုင်ရာ   ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခြင်း၊ COVID-19 ရန်ပုံငွေနှင့်  အရေးပေါ်ရန်ပုံငွေများ ပိုမို တိုးမြှင့်နိုင်ရေးအတွက်လည်း   မဟာဗျူဟာများ ချမှတ်ကာ    အကောင်အထည်ဖော်    ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူသာလျှင် အဓိက

COVID-19 ကြောင့်  စီးပွားရေးထိခိုက်မှုသက်သာစေရေးအတွက်    စီမံချက်ရေးဆွဲကာ   ပန်းတိုင် (၇) ခု၊ မဟာ ဗျူဟာ(၁၀)ချက်၊   ဆောင်ရွက်ရမည့်အစီအစဉ်(Action Plans)   (၃၆)  ချက်ကို     နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုဖြင့်    ဝန်ကြီးဌာနအသီးသီး၊   ဌာနဆိုင်ရာ အသီးသီးက ဟန်ချက်ညီညီ  ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ထို့ကဲ့သို့ဆောင်ရွက်ရာတွင်   ရည်မှန်းချက် ပန်းတိုင်များသို့    ရောက်ရှိစေရေး   “ပြည်သူသာလျှင် အဓိက  ဟုဆိုသည့်အတိုင်း ပြည်သူများ၏ ပူးပေါင်းပါဝင်မှု သည် လွန်စွာအရေးကြီးပါသည်။  နိုင်ငံတော်အကြီးအကဲ များ၏   လမ်းညွှန်မှုဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို ဝန်ကြီးဌာနအသီးသီး၊ ဌာနဆိုင်ရာ အသီးသီးက ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိသလို COVID-19 ကြောင့်  စီးပွားရေးထိခိုက်မှုသက်သာစေရေး စီမံချက်အောင်မြင်စေရေးအတွက် ပြည်သူအားလုံးက ပူးပေါင်းပါဝင်ကူညီကြရန် လိုအပ်ပါသည်။

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေ ရေးစီမံချက်တွင်    ပါရှိသည့်     ပန်းတိုင်   (၄)  ဖြစ်သည့် အိမ်ထောင်စုများအပေါ် ဆိုးကျိုးသက်ရောက်မှု လျော့နည်းစေရန် ဆောင်ရွက်နိုင်ရန် အတွက် အိမ်ထောင်စုများအပေါ် ဆိုးကျိုးသက်ရောက်မှုလျော့နည်းစေရန်   မဟာဗျူဟာ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းပန်းတိုင်နှင့် မဟာဗျူဟာကို အကောင်အထည်ဖော်ရာတွင် Action Plans  အဖြစ် ငွေကြေးနှင့်စားသောက်ကုန်ပစ္စည်းများ ပံ့ပိုးကူညီခြင်းများကို ပြည်သူများသို့ ဆောင်ရွက်ပေးလျက်ရှိရာ အားနည်းချက်များ၊ အခက်အခဲများ ကြုံတွေ့ ရလျက်ရှိပါသည်။     စိန်ခေါ်မှုများရှိသော်လည်း  အခွင့်အလမ်းအဖြစ်မှတ်ယူကာ  COVID-19 ကြောင့် စီးပွားရေး ထိခိုက်မှုသက်သာစေရေး    စီမံချက်ကို   အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး မွန်မြတ်သော စိတ်ထားများ ဖြင့် ပြည်သူအားလုံးကို   ပါဝင်ကြဖို့   ဆန္ဒပြုတင်ပြအပ်ပါသည်။      ။

ညီညီမင်း(ထွေ/အုပ်)