မြန်မာစာနှင့် ပါဠိ (၂၁)
“ဗုဒ္ဓစာပေဝတ္ထုတွေအကြောင်း ဆရာပြောပြလို့ တော်တော်မြင်သွားပါပြီဆရာ။ ဇာတက၊ ဗုဒ္ဓဝင်၊ ဇင်းမယ်ပဏ္ဏာသ၊ ဓမ္မပဒဝတ္ထုတွေဟာ ပါဠိက မြန်မာစာကိုပေးတဲ့ အမွေအနှစ်တွေလို့ ဆရာသုံးသပ်ပြတာ အများကြီး ဗဟုသုတတိုးပါတယ် ဆရာ”
“အင်း”
“ဝတ္ထုမဟုတ်တဲ့ ဗုဒ္ဓစာပေတွေလဲ မြန်မာစာပေမှာ အများကြီးရှိမှာပေါ့နော် ဆရာ”
“မင်းက...ဆက်ပြောစရာစကားတောင်းနေတာကိုး။ ဟုတ်တယ်၊ ဝတ္ထု တွေကတော့ စာဖတ်သူ၊ တရားနာသူတွေရဲ့ ရင်ထဲကိုပို့ပေးတဲ့ စာပေတွေပေါ့။ အဲ...ဝတ္ထုမဟုတ်ဘဲ တရားသဘောတွေကို ရှင်းလင်းဖွင့်ဆိုတဲ့ စာပေကျမ်းဂန်တွေလဲ အများကြီးရှိတာပေါ့ကွယ်။ အရင်းခံကတော့ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတွေပေါ့”
“ဟုတ်ကဲ့ပါ”
“အဲဒီလို ကျမ်းတွေထဲမှာ အမေးအဖြေသဘောသက်ရောက်တဲ့ ကျမ်းတွေ ပါတာပေါ့။ မေးတဲ့သူတွေကတော့ ဘုရင်ကစပြီး မှူးမတ်တွေ၊ ပညာလိုလား သူတွေပေါ့။ ဖြေတဲ့ပုဂ္ဂိုလ်တွေကတော့ စာပေကျမ်းဂန်တတ်ကျွမ်းတဲ့ ဆရာ တော်ကြီးတွေပေါ့”
“ဟုတ်ကဲ့ပါ”
“ထင်ရှားတာတွေပြောရရင် ကုန်းဘောင်ခေတ်မှာ အလောင်းမင်းတရားကြီး မေးလျှောက်တာတွေကို အတုလဆရာတော်ဖြေတဲ့ ‘နန်းစဉ်ပုစ္ဆာအဖြေ ကျမ်း’၊ လက်ဝဲနော်ရထာမေးလျှောက်တာတွေကို တောင်တွင်းဆရာတော် ခင်ကြီးဖျော်ဖြေတဲ့ ‘လက်ဝဲနော်ရထာလျှောက်ထုံး’ ဆိုတဲ့ ကျမ်းတွေ ကုန်းဘောင်ခေတ်ဦးမှာ ထင်ရှားတာပေါ့”
“ဟုတ်ကဲ့ပါ”
“အရင်ပြောခဲ့တဲ့ မုံရွေးဇေတဝန်ဆရာတော်ကို တပည့်ဖြစ်တဲ့ မုံရွာ ရှင်သီရိမာလာဆိုတဲ့ သာမဏေကမေးလျှောက်တာတွေကို ဆရာတော်က အသေးစိတ်ပြန်ဖြေထားတဲ့ အဖြေတွေက ‘သမန္တစက္ခုဒီပနီကျမ်း’ ဆိုပြီး ထင်ရှားတယ်”
“ဟုတ်ကဲ့ပါ”
“နောက် ဘိုးတော်ဘုရားမေးလျှောက်တာကို မောင်းထောင်ဆရာတော် ပြန်ဖြေတဲ့‘အမေးတော်ဖြေကျမ်း’ဆိုတာ ရှိတယ်။ အဲဒီကျမ်းတွေမှာ လောက၊ ဓမ္မ၊ ရာဇအကြောင်းအရာမျိုးစုံကို ပါဠိစာပေကျမ်းဂန်တွေ ကိုးကားဖြေထား တာတွေဆိုတော့ မှတ်သားစရာတွေအများကြီးပေါ့ကွယ်”
“ဟုတ်ကဲ့”
“ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာပေါ်ပေါက်လာတဲ့ ‘သံပေါက်ကျမ်း’ နှစ်ကျမ်းကလဲ အရေးကြီးတယ်ကွဲ့”
“ဟင်၊ သံပေါက်ကျမ်းလား ဆရာ”
“အေး၊ သံပေါက်ကျမ်းဆိုလို့ သံပေါက်ကဗျာကလေးတွေရေးထားတာပဲလို့ထင်ပြီး အသေးအဖွဲမမှတ်နဲ့၊ မြန်မာစာပေမှာ လေးလေးစားစား ကိုးကား ရတဲ့ကျမ်းတွေကွဲ့”
“ပြောပြပါဆရာ”
“တစ်ကျမ်းက စိန္တကျော်သူဦးဩရဲ့ ကဝိလက္ခဏာသတ်ပုံ ‘သံပေါက် ကျမ်း’ပဲ။ အရင်းခံကတော့ သတ်ပုံရေးထုံး အပင့်၊ အရစ်၊ အသတ်တွေ ဂရုပြု မိအောင် သံပေါက်ကဗျာတွေနဲ့ ဖွဲ့ထားတာပဲ။ ဒါပေမဲ့အကြောင်းအရာက မှတ်သားစရာ အမျိုးစုံပါတယ်။ နမူနာပြောရရင် စစချင်းသံပေါက်က ‘ရောင်ခြည်ခြောက်သွယ်၊ ဘဝဂ်ကယ်၊ အံ့ဖွယ်ဆဲ့ရှစ်ဖြာ’တဲ့။ အဓိပ္ပာယ်က ဘုရားရှင်ရဲ့ ရောင်ခြည်တော်ခြောက်ပါး ဘဝဂ်အထိပျံ့နှံ့ပုံနဲ့ ဘုရားရှင်မှာ အံ့ဩဖွယ် ဂုဏ်တော် ဆယ့်ရှစ်ပါးရှိပုံကို ဖွဲ့ထားတာပဲ”
“ဪ၊ ဟုတ်ကဲ့”
“အဲဒီလိုပဲ၊ ပိဋကတ်စာပေ၊ သမိုင်းရာဇဝင်၊ ဗေဒင်နက္ခတ်၊ မြန်မာကဗျာ အရေးအဖွဲ့၊ ဆင်ကြန် မြင်းကြန်စတဲ့ စာပေကျမ်းဂန်က အကြောင်းအရာတွေကို ဖွဲ့ထားတာ သံပေါက်ပေါင်း ၁၇၉၃ ပုဒ်ပါတယ်”
“ဟာ...အများကြီးပါလား”
“အဲဒီသံပေါက်တွေထဲက သံပေါက် ၇၈ ပိုဒ်ကို မင်းတုန်းမင်းလက်ထက်မှာ မြောင်လှမြို့စား၊ နိုင်ငံခြားဝန်ထောက် မင်းကြီးသီရိမဟာဇေယျသူဘွဲ့ရတဲ့ ပညာရှိ ဦးခြိမ့်က အကျယ်ဖွင့်ဆိုထားတဲ့ ကျမ်းရှိတယ်။ ‘ကဝိလက္ခဏဒီပနီ’ တဲ့။ အသိခက်တဲ့ သံပေါက်တွေရဲ့အဓိပ္ပာယ်ကို မင်းတုန်းမင်းတရားကြီးက မေးမြန်းတဲ့အတွက် အဲဒီကျမ်းကို ရေးတာလေ”
“ဟုတ်ကဲ့၊ သိပါပြီ ဆရာ၊ ကျွန်တော်လေ့လာချင်ပါတယ်”
“နောက် သံပေါက်ကျမ်းတစ်ကျမ်းက ‘စွယ်စုံကျော်ထင်ကျမ်း’ ဆိုပြီး ထင်ရှားတယ်”
“ကြားဖူးပါတယ် ဆရာ”
“ကျည်းကန်ရှင်ကြီးဆိုတဲ့ ပညာရှိသာမဏေကြီး၊ ကိုရင်ကြီးပေါ့၊ ရှင်နန္ဒဓဇ ဆိုတဲ့ အဲဒီကိုရင်ကြီးက ကဝိလက္ခဏာသတ်ပုံလိုပဲ သံပေါက်ကျမ်းကြီး ရေးခဲ့တာ။ အားလုံးက အမေးပုစ္ဆာတွေချည်းပဲ။ အဲဒီမှာလဲ ပိဋကတ်ကျမ်းဂန် တွေထဲက အကြောင်းအရာတွေ မျိုးစုံပါတယ်။ အဲဒီအမေးပုစ္ဆာတွေကို ကျီးသဲ လေးထပ် ဆရာတော် ရှင်မုနိန္ဒာဘိဓဇက ပြန်ဖြေတဲ့ကျမ်းကို စွယ်စုံကျော် ထင်ကျမ်းလို့ ခေါ်တာ။ ‘ကျည်းကန်အမေး၊ ကျီးသဲအဖြေ’လို့ မှတ်သားကြတယ်။ မြန်မာစာပေလေ့လာသူတွေ အလေးအမြတ်ပြုရတဲ့ ကျမ်းကြီးပေါ့ကွယ်”
“နားလည်ပါပြီ ဆရာ”
“ခေတ်အဆက်ဆက်ပေါ်ပေါက်တဲ့ ဆရာတော်ကြီးတွေရဲ့ ထေရုပ္ပတ္တိကို လေ့လာကြည့်ရင် စာပေကျမ်းဂန်တွေအများကြီး ပြုစုခဲ့ကြတာကို တွေ့ရမှာ ပေါ့။ ကျမ်းနာမည်တွေလဲ တွေ့နိုင်တယ်။ ဆရာတော်ကြီးတွေ ပရိယတ္တိ တာဝန်ကျေပွန်ကြတာပေါ့ကွယ်”
“ဟုတ်ကဲ့ပါ”
“ထင်ရှားတဲ့ ဆရာတော်ကြီးတစ်ပါးကတော့ အများသိကြတဲ့ လယ်တီ ဆရာတော်ကြီးပဲ။ ဆရာတော်ကြီးဟာ ကျမ်းပေါင်းတစ်ရာကျော် ရေးသားပြုစု ခဲ့တယ်။ အဲဒီထဲမှာ ‘ဒီပနီ’ နာမည်တပ်တဲ့ကျမ်းတွေ အများကြီးပါတယ်”
“ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ကျောင်းသားတုန်းက ဒါနာဒိဒီပနီ သင်ခဲ့ ရပါတယ်ဆရာ”
“ဗုဒ္ဓစာပေမှာလာတဲ့ တရားသဘောတွေကို အကျယ်ဖွင့်ပြထားတဲ့ ကျမ်းတွေပေါ့ကွယ်။ မဂ္ဂင်္ဂဒီပနီ၊ ရူပဒီပနီ၊ ဗောဓိပက္ခိယ ဒီပနီ၊ ဥတ္တမပုရိသဒီပနီ၊ အနတ္တဒီပနီ၊ ဒါနာဒိဒီပနီ စသည်ဖြင့်ပေါ့။ အဲဒီ ဒီပနီကျမ်းတွေကို လယ်တီ ဒီပနီပေါင်းချုပ်ဆိုပြီး ဗုဒ္ဓသာသနာအဖွဲ့က ထုတ်ထားပါတယ်”
“ဟုတ်ကဲ့ပါ။ ဪ...ပဋိစ္စသမုပ္ပါဒဒီပနီလဲ သင်ခဲ့ရပါတယ်ဆရာ”
“ဟုတ်ပါပြီ။ မင်းလေ့လာဖူးတဲ့အတိုင်း အဲဒီ ဒီပနီကျမ်းတွေမှာ ခက်ခဲနက်နဲတဲ့ တရားသဘောတွေကို ဥပမာအမျိုးမျိုး၊ သာဓကအမျိုးမျိုးနဲ့ ရှင်းပြထားတာ ဘယ်လောက်ရှင်းသလဲကွယ်။ စကားပြေအရေးအသားကလဲ အင်မတန် ရှင်းလင်းပြေပြစ် တယ်လေ”
“ဟုတ်ပါတယ်ဆရာ”
“ဆရာတော်ကြီးရဲ့ခံယူချက်တစ်ခုကို ဥတ္တမပုရိသဒီပနီမှာ တွေ့ရတယ်။ ဆရာအရင်ပြောဖူးပါတယ်။ ဆရာတော်ကြီးဆိုလိုတာက စာရေးရာမှာပါဠိသံ ကျမ်းဂန်သံတွေလွှမ်းနေရင် စကားကြီးကျယ်ခံ့ညားပေမဲ့ ဖတ်တဲ့သူတွေ အသိဉာဏ် တန်းခနဲ၊ စိုက်ခနဲမသွားဘူးတဲ့၊ ယောင်ဝါးကြီးဖြစ်နေတတ်တယ်တဲ့။ ဒါကြောင့် ဒီကျမ်းကစပြီး မြန်မာပရိသတ်အတွက် မြန်မာပြော ပြောမယ်လို့ ဆရာတော်ကြီးက မိန့်ဆိုထားတယ်”
“မှတ်သားစရာကောင်းလိုက်တာဆရာ”
“မြန်မာပရိသတ်အတွက် မြန်မာလိုနားလည်အောင် မြန်မာပြောပြောဖို့ လိုတယ်ဆိုတဲ့ ဆရာတော်ကြီးရဲ့ အဆိုအမိန့်ဟာ သဘာဝလဲကျတယ်။ စာရေးသူတွေအတွက် လမ်းညွှန်လဲဖြစ်တာပေါ့ကွယ်”
“မှန်ပါတယ် ဆရာ”
“နောက်ဆရာတော်ကြီးမှာ ဆန္ဒတစ်ခုရှိသေးတယ်။ ပိဋကတ်စာပေတွေကို မြန်မာတွေ သဘောပေါက်နားလည်ဖို့ ‘ဘာသာပြန်ကိန်းကြီးလိုနေပြီ’လို့ မိန့်ကြားပြီး ပိဋကတ်ဘာသာပြန်တွေ ပေါ်ပေါက်စေချင်တဲ့ဆန္ဒကို ဖော်ပြခဲ့တယ်လေ”
“ဟုတ်ကဲ့ပါ”
“လွတ်လပ်ရေးရပြီးတော့ ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီး ကျင်းပပြီးတဲ့နောက် မှာ ပိဋကတ်ကျမ်းတွေကို အပြည့်အစုံ မြန်မာဘာသာပြန်ခဲ့ကြတယ်။ လယ်တီ ဆရာတော်ကြီးရဲ့ဆန္ဒပြည့်ဝသွားတာပေါ့”
“ဟုတ်ပါတယ်ဆရာ။ ဗုဒ္ဓသာသနာအဖွဲ့ကထုတ်တဲ့ အဖုံးအဝါရောင်တွေနဲ့ ပိဋကတ် ဘာသာပြန်တွေ၊ အတွဲတွေ အများကြီးထွက်လာတာတွေ့ရပါတယ်”
“ဟုတ်တယ်။ ဪ...သတိရလို့ အရေးအသားသိပ်ကောင်းတဲ့ကျမ်းတစ် ကျမ်းအကြောင်း ပြောရအုံးမယ်။ ကျမ်းနာမည်က ‘ပဏ္ဍိတဝေဒနိယဒီပနီကျမ်း’ ပါ။ ကျမ်းပြုပုဂ္ဂိုလ်က သစ်ချတောင်(သေက္ချတောင်)ဆရာတော် အရှင် တိလောကပါ။ ဆရာတော်က ဒီကျမ်းမှာ ကမ္မဋ္ဌာန်းအားထုတ်နည်းအကြောင်း လမ်းညွှန်ထားတာပါ။ စာအရေးအသားသိပ်ကောင်းလို့ ဆရာဇော်ဂျီက ချီးကျူး တာ ဖတ်ဖူးပါတယ်။ ကမ္မဋ္ဌာန်းထိုင်ရင်း အာရုံထဲမှာမြင်လာတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို သရုပ်ဖော်ရာမှာ အရေတွေ၊ အသားတွေဖုံးနေတဲ့ အရိုးတွေကိုတစ်ကန့်စီမြင်ယောင်လာနိုင်တဲ့အထိ ကွင်းကွင်းကွက်ကွက် သရုပ် ဖော်ထားတာ သိပ်ပေါ်လွင်တာပဲ။ ဗုဒ္ဓစာပေကျမ်းကောင်းတစ်ဆူပါပဲကွယ်”
“အခုလိုသိရတာ ကျေးဇူးတင်ပါတယ် ဆရာ”
“လယ်တီဆရာတော်ကြီးရဲ့တပည့်ရင်း လယ်တီပဏ္ဍိတဦးမောင်ကြီးဆိုရင် လဲ စာပေကျမ်းဂန်တွေ အများကြီးပြုစုခဲ့တဲ့ဆရာကြီးပဲ။ ကျမ်းပေါင်း ၄၀၀ နီးပါး ပြုစုခဲ့တယ်လို့သိရတယ်။ ဆရာလေ့လာဖူးတာတော့ နီတိမာလာကျမ်း၊ နီတိမဉ္ဇရီကျမ်း၊ သုရဿတီနီတိကျမ်းဆိုတဲ့ နီတိကျမ်းတွေပဲ။ ပါဠိကျမ်းဂန် အကိုးအကားတွေနဲ့ နှံ့နှံ့စပ်စပ်ပြုစုထားတဲ့ ကျမ်းတွေပေါ့ကွယ်။ ကိုလိုနီခေတ်မှာ အဲဒီလိုပါဠိစာပေတတ်ကျွမ်းတဲ့ပညာရှင်တွေရဲ့ ကျေးဇူးကြောင့် စာပေကျမ်းဂန်တွေ အများအပြားပေါ်ပေါက်ပြီး မြန်မာစာပေကို ကျေးဇူးပြုတာ ပေါ့ကွယ်” ။ ။
မောင်ခင်မင် (ဓနုဖြူ)