လေတိုတီ
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုအထိမ်းအမှတ် (အထူးကဏ္ဍ)
“မေမေ လေတိုတီဖွင့်ပေး၊ လေတိုတီဖွင့်ပေး”
ကျွန်မငယ်ငယ်က သည်လိုမကြာခဏပူဆာလေ့ရှိပါ သည်။ ဖေဖေကလည်း ကျွန်မကို “ သမီးရေ လေတိုတီ နားထောင်ရအောင်လာဟေ့” ဟု ခေါ်လေ့ရှိပါသည်။ လေတိုတီဆိုသည်မှာ ရေဒီယိုကိုခေါ်ခြင်း ဖြစ်သည်။ ကျွန်မ ကလေးဘဝက ရေဒီယိုကို ရေဒီယိုဟု ပီပီသသ မခေါ်တတ်ဘဲ လေတိုတီဟု ခေါ်လေ့ရှိရာ ကျွန်မ၏ မိဘများကလည်း ကျွန်မခေါ်သလို လေတိုတီဟု လိုက်ခေါ်ခဲ့ကြပါသည်။ ထိုရေဒီယိုလေးတစ်လုံးက ကျွန်မတို့ မိသားစုကြားတွင် အလွန်အရေးပါခဲ့ပါသည်။ ကျွန်မတို့ အိမ်လေးထဲတွင် ရေဒီယိုသံလေး အမြဲလိုပျံ့လွင့်နေ တတ်ခဲ့လေသည်။ ကျွန်မတို့ဟာ ရေဒီယိုချစ်သူများပေါ့။
နှလုံးသားခံစားမှုကို ဖွံ့ဖြိုးစေခဲ့
“မောင်နောင်း မောင်းနောင်... မောင်နောင်း မောင်းနောင် ... မောင်နောင်း မောင်းနောင်...ဗြောင်” ကျွန်မကလေးဘဝက ည ၈ နာရီဆို ရေဒီယိုတွင် ကြားရလေ့ရှိသည့် ဆိုင်းသံကိုအလွတ်ရနေကာ ပါးစပ်ဆိုင်း တီးလေ့ရှိသည်။ ည ၈ နာရီသတင်းအပြီးတွင် လွှင့်မည့် အသံလွှင့်ဇာတ်လမ်းကို နားထောင်ဖို့ ကျွန်မတို့မိသားစုအားလုံး ရေဒီယိုနားတွင် ဝိုင်းထိုင် နေတတ်ကြသည်။ ည ၇ နာရီတွင် လာတတ်သည့် ရွှေမန်းတင်မောင်၏ မဟာဗုဒ္ဓဝင် ဇာတ်လမ်းများကတော့ ကျွန်မအဘွား၏ အကြိုက်ဖြစ်သည်။ ကျွန်မလည်း အဘွားနှင့်အတူ နားထောင်ရင်း ရွှေမန်းတင်မောင်ကို အသည်းစွဲ ကြိုက်ခဲ့သည်။ ဗုဒ္ဓဝင်တောထွက်ခန်းကို နားထောင်ရင်း မျက်ရည်ကျရသည်။ ညနေခင်းများတွင် လွှင့်တတ်သည့် ဟာသများအနက် ရေနံချောင်းက ဖေကံကောင်းဆိုသည်ကိုတော့ အသေအချာမှတ်မိနေခဲ့သည်။ ဟာသများ နားထောင်ရင်းလည်း ရယ်မောပျော်ရွှင်ခဲ့ရသည်။ ရေဒီယိုကပေးသည့် ရသအဖုံဖုံက နှလုံးသားခံစားမှုကို ဖွံ့ဖြိုးစေခဲ့သည်ထင်ပါရဲ့။
ရေဒီယိုသံလေးများ ပျံ့လွင့်နေတတ်သည့် နွေကျောင်းပိတ်ရက်များကတော့ လွမ်းမောဖွယ်ရာပင်။ ကျောင်းပိတ်ရက် နေ့လယ်ခင်းများတွင် လွှင့်တတ်သည့် ပုံပြင်အစီအစဉ်နှင့် ရုပ်ရှင်သီချင်းမှာမူ ကျွန်မအသည်းစွဲ ဖြစ်ရသည်။ စစ်သည်များနားဆင်ဖို့ လွှင့်တတ်သည့် စိမ်းမို့မို့တို့၊ တင်တင်မြတို့၏ သီချင်းများကလည်း လွမ်းဖွယ်ရာပင်။ မနက်စောစော လွှင့်တတ်သည့်သီချင်း တစ်ပုဒ်ကိုတော့ ကျွန်မတော်တော်မှတ်မိသားမိရှိသည်။ စိတ်ခွန်အားပေးသည့် သီချင်းလေးမို့ စွဲခဲ့သည်လား မသိ ပါ။ “အမေ့ဗိုက်ထဲက ထွက်လာတုန်းက x x x ဘာမှ ဘာမှ မပါဘူးဆို x x x၊ ရွှေငွေကလည်း ဆီးလို့မကြို၊ ပညာ လည်း ဆီးလို့မကြို၊ ကိုယ့်ကိုယ်ကိုယ် အားကိုးလို့ ကြိုးစား ရင် ဘုရားတောင်ဖြစ်နိုင်သဗျို x x x”တဲ့။ ဘယ်သူမှန်း မမှတ်မိတော့သော်လည်း ထိုသီချင်းလေးက ခုချိန်ထိ ကျွန်မနှလုံးသားထဲမှာရော ဦးနှောက်ထဲမှာပါ စွဲထင်နေခဲ့ပါ သည်။ ထိုသီချင်းလေးကပင် ကျွန်မအား ကိုယ့်အားကိုယ်ကိုး၍ ကြိုးစားချင်စိတ်ရှိအောင် တွန်းအားပေးခဲ့ပါသည်။
ရုပ်မြင်သံကြားအစီအစဉ်များကို ကြည့်ရှုနိုင်သည့် အဖြူအမည်းတီဗွီကတော့ ကျွန်မတို့မြို့လေးကို အချိန် တော်တော်ကြာမှ ရောက်လာခဲ့သည်။ ကျွန်မတို့ တီဗွီ မဝယ်နိုင်ပါ။ ဝယ်နိုင်သည့်အိမ်၌ အခပေး၍ ကြည့်ကြ ရပါသည်။ ရင်းနှီးသည့်အိမ်ဆိုလျှင်တော့ အခမဲ့ကြည့်ခွင့် ရသည်။ သို့သော် အိမ်ရှင်များ၏မျက်နှာအရိပ်အကဲကိုတော့ ကြည့်ကြရသည်ပေါ့။ သေးငယ်သည့် တီဗွီလေးရှေ့ တွင် လူအများနှင့်အတူ စုဝေးထိုင်ကြည့်ခဲ့ရသည့် ဆောင်းရက်များကို သတိတရရှိတိုင်း ကျွန်မပြုံးရပါ သည်။ ငယ်စဉ်က မပြည့်စုံမှုများသည် ယခုအခါတော့ လွမ်းစရာ၊ ကြည်နူးစရာဖြစ်ရသည် မဟုတ်လား။ ရုပ်ဝတ္ထုများမပြည့်စုံခြင်းကပင် စိတ်ခံစားမှုများကို ပို၍လေးနက်စေခဲ့လေသလား မသိပါ။
လွမ်းစရာအတိတ်နေ့ရက်များ
ကျွန်မ၏ လွမ်းစရာအတိတ်နေ့ရက်များထဲတွင် ရေဒီယိုသံလေးများ ရောနှောပါနေတတ်သလို အဖြူ အမည်းတီဗွီနှင့် ကြည့်ခဲ့ရသော ရုပ်ရှင်ဇာတ်လမ်းများလည်း ရောနှောပါတတ်သည်။ ဗိုလ်အောင်ဒင်၊ ငယ်နာမည် အညို၊ မီလာရှီကာ စိုင်းဗေဒါ၊ ဗန်တိုလူလေး အစရှိသည့် ရုပ်ရှင်များကို ကြည့်ခဲ့ကြိုက်ခဲ့ရသည်။ ကျွန်မဖေဖေက ရုပ်ရှင်ကြိုက်သော်လည်း သူများအိမ်တွင် တီဗွီလိုက်ကြည့် လေ့မရှိပါ။ ရုံမှာလည်းလိုက်မကြည့်ပါ။ ကျွန်မတို့သားအမိ တစ်တွေကတော့ ဝါသနာကြီးစွာကြည့်ပါသည်။
ငယ်စဉ်က လေတိုတီဖွင့်ဖို့ တစာစာပူဆာပေးခဲ့သော၊ သူများအိမ်တွင် ရုပ်မြင်သံကြားဇာတ်လမ်းများကို တမက်တမောသွားကြည့်ခဲ့ဖူးသော ကျွန်မသည် နောက်နှစ်ပေါင်း များစွာကြာသည့် နွေဦးတစ်ရက်တွင်မူ အင်တာဗျူး အစီအစဉ် ရိုက်ကူးရန်အတွက် ပြည်လမ်းပေါ်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအဆောက်အအုံထဲသို့ ရောက်ခဲ့ရပါသည်။ စင်္ကြံလမ်းအတိုင်း ရိုက်ကူးရေးခန်းမဆီ လျှောက်သွားနေချိန်တွင် စင်္ကြံလမ်းတစ်လျှောက် ရေဒီယိုသံလေးကို ကြားယောင်နေမိခဲ့ပါသည်။ ငယ်ဘဝကို လွမ်းဆွတ်နေမိခဲ့ပါသည်။ သည်နောက်တော့ အင်တာဗျူး ရိုက်ကူးဖို့၊ အသံသွင်းဖို့၊ အစည်းအဝေးတက်ဖို့ အစရှိသည့် ခေါင်းစဉ်အမျိုးမျိုးဖြင့် ထိုအဆောက်အအုံထဲသို့ မကြာခဏ ရောက်ခဲ့ပါသည်။ နောက်နှစ်အနည်းငယ်အကြာ ဆောင်းညတစ်ညတွင် နေပြည်တော်တပ်ကုန်း အရပ်ဆီက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအဆောက်အအုံထဲသို့ ကျွန်မ ရောက်သွားပါသည်။ ပုဂံမှအပြန်တွင် မြန်မာ့အသံ၌ တာဝန်ထမ်းဆောင်နေသည့် မိတ်ဆွေများထံ ဝင်ရောက် လည်ပတ်ခြင်းဖြစ်သည်။ ထိုအဆောက်အအုံကတော့ သစ်လွင်ခံ့ညားသည်။ စိတ်အား တက်ကြွဖွယ် ခမ်းနားသည့် အခင်းအကျင်းရှိသည်။
တိတ်ဆိတ်စွာပီတိဖြစ်ခဲ့ရ
မြန်မာ့အသံအစီအစဉ်ကြေညာသူများနှင့် ပတ်သက်ပြီး အမှတ်တရဖြစ်ဖွယ်နေ့တစ်နေ့လည်း ရှိခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်အတွက် အကယ်ဒမီဆုပေးပွဲကို ၂၀၁၂ ခုနှစ် ဆောင်းရက်တစ်ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ ထိုပွဲသို့ ကျွန်မတက်ရောက်ခဲ့ပါသည်။ ကျွန်မ၏ဝတ္ထု “အချစ် သို့မဟုတ် ဝင်္ကပါ” ကို ပြန်လည်ရိုက်ကူးထားသည့် “အာဒမ်ရယ် ဧဝရယ် ဒဿရယ်” ရုပ်ရှင်က အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆုများ အပြင် ဇာတ်ကားဆုပါ ရရှိခဲ့ပါသည်။ ထိုအခမ်းအနား၏ အစီအစဉ်ကြေညာသူများမှာ မြန်မာ့ အသံမှ ကိုကျော်သက်လင်းနှင့် မမြမြဝင်းဟု မှတ်မိနေပါသည်။ အကယ်ဒမီရရှိသည့် ဇာတ်ဝင်ခန်းများကို ထုတ်နုတ်မတင်ပြမီ သူတို့၏ကြေညာသံသည် ပျော်ရွှင်အုံကြွနေသည့် ပွဲခင်းထဲတွင် သာယာစွာလွှမ်းခြုံပျံ့လွင့်နေခဲ့ပါသည်။ သေချာကျန စီကာပတ်ကုံး ကြေညာပြောဆိုနေသည့်အထဲတွင် “ဆရာမပုညခင်ရဲ့ အချစ်သို့မဟုတ် ဝင်္ကပါဝတ္ထုကို” ဟူ၍ ထည့်သွင်းပြောဆိုသွားသည့်အသံကို ကြားလိုက်ရသည့်အခါ တစ်ယောက်တည်းပင် တိတ်ဆိတ်စွာပီတိ ဖြစ်ခဲ့ရပါသည်။ ထိုနှစ်များဝန်းကျင်က ရုပ်ရှင်များ အကယ်ဒမီရသည့်အခါ စာရေးဆရာ၏အမည်ကို ထည့်သွင်း ကြေညာလေ့မရှိသောကြောင့် ထိုသို့ တလေးတစားကြေညာ ပေးသည့်အတွက်လည်း အစီအစဉ်ကြေညာသူများကို ကျေးဇူးတင်မိခဲ့ပါသည်။
အချိန်ရထားကြီးက မှန်မှန်ပင်ခုတ်မောင်းလျက်ရှိရာ ထိုရထားကြီးပေါ်တွင် အသစ်အသစ်သော နည်းပညာများနှင့် အသစ်အသစ်သော ဖျော်ဖြေရေးများကို တစ်မျိုးပြီး တစ်မျိုး တင်ဆောင်ခုတ်မောင်းလျက်ရှိပါသည်။ ကျွန်မတို့ ငယ်ငယ်က မြန်မာ့အသံရေဒီယိုကို စွဲစွဲလမ်းလမ်း နားထောင်ခဲ့ကြသော်လည်း ခေတ်ကာလများပြောင်း၍ နှစ်၊ လကြာ ညောင်းသည့်အခါ ကျွန်မတို့မြန်မာ့အသံ ရေဒီယိုနှင့် ဝေးခဲ့ကြပါသည်။ တီဗွီရှေ့မှာ လက်ဖက်ခွက် လေးချ၍ မိသားစုအတူ တီဗွီကြည့်ကြသည့် အခိုက်အတန့်များလည်း ဝေးလွင့်သွားခဲ့ကာ ကိုယ့်အိပ်ရာပေါ်တွင် ကိုယ်ပိုင်ဖုန်းတစ်လုံးနှင့် ကိုယ်ကြိုက်ရာကိုယ်ကြည့်ရင်း၊ YouTube ထဲက သီချင်းများကို နားထောင်ရင်း၊ အင်တာနက်ထဲမှာ ကမ္ဘာပတ်ရင်း အထီးကျန်ခဲ့ကြလေသည်။
ခေတ်ရေစီးနှင့်အတူ
လူအတော်များများသည် မိမိနေရသည့်အရာများ အပေါ်မှာ သာယာတပ်မက်ရင်း မိမိမည်သည်တို့ကို ဆုံးရှုံး နေခဲ့သည်ဆိုသည်ကို မဆန်းစစ်မိဘဲ အမှတ်တမဲ့ မေ့လျော့နေတတ်ကြပါသည်။ ငါတို့ခေတ်မီတယ်... ငါတို့ အားလုံးသိတယ်...ဟု ထင်မြင်ရင်းကပင် ခံစားနိုင်စွမ်းများ လျော့ကျလာသည်၊ ဆင်ခြင်တွေးခေါ်နိုင်စွမ်း အားနည်းလာသည်၊ ချစ်ခြင်းမေတ္တာ၏ အနွေးဓာတ်နှင့်ကင်းပြတ် အေးစက်လာသည်။ တဖြည်းဖြည်း တရွေ့ရွေ့မသိမသာပေါ့။ ခေတ်ရေစီးနှင့်အတူပေါ့။
လွန်ခဲ့သည့်နှစ်အနည်းငယ်က ကျွန်မဇာတိ ဧရာဝတီတိုင်းဘက်သို့ ခရီးထွက်ရင်း လမ်းဘေးက တဲငယ်လေးတစ်လုံးဘေး၌ ခေတ္တကားရပ်နားနေစဉ် တဲငယ်လေးထဲမှ ပျံ့လွင့်လာသည့် မြန်မာ့အသံ ရေဒီယိုသံလေးကို ကြားလိုက်ရပါသည်။ ရေဒီယိုမှ ထွက်ပေါ်နေသောအသံက ကျွန်မအသံဖြစ်ပါသည်။ စာရေးဆရာမ ပုညခင်ကို အင်တာဗျူးသည့် အစီအစဉ်တွင် ကျွန်မဖြေကြားပြောဆိုနေသော အသံဖြစ်သည်။ ကျွန်မ၏အသံသည် တဲငယ်လေး၏ နောက်ဘက်က စိမ်းစိုသော စပါးခင်းများဆီထိ ပျံ့လွင့်လျက်ရှိပါသည်။ ကျွန်မလွမ်းသွားပါသည်။ မျက်ရည်ဝဲသွားပါသည်။ စိမ်းစိုသောစပါးကွင်းများရှိရာ ဧရာဝတီဒေသ မြို့ငယ်လေးတစ်မြို့ရှိ အိမ်ငယ်လေးအတွင်း ပျံ့လွင့်နေတတ်သော လေတိုတီသံလေးနှင့်တကွ မိသားစုစုံညီခဲ့သော နေ့ရက်များကို လွမ်းတခဲ့မိပါသည်။ မေမေသာရှိသေးလျှင် သမီးကြိုက်သည့် လေတိုတီထဲက သမီးအသံကို ကြားလိုက်ရခြင်းအတွက် ပီတိဖြာဝေနေပါလိမ့်မည်။ ရုပ်ဝတ္ထုပစ္စည်းများ၊ နည်းပညာများကတော့ တစ်နေ့ထက်တစ်နေ့ တိုးတက်နေဆဲဖြစ်ပါသည်။ နောက်မှာ ကျန်မနေခဲ့ဖို့ ထိုအရာများနှင့်အတူ စီးမျောလိုက်ပါ ကြရဦးမည်။ အသစ်အသစ်သော ဖျော်ဖြေမှုများကို ကျွန်မတို့လည်း သာယာနှစ်သက်မိကြဦးမည်။
သို့သော်လည်း ငယ်စဉ်အခါ မိဘရင်ခွင်တွင် ခိုဝင်မှီတွယ်ရင်း နားဆင်ခဲ့ရသည့် လေတိုတီ သို့မဟုတ် ရေဒီယိုသံလေးကိုတော့ ကျွန်မလွမ်းဆွတ်နေဆဲ ဖြစ်ပါသည်။ ။
ပုညခင်